Wednesday, March 14, 2007

မိုက်လိုက်ကြစို့ ..သူငယ်ချင်း…

`ဒီမယ် ဟေ့ကောင်၊ ဘဒင်ဆိုတဲ့ကောင်က လက်ထဲမှာ ဖျစ်ညှစ်လို့ရတဲ့ ပုရွက်ဆိတ်လေး မဟုတ်ဘူးကွ၊ ဘီလူးကြီး၊ သေနတ်ပစ်တယ်ဆိုတာ လက်ညှိုးလေးကို ဟောသလို ကွေးတတ်ရတယ်၊ အဲဒီလို ကွေးနိုင်ဖို့အတွက် ဆယ်နှစ်(((((။ သွားသင်လိုက်၊ ပြီးရင် ပြန်လာခဲ့၊ ငါစောင့်နေမယ်´

မထီတရီ ပြောနေသော လူကြီးအား အံကြိတ်ကာ ကြည့်နေသော လူရွယ်တဦး။ ထိုအဖြစ်အပျက်၏ နောက်ပိုင်းတွင်တော့ ယင်းလူရွယ်သည် ဘဒင် ဆိုသော လူကြီးအား ကလဲ့စားချေ လက်တုံ့ပြန်ရန် ကြိုးစားတော့သည်။

သို့သော်…။

အထက်က ကျနော်ရေးပြခဲ့တာဟာ တကယ်တော့ တကယ့်အဖြစ်အပျက် မဟုတ်ပါဘူး။ ကျော်ဟိန်း၊ ကျော်သူ၊ ဇင်မာဦး တို့ သရုပ်ဆောင်ခဲ့ပြီး နာမည်တော်တော်ကြီးခဲ့တဲ့ `အကြွေး´ ဇာတ်ကားက ဇာတ်ဝင်ခန်း တချို့ကို ပုံဖော်ထားတာပါ။

တလောကလည်း ဇာတ်ကားကြော်ငြာ တခု ကြည့်လိုက်ရပါတယ်။ ဒါရိုက်တာ မိုက်တီး ရိုက်ကူးတဲ့ `မိုက်တီးလေးများ´ ဇာတ်ကား နမူနာကြော်ငြာပါ။ ခန့်မှန်းကြည့်ချက်အရ တချိန်က နာမည်ကျော်ခဲ့တဲ့ `မိုက်ချက်ကတော့ ကမ်းကုန်ပဲ (ရှုမ၀)´ ဇာတ်လမ်း ကျောရိုးကို ယူထားပုံရပါတယ်။ ဆိုးပေ့ မိုက်ပေ့ ညီအကိုတွေ အကြောင်း ဇာတ်လမ်းပါ။ ဇာတ်ဝင်ခန်း တခုမှာ အဖေ့ရက်လည် တရားနာတောင် ပြီးအောင် မစောင့်နိုင်ဘဲ အရက်ဖိုးလာတောင်းတဲ့ လူမင်းရဲ့ သရုပ်ဆောင်ကွက် တချို့ကို တွေ့လိုက်ရပါတယ်။

ယခုနှစ်ပိုင်းတွေမှာ ပရိသတ် အားအပေးကြီးပေးခဲ့ကြတဲ့၊ အကြိုက်ကြီး ကြိုက်ခဲ့ကြတဲ့ အနုပညာ ဖန်တီးတင်ပြချက်တွေ (ရုပ်ရှင်၊ ဗီဒီယို၊ သီချင်း၊ ၀တ္ထု၊) ရဲ့ ထူးခြားမှုကို တခု သွားသတိထားမိပါတယ်။ အဲဒါကတော့ ခပ်မိုက်မိုက်စာသားတွေ၊ ခပ်မိုက်မိုက်စကားတွေ၊ လက်စားချေ ဇာတ်လမ်းတွေက လူကြိုက်များနေလေသလားလို့ ထင်မိတာပါ။

ကြည့်ပါ..။

၁၉၉၈ ခုနှစ် ၀န်းကျင်လောက်မှာ `အက်ဆစ်´ အဖွဲ့ရဲ့ ပထမဦးဆုံးသော ဟစ်ဟော့ အခွေ ထွက်လာခဲ့ပါတယ်။ သူတို့အခွေထဲက ကျနော် သတိပြုမိတဲ့ စာသားတချို့...

`ငါတို့ထဲက တယောက်ကို လာထိရင်၊ အက်ဆစ်နဲ့ လောင်မြိုက်ခံရမယ်ဆိုတာ မင်းတို့ သိစေချင်´

`ငါထပ်ပြောမယ် နားထောင်အုံး၊ သတ္တိရှိရင် စိန်ခေါ်အုံး´

ဘာပဲဖြစ်ဖြစ် အက်ဆစ်အဖွဲ့ကတော့ အဲဒီ တခွေတည်းနဲ့ ပေါက်သွားခဲ့ပါတယ်။

မကြာသေးခင် နှစ်များကလည်း `ဆန်ရေ´ ဇာတ်ကားမှာ သရုပ်ဆောင် ညွှန့်ဝင်းက လမ်းမပေါ်မှာ ဖရုဿဝါစာတွေ ဆဲဆိုသရုပ်ဆောင်ပြပြီး အကယ်ဒမီ ရသွားခဲ့ပါတယ်။ အဲဒီလိုပါပဲ။ လက်စားချေတဲ့ ဇာတ်အိမ်ကို အခြေခံတဲ့ `အလင်းဖျော့ ကောင်းကင်´ ဇာတ်ကားမှာလဲ ရန်အောင်၊ မေသန်းနုတို့ အကယ်ဒမီတွေ ရသွားကြတာပါပဲ။

ကျနော် အသက် နှစ်ဆယ် ၀န်းကျင်လောက်က ထင်ပါတယ်။ မင်းသိင်္ခရေးတဲ့ `ဖြစ်ချင်ရာဖြစ် မောင်ဘချစ်´ ဆိုတဲ့ ၀တ္ထုကို အတော်ကြိုက်ခဲ့မိဖူးပါတယ်။ အဲဒီ ၀တ္ထုထဲက ဇာတ်လိုက် ဘချစ်ကို သူ့ဆရာ ဦးဂွမ်တီက `မနေ့ကဆိုတာ ကျန်ခဲ့ပြီ၊ မနက်ဖန်ဆိုတာ မလာသေးဘူး၊ ဒီနေ့မှာပဲ ပျော်အောင်နေမယ်´ ဆိုတဲ့ ဆုံးမ စကားကို အဟုတ်ကြီးထင်ခဲ့မိပါတယ်။ ဖျံကျတဲ့ အလုပ်သမားခေါင်းဆောင်ကို တော်လှန်ပစ်တဲ့ မောင်ဘချစ်ကို ကုလားအလုပ်သမားတွေက ခေါင်းဆောင် တင်တဲ့ အခန်းကိုဆိုရင် ခဏခဏ ပြန်ဖတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဇာတ်လမ်းဟာလဲ လက်စားချေမှုကို အရင်းခံတဲ့ ဇာတ်လမ်းပါပဲ။

အဲဒီတော့…၊ ဘာကြောင့်များ အဲဒီလို လက်စားချေမှု အခြေခံဇာတ်လမ်းတွေ၊ လူမိုက်စာသားတွေကို လူကြိုက်များလာနေရပါသလဲ ဆိုတာ စဉ်းစားစရာပါ။ ဘာကိုမှ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် မရတာရဲ့ ထွက်ပေါက်လေလား။ ဒါမှ မဟုတ် ကိုယ်က ပြောချင်တဲ့၊ ကိုယ့်ဆန္ဒနဲ့ ထပ်တူကျနေတဲ့ စကားတွေဟာ အနုပညာရှင်တွေရဲ့ ဖန်တီးတင်ပြချက်တွေနဲ့ (သွယ်ဝိုက်ပြီး ဖြစ်ဖြစ်) တူနေလေရော့လား။

လူရွှင်တော် ကိုဇာဂနာကတော့ ဒါဟာ အငုပ်စိတ် တခု လို့ မှတ်ချက်ချတာကို အင်တာဗျုးတခုမှာ နားထောင်လိုက်ရဖူးပါတယ်။ မှတ်သားစရာပါပဲ။ တီဗွီကို ဖွင့်လိုက်တော့လည်း ပွဲတိုင်းကျော် အစိမ်းရောင်ဝတ် ပင်တိုင်မင်းသားတွေရဲ့ ပုံရိပ်တွေပဲ မြင်နေရ၊ ရေဒီယိုနားထောင်တော့လည်း မကြားချင်တဲ့ ဦးတည်ချက်တွေနဲ့ လမ်းပျောက်မြေပုံ ဆိုတာချည်းသာ ကြားနေရတော့ စိတ်ပေါက်ပေါက်နဲ့ ခပ်မိုက်မိုက် တုံ့ပြန်ချင်တာကို ခပ်မိုက်မိုက် အနုပညာတွေကို အားပေးရင်းနဲ့ စိတ်ဖြေနေတာများလား..။

မဂ္ဂဇင်းစာအုပ် တအုပ်မှာ သီချင်းဝေဖန်ရေး ဆရာ `လင်းလက်ရဲအောင်´က `အနုပညာဆိုတာ ခေတ်ကို ထင်ဟပ်တယ်´ လို့ ရေးတာကို ဖတ်မိလိုက်ဖူးပါတယ်။ အခုထင်ဟပ်နေတဲ့ အနုပညာတွေရဲ့ ပုံရိပ်တွေက ခေတ်တခေတ်လေများ ဖြစ်နေလေရော့သလား။

ဟိုတွေး ဒီတွေးနဲ့ စဉ်းစားရတာ စိတ်ရှုပ်လာတော့ သီချင်းဖွင့်လိုက်တော့ တီဗွီထဲကနေ ဦးကျော်ဟိန်းက လက်ညှိုးငေါက်ငေါက်ထိုးလို့ ဟောသလို ပြောနေပါရောလား…။

`ငါ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်လည်း ငါဂရုမစိုက်ဘူး၊ မြန်မာပြည်ကြီးကို ကျေးဇူးတင်တယ်… ငါအသက်ရှင်နေသရွေ့တော့.. အားလုံးကို သနားနေတယ်ဟေ့´

ကောင်းရောဗျာ…။

ကလိုစေးထူး

2 comments:

Anonymous said...

ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှု မှာ ကလဲ့စား ဆိုတာ မရှိပါဘူး။
ရှေး မြန်မာ အမျိုးကောင်းသားတွေဟာ လက်ရုံးရည် နှလုံးရည် ပြည့်ဝတယ်ဆိုတာကို ဂုဏ်ယူလေ့ရှိကြပါတယ်။
နှလုံးရည်ဆိုတာ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ သဘောထားကြီးခြင်း တို့ကို ပြောတာလို့ ထင်မိပါတယ်။
ခုနောက်ပိုင်း ကလဲ့စားချေတဲ့ ဇာတ်လမ်းတွေ ခေတ်စားလာရခြင်းကတော့ လူကြီး လူငယ် ပရိသတ်အများကို လွှမ်းမိုး ဖမ်းစားထားတဲ့ မြ၀တီ မြန်မာ့အသံမှာ ပြနေကျ တရုတ်၊ ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြောင့်များလား လို့ တွေးမိပါတယ်။

ကျမ သတိထားမိသလောက် တရုတ်ဇာတ်လမ်းတွဲတွေမှာ ကလဲ့စားချေတာမျိုး အမြဲမြင်တွေ့ရတတ်ပါတယ်။
အဖေ အမေအတွက် ချေရမဲ့ ကလဲ့စားကို ဒီဘ၀မှာ မချေနိုင်ရင်တောင် အကြွေးမှတ်ထားပြီး နောက်ဘ၀မှ ဆက်ချေမယ်ဆိုတာမျိုးတွေလဲ ခဏခဏ ကြည့်ခဲ့ရဖူးပါတယ်။
ဒါတွေကိုပဲ လူအများစုက နှစ်ခြိုက်သဘောကျ ကြည့်ရှုနေကြတော့လည်း ဒီလိုမျိုးကလဲ့စားချေတာတွေ ခပ်မိုက်မိုက် အနုပညာတွေ ဖန်တီးထုတ်လုပ်ကြတော့မပေါ့။ ဒါဟာ ငါးပွက်ရာ ငါးစာချခြင်း တမျိုးပေပဲလားတော့ မသိဘူး။ ကိုသံလွင်ပြောသလို လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့် မရခြင်းရဲ့ ထွက်ပေါက် တခုလည်းဖြစ်နိုင်ပါတယ်။

အနုပညာသည် ဘာအတွက် ညာအတွက် မပြောလိုပေမဲ့ ကိုယ်ဖန်တီးမယ့် အနုပညာကို လူထုရှေ့ ချပြမယ် ဆိုရင် ဖန်တီးသူဟာ အလွန်သတိထားဖို့ လိုပါတယ်။ ကိုယ်ကတော့ ပေးလိုက်တာပါပဲ၊ ခံယူသူဆိုတာ ခွက်အမျိုးမျိုးနဲ့ ခံကြတာမဟုတ်လား။

Thet Htoo@Myat Lone said...

ကိုကလိုစေးထူးပြောတာ ကျွန်တော်လက်ခံတယ်ဗျ။ ပရိသတ်အများစုဆိုတာက ကိုယ်ကြည့်နေတဲ့ ဇတ်ဆောင် မင်းသား/မင်းသမီးနေရာမှာ ၀င်စားပြီးကြည့်တတ်ကြတာမို့လား။ ဒီတော့ ကိုယ်မလုပ်ရ၊မပြောရတာတွေကို မင်းသား၊မင်းသမီးနေရာကနေ ၀င်ပြော၊၀င်လုပ်ကြည့်တဲ့ သဘောဖြစ်နိုင်မယ်ထင်ပါတယ်။