Friday, March 30, 2007

ကျနော်နှင့် တင်းနစ်ကွင်းကလေး..



နေ့စဉ်နေ့တိုင်း မျက်နှာချင်းဆိုင်ခွင့်၊ မြင်တွေ့ခွင့် ရနေတဲ့ အဲဒီနေရာလေးရှိတဲ့နေရာကို လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက ကျနော် ရောက်ရှိခဲ့ပါတယ်။

နွေရာသီရောက်လာပြီဆိုရင်တော့ ဒီနေရာလေးမှာ တင်းနစ် ကစားသူ၊ တခါလေတော့လည်း အပူအပင်ကင်းစွာနဲ့ စကိတ်စီးကစားတတ်တဲ့ ကလေးငယ်လေးများနဲ့ ဒီကွင်းလေးဟာ စိုပြည်နေတတ်ပါတယ်။

တင်းနစ်ကစားနည်းဟာ ကိုယ်ကာယ အားထုတ်ကစားရတဲ့ အားကစားနည်းတွေထဲမှာ တတိယမြောက် အမောပန်းဆုံးတဲ့။ (ပထမ အမောပန်းရဆုံးက လက်ဝှေ့၊ ဒုတိယက ဘက်စကက်ဘောပါ၊ လူကြိုက်သိပ်များလှတဲ့ ဘောလုံးအားကစားနည်းကတော့ စတုတ္ထမြောက် အမောပန်းရဆုံးပါတဲ့။)

တကယ်တမ်း သေချာ စဉ်းစားကြည့်တော့ ကျနော်တို့ မြန်မာလူမျိုး အခြေခံလူတန်းစားတွေနဲ့ တင်းနစ် ကစားနည်းဆိုတာက မိုးနဲ့မြေအလား အလှမ်းကွာလှတယ်လို့ ထင်မိပါတယ်။ တင်းနစ်ကွင်း ဆိုတာကြီးကို သီးသန့် ဆောက်ရ၊ တင်းနစ်ရိုက်တံခ၊ ဘောလုံးခကလည်း ဈေးကြီးပါသဘိနဲ့ ဆိုတော့ ကျနော်တို့ မြန်မာလူမျိုးတွေ နိုင်ငံတကာမှာ တင်းနစ်ကစားနည်းနဲ့ ပတ်သက်လို့ ဟုတ်တိပတ်တိ ဘာဆု တခုတလေမှ မရဖူးသေးတာဟာ အဆန်းတော့ မဟုတ်လှပါဘူး။

ကျနော်တို့ မြို့ကလေးမှာတော့ ဘုရားစူးရစေ့ တင်းနစ်ကွင်းတခု ရှိပါတယ်။ မြို့ပိုင် တပ်ရင်းမှူးက တခါတလေ သူ့နောက်တော်ပါ ဗိုလ်မင်းတွေနဲ့ လာလာ ကစားတတ်ပါတယ်။ တခါတလေတော့လည်း မြို့မျက်နှာဖုံး ခေါ်ရမလားမသိ၊ ပိုက်ဆံဝါလား သူဌေးတချို့ ကစားတာ တွေ့ရတတ်ပါတယ်။ သူတို့ ကစားတာကို မျှော်ငေးရင်းနဲ့သာ အော်… ငါတို့ ငယ်ငယ်က ကင်းဘုတ်ပစ်တမ်းကစားခဲ့တဲ့ ဘောလုံးလေးတွေက လူကြီးတွေ ဒီလိုမျိုးကစားရတဲ့ တင်းနစ် ကစားနည်းပါလား လို့ နားလည်ခဲ့ရပါတယ်။

တီဗွီက အားကစားလိုင်းတွေကို ကြည့်ပါများတော့ တင်းနစ်ကစားနည်းရဲ့ အမှတ်ပေးပုံကို အတန်ငယ် နားလည်လာပါတယ်။ အင်း.. ကမ္ဘာမှာ တင်းနစ်ကို သူမတူထူးချွန်အောင် ကစားနိုင်တဲ့ လူတွေများ တော်တော်ကို ၀င်ငွေဖြောင့်ကြတာကိုး။ အဲဒီ ထူးချွန်ပြီး ၀င်ငွေဖြောင့်နေတဲ့ လူတွေကို သေချာလေ့လာကြည့်တော့လည်း ချမ်းသာတဲ့ နိုင်ငံက လူတွေ ဖြစ်နေတာ များပါတယ်။ လက်ရှိ ကမ္ဘာ့ အဆင့်တစ် ရော်ဂျာဖယ်ဒါးရား ဆိုရင် ဆွစ်ဇာလန်က၊ အန်ဒီရော့ဒစ်ဆိုရင် အမေရိကန်က…။




ဆောင်းတွင်းတုန်းကတော့ တင်းနစ်ကွင်းလေး ခမျာမှာ အေးခဲလှတဲ့ ရာသီဥတုနဲ့အတူ အဖြူရောင် နှင်းဖတ်တွေကို တချိန်လုံးလိုလို ထမ်းပိုးခဲ့ရပါတယ်။ လူတွေကလည်း သူ့ကို လှည့်မကြည့်အားပါဘူး။ အဲဒီတော့ သူ့ခမျာမှာလည်း ငေးငိုင်ငိုင်နဲ့ပေါ့။

တခါတလေ ကျနော် စဉ်းစားကြည့်မိပါတယ်။ ကျနော်တို့ ဘ၀တွေက တင်းနစ်ဘောလုံးလေးတွေနဲ့ တူနေလေရော့သလားမသိ..။ တခါတခါမှာ အားပြင်းပြင်းနဲ့ အရိုက်ခံလို ခံရ၊ တခါတခါကျတော့လည်း လိုရာကို ရောက်အောင် အသာလေး ပင့်ပြီး ညင်ညင်သာသာ အပို့ခံလို ခံရ၊ တခါတလေကျတော့လည်း ကစားသမားတွေက ရှုံးနိမ့်တဲ့ အခါ အလိုမကျမှုနဲ့ အတူ အဝေးကို ဒေါသတကြီး ရိုက်ထုတ်ခံရလိုခံရနဲ့၊ ကစားသမားတွေက အောင်ပွဲရတော့ တင်းနစ်ဘောလုံးလေးတွေက ချောင်ကွယ်မှာ ငြိမ်ကုပ်လို့ ဘယ်သူမှ သတိမထားမိတဲ့ အဖြစ်။

တင်းနစ်ကွင်းလေးကို `ဖျတ်´ကနဲ ဓာတ်ပုံရိုက်ရင်း စိတ်ပေါက်ပေါက်နဲ့ `ဟေး´ လို့ အော်ပစ်လိုက်တော့၊ အနားက ကလေးတွေက ကျနော့်ကို ကြောင်စီစီနဲ့ လှမ်းကြည့်နေလေရဲ့။

ကလိုစေးထူး

6 comments:

Anonymous said...

It is a nice post. lovely. In front of my apartment, there is a basketball court too. I was even thinking how many burmese know how to play basketball. I don't think this sport is for high class ppl. Most probably for tall ppl. I can't play/jump ofcouse bcoz basket is always 3m above the floor :-)
(Loimwethu)sorry I dont own a blog.

Anonymous said...

ကိုကလိုစေထူး ... ကမ္ဘာပေါ်မှာ ပြေးတဲ့ ကစားနည်းဟာ အမောဆုံးထဲ မပါဘူးလားး) တင်းနစ်ဘောလုံးလေးမြင်ပြီး တွေးတဲ့ အတွေးကို သဘောကျတယ် ။ ဆောင်းတွင်း နှင်းတွေ ဖွေးနေတဲ့ မြင်ကွင်းလေးကိုလည်း သိပ်ကြိုက်တယ် ။

Anonymous said...

ကျမကတော့ တင်းနစ် ပလေယာတွေထဲကဆိုရင် ရှရှားတင်းနစ်မယ် မာရီယာ ရှရာပိုဗာကို ကြိုက်တယ်ရှင့်။ ကိုသံလွင်တို့လို ကာလသားများလည်း ကြိုက်မယ်ထင်ပါရဲ့။ သူက စွဲဆောင်မှုရှိတဲ့ မိန်းကလေးတယောက် မဟုတ်လား။ လာမယ့် ဧပြီ ၁၉ မှ သူ့ အသက်က ၂၀ ပြည့်မှာတဲ့။ ငယ်ငယ်လေးနဲ့ ထူးချွန်တဲ့ မိန်းကလေးပဲနော်။
အင်း .. ကိုသံလွင်ပြောသလို ကျမတို့ဟာ တင်းနစ် ဘောလုံးလေးသာဆိုရင် ပြိုင်ဘက် နှစ်ယောက်ကြား (တခါတလေ လေးယောက်ကြား) ဗျာများနေတဲ့သူတွေလို ဖြစ်လေမလား စဉ်းစားနေမိတယ်။ ဒါမှမဟုတ်လဲ သူတို့အနိုင်ရဖို့ ကိုယ်က အနာခံရသူ (ဓားစာခံလိုမျိုး)များ ဖြစ်နေလေမလား … လို့။
ဘာရယ်မဟုတ်ဖူး .. ကိုသံလွင့်စာဖတ်ပြီး လျှောက်တွေးကြည့်တာ။ အဲဒီလိုသာ ဆိုရင်တော့ … မစွံပါဘူး။

ကလိုစေးထူး said...

ဂျစ်တူး.. မာရသွန်အပြေးနည်းကတော့ ပဉ္စမမြောက် အမောပန်းဆုံးပါတဲ့။

s_potato said...

"တခါတလေ.............အဖြစ်"သိပ်မှန်ပြီးသိပ်လှတဲ့စကားလုံးလေးတွေပါပဲ...

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ ခင်ဗျာ-
ကျနော်ကတော့ ဓါတ်ပုံရိုက်တဲ့ဂျစ်တူး(မုံရွာ)ပါ
စင်္ကာပူမှာနေပါတယ်။
အကိုရေးထားတဲ့ပို့ စ်တွေကိုဖတ်ရင်းဖတ်ရင်း
အခုဒီကိုရောက်လာတာပါ။
ကျနော်လည်းတင်းနစ်ကွင်းကလေးဖြစ်နေပါပြီ-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)