Friday, March 02, 2007

ကျနော့်အကြိုက်..

ဒီဘလော့ကို စရေးကတည်းက ရည်ရွယ်ခဲ့တာ တခုရှိခဲ့ပါတယ်။ အဲဒါကတော့ ကျနော်ဖတ်မိသမျှ စာကောင်းပေမွန်တချို့ကို တင်ပြချင်တာပါ။

အခုတင်ပြမယ့် ၀ထ္တုတိုလေးကတော့ ၂၀၀၆ခုနှစ်၊ အောက်တိုဘာလထုတ်၊ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ ဖော်ပြပြပါရှိတဲ့ ဆရာမ ခင်နုယဉ်ရဲ့ `တယ်လီဖုန်းလေးရဲ့ တစ်နေ့တာ´ ဆိုတဲ့ ၀ထ္တုတိုလေးပါ။

ဒီဝထ္တုတိုမှာ ကျနော် နှစ်သက်မိတာက အကြောင်းအရာ ရိုးရိုးလေးကို ဖွဲ့ဆိုနိုင်စွမ်းပါ။ ဟာသရသနှောလို့ သရုပ်ဖော်ထားတဲ့ ဒီဝထ္ထုတိုလေးမှာ အခြေခံလူတန်းစားတွေရဲ့ စရိုက်ကိုလဲ ပြသလို့နေပါတယ်။ ကဲ.. ခံစားကြည့်ကြပါစို့။ သတ်ပုံကိုတော့ မူရင်းအတိုင်းပဲ ရိုက်ထားပါတယ်။


တယ်လီဖုန်းလေးရဲ့ တစ်နေ့တာ

`ကြီးကြီး၊ သမီးကျောင်းသွားတော့မယ်´ ဟူသော တူမလေး၏ အသံကို ကြားလိုက်ရသဖြင့် ရှစ်နာရီထိုးပြီးပြီကောဟု သတိပြုမိသွားသည်။ ရှစ်တန်းကျောင်းသူ တူမလေးမှာ သည်အချိန် ကျောင်းသွားနေကျ ဖြစ်ပေသည်။

စားပွဲတစ်လုံး၊ ဖုန်းတစ်လုံးနှင့် တကုန်းကုန်း အလုပ်ရှုပ်နေကျ ကျွန်မသည် PCO ဟု အများခေါ်နေကြသော ဖုန်းအငှားဆိုင်ရှင်တဦး ဖြစ်ပေသည်။ နံနက်မိုးလင်းသည်နှင့် စားပွဲတစ်လုံးနှင့် ဖုန်းလေးချကာ ဆက်မည့်သူ မျှော်ရမြဲဖြစ်သည်။

`လာကြပါ…. လာကြပါ။ များများဆက်ကြပါ။ ငါးဆယ်ကျော် အန်တီအပျိုကြီး ၀၀လင်လင် စားနိုင်အောင် စောင်မတော်မူကြပါ´ ဟု စိတ်ထဲမှ တိုးတိုးလေး ရွတ်နေမိသည်။

မျှော်တုန်း မျှော်ဆဲမှာပင် စားပွဲရှေ့သို့ ဆိုင်ကယ်တစ်စီး ထိုးရပ်လာသည်။ ဆိုင်ကယ်ပေါ်က ကလေးပေါက်စနနှင့် စုံတွဲမှာ မိသားစု ဖြစ်ဟန်တူ၏။ မင်္ဂလာနံနက်ခင်းမှာ သူလေးတို့၏ မျက်နှာများ ရွှင်မြူးလန်းဆန်းလျက်….။

ဖုန်းခွက်ကို ယောက်ျားပျိုက အရင်ကိုင်လိုက်သည်။ `မေမေ သားတို့ ဒီနေ့မလာဖြစ်ဘူးဆိုတာ ဖုန်းလှမ်းဆက်တာပါ။ ဒီဥပုသ် ကိုတာတို့ အလှူရှိလို့ စစ်ကိုင်းလိုက်သွားမလို့ မေမေ´။ ယောက်ျားလေးက ဖုန်းခွက်ကို မိန်းကလေးလက်သို့ ကမ်းပေးလိုက်ပြန်သည်။ `မေမေ၊ ကောင်းမှုတော်က သနပ်ခါးတုံး ၀ယ်ခဲ့ရမလား။ သမီး သေချာရွေးဝယ်ခဲ့မယ်နော်´ ဟု ကောင်မလေးက ဆိုပြန်သည်။

သူတို့တွေ ပြောလို့ ၀ပြန်တော့ ဖုန်းခွက်ကို ကလေးလေးပါးစပ်နား ကပ်ပေးကြပြန်သည်။

`ပြောလိုက် သားသား၊ ဘွားဘွားနေကောင်းလားလို့၊´ ကလေးက မ၀ံ့မရဲနှင့် မပီ့တပီ စကားထွက်လာတော့ လင်မယားနှစ်ယောက် သဘောခွေ့ကာ တခစ်ခစ် ရယ်နေကြလေသည်။ (သြော်.. မင်္ဂလာရှိလိုက်တာ)။

သူတို့ ပြန်သွားပြီးနောက် တစ်ဦးစ နှစ်ဦးစ ထပ်ရောက်လာကြသည်။ ပြောလိုရာများကို တိုတိုရှင်းရှင်းနှင့် လိုရင်း အမြန်ပြောကြသည်မှာ ပါးစပ်များ မော်တာတပ်ထားကြလေရော့သလားဟု အောက်မေ့ရသည်။ ဒုံးပျံခေတ်ပေကိုး။

ကျွန်မ၏ ဖုန်းဆိုင်လေးမှာ ချောင်ကျကျ မြို့သစ်ရပ်ကွက်လေးတွင် ဖွင့်ထားသည်မို့ လူလာကြဲလှသည်။ လူအလာကို စောင့်ရင်းပင် ထမင်းဆာလာသည်။

အိမ်တွင်း အမြန်ဝင်ပြီး ခပ်သုတ်သုတ် ထမင်းစားရသည်။ ထမင်းစားနေစဉ် အိမ်ရှေ့သို့လဲ မကြာခဏ လှမ်းကြည့်ရသေးသည်။ တူမလေးက ထမင်းဘူး သူ့ဘာသာ ထည့်ယူသွားရှာသည်။ စားလို့မှ ကောင်းပါလေစ။ မနက်က မီးမလာ၍ ဖယောင်းတိုင်မီးနှင့် မမြင်မကန်း ချက်ခဲ့သည်မို့ ထမင်းက သိပ်မနပ်လှပါ။

`အန်တီကြီး… အန်တီကြီး၊ ဖုန်းဆက်ချင်လို့´ ဟူသော အသံကြောင့် `လာပြီ… လာပြီ´ဟုပြောကာ ထမင်း အမြန်လက်စသတ်ရသည်။

`သာကော…. ပစ္စည်းသစ် ထပ်ရောက်လာတယ်။ ယူမလား။ စိတ်ချသန့်တယ်။ ဘယ်ကိုလာပို့ရမလဲ။ စားသောက်ဆိုင်။ ဟုတ်ပြီ…။ ဟုတ်ပြီ။ ခုလာပို့ပြီနော်´

`ငါ့တူမ၊ စိတ်ချပေတော့။ ညည်းကြိုက်သလောက် တောင်းလိုက်စမ်း။ အဘိုးကြီးက ရက်ရောတယ်အေ့´

မိန်းမနှစ်ယောက်ရဲ့ ပုံစံကြည့်ရတာ သိပ်မဟုတ်ချင်ဟု ထင်မိသားပင်။ လက်စသတ်တော့ သူတို့က…။ ရှိပါစေ။ ဘာတတ်နိုင်မည်လဲ။ ဘယ်သူတော့ ဆက်ပါ။ ဘယ်သူဖြင့် မဆက်လေနှင့်ဟု တားမြစ်သင့်သည်မှ မဟုတ်တာ။ ရှိပါစေတော့။

နေတဖြည်းဖြည်း မြင့်လာသည်။ ထီးတိုင်အောက်မှာ နေရသော်လည်း မန္တလေးနေက ကျွန်မကို ချွေးတပြိုက်ပြိုက် ကျစေသည်။ သိပ်ပူလာသဖြင့် အိမ်အဖီအောက်က ပက်လက်ကုလားထိုင်မှာ သွားနားရသည်။ လမ်းဘက်ကို မျှော်ကြည့်ရင်း ပုတီးစိတ်နေမိသည်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-တ-တ-တ…. ၀ုန်း။

လက်စသတ်တော့ အိပ်ငိုက်သွားမိပေသကိုး။ ၀ုန်းကနဲ အသံကြောင့် နိုးလာသော ကျွန်မမှာ ၀ဖိုင့်သော ခန္ဓာကိုယ်နှင့်မလိုက်အောင် စွေ့ကနဲ ဖုန်းစားပွဲဆီ ရောက်သွားသည်။ ကျွန်မ ထိုင်နေကျ ကုလားထိုင်မှာ လဲလျက် ဖုန်းခွက်လေးမှာ ကြိုးတွဲလောင်းနှင့် အောက်ကျလျက်။ ညစ်ပေတူးသော ကလေးငယ်တစ်ယောက်က စားပွဲဘေးမှာ ခွေခွေလေးကျလျက် စသည့် စိတ်ပျက်စဖွယ် ရှုခင်းကို တွေ့မြင်လိုက်ရသည်။

ဒေါသစိတ်နှင့် ရိုက်လိုက်မည် ရွယ်ပြီးမှ စိတ်ထိန်းကာ ပေတူးလေးကို ဆွဲထူပေးလိုက်ရသည်။ မျက်နှာချင်းဆိုင်အိမ်မှ မိသန်းသားလေးပါလား။

`မိသန်းရေ… ညည်းသားလေး လာခေါ်ဦး၊ ငါ့ဖုန်းယူဆော့နေလို့။´

ကလေးကို သူ့အမေခေါ်သွားတော့မှ ကိုယ့်ဖုန်းကို ပြန်စစ်ကြည့်ရသည်။ အိုကေသည်။ ဘာမှ မဖြစ်ပါ။ သို့သော် ဖုန်းဖြူဖြူလေး ညစ်မည်းသွားရှာသည်။ ထို့ကြောင့် အိမ်တွင်းမှ တစ်ရှုးစ သွားယူကာ သုတ်ပေးလိုက်ရာ လုံးဝ ပြန်ဖြူသွားပါတော့သည်။

စိတ်ရှုပ်ရှုပ်နှင့် စားပွဲပြန်ထိုင်ကာ ဖုန်းဆက်သူအလာ ထပ်မျှော်ရပြန်သည်။ ငိုက်စိုက်ငိုက်စိုက်နှင့် ဖြူဖြူပိန်ပိန် မိန်းမတယောက် လျှောက်လာသည်ကို တွေ့ရသည်။ (ငါ့ဆီ လာတာဖြစ်ပါစေ)။

ဆုတောင်းပြည့်သွားသည်။ ထိုမိန်းမ ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်မဆီ ရောက်လာသည်။ မိန်းမငယ်မှာ စိတ်ညစ်နေပုံပေါ်သည်။ ရုပ်ကလေးက ချောလိုက်တာ။ အရွယ်ကောင်းကလေး။ ဘာများ စိတ်ဆင်းရဲစရာ ရှိရှာပါလိမ့်ဟု တွေးနေမိသည်။

တဖြည်းဖြည်း ငါးမိနစ်မှ ဆယ်မိနှစ်မှ မိနစ် နှစ်ဆယ်… နာရီဝက်ရှိလာတော့ ကျွန်မ လန့်လာသည်။ ဘုရား… ဘုရား၊ အဝေးပြောဆိုတော့ ဖုန်းခ တော်တော်တက်နေပြီ။ ပိုက်ဆံ အကုန်မှ ပေးပါ့မလားဟူသော သံသယဖြင့် စိတ်မောလာသည်။

ငိုပြောလေး ပြောနေသော မိန်းမမှာ မိနစ်လေးဆယ်အရောက်တွင်မှ ဂွပ်ကနဲ ဖုန်းချလိုက်ပါသည်။

`အန်တီ၊ ဘယ်လောက်ကျသလဲ´ ဟု မေးသဖြင့် …

`နှစ်ထောင် ကျပါတယ်ကွယ်။ အန်တီ နှစ်ရာလျှော့ပါမယ်။ ထောင့်ရှစ်ရာပေါ့´ ဟု ကျွန်မ ဖြေလိုက်ရသည်။

ကျွန်မ၏ ဖြေသံအဆုံးမှာ သူငယ်မ အုံးကနဲ ငိုပွဲဆင်လိုက်ကာ သူ့မှာ ပိုက်ဆံမပါကြောင်း ပြောတော့သည်။ ယောက်ျား မယားငယ် ယူသွားသဖြင့် ပိုက်ဆံ မပို့တော့ကြောင်း၊ အိမ်မှာ ဆန်မရှိတော့သဖြင့် ယောက်ျားထံ ဖုန်းဆက်တောင်းသော်လည်း အချည်းနှီး ဖြစ်ရကြောင်း၊ အန်တီ့ ပိုက်ဆံ မပေးဘဲ နေမှာ မဟုတ်ကြောင်း၊ နားကပ်ပေါင်၍ ဈေးရောင်းထွက်မည့် အကြောင်း၊ အန်တီ့ ပိုက်ဆံ ဆက်ဆက်လာပေးမည့် အကြောင်း၊ တသီတတန်းကြီး ပြောပါသည်။ စကားအများကြီး ပြောနေသော်လည်း အနှစ်ချုပ်ကတော့ ဖုန်းခ မပေးနိုင်ပါ ဟူ၍ ဖြစ်သည်။ (ငါအဘွားကြီး အပေါ်မှာ ရက်စက်ပါပေ့ ကလေးမရယ်)။

(တစ်အိမ်လုံး ပြေးရေမှ နှစ်ယောက်ရှိတာ။ တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ ရုံးရောက်၊ ဂတ်ရောက်- ဘာလုပ်မည်လဲ။ တရားစွဲလို့ကော သူငယ်မထံမှ ပိုက်ဆံ ထွက်လာမည်တဲ့လား။ ထိုသို့ ဆင်ခြင်ပြီး တရားကိုသာ နှလုံးသွင်းရတော့သည်။ သြော်… အနိစ္စ၊ ဒုက္ခ၊ အနတ္တ။)

တရားဆင်ခြင်နေဆဲမှာပင် ဖုန်းသံ တတီတီ ထွက်ပေါ်လာသည်။ ကောက်ယူ နားထောင်လိုက်သောအခါ တစ်အိမ်ကျော်မှ ဒေါ်မြမြကို ခေါ်ခိုင်းသည့် ဖုန်းဖြစ်နေသည်။

မုဆိုးမ ဒေါ်မြမြမှာ အဝေးရောက် သားလိမ္မာတစ်ယောက် ရှိလေသည်။ မိခင်ပြီး မတောင့်မတ မကြောင့်ကြရလေအောင် သားလူပျိုကြီးက အဝေးတနေရာမှ လစဉ်မှန်မှန် ငွေအမြဲပို့ပေးသည်။ လိမ္မာလိုက်တဲ့ ကောင်လေး… သာဓု၊ သာဓု၊ သာဓု။

ကျွန်မ သွားခေါ်တော့ ဒေါ်မြမြ အိမ်နောက်ဘက် ရောက်နေဟန်တူသည်။ တော်တော်နှင့် မကြား။ လေးငါးခွန်းခေါ်မှ ကြားပြီး အပြေးတစ်ပိုင်းနှင့် လိုက်လာခဲ့သည်။

ဒေါ်မြမြ၏ မေတ္တာတေးသံက ကျွန်မရင်ကို ချမ်းမြေ့စေသည်။ လိမ္မာလှသည့် သားနှင့် မေတ္တာပြည့်လွန်းသော မိခင်တို့၏ ဆက်ဆံရေးမှာ သာယာဖြောင့်ဖြူးလှပါသည်။

အဘွားကြီး ဖုန်းပြောသည်ကို နားဆင်နေရင်း ကျွန်မစိတ်ထဲမှာ တစ်စုံတစ်ရာ စနောင့်စနင်း ဖြစ်လာသည်။ ခပ်လှမ်းလှမ်းမှ ဝေ့၀ိုက်ရောက်လာသည့် မြောင်းပုပ်နံ့ပေပဲ။

အဘွားကြီး ပြန်သွားသည့်တိုင် ပုပ်နံ့က မပျောက်နိုင်။ စိတ်ထဲမှာ မသင်္ကာသဖြင့် ဖုန်းကို အနံ့ရှူကြည့်မိတော့ အလိုလေးလေး။ မစင်နံ့ပေပဲ။ ဖြူစင်သန့်ရှင်းသော ဖုန်းလေးမှာ ဖြူတော့ ဖြူမြဲပါ။ သို့သော် မစင်နံ့လေးက တသင်းသင်း။

ရေအိမ်ဝင်နေသော ဒေါ်မြမြတယောက် အိမ်ရှေ့မှ ကျွန်မခေါ်လိုက်သဖြင့် အပြေးတစ်ပိုင်း လာခဲ့ရာမှ လက်ကို ဆပ်ပြာတိုက်ဆေးခဲ့ရဟန် မတူပါ။ ဆပ်ပြာတစ်ခါတိုက်နှင့်ပင် အနံ့မပျောက်တတ်ပါ။ ကျွန်မဖုန်းဖြူဖြူလေးမှာ အနံ့မစင်သော ဒေါ်မြမြကြောင့် မပေကျန်သော်လည်း သင်းသင်းမွှေးနေပါပြီ။

ညစ်နေတာ မဟုတ်လို့ တစ်ရှူးနှင့် သုတ်လည်း ထူးမည်မထင်ပါ။ ရေဆေးရလျှင် ဖုန်းပျက်သွားနိုင်သည်။ မည်သို့ လုပ်ရပါ့။

တွေးရင်းနှင့်ပင် အကြံပေါ်လာသည်။ လမ်းထောင့် စတိုးဆိုင်သို့ အပြေးလေးသွားကာ စနိုးတာဝယ် (မျက်နှာသုတ် တစ်ရှူးမွှေး) နှစ်ခု သွားဝယ်ရသည်။ အိမ်တွင်းပုန်း အဘွားကြီးနှင့် လားလားမျှ မဆိုင်သော စနိုးတာဝယ်ကြောင့် စာရေးမလေးပင် အံ့သြသွားသည်။ အန်တီကြီး ခရီးထွက်မလို့လားဟုပင် မေးလိုက်ပါသေးသည်။

ဖုန်းလေးကို စနိုးတာဝယ်တစ်ခုနှင့် အကြိမ်ကြိမ် ပွတ်တိုက်ပြီး နောက်ထပ်တခုနှင့် ထပ်မံပွတ်တိုက်လိုက်သောအခါ သန့်ရှင်းမွှေးကြိုင်သော ဖုန်းဖြူဖြူလေး ဖြစ်သွားပါတော့သည်။

`ကြီးကြီး… သမီးပြန်လာပြီ။ ဒီတခါ ငါးကြင်းခြစ်နှင့် ကိုက်လန် ၀ယ်လာတယ်´ ဟု ပြောရင်း၊ လွယ်အိတ်တဖက်၊ ကြွှပ်ကြွပ်အိတ် တစ်ဖက်နှင့် တူမလေး ပြန်လာသည်။ တူမလေးမှာ ကျောင်းအဆင်းမှာ အင်္ဂလိပ်စာ ကျူရှင်ဆက်သွားပြီး ကျူရှင် အပြန်မှာ ဈေးတန်းလေးမှ ဟင်းချက်စရာ ၀ယ်လာလေ့ရှိသည်။

တူမလေးပြန်လာပြီ ဆိုတော့ ငါးနာရီကျော်လောက်ပြီ။ မစောတော့ပါ။ နောက်ထပ်မှ လူလာပါဦးမလား။ ညစာစားရဦးမည်။ ကိုရီးယားကား ကြည့်လိုသေးသည်။ ဖုန်းဆိုင်ကို ခြောက်နာရီထက် နောက်ကျပြီး မပိတ်လိုပါ။

`အန်တီကြီး၊ ဖုန်းဆက်ချင်လို့ပါ။ ယောက်ျားသံနဲ့ဆိုရင် သူတို့အိမ်က ခေါ်ပေးမှာ မဟုတ်လို့။ အန်တီကြီးပဲ ခေါ်ပေးပါ။ ကောင်မလေး နာမည်က မခိုင်တဲ့´

သူပြောသည့် နံပါတ်အတိုင်း နှိပ်ပြီး ကျွန်မခေါ်ပေးလိုက်ရာ ကလေးမလေးနှင့် တန်းတွေ့ပြီး အဆင်ပြေသွားသည်။

`သည်ကမ္ဘာမှာ အပျော်ဆုံးလူက ငါပဲမခိုင်ရ။ ဘာလို့တုန်း သိလား။ ငါငါးသိန်းထီ ပေါက်တယ်ကွ။ မင်းဘာမှ စိတ်ညစ်မနေနဲ့တော့။ အဲဒီအိမ်မှာ ဆက်လုပ်မနေနဲ့။ ထွက်ခဲ့တော့ကွာ။ ငါဆိုက်ကား အပိုင်ဝယ်မယ်လေဟာ။ တို့လက်ထပ်ပြီးရင် ဖိုးထူးတို့ အိမ်နားမှာပဲ ငှားနေကြမယ်။ မကောင်းဘူးလား´

တတွတ်တွတ်နှင့် အားရပါးရ ပြောနေသော သူငယ်လေးက သူ့စကားအဆုံးမှာ ဖုန်းကလေးကို အားရပါးရ နမ်းချလိုက်ပါတော့သည်။

`ဟီး… ဟီး ရှက်လိုက်တာ အန်တီကြီးရယ်။ ကျွန်တော် မုဒ်ဝင်သွားလို့ဗျ´

အလွှာပေါင်းစုံရဲ့ လက်တွေထဲမှာ တစ်လက်ပြီးတစ်လက် ပြောင်းကိုင်ခံရတဲ့ ကျွန်မရဲ့ တယ်လီဖုန်းကလေး။ ရွှံ့ပေလိုက်၊ မစင်နံ့နံလိုက်၊ ရေမွှေးဆွတ်ခံလိုက်ရနှင့် ကျွန်မရဲ့ ဖုန်းလေးဟာ ဒီတခါတော့ ခေတ်မီမီ ဆိုက်ကားလူငယ်တယောက်ရဲ့ အဖြည့်ခံ ချစ်သူ ကိုယ်စား အနမ်းခံလိုက်ရပြန်ပြီ မဟုတ်ပါလား။

ခင်နုယဉ်

2 comments:

မေဓာဝီ said...

ဝတ္ထုတိုလေးက ချစ်စရာကောင်းတယ်။
ဖတ်ရင်းနဲ့ ပြုံးရ၊ မဲ့ရ၊ ရင်မောရ၊ သဘောကျရ … ရသပေါင်းစုံကို တိုတိုလေးနဲ့ ပေးစွမ်းနိုင်တဲ့အပြင် ခေတ်ကိုလည်း ထင်ဟပ်စေပါတယ်။
နောက်ဆုံးခန်းလေးဖတ်အပြီးမှာတော့ သဘောကျစွာ ပြုံးမိပါရဲ့ … ။

မျှဝေပေးတဲ့အတွက် ကျေးဇူးပါ … ကိုသံလွင်။

ဂျစ်တူး - gyit_tu said...

ဒီဝတ္ထုလေးက ရိုးရိုးလေးနဲ့ သိပ်ဖတ်ကောင်းတာပဲ ။ မျှဝေတာတွက် ကျေးဇူးပါပဲ ။ နောက်လည်း အဲလို ၀တ္ထုတိုလေးတွေ အထူးသဖြင့် မိုးမိုး-အင်းလျား ၊ မစန္ဒာတို့ရဲ့ ၀တ္ထုတွေ ။