Thursday, April 05, 2007

အမြင်မရိုင်း.... ဆင်တိုင်း တင့်စေ.....

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထင်ပါတယ်။

မဂ္ဂဇင်းစာအုပ် တခုထဲက ကာတွန်းတခုကို တော်တော်ကြီး သဘောကျသွားခဲ့ဖူးပါတယ်။ အဲဒီကာတွန်းက လေးကွက်၊ တမျက်နှာ ကာတွန်းပါ။ ပထမတကွက်မှာ မင်းညီမင်းသား ၀တ်စုံနဲ့ လူကြီးတယောက်က ယောင်ထုံး၊ တောင်ရှည်ပုဆိုး၊ တိုက်ပုံနဲ့ လူကြီးကို လက်ညှိးငေါက်ငေါက် ထိုးလို့ `သရုပ်ပျက်´ လို့ ပြောပါတယ်။ ဒုတိယ တကွက်မှာကတော့ ပထမတကွက်မှာ အပြောခံရတဲ့ လူကြီးက ဘိုကေဆံပင်ကို ပြောင်နေအောင် ဖီးလို့ ဖလေဇာကုတ်ဝတ် ရှူးဖိနပ်စီးထားတဲ့ လူကို စောစောကလို `သရုပ်ပျက်´ လို့ လက်ညှိးကြီး ထိုးလို့ ပြောပြန်ပါတယ်။

တတိယ အကွက်မှာတော့ ဘိုကေနဲ့ လူက ဆံပင်ဂုတ်ထောက်၊ ခေါင်းလောင်း ဘောင်းဘီ ၀တ်ထားတဲ့ လူငယ်ကို `သရုပ်ပျက်´ လို့ လက်ညှိုး ထိုးလို့ ပြောပြန်ပါတယ်။ စတုတ္ထအကွက်မှာတော့ ခေါင်းလောင်းဘောင်းဘီဝတ် လူငယ်က ဟိုလူကြီးသုံးယောက်ကို ကျောခိုင်းထားပြီး သူက `သရုပ်ပျက်´ လို့ ပြောရမယ့် နောက်လူကို မျှော်နေတဲ့ပုံကို ရေးဆွဲထားပါတယ်။

အဲဒီကာတွန်းလေးဟာ ပြောင်းလဲသွားတဲ့ `ခေတ်ရဲ့ ရေစီးကြောင်းနဲ့ ၀တ်စားဆင်ယင်မှု´ ကို ရိုးရှင်းစွာ ဖော်ပြနေတယ်လို့ ခံစားမိလိုက်ရပါတယ်။

တလောတုန်းက စာအုပ်ပုံကို မွှေနှောက်လို့ အဟောင်းအမြင်းလေးတွေ လှန်လှောဖတ်ရှုမိတော့ ၁၉၉၉ခုနှစ်ထုတ် သင့်ဘ၀မဂ္ဂဇင်း၊ အမှတ်စဉ်(၁၀)မှာ ဆရာမ `ဂျူး´ ရေးသားခဲ့တဲ့ `မတော်တရော်´ ဆိုတဲ့ ဆောင်းပါးကို ဖတ်ရှုမိပါတယ်။

အဲဒီ ဆောင်းပါးရဲ့ အဓိက ပြောချင်တဲ့ အချက်ကတော့ မြန်မာပြက္ခဒိန်များက မြန်မာ မင်းသမီးလေးတွေရဲ့ ရင်အသားပေး၊ တင်အသားပေး မတော်တရော် ဟန်ပန်အနေအထားကို ထောက်ပြ ရေးသားထားတာပါ။ နောက်ပြီးတော့ မြန်မာမိန်းကလေးတွေရဲ့ ပြောင်းလဲလာတဲ့ ၀တ်စားဆင်ယင်မှုကို ရေးထားပါတယ်။ (နောက်များမှာ အဲဒီ ဆောင်းပါးကို စာရိုက်ပြီး တင်ပေးပါဦးမယ်)။

မနေ့ကတော့ ပျက်နေတာ ကြာလှပြီ ဖြစ်တဲ့ မြန်မာပြည်က နာမည်ကြီး ၀က်ဘ်ဆိုက်တခုရဲ့ ဖိုရမ်ကို သွားဖတ်ဖြစ်ပါတယ်။
အဲဒီဖိုရမ်ထဲမှာ ယနေ့ခေတ်မြန်မာ ရုပ်ရှင်မင်းသမီးတချို့ရဲ့ ၀တ်စားဆင်ယင်မှုကို ဘ၀င်မကျတဲ့ တယောက်က အဲဒီလိုပုံတွေ မတင်သင့်ကြောင့် အစပြုရေးသားရာကနေ အပြန်အလှန် ဆွေးနွေးကြ၊ ငြင်းခုန်ကြတာကို ဖတ်လိုက်ရပါတယ်။

တကယ်တော့ ခေတ်ကြီးက ရေစီးတခုလိုပဲ စီးဆင်းနေပါတယ်။ အဲဒီ ရေစီးထဲမှာ လူတွေက လိုက်ပါစီးမျောရင်းနဲ့ ခေတ်နဲ့ အညီ နေထိုင်သွားကြရင်း လူ့ဘောင် ပတ်ဝန်းကျင်မှာ မွေ့လျော်ရပါတယ်။ မိမိလက်ရှိနေထိုင်တဲ့ ခေတ်နဲ့ အသားကျစွာ နေထိုင်နိုင်လေလေ လူ့ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်လေလေပါ။

သို့သော်..၊ အ၀တ်အစား ၀တ်ဆင်ရာမှာ လျှပ်ပေါ်လော်လီခြင်းနဲ့ ခေတ်နဲ့ လိုက်လျောညီထွေစွာ ၀တ်စားဆင်ယင်ခြင်းကတော့ အကွာကြီးကွာလှပါတယ်။ လူမြင်ကွင်းမှာ မမြင်အပ်၊ မပြအပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မလုံ့တလုံ၊ မပေါ့်တပေါ် ၀တ်ဆင်ခြင်းဟာ လော်လီသော ၀တ်စားမှုသာ ဖြစ်ပါတယ်။ ဒါဟာ ခေတ်နဲ့ လိုက်လျောညီထွေမှု မဟုတ်ပါ။ ခေတ်ကို အကြောင်းပြချက်ပေးသော `လျှပ်ပေါ်လော်လီမှု´ သက်သက်သာလျှင် ဖြစ်ပါတယ်။

ကဲ..ဒါဖြင့်..။ ကျနော်တို့ မြန်မာ လုံမတွေ ရှေးရှေးတုန်းကလို ထိုင်မသိမ်း အကျီင်္တွေဝတ်၊ ဆံမြိတ်ကြီးတွေ အစီအရီချလို့ လမ်းသွားရင်လဲ ဆင်မယဉ်သာလေး လှမ်း..။ အင်း… ဒီလိုဆိုတော့လဲ မဖြစ်လှသေးပါ။

ကျနော့်ရှေ့မှာ မြန်မာမိန်းမပျိုတယောက် ဘောင်းဘီရှည်လေးနဲ့၊ အကျီင်္ကလဲ အခုခေတ်ပေါ်ပင်ပေါ့၊ လှတပတလေး ၀တ်ထားတာကို တွေ့ရင် `အော်.. တယ်ခေတ်မီပြီး ချောပါ့၊ လှပါ့´ လို့ စိတ်ထဲက ချီးကျူးထောပနာပြုရင်း ကြည့်မိပါမယ်။ အဲ.. မလုံ့တလုံ ဆိုရင်ရော.. ?။ ဟုတ်ကဲ့… ကြည့်တာကတော့ ကြည့်မိမှာပါပဲ။ ဒါပေမဲ့ ကြည့်ပုံခြင်းရဲ့ အဓိပ္ပာယ်တွေ၊ တန်ဖိုးထားမှုတွေကတော့ ကွာသွားပါလိမ့်မယ်။

မိုးသူအောင်က ရေကူးဝတ်စုံလေး ၀တ်တယ်။ ဒါပေမယ့် ဒါဟာ လိုအပ်ချက်အရပါ။ သူရေကူးပြိုင်တော့ ရေကူးဝတ်စုံဝတ်ပါလိမ့်မယ်။ ဒါဆို.. ပြက္ခဒိန်တခုခုမှာ ရေကူးဝတ်စုံနဲ့ မိုးသူအောင်က ရေထဲကို ပေါင်တံလေး အစင်းသားနဲ့ ဒိုင်ဗင်ပစ်တဲ့ ပုံလေး ဖော်ပြထားရင်ရော..??။ ဒါလည်း ပြဿနာ မရှိလှသေးပါ။ သူက ရေကူးမယ်ကိုး။

ဒါပေမယ့် ရုပ်ရှင်မင်းသမီးတယောက်က အ၀တ်အစား မလုံ့တလုံနဲ့ ကိုယ်နေဟန်ထား ကော့ကော်ကံကားပုံ ရိုက်လို့ ပုရိသများကို တမျိုးတမည်သော ဆွဲဆောင်မှု ရှိစေတဲ့ ပြက္ခဒိန်ထုတ်ရင်တော့ ဒါဟာ လော်လီလျှပ်ပေါ်သော ၀တ်စားဆင်ယင်မှုသာလျှင် ဖြစ်ပါလိ့မ်မယ်။ ခေတ်မီခြင်း နဲ့ လားလားမှ မဆိုင်ပါ။ ရုပ်ရှင်မင်းသမီးဆိုတာက လူသိများလှတာမို့ ပိုလို့တောင် ဆင်ခြင်သင့်လှပါတယ်။

တကယ်တော့ ၀တ်စားဆင်ယင်ပုံနဲ့ ပတ်သက်လို့ ငြင်းခုန်ကြတာတွေကို တွေ့ဖူးတာ မနည်းတော့ပါဘူး။ အကောင်းဆုံးကတော့ ခေတ်ဆိုတာကိုလည်း မေ့မထားသင့်သလို `အရှက်အကြောက် ဟီရိသြတ္တပ´ တရားဆိုတာကိုလည်း ထိန်းသိမ်းသင့်လှပါတယ်။

ရင်ဖုံးအကျီင်္လေးနဲ့ မြန်မာမလေးက ချစ်စရာကောင်းသလို ဂျင်းပင်နဲ့ စပို့ရှပ်ဝတ် မြန်မာမလေးသည်လည်း ခေတ်မီမီလှပါလိမ့်မယ်။ ဒါပေမယ် မလုံ့တလုံ ၀တ်ခြင်းဟာတော့ ခေတ်မီခြင်း လုံးဝ မဟုတ်ပါ။

မြန်မာမလေးများ ခေတ်နဲ့ အညီ၊ အမြင်မရိုင်း ဆင်တိုင်း တင့်နိုင်ပါစေလို့ ....။

ကလိုစေးထူး

2 comments:

maydarwii said...

တလောက ကျမအိမ်ဘေးက လဖက်ရည်ဆိုင်မှာ အဖေနဲ့အတူ ထိုင်နေတုန်း ဘေးစားပွဲက ၀ိုင်းမှာ မိန်းကလေး ၂ယောက်နဲ့ ယောက်ျားလေး ၁ ယောက်ထိုင်နေကြပါတယ်။ တယောက်သော မိန်းကလေးရဲ့ အမေ (ဆရာဝန်မကြီး) နဲ့ ကျမက ရင်းနှီးတယ်။ ဒီမိန်းကလေး ၀တ်စားထားပုံက ကလေးငယ်လေးတွေ ၀တ်တဲ့ ဂါဝန်တိုလေးပါ။ တိုသမှ ပေါင်လည်လောက်ပဲ ရှိပါတယ်။ လဖက်ရည်ဆိုင်က ထိုင်ခုံပုလေးမှာ ထိုင်နေတာဆိုတော့ နဂိုက တိုလှတဲ့ ဂါဝန်က ပိုလို့ တိုတက်နေပါတယ်။ ဂါဝန်က လက်ပြတ်၊ လည်ပင်းကလည်း အဟိုက်ပါ။ သူ့ခန္ဓာကိုယ်နဲ့လည်း ကြည့်ရတာ မသင့်တော်လှပါဘူး။ သူ့နဘေးမှာ အတူထိုင်နေတဲ့ ယောက်ျားလေးက သူ့ပခုံးကို ဖက်ထားလိုက်သေးတယ်။ သုံးယောက်လုံးရဲ့ ၀တ်စားဆင်ယင်မှု နဲ့ နေထိုင်ပြုမူမှုတွေဟာ မျက်စိထဲ ကြည့်ရဆိုးလှပါတယ်။ ကျမလည်း မျက်နှာချင်းဆိုင်မို့ မကြည့်ချင်လည်း မြင်နေရပါတယ်။
ခေတ်မီတာနဲ့ အရှက် အကြောက် ကင်းတာနဲ့ ကွာပါတယ်။
ဆန့်ကျင်ဘက်လိင်ရဲ့ ရာဂစိတ်ကို လှုံ့ဆော်သလို ဖြစ်စေမယ့် အ၀တ်အစားမျိုး၊ အနေအထိုင်မျိုး မိန်းကလေးတွေ အနေနဲ့ ရှောင်ကြဉ်သင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲ။

Anonymous said...

မှန်တယ်..ဘယ်ဆိုးလို့လဲ..
ဒီစာစောင်ကို ဂျာနယ်တခုခုမှာ ဖော်ပြသင့်တယ်..
ခေတ်မှီတာနဲ့ ခေတ်ဆန်တာကွာတယ်..
ဂျင်းပန်န် ၀တ်တာ လုံခြုံပေမဲ့..ကျပ်ထုပ်ပီး အရှိအတိုင်း
ပေါ်အောင်တော့ မ၀တ်သင့်ဘူးး
စားအရေးအသား အတင်ပြ ကောင်းမွန်၏
ဆက်လက်ရေးပါ.....
၎စားလျက်