Tuesday, March 27, 2007

မြန်မာစာသည်... တို့စာ...

ဒီစာကို ရေးဖို့ ချိန်ရွယ်နေတာ အတော်ကြာခဲ့ပါပြီ။ ရေးသင့် မရေးသင့်ကို ချင့်ချိန်နေတာလည်း အကြိမ်ပေါင်း မနည်းတော့ပါဘူး။ အခုတော့ အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်မိတာကြောင့် ရေးဖြစ်ပါတယ်။

ဒီဘက် လတွေထဲမှာ မြန်မာ ဘလော့ခ်တွေ တော်တော်ကြီးကို များလာတာ သတိထားမိပါတယ်။ လက်လှမ်းမီသလောက် လိုက်ဖတ်ကြည့်တော့လည်း ဘာနဲ့ တူသလဲဆိုတော့ ဖြူနီပြာဝါ အရောင်စုံလင်တဲ့ ပန်းခင်းတခုကို ရောက်သွားသလိုပါပဲ။ သူ့အဆင်းနဲ့သူ တမျိုးစီတော့ တန်ဆာဆင်ထားကြတာမို့ အားလုံးလိုလို ကောင်းကြပါတယ်။

ကျနော် နောက်ထပ် သတိထားမိတာ ရှိပါသေးတယ်။ ကျနော်တို့ မြန်မာလူငယ်တွေ စာအတော် ရေးလာကြပါတယ်။ ရေးဟန်အမျိုးမျိုး၊ တင်ဆက်မှု ပုံစံ အသွယ်သွယ်နဲ့ မိမိ အတွေ့အကြုံ၊ ရပ်တည်ချက်၊ ခံစားမှု စသည်စသည်တို့ကို ဖတ်ချင်စဖွယ် ဖြစ်အောင် အတော်ကြီးကို ကြိုးစား ရေးသားလာကြပါတယ်။ ဘလော့ခ်ဆိုတာက မိမိသာလျှင် အရှင်သခင်၊ မိမိသာလျှင် အယ်ဒီတာ၊ မိမိသာလျှင် တည်းဖြတ်သူ ဆိုတော့ လွတ်လပ်စွာ တွေးခေါ်ကြ၊ ရေးသားကြတာ တကယ်ကို အားရစရာကြီးပါ။

မြန်မာ လူငယ် တော်တော်များများက ဘလော့ခ်ရေးရင် မြန်မာ ဘာသာကိုသာ အသုံးပြုကြသူ များပါတယ်။ အလွန်အင်မတန် နည်းတဲ့ လူနည်းစုသာလျှင် တခြားသော ဘာသာစကားကို သုံးပါတယ်။ ကျနော့်စိတ်ထဲမှာလည်း မြန်မာလူမျိုးအချင်းချင်းအကြားမှာ မြန်မာလို ပြောရ၊ ရေးရတာကို ပိုပြီး အားရပါးရ နိုင်တယ် လို့ ခံစားရလို့ တကြောင်း၊ တခြားဘာသာစကားကိုလည်း တခုတလေမှ ဖြစ်မြောက်အောင် မနိုင်နင်းတာက တကြောင်းကြောင့် ဘလော့ခ်ကို မြန်မာလိုပဲ ရေးဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဘလော့ခ်တခုကို ပုံမှန် ရေးဖြစ်ဖို့ဆိုတာ အင်မတန် အချိန်ပေးရပါတယ်။ ရတဲ့ အချိန်ကလေးမှာ မိမိတင်ပြချင်တာကို ကမန်းကတန်း ရေးဖြစ်လိုက်တဲ့ အခါမှာ သတိမမူလိုက်မိတဲ့ ချွတ်ချော်မှုလေးတွေက တင်လိုက်တဲ့ စာတွေထဲမှာ ပါသွားတတ်ပါတယ်။ ဘလော့ခ်ရေးသူတွေ အများဆုံး မှားကြတဲ့ အမှားကတော့ `သတ်ပုံ သတ်ညွှန်း´ပါ။

လူငယ်တယောက်ရဲ့ ဘလော့ခ်မှာ မြန်မာစာ သတ်ပုံအပေါ် သူခံယူထားပုံကို `တချို့စာလုံးပေါင်းပြင်စားသူများတွေ့လျှင် မင်းဟာကြီးဟိုနားမှားနေတယ် ဒီနားမှားနေတယ် ပြောကောင်းပြောမည်။ ဒါလဲပြင်စရာမလိုပါ။ ကျနော် စာသုံးပေါင်း သတ်ပုံကျမ်းပြုစုသူမဟုတ်ပါ။´ လို့ ရေးထားတာကို ဖတ်လိုက်ရဖူးပါတယ်။ တကယ်တော့ ကျနော်တို့တတွေ မြန်မာစာကို သတ်ပုံ သတ်ညွှန်း မှန်နိုင်သမျှ မှန်အောင် ကြိုးစား ထိန်းသိမ်းနေကြတာဟာ စာလုံးပေါင်းပြင်စားရာ ကျတယ်လို့ ကျနော်တော့ မထင်ပါ။ ဒါဟာ `တို့စာကို လေးစားပါ´ ဆိုတဲ့ စကားနဲ့ အညီ ကျနော်တို့ စာကို ကျနော်တို့ လေးစားနေတာလို့ပဲ ခံယူမိပါတယ်။ စာလုံးပေါင်း သတ်ပုံကျမ်းပြုစုသူ မဟုတ်တာနဲ့ဘဲ စာလုံးပေါင်းတွေ မှားချင်တိုင်း မှားကြလေကုန်သတည်း ဆိုတာကျတော့လည်း မနိပ်သေးပါဘူး။

မြန်မာ ဘလော့ခ်ကာတွေ အမှားများကြတာ တခုကတော့ ၀စ်စပေါက်နဲ့ အောက်ကမြစ်တွေ မလိုတဲ့နေရာမှာ ထည့်လိုထည့်၊ လိုတဲ့နေရာကျတော့ ကျန်လိုကျန် ဖြစ်တတ်တာပါ။ အချိန်လု ရေးရခြင်းကြောင့် ဖြစ်မယ်လို့ နားလည်မိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ အကိုကြီးတယောက်က နည်းနည်း ညစ်တီးညစ်စုတ်နိုင်တဲ့ ဟာသ တခုနဲ့ ဥပမာပေး ပြောဖူးတာကို သတိရမိပါတယ်။

တခါတုန်းက သမီးရည်းစားနှစ်ယောက် မိဘတွေ မသိအောင် ချိန်းတွေ့ကြပါတယ်။ အဲဒါကို ကောင်မလေးရဲ့ ဦးလေးက မြင်သွားပါတယ်။ သူ့ဦးလေး မြင်သွားတာကို ကောင်မလေးက ကောင်လေးကို စာရေးပြီး လူကြုံနဲ့ ပြောတော့ ၀စ်စပေါက်နဲ့၊ အောက်ကမြစ်တွေ တလွဲဖြစ်နေလို့ ဒီလို ရေးလိုက်မိပါသတဲ့။

`အကိုနဲ့ကျမ ဘူစင်အောက်မှာ ချိန်တေ့နေကြတာကို ဦးလေကမြင်းသွားတယ်´

တကယ်တော့ သူပြောချင်တာက-

`အကိုနဲ့ ကျမ ဘူးစင်အောက်မှာ ချိန်းတွေ့နေကြတာကို ဦးလေးက မြင်သွားတယ်´ ပါ။

တကယ်တော့ မိမိရေးလိုက်တဲ့ စာကို မတင်မီမှာ အနည်းဆုံး တခေါက်လောက် ဖြစ်ဖြစ် ပြန်ဖတ်မယ် ဆိုရင် ဒီကိစ္စ တော်တော် အိုကေသွားမှာပါ။ ပြောသာပြောရတယ်။ ကျနော်လည်း ဘယ်နားမှာ ကျန်နေ၊ ပိုပြန်ပြီလဲ မသိ၊ တွေ့ရင် ပြောပြကြပါအုံး။

`သိန်းဌက်´ လို့ရေးထားတာကို ဖတ်လိုက်ရမိပါတယ်။ တကယ်တော့ `င´ ဟ-ထိုး ကသတ် ငှက်လို့ ရေးရမှာပါ။ `သိန်းဌက်´ လို့ရေးလိုက်တော့ အသံထွက် အမှန်အတိုင်းပြောရရင် `သိန်းထက်´ ဖြစ်သွားပါတယ်။ ဒီထက် နည်းနည်းလေး ပိုဆိုးသွားတာက ကိုစိုင်းထီးဆိုင်ရဲ့ အထင်ကရ သီချင်းစာသား `နင်ဟာ အတောင်ပါတဲ့ ငှက်ပါ.. ငါက လွင့်ပါးတဲ့ ရော်ရွက်ဝါ´ ဆိုတဲ့ သီချင်းစာသားလေးကို ဘန်နာမှာ တင်တော့ `နင်ဟာ အတောင်ပါတဲ့ ဌက်ပါ…´ လို့ စာလုံးပေါင်းထားတော့ အဲဒီ သီချင်းကို လိုက်ညည်းမိရင်း ပြုံးမိပါတယ်။

မြန်မာ ဘလော့ခ်ရေးသူတွေ အခက်တွေ့နေကြဟန် ရှိတာ တခု သတိထားမိပါသေးတယ်။ အဲဒါကတော့ ပါ့ဌ်ဆင့် စာလုံးတွေပါ။ ကျနော်လည်းပဲ မကြာခဏ ဆိုသလို မှားနေဆဲပါ။ ရိုက်ရတာလည်း ခက်ပေသားကိုး။

`စည်းကမ်းဆိုတာ တစုံတရာကို တိုးတက်စေဖို့ပါ။ ဒါပေမယ့် အဲဒီစည်းကမ်းက မလိုအပ်ဘဲ နေရင် တိုးတက်အောင် လုပ်တာနဲ့ မတူဘဲ မပြန့်ပွားအောင်လုပ် ထားသလိုဖြစ်နေတတ်ပါတယ်´ လို့ လူငယ်တယောက်က ကွန်မန့် တခုမှာ ပြောဖူးပါတယ်။ ကျနော် အခုလို သတ်ပုံ ကိစ္စကို ဆွေးနွေးနေတာဟာ စည်းကမ်းပုံသေခွက်ကြီးနဲ့ ကန့်သတ်နေတာတော့ မဟုတ်ရပါ။

သတ်ပုံ စာအုပ်ထဲက သတ်ပုံ အချို့အတိုင်း ကျနော် လိုက်မရေးတာ တချို့ ရှိပါတယ်။ အဲဒါတွေကတော့-

`တစ်´ ဆိုတဲ့ သတ်ပုံပါ။ ဗိုလ်ချူပ်ကြီး နေ၀င်းဟာ သူ အာဏာ ရလာပြီး နောက်ပိုင်းမှာ မြန်မာစာအဖွဲ့ကို သတ်ပုံ တခု အပြင်ခိုင်းခဲ့ပါတယ်။ အဲဒါကတော့ တခု၊ တကောင်၊ တယောက် အစရှိတဲ့ ကိန်း ဂဏန်းပြ အသုံးတွေကို တစ်ခု၊ တစ်ကောင်၊ တစ်ယောက် အစသဖြင့် ပြင်ရေး ခိုင်းခဲ့တာပါ။ သူအာဏာ လက်ဝယ်ရှိချိန်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ အဲဒီ သတ်ပုံကြောင့် တချို့သော မြန်မာ စာလုံးတွေကို ရှုပ်ထွေးစေတာကို သတိပြုမိပါတယ်။ အဲဒါတွေကတော့ တစုံတရာကို တစ်စုံ တစ်ရာ၊ တခါတလေကို တစ်ခါတစ်လေ၊ တယောက်ယောက်ကို တစ်ယောက်ယောက်၊ တစုံတယောက်ကို တစ်စုံ တစ်ယောက် လို့ သုံးကြတာတွေကိုပါ။ အဲဒီ စာလုံးတွေမှာ နှစ်စုံနှစ်ရာ၊ နှစ်ခါနှစ်လေ၊ နှစ်ယောက်ယောက်၊ နှစ်စုံ နှစ်ယောက် ဆိုပြီး ထပ်ရေးလို့ မရနိုင်ပါ။

ကျွန်တော်၊ ကျွန်မ ဆိုတဲ့ အသုံးကိုလည်း မနှစ်သက်လှတာကြောင့် ကျနော်၊ ကျမ လို့သာ သုံးဖြစ်ပါတယ်။

အင်မတန် အမှားများကြတာတခုကိုလည်း သတိထားမိပါသေးတယ်။ ဒါကိုတော့ ကျနော့်အရင် ရေးပြ၊ ထောက်ပြတဲ့လူတွေလဲ ရှိနှင့်နေကြပါပြီ။ မှားတာကိုလည်း တွေ့နေဆဲပါပဲ။ မ.. နောက်မှာ `ပဲ´ ဆိုတဲ့ အသုံးကို သုံးနေကြတာပါ။ ဥပမာ- မဟုတ်ဘဲ၊ မလုပ်ဘဲ၊ မသွားဘဲ စတဲ့ အသုံးတွေကို မဟုတ်ပဲ၊ မလုပ်ပဲ မသွားပဲ လို့ မှားယွင်းကြတာပါ။ မမေ့အောင်လို့ ခပ်လွယ်လွယ် မှတ်ချင်ရင်တော့ `မ´နောက်မှာ ဘဲ လိုက်တယ် လို့မှတ်ရင် မေ့တော့မယ် မထင်ဘူး။ :)

သတ်ပုံ အကြောင်း ပြောရင်းနဲ့ မြန်မာစာ ရေးဟန်အကြောင်း နည်းနည်းလောက် စကားကြော ရှည်ချင်ပါသေးတယ်။

မြန်မာစာ ရေးဟန်မှာ စကားပြောရေးဟန်နဲ့ စကားပြေရေးဟန်ရယ်လို့ ရေးဟန် ပုံစံနှစ်မျိုး ရေးလေ့ရှိပါတယ်။

စာတပုဒ်ကို စကားပြေဟန်ပဲ ရေးရေး၊ စကားပြောဟန်ပဲ ရေးရေး၊ ရေးတဲ့လူရဲ့ သူရေးတဲ့ စာအပေါ် နိုင်နင်းစွာ ဖွဲ့နွဲ့တင်ပြနိုင်မှု အပေါ်မူတည်ပြီး နှစ်မျိုးလုံး ဖတ်လို့ ကောင်းပါတယ်။ ဥပမာပြရရင် ထမင်းနဲ့ ကောက်ညှင်းရဲ့ မတူသော အရသာတွေ ပေးသလိုပါပဲ။ ထမင်းရဖို့ ဆန်ကြမ်းကို ချက်ရပါတယ်။ ကောက်ညှင်းပေါင်းရဖို့တော့ ကောက်ညှင်းဆန်ကို ပေါင်းရပါတယ်။ စကားပြောဟန်နဲ့ စကားပြေဟန်ကို တပုဒ်တည်းမှာ ရောရေးလိုက်တော့ ဆန်ကြမ်းနဲ့ ကောက်ညှင်းဆန်ကို ရောချက်လိုက်သလိုဖြစ်သွားတယ်လို့ ခံစားရမိပါတယ်။ ဒါဟာ အထက်က ပြောခဲ့သလို `စည်းကမ်း´ ဆိုတဲ့ ပုံသေခွက် အောက်ကနေ စဉ်းစားတာ မဟုတ်ပါဘူး။ `ရသ´ ဆိုတဲ့ ခံစားမှု နေရာကနေ တွေးတော မြင်ယောင်တာပါ။

အစဉ်အလာအောက်က ခွဲထွက်ရေးသားလာရင်းနဲ့ အခုခေတ်မှာ အသုံးတွင်ကျယ်နေကြတာ တခု ရှိပါတယ်။ တကယ်တော့ `သူမ´ ဆိုတဲ့ အသုံးဟာ မြန်မာစာ ရေးဟန်မှာ မရှိပါဘူး။ မြန်မာစာ စာစီစာကုံး ပြိုင်ပွဲတွေမှာ `သူမ`လို့ သုံးရင် အမှတ်လျှော့တာကို မှတ်သားရဖူးပါတယ်။ ဒါပေမယ့် အခုအချိန်အခါမှာတော့ ခေတ်စမ်းစကားပြေ ရေးသူများ၊ ၀တ္ထုရေး အကျော်အမော်များရဲ့ အသုံးများလာမှုကြောင့် `သူမ´ ဆိုတဲ့ အသုံးက တော်တော်လေးကို တွင်ကျယ်နေပါပြီ။ အဲဒီလို အသုံးမျိုးကျတော့ ဖတ်ရတာလည်း အရသာ မပျက်လှတော့ အဆင်ပြေပါတယ်။

ပြောလို့သာပြောရတယ်။ နောက်တချိန်ချိန်မှာ စကားပြောနဲ့ စကားပြေ ရောရေးဟန်တွေ အသုံးတွင်ကျယ်လာနိုင်ကောင်းလည်း တွင်ကျယ်လာနိုင်ပါတယ်။ အခုကတော့ ဖတ်ရတာ ခပ်ထောင့်ထောင့်ကြီး ဖြစ်နေသလို ခံစားနေရဆဲပါပဲ။ `ရှေးရိုးစွဲကြီး´ လို့ သမုတ်ရင်တော့လည်း မတတ်နိုင်၊ ငြိမ်ခံနေရုံသာ ရှိပါတယ်။

သတ်ပုံ ကိစ္စကို ဖိုရမ်တွေမှာဖြစ်ဖြစ်၊ နောက်ဆုံး.. ပုံနှိပ်ထုတ်ဝေတဲ့ မဂ္ဂဇင်းတချို့မှာတောင် ငြင်းကြ ပြောကြတာတွေ ဖတ်ရမိဖူးပါတယ်။ အင်မတန်လည်း ငြင်းခုန်လို့ ကောင်းလှတဲ့ ကိစ္စကြီးပေကိုး..။ ဘယ်လိုပင် ငြင်းကြပါစေ၊ ငြင်းသူတွေ၊ ဆွေးနွေးသူတွေ အားလုံး အပြုသဘောဆောင်ရင်ဖြင့် ဒါဟာ ကောင်းတဲ့ အလားအလာ ဖြစ်လာမှာပါ။

သီးလေးသီးရဲ့ ဆေးရောင်စုံ အငြိမ့်ဆိုတာကို ကြည့်လိုက်ရတုန်းက ရှေ့ထွက်မင်းသမီးလေးက `ရင်ထဲရှိသမျှ ရင်ဖွင့်ပြလို့ တကယ်ပြောပြလိုက်မှာ၊ အပြုသဘောလေးမို့ အထု သဘောမပေးဘဲ ခံစားနားဆင်ပါ´ လို့ ဆိုသွားပါတယ်။ အပြုသဘောနဲ့ ပြောပြတာကို ထုထောင်းမယ် မကြံလိုက်ပါနဲ့တဲ့။

အဲဒီမင်းသမီးလေးဆိုသွားတဲ့ စာသားကို သဘောကျလို့ ကော်ပီကူးပါရစေခင်ဗျာ။

`မြင်တွေ့မိသမျှ ခံစားမိလို့ တကယ်ပြောပြလိုက်တာ၊ အပြုသဘောလေးမို့ အထုသဘောမပေးဘဲ ဖတ်ရင်းနားလည်ပါ´

အားလုံး ပျော်ရွှင်သော နေ့တနေ့ဖြစ်ပါစေ။ အချိန်ယူပြီး ဆုံးအောင် ဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်။


ကလိုစေးထူး

9 comments:

နိုင်းနိုင်းစနေ said...

အဟဲ့....ရှဲ့ရှဲ့ပါ....
အကြံနည်းနည်းလာတူနေတယ်...စနေလည်း စာလုံးပေါင်းနဲ့ ပတ်သက်တာ ရေးမလို့ စိတ်ကူး
နေတာ ဒီပို့စ်ကို လာတွေ့မိတယ်။ စနေ့စာလုံးပေါင်းတွေ အရင်က ဒီထက်ဆိုးတယ်...
သိတဲ့ တတ်တဲ့လူတွေရေးထားတာ ဖတ်ရင်း တဖြေးဖြေးနဲ့ ပြင်ပြင်လာတာ မှားဆဲ မှားမြဲပါပဲ။
စာလုံးပေါင်းနဲ့ ပတ်သက်ပြီး စနေတင်ဖြစ်ရင် ဒီလိုမျိုးပို့စ်ကို လင့်ပါရစေနော်... အိုကေလား...

ကလိုစေးထူး said...

အိုကေပါတယ်.. စနေ.. လင့်ခ်လို့ရပါတယ်။ :)

မေဓာဝီ said...

အင်း .. ဟုတ်ပါရဲ့ ကိုသံလွင် …
ကျမလည်း စာလုံးပေါင်းသတ်ပုံ အကြောင်း ရေးချင်နေတာ ကြာပြီ.. ဟိုတလောကတော့ ကျမ ဘလော့မှာ ရေးခဲ့ဖူးပါတယ်။
တစ်နဲ့ တ-
ဦး နဲ့ အုံး
ကျွန်တော်/ကျွန်မ နဲ့ ကျနော်/ကျမ … အဲဒီ စာလုံးတွေကိုတော့ဖြင့် ကျမလည်းပဲ ခေါင်းမာစွာ မပြင်တမ်း သုံးစွဲနေဆဲပါ။ (ဘလော့မှာသာဖြစ်ပါတယ်။ ပုံနှိပ်မယ့် စာဆိုရင်တော့ ခေါင်းမာလို့မရပါ၊ ခေတ်နဲ့အညီ လိုက်လျောညီထွေ နေရတာကိုး။) အဲ .. နောက်ပြီးတော့ .. ကျမ စာလုံးပေါင်း ပြင်စားစဉ် အခါကလည်း ခေါင်းမာလို့ မရပါဘူး။ ခုခေတ် သတ်ပုံကျမ်းကိုပဲ မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ရတာပေါ့။
နောက်တခုက … ကိုသံလွင်ရဲ့ ခေါင်းစဉ် .. “မြန်မာစာသည် … တို့စာ” .. ကို .. ကျမသာဆိုရင်တော့ “မြန်မာစာသည် … ဒို့စာ” လို့ တပ်မိမယ်ထင်တယ်။
တို့ - ဆိုတာကို ဖတ်တဲ့အခါ .. တို့စရာ .. တို့သည် ဆိတ်သည် အဲဒီ စာလုံးတွေက အသံထွက်အတိုင်း ဖတ်မိရင် … အဓိပ္ပါယ်ပါ တမျိုးတမည် ဖြစ်သွားနိုင်သလိုပဲမို့ပါ။
နောက်ဆုံးပြောချင်တာကတော့ … ကိုသံလွင် လူလည်ကျထားတာကို တွေ့လိုက်ရလို့ပါ။
ဘာလဲဆိုရင် …
ကိုသံလွင်က အစနဲ့ အလယ်မှာ ပြောချင်တာတွေ ပြောပြီးတော့မှ အဆုံးလည်း ကျရော ..
ရှေ့ထွက်မင်းသမီးရဲ့ သီချင်းလေးနဲ့ “အထုသဘောမပေးဘဲ ဖတ်ရင်း နားလည်ပါ …” လို့ ဆိုထားတော့ … ဟုတ်ကဲ့ … ပြောတော့ပါဘူး …ဒါလောက်နဲ့ပဲ ရပ်လိုက်ပြီနော်… ။ :P

ဂျစ်တူး - gyit_tu said...

ကိုကလိုစေထူး.. ဌက် နဲ့ ငှက်ကို အတူတူထင်နေတာ ။ ဒီပို့စ်ဖတ်လိုက်မှ ရှင်းသွားတယ် ။ စိတ်ပါမယ်.. အချိန်ရမယ်ဆိုရင် မမေနဲ့ပေါင်းပြီး သတ်ပုံကျမ်း ပို့စ်ဒ်လေးတွေ တင်ပါလားး) ကျွန်မလို သတ်ပုံ သိပ်ညံ့သူတွေ အမြဲ လာပြီး ဖတ်လို့ ရတာပေါ့း) ကျွန်မကတော့ ကျမ နဲ့ ကျွန်မရဲ့ ပေါ်လာပုံတွေ မသိဘူး ။ အမြဲ ကျွန်မ ကျွန်တော်ပဲ သုံးကြတယ်ထင်နေတာ ။ အင်း.. မမေ နဲ့ ကိုကလိုစေထူးလို လူတွေ ထောက်ပြကြလို့ သိပ်ကျေးဇူးတင်တယ် ။

ဘယ်အရာမဆို Globalization ဖြစ်လာတယ် ဆိုပေမယ့် တချို့နေရာတွေမှာ ရှေးမူတွေကို မေ့လို့မရဘူးလို့ ကျွန်မမြင်တယ် ။

ကလိုစေးထူး said...

အထုခံရမှာ စိုးလို့ လူလည်ကျထားတာ.. သိတဲ့လူက သိသွားတယ်။ :D ဒါပေမယ့် ရေးစရာရှိတာတော့ ရေးနိုင်ပါတယ်ဗျ။ ထုခါမှ ထုရောပေါ့..။
ဂျစ်တူး.. ကျနော်ကတော့ သတ်ပုံကျမ်း ရေးရလောက်အောင် မတတ်ပါဘူးဗျာ။ မမေဓာဝီကိုပြော.. သူတတ်တယ်.. (ချောက်တွန်းမှ.. :D)

မေဓာဝီ said...

စာလုံးပေါင်း သတ်ပုံကျမ်းက အွန်လိုင်းမှာ အခမဲ့ ဒေါင်းလုတ် ယူလို့ရပါတယ် ဂျစ်တူး။
မမေလည်း စာလုံးပေါင်း၊ အသံထွက်နဲ့ ပတ်သက်ပြီး ရေးဖို့ စိတ်ကူးရှိပါတယ်။ ကြုံရင် ရေးပါအုံးမယ်။

ကျမနဲ့ ကျွန်မ မှာ အမှန်တကယ်က ကျွန်မ ပေါင်းတာပါ။ အနက် အဓိပ္ပါယ်ကို မကြိုက်တဲ့ အတွက် မမေက မသုံးချင်တာ။
ကျွန်တော် ကျွန်မဆိုတာ ဘုရင်ခေတ်က ကျေးတော်မျိုး ကျွန်တော်မျိုးကနေ ဆင်းသက်ဖြစ်ပေါ်လာတာ လို့ သိရပါတယ်။ ကျွန်ုပ် ဆိုတာ နုပ်သောကျွန်၊ ခင်ဗျား ဆိုတာ သခင်ဘုရား၊ ရှင် ဆိုတာ အရှင်၊ ဗျာ ဆိုတာ ဘုရား … အဲဒီလို အဓိပ္ပါယ်တွေ အသီးသီးလို့ မှတ်သားခဲ့ဖူးပါတယ်။
ဘုရင်ခေတ်က ဘုရင်တွေကို ပြောဆိုတဲ့နေရမှာ သုံးစွဲရာက ခုထိ ဆက်လက်သုံးစွဲနေခဲ့တာလို့ ယူဆမိပါတယ်။
တကယ်တော့ မြန်မာတွေဟာ ဂါရ၀ နိဝါတ တရားရှိတဲ့အတွက် မိမိကိုယ်ကို နှိမ့်ချပြီး ခုလို ခေါ်ဝေါ် သုံးစွဲ ကြတာပါ။ အမှန်တော့ ကျနော် ကျမ ဆိုတာ အဓိပ္ပါယ် မရှိပါဘူး။ ဒါပေမဲ့ မမေက ဟိုအဓိပ္ပါယ်ကို သိနေတဲ့အတွက် မသုံးချင်လို့ အဓိပ္ပါယ် မရှိတာကြီးကိုသာ သုံးနေမိတာပါ။ အမှန်တော့ ပြင်သင့်ပါတယ်။
ကျွန်တော် ကျွန်မ သုံးတာ မှန်ပါတယ်။ ဆက်သုံးပါ။ ဂျစ်တူးတို့ အမှတ်မှားမှာဆိုလို့ ပြန်ပြောလိုက်တာပါ။

ဂျစ်တူး - gyit_tu said...

မမေရေ.. အဲဒီ သတ်ပုံကျမ်း ဘယ်မှာ ဒေါင်းလုပ်ရမလဲ ဟင် ။

မေဓာဝီ said...

ဂျစ်တူးရေ …မြန်မာစာလုံးပေါင်းသတ်ပုံနဲ့ ခွဲထား စာအုပ်လေးကို ကိုညီညီ(သံလွင်) ရဲ့ ဘလော့မှာ တွေ့လို့ လင့်ခ်ပေးလိုက်ပါတယ်။
http://nyinyithanlwin.blogspot.com/2007/02/blog-post_5126.html

thuyaung said...

mingalar par
d blog ko sait win sar par tal....myanmarfont ka type ma ya loe myanglish na` type lite tar par.bro ya` gmail pay loe ya ma lar.......
sis mail ka thuyaungmal@gmail.com par.......
bro ko na` na` may sa yar shi loe par.....