စနေနေ့ ညက ဖြစ်ပါတယ်။ တင့်တင့်ထွန်း စတိတ်ရှိုးပွဲကို သွားတော့ ခန်းမရဲ့ အ၀င်ဝမှာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အန်တီကြီးနှစ်ယောက်နဲ့ ဆုံပါတယ်။ `အန်တီတို့၊ စတိတ်ရှိုးပွဲ လာကြည့်တာလား´ လို့ နှုတ်ဆက် မေးမိပါတယ်။ ဒါပေမယ့် အဲဒီ အန်တီကြီးတွေက မျက်နှာထား မသာမယာနဲ့ တယောက်စီ ဒီလိုပြန်ဖြေပါတယ်။ `မဟုတ်ဘူး၊ ကလေးမလေးတွေကို လိုက်ပို့တာ၊ တို့တွေက ပြန်မှာ´ `ကြည့်စမ်းပါဦးကွာ၊ တခုခုလုပ်ကြမယ်ဟေ့ ဆိုပြီး လူစုရင်၊ အစည်းအဝေးတို့ ဘာတို့ဆိုရင် လူတွေက ဒီလို မတက်ကြွဘူး´ `မင်းလည်း တို့နဲ့ တွေ့ရအောင်၊ တို့နဲ့ တွေ့ချင်လို့ ဖို့ဝိန်းလာတာမှ မဟုတ်တာ၊ တင့်တင့်ထွန်း စတိတ်ရှိုးပွဲလာတာမဟုတ်လား´ `အန်တီတို့ကတော့ ၀မ်းနည်းတယ်၊ ကဲ.. သွားမယ်ဟေ့´ *** လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ပါတယ်။ ဂျပန်မှာ ပညာလာသင်နေတဲ့ အမျိုးသမီး တယောက်နဲ့ စကားပြောဖြစ်တော့ သူက ဒီလိုပြောပါတယ်။ `ကျမတို့က မိဘတွေက ချမ်းသာကြတာ မဟုတ်ဘူး၊ ရှိတဲ့ငွေလေးကို ခြစ်ခြုတ်ပြီး ဒီမှာ ပညာလာသင်နေရတာ၊ နိုင်ငံရေးတွေ ဘာတွေ စိတ်ဝင်စားဖို့ အချိန်မရှိဘူး။ အဲဒါတွေ လုပ်လို့လည်း တခုခု အထိခိုက်မခံနိုင်ဘူး။´ *** လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်က ဖြစ်ပါတယ်။ မြန်မာပြည်တွင်းက နာမည်ကြီး ၀က်ဘ်ဆိုက်တခုရဲ့ တာဝန်ရှိသူ လူငယ်တယောက်က ဒီလိုပြောတာကို တွေ့ဖူးပါတယ်။ `ဒီထဲမှာ နိုင်ငံရေးတွေ မပြောကြပါနဲ့ဗျာ၊ ကျနော်တို့ အရေးယူခံရပါလိမ့်မယ်။ ကျနော်က မိဘကို လုပ်ကျွေးနေရတာ၊ အဲဒါတွေအတွက်နဲ့ ကျနော့်ဘ၀ အနစ်မွန်းမခံနိုင်ဘူး´ *** အထက်ပါ ဖြစ်ရပ်တွေကို ကြည့်ရင် `နိုင်ငံရေး´ ဆိုတဲ့ စကားရပ်လေး တခုကို လူတွေ နားလည်လက်ခံကြတာဟာ မတူညီဘူး ဆိုတာ သိလာစေပါတယ်။ အဲဒီလို မတူညီမှုနဲ့ အတူ လူတန်းစားတွေ တစတစနဲ့ ကွဲပြားနေလေမလားလို့ တွေးမိတော့ ဒီစာကို ရေးမိပါတယ်။ တကယ်တော့ ကျနော်တို့နိုင်ငံမှာ `နိုင်ငံရေး´ လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက တွန့်ကနဲ ဖြစ်သွားတတ်တာ အစဉ်အလာ တခုလို ဖြစ်နေပါပြီ။ နိုင်ငံရေးသမားများ ဆိုတာနဲ့ လက်ရှိ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆန့်ကျင်သူများလို့ မျက်လုံးထဲမှာ အရင်ဆုံး မြင်ယောင် ပစ်လိုက်ကြတာ များနေပါပြီ။ သူတို့သည်သာလျှင် နိုင်ငံရေးသမား၊ အဲဒီတော့ အချိန်မရွေး ဖမ်းဆီး ထောင်ချခံရနိုင်တယ်။ ယုတ်စွအဆုံး ဘ၀ပျက်သွားနိုင်တယ်..၊ အဲဒီလို တွေးပစ်လိုက်တာ များပါတယ်။ တကယ်တော့ နိုင်ငံရေး ဆိုတာ နိုင်ငံရဲ့ အရေး၊ ပြည်သူရဲ့ အရေးဆိုတာ ရှင်းနေပါတယ်။ ခေါင်းဆောင်ကြီးတွေကလည်း ဒီလိုပဲ အနက်ဖွင့်ဆိုပါတယ်။ ပါတီထောင်မှ နိုင်ငံရေး မဟုတ်သလို ပါတီအဖွဲ့အစည်းဝင် ဖြစ်မှ နိုင်ငံရေး သမား မဟုတ်ပါဘူး။ အခုတော့ နိုင်ငံရေးသမားနဲ့ ပြည်သူ ဆိုပြီး လူတန်းစား နှစ်ရပ်က ကွဲပြားမှန်းမသိ ကွဲပြားလာနေပါပြီ။ ခြိမ်းခြောက်မှုအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ အသားကျလာတဲ့ ပြည်သူတွေမှာလည်း သူတို့ရဲ့ ရပိုင်ခွင့်၊ ရပ်တည်ပိုင်ခွင့်ကိုတောင်မှ (အုပ်ချုပ်သူကို ဆန့်ကျင်ရမယ်ဆိုရင်) လွတ်လပ် ပွင့်လင်းစွာ ထုတ်ဖော် မပြောရဲတော့ပါဘူး။ ပြောတဲ့လူတွေကိုလည်း `သူတို့က နိုင်ငံရေးသမားတွေ´ လို့ သတ်မှတ်ပစ်လိုက်ကြပါတယ်။ သတ်မှတ်ရလောက်အောင်လည်း အခြေအနေတွေက ဖန်တီးပေးနေပါတယ်။ အဲဒီလိုနဲ့ နိုင်ငံရေးသမားလို့ သတ်မှတ်ခံရသူတွေကလည်း သူတို့လို မလုပ်၊ မပြောတဲ့ ပြည်သူကို အားမရ၊ ပြည်သူကလည်း သူတို့နဲ့ အသားမကျ၊ တဖြည်းဖြည်းနဲ့ ဝေးသထက် ဝေးသွားပါတော့တယ်။ တနေ့လုပ်မှ တနေ့စား၊ ၀မ်းရေးတောင် အနိုင်နိုင် ရုန်းကန်နေရတဲ့ သာမန်ပြည်သူ တယောက်က `စစ်အာဏာရှင် ပြုတ်ကျရေး´ ဆိုတာကို ထည့်မစဉ်းအားသလို အစိုးရစားရိတ်နဲ့ ပညာတော်သင် ထွက်လာရတဲ့ လူငယ်တယောက်ကလည်း သူ မြန်မာပြည် ပြန်ရောက်ရင် ရမယ့် အခွင့်အရေးကို အုပ်ချုပ်နေသူကို ဆန့်ကျင်လို့ ရလာမယ့် လတ်တလောရလဒ်နဲ့ မလဲလှယ်ရဲပါဘူး။ အဲဒီတော့ သူတို့ အတွေးတွေ၊ သူတို့ စဉ်းစားချက်တွေထဲမှာ အုပ်ချုပ်သူတွေကို ဆန့်ကျင်နေတဲ့လူတွေဟာ သူတို့နဲ့ တသားတည်း မကျတော့ပါဘူး။ တခါတရံမှာဆိုရင် `ဒီလူတွေနဲ့ ပတ်သက်မိရင် ငါ့ကိုပါ ထိခိုက်လာနိုင်တယ်´ လို့တောင် တွေးပစ်လိုက်ပါတယ်။ တကယ်တမ်း သေချာ စဉ်းစားကြည့်ရင် လူတိုင်းဟာ နိုင်ငံရေးသမားတွေ လို့ ပြောလို့ရပါတယ်။ ပညာသင်နေတဲ့ ကျောင်းသားတယောက်ဟာလည်း ပညာသင်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ပါဝင်နေသလို လုပ်ငန်းခွင် ၀င်နေတဲ့ လုပ်သားတွေကလည်း အလုပ်လုပ်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက်နေပါတယ်။ Seminar တခုမှာ ဆွေးနွေးသူ အမျိုးသမီး တယောက်က `လူတွေရဲ့ နေ့စဉ် ရှင်သန် သွားလာ လှုပ်ရှားမှုတိုင်းဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်´ လို့ အဆိုပြု ဆွေးနွေးဖူးပါတယ်။ အဲဒီတော့ တခြားသော ဆွေးနွေးသူ အမျိုးသားတယောက်က `အိမ်သာတက်တာကရော နိုင်ငံရေးနဲ့ ဆိုင်ပါသလား´ လို့ မေးလိုက်ပါတယ်။ အဲဒီအမျိုးသမီးငယ် ပြန်ဖြေတာကတော့- `အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆက်စပ်ပါတယ်။ အိမ်သာတက်သူဟာ အိမ်သာတက်ပြီးရင် လက်ဆေးဖို့ အရေးကြီးသလို အိမ်သာကိုလည်း သန့်ရှင်းအောင်၊ ယင်လုံအောင် ထားဖို့လိုပါတယ်။ မသန့်ရှင်းတဲ့ အိမ်သာကို တက်ပြီး လက်ကို စင်ကြယ်စွာ မဆေးတဲ့ အိမ်သာတက်သူဟာ ၀မ်းရောဂါလို ရောဂါမျိုးတွေ ရနိုင်ပြီး သူကမှ တဆင့် သူ့မိသားစုကို ရောဂါကူးစေနိုင်ပါတယ်။ အဲဒီလို မိသားစုတွေ များလာရင် တဖြည်းဖြည်းနဲ့ နိုင်ငံကိုပါ ထိခိုက်စေနိုင်လို့ အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆိုင်ပါတယ်´ တကယ်တော့ လူတွေအားလုံး နေ့စဉ် ရှင်သန် သွားလာ လှုပ်ရှား ရုန်းကန်မှုတိုင်းဟာ နိုင်ငံရေးပါ။ ပါတီထောင်မှ၊ အုပ်ချုပ်သူကို ဆန့်ကျင်မှ နိုင်ငံရေးမဟုတ်ပါဘူး။ ဆင်းရဲ ချို့ငဲ့သူ တယောက်ကို မိမိ တတ်နိုင်သလောက်လေး ဝေငှပေးလိုက်တာနဲ့ အဲဒီ ပေးလိုက်တဲ့ ခဏမှာတင် နိုင်ငံရေး လုပ်ပြီးသား ဖြစ်သွားပါတယ်။ မိမိသိထားတာကို မသိသေးတဲ့ လူတွေကို ဝေငှပေးလိုက်တာဟာလည်း နိုင်ငံရေး လုပ်နည်း တမျိုးပါပဲ။ အဲဒီတော့ `ကျနော်/ကျမ နိုင်ငံရေး မလုပ်ပါဘူး´ ဆိုတာ မရှိပါဘူး။ လူတိုင်း နိုင်ငံရေး လုပ်နေကြပါတယ်။ နိုင်ငံ့ရဲ့ အရေးကို ဆောင်ရွက်နေကြပါတယ်။ ကောင်းသော ဆောင်ရွက်ခြင်းနဲ့ ဆိုးသော ဆောင်ရွက်ခြင်းကတော့ မိမိရဲ့ ရွေးချယ် ယုံကြည်မှုပါပဲ။ လက်ရှိ အုပ်ချုပ်သူတွေကို ဆန့်ကျင်ပြီး သူတို့ရဲ့ မတရားမှုတွေကို ထုတ်ဖော်ပြောနေတဲ့ လူတွေကလည်း မိမိပြောနေသလို တခြားလူတွေက မပြောရကောင်းလားလို့ အားမလို အားမရဖြစ်နေလို့ မဖြစ်ပါဘူး။ အဲဒီလို အားမလို အားမရ ဖြစ်လေလေ လူထုနဲ့ ဝေးသွားလေလေ ဖြစ်တော့မှာပါ။ ရေးခဲ့တာ အတန်ငယ် ရှည်လျားသွားပါပြီ။ စာဖတ်သူများကို မေတ္တာရပ်ခံချင်တာ တခုရှိပါတယ်။ ကျနော်ရေးတဲ့ စာကို ကြိုက်သလို ဝေဖန်နိုင်ပါတယ်။ ချီးကျူးမှုဟာ ချိုမြိန်တဲ့ အရသာကို ပေးစေပေမယ့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုဆိုတာလည်း လိုအပ်လှပါတယ်။ စာတပုဒ်မှာ အားကောင်းချက်၊ အားနည်းချက် ဒွန်တွဲနေတာမို့ အမှားကင်းသူဆိုတာ မရှိပါဘူး။ ထောက်ပြနိုင်ပါတယ်၊ ဝေဖန်နိုင်ပါတယ်။ စာကို သေချာစွာ ဖတ်ပြီး ဝေဖန်ထောက်ပြတာမျိုး ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။ ကလိုစေးထူး |
Sunday, March 25, 2007
နိုင်ငံ + ပြည်သူ = နိုင်ငံရေး..
Subscribe to:
Post Comments (Atom)
9 comments:
လေးလေးနက်နက် သဘောတူပါတယ်။
နိုင်ငံရေးနဲ့ ကင်းချင်တယ်လို့ ကျနော့်ကိုများပြောလာခဲ့ရင် “လဲသေလိုက်” လို့ပြောမိပါတယ်။ “လဲသေလိုက်” မှ နိုင်ငံရေးနဲ့ ကင်းရမှာမို့ပဲ။
စကားမစပ် အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးဆိုပြီးခွဲခြားတာလည်း ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ မရှိပါ။ နိုင်ငံရေးပါတီဆိုကတည်းက အမျိုးသားနိုင်ငံရေးကို မိမိယုံကြည်တဲ့ ဝါဒနဲ့ ဆောင်ရွက်တာဖြစ်လို့ နိုင်ငံရေးတော့ လုပ်တယ်။ ပါတီနိုင်ငံရေးတော့ မလုပ်ဘူးဆိုတာ အိမ်ထောင်တော့ပြုချင်တယ်။ အဝှာမပြုချင်ဘူး ဆိုတာလိုပါပဲ။
ဒီနေရာမှာ ပါတီနိုင်ငံရေးဆိုတာ ပါတီဝင်ဖြစ်စရာမလိုပါ။ ကိုယ် နိုင်ငံရေးရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ဝါဒရှိတဲ့ ပါတီကို ပွင့်ပွင့်လင်းလင်း ထောက်ခံအားပေးခြင်း၊ ကိုယ် နိုင်ငံရေးရည်မှန်းချက်နဲ့ မကိုက်ညီတဲ့ဝါဒရှိတဲ့ ပါတီကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကန့်ကွက်ခြင်းဟာ ပါတီနိုင်ငံရေးပါပဲ။ မဲပေးချင်မှ ပေးမယ်။ ဒီပါတီရဲ့ ဒီဝါဒကို ကြိုက်တယ်။ ဟိုပါတီရဲ့ ဟိုဝါဒကိုကြိုက်တယ်ဆိုတာ မျိုးပါ။ ဘယ်သူဟာမှ မကြိုက်ဘူးဆိုရင်လည်း ကိုယ်တစ်ယောက်တည်း ကြိုက်တဲ့ကိုယ်ဝါဒနဲ့ မှတ်ပုံမတင်လည်း ကိုယ့်ပါတီပဲပေါ့။
ကိုကလိုစေထူး... တန်ဖိုးရှိတဲ့ ပို့စ်ဒ်လေးပါ ။ ဒီအတွေးအခေါ်မျိုးနဲ့ ဗမာတော်တော်များများ ရှိရင် သိပ်ကောင်းမှာပဲ ။
Seminar မှာ ပြောသွားတဲ့ မိန်းမတယောက်ဆိုတာ ဗမာပြည်ကပါလား ။ သူပြောသွားတာ သိပ်သဘောကြတာပဲ ။ လေးစားပါတယ် ။
ကိုကလိုဆေးထူးရေ ဘလော့ခ် စာအုပ်ထဲ ဒီပို့စ်လေး ထည့် လို့ရရင် သိပ်ကောင်းမှာပဲ- :) - စတဲ့ စကားပါ ဒါပေမဲ့ ဒါမျိုးတွေ နိုင်ငံသားတွေကို ဖတ်စေချင်တာတော့ တကယ်ပါပဲ- ခြွတ်ချုံကျ နေတဲ့ ကျနော်တို့ နိုင်ငံတော် အတွက် အင်မတန်ကောင်း တဲ့ ပို့စ်ပါဗျာ-
မှတ်ချက်တွေ ပေးပြီး ပြန်လည်ဆွေးနွေးထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
အမျိုးသား နိုင်ငံရေး ဆိုတဲ့ စကားလုံးကို တွေ့တော့ ၁၉၉၀ ပြည့်နှစ်များဆီမှာ ကျနော်တို့ရဲ့ အုပ်ချုပ်သူ လူကြီးမင်းများက `သူတို့ဟာ အမျိုးသားနိုင်ငံရေး လုပ်နေပါတယ်၊ ပါတီတခုတည်း ကောင်းစေတဲ့ ပါတီ နိုင်ငံရေး မလုပ်ပါဘူး´ လို့ ကြွေးကြော်ခဲ့ဖူးတာ သတိရမိပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့လည်း `အမျိုးသား နိုင်ငံရေး´ ဆိုတဲ့ စကားလုံးကြီးက ပြည်သူအတွက် ကိုယ်စားပြုနေတဲ့ နိုင်ငံရေးလိုလိုနဲ့ အင်မတန်မှ အမြင်လှတဲ့ စကားလုံးကိုးခင်ဗျာ။ အဲဒီလို ခွဲခြားပြောခဲ့တာလဲ သူတို့တွေပါပဲ။ တကယ်တော့ အမျိုးသား နိုင်ငံရေးပဲဆိုဆို၊ ပါတီနိုင်ငံရေးလို့ပဲ ပြောပြော လူထုရဲ့ တကယ့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ နိုင်ငံရေးဖြစ်ဖို့က အဓိက မဟုတ်လားခင်ဗျာ။ အခုတော့လည်း သူတို့တွေ အမျိုးသား နိုင်ငံရေး လုပ်တယ် မပြောတော့ပြန်ပါဘူး။ လူမှုရေးလုပ်ငန်းတွေအတွက် တည်ထောင်ခဲ့တာပါလို့ အစပိုင်းမှာ ကြွေးကြော်ခဲ့တဲ့ ကြံ့ဖွံ့ အသင်းက အမျိုးသား နိုင်ငံရေး လုပ်နေပြန်ပါသတဲ့။ ထားလိုက်ပါစို့..။ ဒီကိစ္စကို..။
ကျနော် ဒီပို့စ်ကို ရေးခဲ့တဲ့ ရည်ရွယ်ချက်က `နိုင်ငံရေး´ ဆိုတဲ့ စကားလုံးရဲ့ ကန့်သတ်မှု နောက်မှာ လူတွေက အစုကွဲနေတာကို မဖြစ်စေချင်တာပါ။ နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ လူတွေရဲ့ အတွေးထဲမှာ ဒါဟာ လက်ရှိ အုပ်ချုပ်နေသူကို ဆန့်ကျင်တာ လို့ မြင်ပြီး တွန့်သွားတတ်တာကို ပြောချင်တာပါ။ တကယ်တော့လည်း အုပ်ချုပ်သူကိုဆန့်ကျင်တဲ့လူနဲ့ ပြည်သူတွေနဲ့က တဖြည်းဖြည်းနဲ့ ဝေးလာသလိုလို ဖြစ်လာနေပါတယ်။ ဒီခေတ်မှာ မိဘက အုပ်ချုပ်သူတွေကို ဆန့်ကျင်တဲ့ သားသမီးကို `နင်ဒါမျိုးတွေ လုပ်တာနဲ့ ငါတို့ပါ ရောပြီး ဒုက္ခမရောက်ချင်ဘူး၊ ငါတို့ အသက်ကြီးပြီ´ လို့ ဆိုဆုံးမနေရတဲ့ ခေတ်ကို ရောက်လာပါပြီ။ ဒါဟာ ပြည်သူနဲ့ နိုင်ငံရေးကို တသီးတခြားစီ လုပ်ခဲ့တဲ့၊ လုပ်နေဆဲဖြစ်တဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိအုပ်ချုပ်သူတွေရဲ့ မကောင်းတဲ့ အောင်မြင်မှုပါပဲ။ နိုင်ငံခြားကို ရောက်နေတဲ့ လူတွေရဲ့ တ၀က် ၀န်းကျင်လောက်မှာကို `ငါသူတို့ကို ဆန့်ကျင်ရင် ငါ့နိုင်ငံပြန်ခွင့်ရပါ့မလား´ ဆိုတဲ့ စိုးရိမ်စိတ်က ကြီးစိုးနေပါပြီ။ ဒါကြောင့်လဲ `ကျနော်/ကျမတော့ဖြင့် နိုင်ငံရေး မလုပ်ပါ´ လို့ ဖွင့်ဟ ပြောဆိုလာသူတွေ များလာနေပါတယ်။ နေရပ်ကို ပြန်ခွင့်မရမှာကို စိုးရိမ်စိတ် တခုတည်းနဲ့ ခံစားတတ်တဲ့ နှလုံးသား မဲ့နေလေရော့သလားလို့ တွေးထင်ရလောက်အောင်ကို လစ်လျုရှုနိုင်စွမ်းတွေ ရှိနေကြပါပြီ။ ဒါကို ထောက်ပြချင်လို့ ဒီစာကို ရေးပါတယ်ခင်ဗျာ။
မဂျစ်တူး… အိမ်သာ တက်တာဟာလည်း နိုင်ငံရေးပါလို့ ဆွေးနွေးခဲ့သူ အမျိုးသမီးငယ်ဟာ မြန်မာတယောက်ပါပဲ။
ကို tesla ရေ… အကို့ ကွန်မန့်စာသားတွေ တခုခု ပြတ်ကျန်ခဲ့သလား မသိဘူးဗျနော်..။
ဝင်ဆွေးနွေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။
နိုင်ငံရေးမလုပ်ဘူးဆိုတဲ့လူဟာ နိုင်ငံသားစိတ်ဓါတ် မရှိလို့ပါ။ လူသိများတာ၊ နည်းတာ၊ လူကြိုက်များတာ၊ နည်းတာတွေထက် နိုင်ငံကိုအကျိုးပြုရေး အဓိကထားလုပ်ဖို့ အရေးကြီးမယ်ထင်ပါတယ်ခင်ဗျ။ ကိုကလိုစေးထူး ပြောသွားတဲ့ ကျွန်တော်တို့အတွက် နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ ကြောက်စရာ၊ ရွံ့စရာ၊ မပြောအပ်တဲ့ စကားလုံးလိုဖြစ်နေတယ်ဆိုတဲ့အချက်ကို သဘောတူပါတယ်ခင်ဗျာ။
ကိုစေးထူးရေ မကျန်ဘူးဗျ- ရေး ပုံက ပုံမကျဖြစ်သွားတာ- ဆိုလိုချင်တာက.... စာအုပ်ထဲထည့်လို့ ရရင် အရမ်း ကောင်းမယ်ဆိုတဲ့ အပေါ်က စာသားဟာ နောက်တဲ့စကား (စတဲ့စကား) လေးပေမဲ့ ...... အဲ့လို အဲ့လို- စာအရေးသားက အဲ့လိုကျွှမ်းတာ- ဟားဟား-
သူများတွေရေးပြီးမှ ကျမလည်း ရေးလိုက်အုံးမယ် ကိုသံလွင်…။
ဟိုတခါ ကိုသံလွင်ရေးတဲ့ နိုင်ငံ့အရေး = နိုင်ငံရေး ဆိုတဲ့ ပို့စ်တုန်းကလည်း ကျမကွန်မန့် ရေးခဲ့ဖူးတယ် ထင်ပါတယ်။
လူဆိုတာ …ဆွေနဲ့ မျိုးနဲ့ နေရင် ဆွေရေး မျိုးရေး လုပ်ရမယ်၊ ရပ်ထဲ ရွာထဲမှာ နေရင် ရပ်ရေး ရွာရေး လုပ်ရမယ်၊ တိုင်းပြည် နိုင်ငံမှာ နေရင် တိုင်းရေး ပြည်ရေး နိုင်ငံရေး ဆိုတာ လုပ်ကို လုပ်ရပါမယ်။ ဒါမှလည်း လူပီသ တဲ့ လူဖြစ်မယ်လို့ ထင်တာပါပဲ။
အိမ်သာတက်တာဟာ နိုင်ငံရေးလို့ ပြောသွားတဲ့ အမျိုးသမီးရဲ့စကား ကျမလည်း သဘောကျမိတယ်။
လမ်းပေါ်က အမှိုက်ကို ကောက်လိုက်တာဟာ နိုင်ငံရေး ဖြစ်သလို လမ်းပေါ်မှာ အမှိုက် စွန့်ပစ်လိုက်တာဟာလည်း နိုင်ငံရေးပါပဲ။
ဒီနှစ်ရပ်ရဲ့ ကွာခြားချက်ကတော့ အပြုသဘောနဲ့ အဖျက်သဘောပါ။
ဒါကြောင့်မို့ …. ဘယ်လို နိုင်ငံရေးမျိုး လုပ်ကြမလဲ ဆိုတာ မိမိရဲ့ ရွေးချယ်ချက် နဲ့ ခံယူချက်ပေါ် မူတည်တယ်လို့ ကျမကတော့ မြင်မိပါကြောင်း။
ကျနော် ကျမတို့ နိုင်ငံရေးကိုနားမလည်ဘူး။ နိုင်ငံရေးနဲ့ မပတ်သက်ချင်ဘူး။ နိုင်ငံရေး မလုပ် ချင်ဘူး ဆိုတဲ့လူတွေများနေရင် နိုင်ငံရေးစနစ်မမှန်ကန်လို့ လူဖြစ်ရှူံးပြီး ကျက်သရေတုံး နေရတဲ့ ဘ၀တွေကနေ ဘယ်မှာလာပြီး လွတ်တော့မှာလဲဗျာ။
Hi,
The understanding of the word "Nainganyee" is not different to the people. The differences is afraid from "the reflection and resuls from Military Gov".
(I am sorry that I cannot type Myanmar language. I can read and write very well but I can't type. I tried to type my name and it took more than 30 minutes (my name is not that long)so I gave up to type).
One example: one old lady (She got australian citizenship) invites one anti gov person to her house for dinner once. Later, her sisters and relatives from Burma get sick and she wants to visit back Burma to see relatives and see home town and then apply visa. Her visa application was denied forever with the reason of contact with antigov peoples.
That is why a lot of people understands how strong to act if they have contact with antigov persons.
I know "Nainganyee Thamar" are doing good thing for Burma Democracy. They are doing good job that everybody cannot do.
My experiences: I have been studied in Japan with Japanese Government scholarship from 1995-2001. All type of scholarship have strong requirement for the student that cannot be participated any countries politics including home country. So you may understand what she said from a lady studying in Japan(in your article).
regards
Marlar
Post a Comment