Thursday, March 15, 2007

ရွှေပြည်သို့ လွမ်းဆွတ်ခြင်းနှင့်အတူ…

အချိန် အားလပ်ပြီဆိုရင် ကွန်ပြူတာရှေ့မှာထိုင်၊ စာတွေ ဟိုရေးဒီရေး ရေး၊ chatting ထိုင်၊ အဲဒီအပြင် ကျနော်မကြာခဏ လုပ်လေ့ရှိတာကတော့ ၀က်ဆိုက်ပေါင်းစုံက မြန်မာပြည် ဓာတ်ပုံတွေ ကြည့်ပြီး ရွှေပြည်ကြီးကို အလွမ်းဖြေရတာပါ။

မြန်မာပြည်ဓာတ်ပုံတွေကို ကြည့်ရတာဟာ လွမ်းဆွေးမှုတွကိုလည်း ဖြစ်စေရ.၊ ရင်မောမှုတွေကိုလည်း ဖြစ်စေရ၊ ဘာပဲဖြစ်ဖြစ် အလွမ်းတော့ အတန်ငယ် ပြေသွားသလို ခံစားရပါတယ်။

အခု အချိန်ဆို ကျနော်တို့ ရွှေပြည်ကြီးမှာ ဘယ်လိုနေမှာပါလိမ့်။ ဟိုဟိုဒီဒီ လမ်းမျှော်ကြည့်မိတော့…။


မြို့ရွှေဂုံရဲ့ အောင်ဆန်းကွင်းမှာ ဘောလုံးပွဲတွေ ကျင်းပနေဆဲလားမသိ၊ မှုံပြပြနဲ့ ဘောလုံးသမားတွေလို့ ထင်ရတဲ့ အဖြူစက်ကလေးတွေတော့ တွေ့မိပါရဲ့။ ဟိုးဝေးဝေးက ထိုးထိုးထောင်ထောင်ကြီးတွေ၊ ပြွတ်ပြွတ်သိပ်သိပ်ကလေးတွေ ရောပြွန်းနေတဲ့ ရန်ကုန်မြို့ကြီးက အရင်အတိုင်းလေလား။


မြို့ပြရဲ့ည အဲဒီလမ်းဘေး လက်ဖက်ရည်ဆိုင်လေးမှာထိုင်ချင်မိပါရဲ့။ တေးသီချင်း ခပ်အေးအေးလေးတွေ နားထောင်ရင်း၊ ရေနွေးကြမ်းတွေ တအိုးပြီးတအိုး သောက်ရင်းနဲ့ပေါ့..။ အငြင်းသန်ပြီး ကျယ်လောင်လောင် လုပ်တတ်တဲ့ သူငယ်ချင်းတွေ ပါရင် ပိုလို့ စည်သွားမယ်ထင်ရဲ့။


အဲဒီလို အကြော်စုံ ပူပူနွေးနွေးလေးတွေကို မစားရတာကြာသလို…၊

ငရုတ်သီးစိမ်းတဖဲ့ကိုက်ရင်း၊ ကြက်သွန်ဖြူ တမွှာစားရင်း မရပ်မနားဝါးရတဲ့ ဒီလို ၀က်သားတုတ်ထိုးလည်း ဝေးနေတာကြာပေါ့.။


မန္တလေးနဲ့ ပတ်သက်လို့ သားစိုးက သီချင်းထဲမှာ ဒီလို ဆိုခဲ့ပါတယ်-

`မင်းတို့ နေထိုင်တဲ့အရပ် မင်းတို့ ဂုဏ်ယူတွေးမှတ်၊ ငါတို့ မြန်မာဘုရင်တွေ နန်းစိုက်ခဲ့တဲ့ အဲဒီအရပ်၊ အဲဒီအရပ်၊ အဲဒီအရပ်..´

ဟုတ်ကဲ့..။ အဲဒီ သီချင်းစာသားရဲ့အနာက်မှာ တဆက်တည်း ပြုလုပ်ထားတဲ့ arrangement တခုကတော့ တရုတ်တွေ နဂါးလှည့်ရာမှာ တီးတဲ့ တုံချမ်းတုံချမ်း တီးလုံးပါ။


ပွင့်လန်းနေတဲ့ ပန်းလေးတွေရဲ့ နောက်က ကြိုးတံတားနဲ့အတူ ဟိုးအဝေးက တောင်ကြီးမြို့လေးရဲ့ ရှုခင်း တစိတ်တဒေသကလည်း လွမ်းမောဖွယ်ရာ..။


ဘာအဆောင်အယောင်မှ မရှိပေမဲ့ အေးချမ်းလှတဲ့ ရွာအ၀င်လမ်းကလေး၊ နေပူကျဲကျဲအောက်မှာ စပါးခြွေလှေ့နေကြတဲ့ ကျေးတောသူများ၊ ဟိုးဝေးဝေးက ထန်းပင်တန်း ခပ်အုပ်အုပ် နွေရဲ့ သရုပ်နဲ့အတူ လွမ်းလိုက်ပါဘိ..။






ငှက်ပျောသီးလေး တဖီးတလေ ရောင်းရဖို့အရေး၊ အကြော်တခုတလေ ရောင်းရဖို့အရေး အသက်အန္တရာယ်တောင် မမြင်နိုင်အားတဲ့ မြန်မာ့ သားကောင်းမိခင်များမှာလည်း ချောလဲလို့ ရေနစ်ကုန်မှ ဒုက္ခ၊ အညှော်နံ့တွေနဲ နပန်းလုံးလို့ ၀မ်းရေးကို ရုန်းနေရရှာတဲ့ လုံမကို တွေ့ရပြန်တော့လည်း စိတ်မှာ မသက်သာ။ အလွမ်းနဲ့ အတူ ရင်မှာ ခပ်နင့်နင့်..။


လူကျပ်နေဆဲ ဘတ်စ်ကားအိုတွေ၊ စာသင်ခန်းထဲမှာ ရှိသင့်တဲ့ ဈေးသည်ကလေးငယ်၊ အခုရော ဒီအတိုင်းပဲ ရှိနေလေမလား..။



အသက်သွေးချွေး စဉ်မနှေး ပေးဆပ်နေသူတွေလည်း တက်တက်ကြွကြွကြီးကို အိပ်သူကအိပ်၊ လယ်ဂျာစာအုပ်ရှေ့ချ၊ အကောက်ငွေ ထိုင်စောင့်သူ စောင့်၊ သူတို့တွေရော နေရင်းဌာနေ ဘယ်တော့များမှ ပြန်ကြမှာပါလိမ့်။





ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်ကိုတော့ တကယ်လွမ်းလှပါတယ်။ မိုးပြာရောင်ကောင်းကင်နောက်ခံ တောင်တန်းစိမ်းညှို့ညှို့၊ တောင်ခြေက အိမ်စုစုနဲ့ ကျေးတောရွာလေး၊ စိမ်းတကွက် ၀ါတကွက် လယ်ကွင်းပြင်၊ ကျနော်လက်ရှိနေနေတဲ့ မြင်ကွင်းတွေနဲ့ လားလားမှ မတူတဲ့ ရွှေပြည်ကြီးကို တမ်းတတတ လွမ်းရင်းနဲ့ ဒီပို့စ်ကို တင်လိုက်ပါရဲ့..။


ကလိုစေးထူး

1 comment:

မေဓာဝီ said...

အောင်ဆန်းကွင်းမှာ ဘောလုံးပွဲ အားပေးပြီး အပြန်
လမ်းဘေး လဖက်ရည်ဆိုင်လေးမှာထိုင်မယ်။
မနက်ခင်းစားစရာကတော့ အကြော်စုံပူပူနွေးနွေးပေါ့ …
ဝက်သားဒုတ်ထိုးကိုတော့ နေ့လည်နေ့ခင်း အဆာပြေစားရင် ကောင်းမလားနော်။
မန္တလေးမှာ လျှောက်လည်ပြီးရင် တောင်ကြီးရောက်အောင်လည်း သွားအုံးမှ … ဒီအချိန်က အိုက်တယ်။
လမ်းဘေးဝဲယာ မြန်မာ့ရှုခင်းတွေခံစားပြီး သင်္ဘောကြီးလည်း စီးရအောင်ပါ။
ရန်ကုန်ပြန်ရောက်တော့မှ ညှော်တွေကြားက မုန့်လင်မယား စား၊ ဘတ်စ်ကားတိုးစီးပြီး ပုရစ်ကြော်လေးလည်း မြည်းရအောင် ၀ယ်သွားကြမယ်လေ …
အိုကေတယ်မဟုတ်လား … ။
(အဲဒီလိုဆိုရင် ပျော်စရာများကောင်းမလားလို့ ဒီပုံတွေကြည့်ရင်း တွေးကြည့်မိတာပါ။)