Saturday, April 07, 2007

အိုဘယ့်.... သင်္ကြန်....

သင်္ကြန်ခါတော်ပေ… ရက်မြတ်မှာလေ.. လှပျိုဖော်တသင်းနဲ့ တေးသံသာသာ ရင့်ကျူးနေ… ဆီးလို့သာလေ… ပက်ဖျန်းမယ် သင်္ကြန်ရေ.. အေးအေးချမ်း လန်းဆန်းကြစေ… မိတ်အပေါင်း ကျန်းမာကြောင်းပေ… ဟောင်းခြွေနှစ်သစ်ပေ…

သင်္ကြန်ရောက်လုပါပြီ။ ပူပြင်းတဲ့ မြန်မာ့ တန်ခူးလခါရာသီမှာ ဒီအချိန်ဆိုရင်ဖြင့် သင်္ကြန်ရနံ့လေးတွေ သင်းပျံ့နေမှာ ယုံမှားဖွယ် မရှိပါဘူး။ နွေရဲ့ သရုပ်ကြောင့် ဖုန်အလိမ်းလိမ်းထနေတဲ့ မြေပြင်ကို သင်္ကြန်မိုးတပြိုက်လောက် ရွာလိုက်ရင်ဖြင့် ပိတောက်ဝါ၀ါတွေက ပွင့်ဖူးဖို့ အားယူကြပါတော့မယ်။

တချို့သော နှစ်တွေမှာတော့ ပိတောက်ပန်းတွေက သင်္ကြန်သာပြီးသွားတယ်၊ ဘာကို အလိုမကျတယ်မသိ၊ စိမ်းကားလွန်းလှစွာနဲ့ နှုတ်ဆိတ်လို့ တိတ်တိတ်နေပါတယ်။ ဒီနှစ်မှာတော့ သင်္ကြန် မရောက်နှင့်မီကပင် အားရပါးရကြီး ပွင့်လန်းလို့ သင်္ကြန်အလာကို ရွှင်လန်းမြူးထူးစွာ ကြိုနှင့်ခဲ့ပါပကော။

သင်္ကြန်ချိန်ခါ ရောက်လုနီးလာတော့ စိတ်တွေက ခွေယိုင်လုလုနဲ့ ဝေးနေဆဲ မြန်ရွှေပြည်မှာ ပျော်ခဲ့ရဖူးတဲ့ သင်္ကြန်ပွဲတွေကို တမ်းတမှန်းဆမိပါတယ်။ ပျော်ခဲ့ရတဲ့ သင်္ကြန်တွေက မြို့ပြ၊ ကျေးလက် စုံလင်သလို ပြည်ပရောက်လာတော့လည်း ပြည်ပသင်္ကြန်ပေါ့။


မြို့ပြသင်္ကြန်

သင်္ကြန်မှာ ရေပက်ရကောင်းမှန်း သိတတ်စ အရွယ်မှာတုန်းကတော့ ကျနော်ဟာ ရန်ကုန်မြို့ကို ရောက်နှင့်နေခဲ့ပါပြီ။ သင်္ကြန်ရောက်ခါနီးရင် ဖေဖေမေမေဆီမှာ ရေပြွတ် ၀ယ်ပေးဖို့ပူဆာ၊ သင်္ကြန်အကြိုနေ့ ရောက်ပြီဆိုတာနဲ့ အိမ်ရှေ့မှာ ရေပုံးတလုံးချ၊ လာသမျှလူ ပျိုပျိုအိုအို၊ ကိုကိုမမ အားလုံးကို ရေပြွတ်နဲ့ လိုက်ထိုးပါတယ်။ အဲဒီအရွယ်မှာ သိခဲ့တာကတော့ သင်္ကြန်ဆိုတာဟာ ရေပက်ဖို့သာ..။

အသက် ဆယ်နှစ်ဝန်းကျင်လောက် ရောက်လာတော့ သင်္ကြန်မှာ ရေပက်ဖို့ဆိုတာအပြင် `သင်္ကြန်သံချပ်´ ဆိုတာကိုပါ နားထောင်တတ်လာပါတယ်။

ကျနော်နေထိုင်ခဲ့တဲ့ တောင်ဥက္ကလာပမြို့မှာ မှတ်မိသလောက်ကတော့ ပဒေသာ ရုပ်ရှင်ရုံအနီးနဲ့ ဝေဇယန္တာလမ်းနဲ့ သုတလမ်းဆုံ အနီးမှာ သင်္ကြန်အလှပြယာဉ် ပြိုင်ပွဲကျင်းပရာ မဏ္ဍပ်ကြီးတွေမှာ သံချပ်တွေ နားထောင်ရပါတယ်။ နေ့လည်ဖက်ကျတော့ ရေကစား၊ ညဖက်ရောက်ရင်တော့ သုတလမ်းထိပ်က မဏ္ဍပ်မှာ သံချပ် သွားနားထောင်ပါတယ်။ ဆုတွေကလည်း စုံလှပါတယ်။ စွယ်စုံဆု၊ အလှပြယာဉ်ဆု၊ သံချပ်ဆု စသည်စသည်ပေါ့။ စွယ်စုံဆုကတော့ ဆုကြေးအများဆုံးပါ။ အလှပြယာဉ်တွေကလည်း မြို့နယ် အစုံစုံမှာ လိုက်ပြိုင်ပါတယ်။

ကျနော်တော်တော်လေး ကြိုက်နှစ်သက်ခဲ့ရတဲ့ သင်္ကြန်အလှပြယာဉ် အဖွဲ့ နှစ်ခု ရှိခဲ့ပါတယ်။ စမ်းချောင်းမြို့နယ်က လာပြိုင်တဲ့ `လောကနတ်´ ယာဉ်နဲ့ သံချပ်ထိုးရာမှာ ထိထိမိမိရှိလှပြီး အမှတ်ပေး ဒိုင်လူကြီးတွေကိုပါ မချန် သံချပ်ထိုးသွားတဲ့ `ဆိတ်ပါးစပ် နတ်မျက်စိ´ သံချပ်ယာဉ်တို့ပါ။ ချဲထီတွေ စတင်ခေတ်စားလာတော့ `၀၅၄ ကုန်မှ နားအေး´ လို့ လူတွေရဲ့ ပါးစပ်ဖျားမှာ တွင်သွားအောင် သရုပ်ဖော်သံချပ်ထိုးသွားခဲ့တာက `လောကနတ်´ သံချပ်ယာဉ်ပါ။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ တစတစနဲ့ သင်္ကြန်သံချပ်တွေ ရန်ကုန်မြို့ပေါ်ကနေ ပျောက်ကွယ်သွားပါတယ်။ အခုဆိုရင်တော့ ရန်ကုန်မြို့သင်္ကြန်တွေမှာ သံချပ်သံတွေ အစား `ဒီသင်္ကြန်တောင် ရောက်ခဲ့ပြီ… အချိန်ရာသီတွေ ပြောင်းခဲ့ပြီ…´ ဆိုတဲ့ ဟစ်ဟော့သင်္ကြန်စာသားတွေက နေရာယူသွားခဲ့ပါပြီ။

ရုပ်ရှင်၊ ဗွီဒီယို၊ ဓာတ်ပုံတွေမှာ တွေ့မြင်ရတဲ့ သင်္ကြန်မဏ္ဍပ်တွေမှာလည်း အရက်နဲ့ ဆေးလိပ်ကြော်ငြာတွေက မင်းမူလို့..။


ကျေးလက်သင်္ကြန်

၁၉၉၀ခုနှစ် နောက်ပိုင်းမှာတော့ ကျနော်တယောက် မြို့ပြသင်္ကြန်ကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

ကျနော်တို့မြို့လေးက တောမြို့သာသာမျှသာ ဆိုတော့ သင်္ကြန်ကျတော့လည်း တောဓလေ့၊ တောရနံ့တွေနဲ့ ကျေးလက်သင်္ကြန်လေးပေါ့။ သင်္ကြန်ရေပက်ခံကားမရှိ၊ သံချပ်ကားမရှိ၊ အလှပြယာဉ် မရှိ၊ ဟစ်ဟော့ပ်မရှိ။

မြို့ကလေးမှာ သင်္ကြန်ကျပြီလားဆိုရင်ဖြင့် အုန်းလက်မဏ္ဍပ်လေးတွေက ဟိုနားတစ ဒီနားတစ ပေါ်လာပါတယ်။ သင်္ကြန်ရေပက်ခံ ကားမရှိသော်ငြား မြင်းလှည်းကို အမိုးဖွင့်လို့ တနည်း၊ ထော်လာဂျီနဲ့ တဖုံ၊ ဆိုက်ကားပေါ်မှာ ကက်ဆက်ကို မိုးကာအုပ် လူက လမ်းလျှောက်လို့ တသွယ် ရေပက်ခံထွက်ကြပါတယ်။ မီးသတ်ပိုက်ကြီးနဲ့ ရက်ရက်စက်စက် ထိုးပက်တတ်တဲ့ မြို့ပြနဲ့ မတူပေမယ့် အခန့်မသင့်ရင်တော့ ခွက်စောင်းနဲ့ ခုတ်ခံရတတ်ပါတယ်။

နယ်ကိုရောက်မှ ကြားဖူး၊ စားဖူးတာကတော့ `သင်္ကြန်ထမင်း´ ပါ။ ဆန်ကို အတော်ကြီး ပျော့သွားအောင် ချက်၊ ဖယောင်းနံ့လေး နှောလို့ ရေအနည်းငယ် စိမ်ပြီး ငါးခြောက်ကို ပြုတ်၊ မွမွဖြစ်အောင် ထောင်းကြော်တဲ့ ငါးခြောက်ထောင်းကြော်နဲ့ ရောနှောစားရတဲ့ သင်္ကြန်ထမင်းကို တချို့သော မြို့ကြီးသားမြို့ကြီးသူတွေ မကြားဖူးကြပါ။ သင်္ကြန်ထမင်းတလုပ်စားလိုက်၊ ငရုတ်သီးခြောက်ကြော် နီနီရဲကို `ဂျွမ်း´ ကနဲ ၀ါးလိုက်နဲ့ သင်္ကြန်စည်းစိမ်ကို ခံစားရပါတယ်။ တချို့ကတော့ `ထမင်းသင်္ကြန်´ လို့ ကျီစယ်ပြောတတ်ပါတယ်။ ထမင်းပျော့ပျော့ကို ရေစိမ်စားကြတာကိုး..။

နောက်ပိုင်းနှစ်များမှာ ကျနော်တို့ မြို့လေးရဲ့ `ကျေးလက်သင်္ကြန်´ ကို အရုပ်ဆိုးစေတဲ့ ယဉ်ကျေးမှု တခု ရောက်လာပါတယ်။ အဲဒါကတော့ ပေါင်ဒါမှုန့်တွေနဲ့ မျက်နှာကို လိုက်သုတ်ကြတာပါ။ ကျနော့် အထင်ပြောရရင်တော့ ဒါဟာ တဖက်အိမ်နီးချင်း နိုင်ငံက ကူးလာတာများပါပဲ။ အစပထမတော့ သနပ်ခါးတွေနဲ့ မျက်နှာကို လိုက်သုတ်၊ နောက်ပိုင်းကျတော့ တစတစနဲ့ ပေါင်ဒါ၊ အဲဒီထက် ပိုဆိုးတာက ဘာမှမသုတ်ဘဲနဲ့ကို ပါးကို လိုက်ကိုင်တာပါ။ အဲဒီကိစ္စအတွက်နဲ့ ရန်တွေလည်း ခဏခဏဖြစ်လို့ ကျနော်တို့ရဲ့ ကျေးလက်သင်္ကြန်လေးမှာ အကျည်းတန်ရပါတယ်။


ပြည်ပသင်္ကြန်

မြန်မာလူမျိုးတွေရဲ့ သင်္ကြန်ပိုးက ပြည်ပကို ရောက်တော့လည်း အငြိမ်မနေပါဘူး။ မိမိရောက်တဲ့ နိုင်ငံမှာ ရတတ်သလောက်ကို အတတ်နိုင်ဆုံး ကျင်းပလို့ မြန်မာအလွမ်းပြေ သင်္ကြန်ပွဲလေးတွေ ကျင်းပတတ်ကြပါတယ်။

ပြည်ပရောက် မြန်မာတွေရဲ့ သင်္ကြန်တွေမှာ ထူးခြားတာကတော့ ၁၉၈၈ နောက်ပိုင်း ပြည်တွင်းမှာ တိတ်ဆိတ်ခဲ့ရတဲ့ သံချပ်သံတွေ လှိုင်လှိုင်ဝေတာပါ။ အဲဒီအထဲကမှ အိန္ဒိယရောက် မြန်မာတွေကတော့ အတော်လေး လက်စောင်းထက်ပါတယ်။ နှစ်စဉ်မှန်မှန် ထုတ်လာလိုက်တဲ့ သူတို့ရဲ့ သံချပ်ခွေများဟာ ပြည်ပရောက် မြန်မာတွေအကြားကို တော်တော်လေး ထိုးဖောက်နိုင်တာကို သတိထားမိပါတယ်။ အခုနှစ်မှာလည်း ထုတ်ဝေနှင့်နေပါပြီ။ ဘာတဲ့..။ `စိတ်ကူးမပြင်.. ထိပ်ဖူးဝင်လိမ့်´ တဲ့။

ပြည်တွင်းမှာ ထုတ်ဖော်ခွင့် မရတဲ့ ခံစားချက်တွေ၊ ဆန္ဒတွေကို ပြည်ပသင်္ကြန်ပွဲတွေမှာ ပြသကြတာကို ခံစားလို့ ရပေမယ့် တချို့သော ပြည်ပရောက် သင်္ကြန်တွေက သံချပ်တချို့ကတော့ ပြောချင်တာတွေက များလွန်လွန်းလို့လား၊ ခံစားချက်တွေက ပြင်းထန်လွန်းလို့ပဲလားတော့ မသိ၊ စကားလုံးတွေက အတုံးလိုက် အတစ်လိုက် ဖြစ်နေတတ်ပါတယ်။

ပြည်ပရောက် မြန်မာတွေရဲ့ သင်္ကြန်ပွဲ ဖျော်ဖြေမှုကို ကြည့်ဖူးသမျှ ထဲမှာတော့ စင်္ကာပူရောက် မြန်မာ ကျောင်းသား/ကျောင်းသူများရဲ့ ၂၀၀၅ ခုနှစ်၊ သင်္ကြန်မှာ တင်ဆက်ဖျော်ဖြေမှုကတော့ သူတို့ရဲ့ ခံစားမြင်ယောင်ချက်ကို သိမ်သိမ်မွေ့မွေ့ ထိထိမိမိ တင်ပြသွားတာမို့ အကြိုက်ဆုံးပါပဲ။

စင်္ကာပူရောက် မြန်မာကျောင်းသား/ ကျောင်းသူများ၏ ၂၀၀၅ခုနှစ် သင်္ကြန်
အပိုင်း(၁)
အပိုင်း(၂)

***

ရေးလက်စ စာကို ခဏရပ်လို့ ၀ရန်တာကို ထွက်လိုက်မိတော့ အေးခဲလွန်းတဲ့ ရာသီဥတုက `မင်းလားကွ၊ ရေကစားချင်တာ´ လို့ လှောင်ပြောင်လိုက်သလိုပါပဲ။ ဒီလိုနဲ့ မှန်တံခါးကို အမြန်ပိတ်လို့ အိမ်ထဲကနေပဲ မိုးကောင်းကင်ကို လှမ်းမျှော်တော့ မြင်ရခဲလှတဲ့ လသော်တာက တဖြည်းဖြည်း ဖဲ့ဝါးခံနေရသယောင်ယောင် မ၀ိုင်းမစက်ဖြစ်နေရှာပါတယ်။ ဒါပေမယ့်.. ကမ္ဘာတဖက်ခြမ်းမှာတော့ နေ့လည်ခင်း နေမင်းရဲ့ စူးရှရှ အလင်းအောက်က ပူခြစ်နေမယ့် ရွှေပြည်ကြီးမှာ သင်္ကြန်တေးသံလေးတွေ ဟိုတစ ဒီတစ လွင်လွင်သာနေမှာပါ။

အဲဒီလိုနဲ့ ညသန်းခေါင်ကျော် အမှောင်ညမှာ လိုက်ဆိုညည်းမိတဲ့က သင်္ကြန်တေးတစ…။

ရေသဘင် ဆင်ယင်နွှဲလို့…. မိတ်ဆက်တွေ့ဆုံပေ… တကယ်မောင်ရင်းနှမရင်းတွေ…. ချစ်ကြည်ရေးတွေ ပေးဝေ…. လှမ်းကာပက်လိုက်မယ်…. ချမ်းသာလျက် ရွှင်လန်းစေ….

အားလုံးသော မိတ်ဆွေ မောင်နှမ အပေါင်းတို့ မကြာခင် ကျရောက်မယ့် သင်္ကြန်ခါမှာ စိတ်နှလုံးကြည်သာလို့ မြန်မာ့နှစ်သစ်မှာ နမိတ်ကောင်းနဲ့အတူ ရွှင်လန်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ကလိုစေးထူး

3 comments:

မေဓာဝီ said...

သင်္ကြန်အကြောင်းကို ကွန်မန့်ရေးချင်တယ်။
ဒါပေမဲ့ …ရေးလိုက်ရင် စာတပုဒ်စာလောက် ဖြစ်သွားမှာစိုးလို့ … ဒီမှာတော့ မရေးတော့ဘူး။
ကိုယ့်ဘလော့မှာ ကိုယ်ပဲ ရေးတော့မယ် :P
စကားမစပ် ပြောရဦးမယ်။ ခုအသက်အရွယ်ထိ သင်္ကြန်ထမင်းကို မစားဖူးသေးဘူး။ ကြားတော့ ကြားဖူးပါတယ်။ ဘလော့တခုမှာ သင်္ကြန်ထမင်း လုပ်နည်းတွေ့လို့ လိုက်လုပ်ကြည့်ရ ကောင်းမလား စဉ်းစားမိသေးတယ်။ တော်ကြာမလုပ်တတ်ရင် ပျက်စီးကုန်မှာစိုးလို့ အသာလေးငြိမ်နေလိုက်တော့တယ်။

Anonymous said...

သင်င်္ကြန်ထမင်းက ကရင်ပြည်နယ်..မွန်ပြည်နယ်မှာပဲ ရှိတာထင်တယ်..ငယ်ငယ်က ဦးဦးတို့ဆီမှာ ကျောင်းပိတ်ရင်စားရတယ်..ဖားတောင် ကင်လိုက်သေးတယ်
ကျနော်ကတော့ ကြောက်လို့ စားဘူး
ငါးခြောက်ထောင်းကြော်နဲ့ ပဲစားတယ်
ဖယောင်းတိုက်ထားတယ်လေ..ထမင်းက..

minminthein said...

Very Nice