ထူးထွေများမြောင်လှတဲ့ ဒီလူ့ဘောင်ကြီးထဲမှာ လူတဦးနဲ့တဦး တခါတရံမှာ စိတ်အခန့်မသင့်၊ အဆင်မပြေတာလေးတွေ ရှိတတ်ကြတာကြောင့် အချင်းချင်း စိတ်ဆိုးမိတတ်ကြပါတယ်။ အပြစ်မြင်မိတတ်ကြပါတယ်။ သာမန်အားဖြင့် တော်ရုံတန်ရုံ စိတ်ထားချင်း မသင့်မြတ်မှုတွေဟာ ပြေပျောက်ဖို့ရာ လွယ်ကူပေမယ့် ဘ၀နဲ့ချီပြီး ထိခိုက်နစ်နာလောက်စရာ ကိစ္စတွေနဲ့ ယှဉ်လာရင်တော့ စိတ်ဆိုးရုံတင်မက နာကျည်းတဲ့ အဆင့်ကိုပါ ရောက်သွားတတ်ပါတယ်။
အဲဒီအခါမှာ အညှိုးအတေးတွေ၊ မုန်းတီးမှုတွေ၊ ရန်လိုမှုတွေ၊ အာဃာတ တရားတွေက တနေ့ထက် တနေ့ ပိုမိုကြီးထွားလာတတ်ပါတယ်။
အဲဒါကြောင့်..။
ကျနော်တို့ နေထိုင်ရှင်သန်ရာ လူ့ပတ်ဝန်းကျင်မှာ လူအများ ပြောလေ့ရှိတဲ့ စကားတခွန်း ရှိပါတယ်။
`စိတ်ဆိုးအောင် လုပ်ပါ၊ စိတ်နာအောင် မလုပ်ပါနဲ့´..တဲ့။
***
ကျနော်ငယ်စဉ်က မိဘတွေက `သားကြီးလာရင် ဘာလုပ်မလဲ´ လို့ မေးခဲ့စဉ်က `စစ်ဗိုလ်ကြီး လုပ်မယ်´ လို့ ဖြေခဲ့ဖူးပါတယ်။ စမတ်ကျကျ စစ်ယူနီဖောင်း အခန့်သားနဲ့ စစ်သားကြီးတွေရဲ့ ဟန်ပန်ကို အားကျခဲ့ဖူးပါတယ်။
၁၉၈၈ ခုနှစ်ကို ဖြတ်သန်းအပြီးမှာတော့ ကျနော် စစ်သားတွေကို တော်တော်လန့်သွားပါတယ်။ စစ်သားတွေရဲ့ ဦးစီးဦးဆောင် ဖြစ်သူကိုယ်တိုင်က တတိုင်းတပြည်လုံးကို `စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ် ထောင်ပစ်တာ မပါဘူး´ လို့ စိန်ခေါ်လိုက်သံကို ကြားရအပြီးမှာတော့ စစ်ဗိုလ်လုပ်မယ်ဆိုတဲ့ အတွေးဟာ ကျနော့်ရည်မှန်းချက်ထဲကနေ လွင့်ပျောက်သွားခဲ့ပါတယ်။
၁၉၉၀ ခုနှစ်မှာ မွေးရပ်မြေ ကရင်ပြည်နယ်ကို ပြန်လည် ပြောင်းရွှေ့ခဲ့ရအပြီးမှာတော့ စစ်တပ်နဲ့ ပြည်သူအကြား ရန်ကုန်နဲ့ မတူတဲ့ ဆက်ဆံရေးကို ထိတွေ့ခဲ့ရပါတော့တယ်။
ရန်ကုန်မှာတုန်းက ကြားတောင် မကြားဖူးခဲ့ရတဲ့ `ပေါ်တာ´ဆိုတဲ့ စကားလုံးကို ခါးသီးတဲ့ အတွေ့အကြုံနဲ့ ရင်းနှီးပြီးတော့ သိကျွမ်းခဲ့ရပါတယ်။ `လုပ်အားပေး´ ဆိုတဲ့ လှလှပပ စကားလုံးရဲ့ ခိုင်းစေမှုအောက်မှာ မနက်စာ ထမင်းထုပ်လေး ဆွဲလို့ နေပူကျဲကျဲမှာ ပေါက်တူးလက်ဆွဲလို့ ပြည်သူဆီက မတရားသိမ်းထားတဲ့ နယ်မြေခံတပ်ပိုင် လယ်မြေအတွက် ချွေးမြေကျခဲ့ရဖူးပါတယ်။
ကျနော်တို့ မြို့လေးမှာ ပြည်သူတွေ စိတ်အဆင်းရဲရဆုံး အချိန်ကာလ တခုရှိပါတယ်။ အဲဒါကတော့ နယ်မြေခံတပ်ရင်း ရှေ့တန်းက အပြန်၊ နောက်တန်းမှာ နားနေကြတဲ့ ကာလပါ။ ရှေ့တန်းပြန် ပြည်သူ့စစ်သားကြီးများက မြို့ကလေးငယ်ငယ်ပေါ်မှာ မူးယစ်၊ လမ်းသလားလို့ တချို့များဆို လမ်းသွားလမ်းလာ ပြည်သူကို အသားလွတ်ကြီး ဆဲဆို ရန်စတာကို ကြုံရပါတယ်။ မကျေနပ်လို့ သွားတိုင်တော့လည်း သူတို့ အထက်အရာရှိများက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်လေ့မရှိပါဘူး။
အဲဒီလို ဆိုးသွမ်းရမ်းကားတဲ့ စစ်သားတွေ ရှိနေသလို ပြည်သူနဲ့ တသားတည်း ကျလိုတဲ့ စစ်သားတချို့နဲ့လည်း ကြုံဆုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် သူတို့ကတော့ သူတို့ကိုယ်သူတို့ `ငါ တပ်မတော် အရာရှိကွ´ တို့၊ `ငါ တပ်ကြပ်ကြီးကွ´ တို့ ဆိုတဲ့ မောက်မာ ထောင်လွှားမှု တစိုးတစဉ်းမှ မရှိကြပါဘူး။ ပြည်သူနဲ့ ထိတွေ့ခွင့် ရတဲ့ အခိုက်အတန့်မှာ သူတို့ကို ပြည်သူက မချစ်ရင်တောင်မှ မမုန်းအောင် သတိထားနေထိုင်ကြလို့ ပြည်သူကလည်း သူတို့ကို `သြော်၊ သူတို့ခမျာ အထက်လူကြီးတွေကို မလွန်ဆန်နိုင်လို့သာ နေမှာပါ´ လို့ ဖော့တွေးပြီး မေတ္တာထားပါတယ်။
ယနေ့ခေတ် တပ်မတော်သား အတော်များများရဲ့ ခံစားချက်၊ တနည်းပြောရရင် လိုလားချက် တခုကို သတိထားမိတာ ရှိပါတယ်။ အဲဒါကတော့ သူတို့ကို ကျနော်တို့ (ပြည်သူ)က မုန်းနေကြမှာကို စိုးရိမ်တတ်ကြတာပါ။ `စစ်သားတိုင်း လူဆိုးမဟုတ်ပါဘူးကွာ´ ဆိုတဲ့ လက်သုံးစကားကို စစ်သားတိုင်းနီးပါး ပြောလေ့ရှိပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ကျနော်တို့တတွေကို `အုပ်ချုပ်သူက အုပ်ချုပ်သူ၊ တပ်မတော်သားက တပ်မတော်သား´ ဆိုပြီး မြင်စေချင်ကြပါတယ်။
မိသားစု တခုမှာ အိမ်ထောင်ဦးစီး ဖြစ်သူရဲ့ ကောင်းခြင်း၊ ဆိုးခြင်းက သူ့မိသားစုဝင်တွေကို ရိုက်ခတ်စေသလို အဖွဲ့အစည်း တခုရဲ့ ကောင်းခြင်း၊ ဆိုးခြင်းဟာလည်း အဲဒီအဖွဲ့အစည်းမှာ စိတ်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ပါဝင်ပတ်သက်နေသူတွေကို အနည်းနဲ့ အများ သက်ရောက်စေတာ ဖြစ်ရိုးဖြစ်စဉ် တခုပါပဲ။ သို့တိုင်အောင် ခေါင်းဆောင် မကောင်းတိုင်း ငယ်သားတွေပါ မကောင်း ဖြစ်ရရော ဆိုတာတော့ မရှိပါ။
ဒါပေမယ့် အဲဒီလို ခေါင်းဆောင် မကောင်းတိုင်း ငယ်သားတွေကိုပါ မကောင်းမမြင်ရလေအောင် ငယ်သားတွေကိုယ်တိုင်က အနေအထိုင် တတ်ဖို့တော့ လိုအပ်လှပါတယ်။ ကျနော် အထက်က တင်ပြခဲ့သလို အရပ်ထဲမှာ မူးယစ်ရမ်းကားနေတဲ့ တပ်မတော်သားကို ဘယ်ပြည်သူကမှ ချစ်မှာ မဟုတ်ပါဘူး။ မချစ်တဲ့အပြင် `သူတို့ အုပ်ချုပ်နေတယ်ဆိုပြီး လူပါးဝနေတာ၊ ဘာထူးလဲ၊ ဒီပုတ်ထဲက ဒီပဲပါပဲ´ လို့တောင် မြင်သွားနိုင်ပါတယ်။
တကယ်တော့ ကျနော်တို့ မြန်မာပြည်သူတွေ စစ်သားတွေကို မမုန်းကြပါဘူး။ ဟိုးအရင်ခေတ်များက ဆိုရင်ဖြင့် အသည်းထဲက တုန်နေအောင်ကို ချစ်ခဲ့ကြတာပါ။ စစ်သားဆိုတာကလည်း ပြည်သူ့ရင်နှစ်သည်းချာပေကိုး။ ရှုပါ..။
~~~ သွေးနဲ့သာရယ် ချွေးနဲ့သာရယ် ~~~ စစ်တိုက်တဲ့နေရာဝယ် ~~~ အသက်စွန့်ကာ နေတော့တယ် ~~~ သနားလောက်စရာကွယ် ~~~ စားသောက်ရာဝယ် ~~~ အဆင်းရဲလည်း ခံရှာတယ် ~~~ ဇွဲသတ္တိကောင်းနဲ့ရယ် ~~~ စွန့်စားတဲ့သူတွေရယ် ~~~ ကျေးဇူးကိုမျှော်တွေးလို့ ~~~ ဗမာ့သွေးကို နှမပေးချင်ပါတယ်~~~
~~~ ရန်သူတွေကို အသေနှံတယ် ~~~ စေတနာ ရှိလွန်းလို့ပါကွယ် ~~~ ပိုပြီးပျော်ဖို့ကွယ် ~~~ တို့ကြီးတော်ကြီးကိုပါ ငါပေးမယ် ~~~
ကျနော်တို့ အဘိုးတွေ ခေတ်က ကျော်ကြားခဲ့ဖူးတဲ့ အထက်ပါ သီချင်းလေး တပုဒ်ရဲ့ စာသားတွေကို လေ့လာကြည့်ရင် မြန်မာပြည်သူတွေရဲ့ တပ်မတော်အပေါ်၊ တပ်မတော်သားတွေအပေါ် ထားရှိခဲ့တဲ့ မေတ္တာတရားကို မှန်းဆကြည့်လို့ရပါတယ်။
ဒါပေမယ့် ယခုလက်ရှိ မြန်မာပြည် အနေအထားအရကတော့ တပ်မတော်သားတွေအဖို့ ရှေးကနည်းတူ ပြည်သူတွေရဲ့ မေတ္တာကိုရဖို့၊ ပြည်သူက ချစ်တဲ့ တပ်မတော်သားတယောက် ဖြစ်ဖို့ဆိုရင်တော့ သူတို့ကလည်း ရှေးက စစ်သားများနည်းတူ ပြည်သူကို စေတနာထားဖို့ လိုအပ်ပါတယ်။
မြန်မာလူမျိုးတွေမှာ အလွန်အင်မတန် ချစ်စရာကောင်းတဲ့ အကျင့်တခုရှိပါတယ်။ အဲဒါကတော့ ရှေးက ဘယ်လောက်ဆိုးခဲ့ပါစေအုံး။ အခု ကောင်းမယ်ဆိုရင် ဆိုးခဲ့သမျှကို အားလုံးမေ့ပြီး ခွင့်လွှတ်မေတ္တာထားလေ့ရှိပါတယ်။ ရှေးကကောင်းခဲ့ဖူးတာရှိရင်တော့ အခုလက်ရှိဆိုးနေတဲ့ တိုင်အောင် ကောင်းတာလေးကို ရှာကြံတွေးပေးတတ်ပါသေးတယ်။ အဲဒီတော့ တပ်မတော်သားများအနေနဲ့ မြန်မာပြည်သူတွေဆီက ချစ်ခြင်း မေတ္တာကို ရရှိဖို့ဆိုတာဟာ မခဲယဉ်းပါဘူး။
***
စိတ်ဆိုးတယ်ဆိုတာဟာ ဖြေဖျောက်ဖို့ လွယ်ကူပေမယ့် စိတ်နာသွားရင်တော့ နာကျည်းမှုတွေက ဖြေဖျောက်ပစ်ရတာ ခက်လှပါတယ်။
အခုအချိန်မှာတော့ လက်ရှိတပ်မတော်ကြီးကို ကျနော်တို့ စိတ်ဆိုးနေတုန်း ရှိပါသေးတယ်။ တပ်မတော်ကို စိတ်ဆိုးနေတဲ့ အတွက် တပ်မတော်သားတွေကိုပါ အမြင်မကြည်ဖြစ်ရတာတော့ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် တပ်မတော်ကို စိတ်နာမသွားဖို့ကတော့ တပ်မတော်သား အားလုံးမှာ တာဝန်ရှိပါကြောင်း..။
ကလိုစေးထူး
(ဒီစာကို ရေးနေတုန်း သူငယ်ချင်းတယောက် ဖွင့်ထားတဲ့ မြန်မာဗွီဒီယိုကားထဲမှာ `ဗိုလ်ကြီးတို့က တိုင်းပြည်အတွက် အသက်ပေးနေတာပဲ။ လေးစားပါတယ်ဗျာ´ ဆိုတဲ့ ဇာတ်ဝင်ခန်းတခုရဲ့ အသံကိုကြားမိလို့ ကြည့်မိတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြောရမလား မသိ၊ ဇာတ်ကားက ဂျပန်ခေတ် နောက်ခံဇာတ်ကားဖြစ်နေတယ်)
Monday, April 30, 2007
စိတ်သာ ဆိုးချင်သည်..
Subscribe to:
Post Comments (Atom)
2 comments:
ဒါလေးကိုဖတ်မိတော့ ငယ်ငယ်ကတော်လှန်ရေးနေ့ (သူတို့အခေါ်တပ်မတော်နေ့) မှာပန်းကုံးတွေစွပ်ကြတာကို သတိရမိပါတယ်။အဲဒီအချိန်က ချစ်လွန်းလို့မဟုတ်ပေမယ့် စစ်သီချင်းလေးတွေကြားရင် စိတ်ထဲမှာတက်ကြွလာပြီး တမျိုးလေးခံစားရပါတယ်။ကိုကလိုစေးထူးပြောစကားအရဆိုရင်တော့ အဲဒီအချိန်တုန်းက စိတ်ဆိုးနေတာဖြစ်မှာပဲ။ဒီတော့နဲနဲလေးချော့လိုက်တာနဲ့ စိတ်ဆိုးပြေသွားတယ်ထင်ပါရဲ့။ အခုတော့ စိတ်နာတဲ့ဖက်ကိုရောက်နေပြီလားမသိဘူး။ တော်ယုံကောင်းပြရင်တောင် အကောင်းမမြင်မိနိုင်အောင် သံသယတွေဝင်နေခဲ့ပြီ။ ကျွန်မဆိုရင်လဲ စိတ်အလွန်ပျော့ပါတယ်။ ခဏလေးနဲ့စိတ်ဆိုးပြေတတ်တဲ့လူစားပါ။ ဒါပေမယ့်စိတ်နာမိရင်တော့ လုံးဝကိုလှည့်မကြည့်တော့တာပါ။ ဒါကြောင့်ရောဂါမရင့်ခင်မှာ ကုနိုင်ရင်ဘယ်လောက်များကောင်းလိုက်မလဲလို့ မျှော်လင့်မိပါတယ်။
ကို ကလို စေးထူး
သုံးသပ်ချက်ကလေး ကောင်းတယ်..မြန်မာပြည် က တပ်မတော်သားတွေဖတ်စေချင်တယ်..နေ့လည် lunch time်လေး ပြေးဖတ်ရတာ..အလုပ်ဖက်လှည့်လိုက်ဥိးမယ်..
Post a Comment