Thursday, March 29, 2007

ကျနော့်အကြိုက်(၃)...

ဒီတပတ် ကျနော့်အကြိုက်ကတော့ ဆရာ နန္ဒာစိုး(ဆင်ဖြူကျွန်း) ရဲ့ `ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်´ ၀တ္ထုတို ဖြစ်ပါတယ်။


ဆရာ နန္ဒာစိုး(ဆင်ဖြူကျွန်း)ရဲ့ အရေးအသားတွေကို ကျနော် စတင် နှစ်သက်ခဲ့မိတာကတော့ သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်းက `ဂွစာ၏ တလစာမှတ်တမ်း´ အရေးအသားတွေကိုပါ။ လူတယောက်ရဲ့ တလအတွင်း နေ့စဉ် ဖြစ်ပျက်ကြုံဆုံရပုံတွေကို ဟာသလေးနှောလို့ ဖတ်ချင်စဖွယ် ရေးလေ့ရှိတဲ့ ဆရာဟာ ၀တ္ထုတိုတွေ ရေးတော့လည်း အင်မတန်မှ ပြောင်မြောက်လှပါတယ်။

ဒီဝတ္ထုကိုတော့ ၂၀၀၂ခုနှစ်၊ ဧပြီလထုတ် ရနံ့သစ် မဂ္ဂဇင်းမှာ စတင်ဖော်ပြခဲ့တာပါ။ ဧရာဝတီ အင်တာနက် မဂ္ဂဇင်းရဲ့ ရသလွင်ပြင်ကဏ္ဍမှာ ဖတ်မိတော့ နှစ်သက်လှတာကြောင့် ကျနော့် ဘလော့ခ်မှာ ထပ်ဆင့် ဝေမျှလိုက်ပါတယ်။


အဲ..၊ ဆရာ နန္ဒာစိုးရဲ့ ၀တ္ထုကို မဖော်ပြမီမှာ နည်းနည်းလောက် လေကြောရှည်ပါရစေ။ မြန်မာ ဘလော့ကာစာအုပ်များ ဘလော့မှာ ကျနော့်အကြိုက်(၂) မှာ တင်ခဲ့တဲ့ ဆရာလင်းထင်ရဲ့ `ခေါင်းလောင်းကလေး၏ နေ့စွဲများ´ ၀တ္ထုကို တင်ရာမှာ တစုံတရာ မှားယွင်းမှုကြောင့်လားမသိ၊ တချို့က ကျနော်ရေးတယ်လို့ ထင်ဟန်ရှိပါတယ်။ ကျနော်ရေးတယ် အမှတ်နဲ့ ချီးကျူးထားကြတာကိုတွေ့တော့ အဲဒီဝတ္ထုရေးသူက ကျနော် မဟုတ်တဲ့အတွက် မနေတတ်မထိုင်တတ်နဲ့ ရှက်ရွံ့မိပါတယ်။ ကျနော်ရေးတာ မဟုတ်ရပါကြောင်းတော့ ကွန်မန့်ပြန်ရေးခဲ့ပါတယ်။
ကဲ..၊ `ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်´ ၀တ္ထုကို ခံစားကြည့်ကြပါစို့။

ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်

(၁)


ကြားရတဲ့ ဖိုးသာဒင်ရဲ့အကြောင်းက သတင်းကောင်းမဟုတ်ဘူး ။ သည်တော့ စိတ်လည်းမကောင်းရဘူး ဆိုပါတော့ ...။ ဒါပေမယ့် သတင်းကြားကြားချင်း ဖိုးသာဒင်ဆီ ထပြေးရအောင်ကလည်း အချိန်အားက မရသေးတော့ ကြားတဲ့သတင်းကိုပဲ ရင်ထဲမှာမကောင်းဘဲ ထည့်ထားရတယ်။ ညနေဘက်တော့ မဖြစ်ဖြစ်အောင် သွားတွေ့မယ်လို့ဆုံးဖြတ်ရင်း မပြီးစီးနိုင်တဲ့ ကိစ္စမြားမြောင်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် ဇွတ်နှစ်မြှပ်ထားနေရတယ်။ ဒါပေမယ့် ... အလကားပါ၊ စိတ်က ဖိုးသာဒင်ဆီကိုပဲ ရောက်ရောက်နေတယ်။ အသားညိုညို၊ ခန္ဓာကိုယ် သေးကျစ်ကျစ်၊ အရိုးခံ မျက်လုံးတွေနဲ့ ဖိုးသာဒင်ရဲ့မျက်နှာကိုပဲ မြင်မြင်နေတယ်။ မာယာမပါတဲ့ အပြုံးစင်းစင်းနဲ့ ၀င်္ကန္တမစွက်တဲ့ ဖိုးသာဒင်ရဲ့ အရိုင်းဆန်ဆန် မေးခွန်းတွေပဲ နားထဲမှာ ကြားကြားနေတယ်။ ဘယ်လိုပြောရမလဲ ...။


အင်း ... နေမထိ ထိုင်မသာကြီးပဲ ဆိုပါတော့။


(၂)


ဖိုးသာဒင်ဆိုတာက ကျွန်တော်နဲ့ခင်မင်ရင်းနှီးနေတဲ့ ထန်းတက်သမား ကောင်လေးတယောက်ပါ။ အသက်က ဘာရှိဦးမလဲ၊ ရှိလှမှ ၁၅ နှစ်ပေါ့။ ကျွန်တော်နေတဲ့မြို့နဲ့ နှစ်မိုင်လောက်အကွာက ထန်းသမားမိသားစုတွေနဲ့ ထန်းတောထဲမှာနေတယ်။ ထန်းတဲကလေး တလုံးနဲ့ပေါ့လေ။ အသက် ၁၅ နှစ်အရွယ် ထန်းတက်သမားလေးဆိုတော့ မထူးလှပါဘူး၊ အညာထန်းတောထဲမှာ တွေ့နေကျ ထူးမခြားနား ထန်းတက်သမား ချာတိတ်ကလေးတွေလိုပါပဲ။ အသားညိုညို ၊ နေလောင်ဒဏ်သင့်ပေမယ့် ထန်းပင်တက်ခြင်း အိပ်ဆာဆိုက်ကြောင့် ကျစ်လျစ်နေတဲ့ ခန္ဓာကိုယ်နဲ့ ခပ်ရိုးရိုး ကောင်ကလေးတယောက်ပါ။ အမေမုဆိုးမကြီးနဲ့ သားအမိနှစ်ယောက်ထဲ နေတယ်။ သူ ငါးတန်းကျောင်းသားဘ၀မှာ သူ့အဖေ သေဆုံးသွားခြင်းကစလို့ အဖေ့ကိုယ်စား ထန်းပင်တွေကိုပွေ့ဖက်၊ စာသင်ကျောင်းကို နှုတ်ဆက်ခဲ့ရတယ်လို့ပြောရင်ပဲ မခမ်းနားတဲ့ သူ့ဘ၀အတ္ထုပ္ပတ္တိက ပြည့်စုံသွားပါပြီ။


သူနဲ့ ကျွန်တော်တို့ဟာ သူ့တဲကထွက်တဲ့ ပင်ကျရည်မြူအိုးကလေးတွေရဲ့ တံတားထိုးမှုနဲ့ ပေါင်းကူးဆက်သွယ် ခင်မင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ဆိုတာက ကျွန်တော်ရယ်၊ ကျွန်တော်နဲ့ရေးဖော် ကဗျာဆရာတယောက်ရယ်ပေါ့။ ဘာရယ်မဟုတ်ဘူး၊ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာနဲ့ ကျွန်တော်ဟာ နေညိုရင် လေမပြိုတတ်ကြသေးပေမယ့် မြို့ပြနဲ့ဝေးရာ သူ့ထန်းတဲကလေးဆီကို စက်ဘီးကိုယ်စီနဲ့ ရောက်ကြလေ့ရှိတယ်။ ထန်းတော ထန်းလက် ထန်းရွက်တွေကို လွတ်လပ်စွာ ဖြတ်သန်းလာတဲ့ လတ်ဆတ်တဲ့လေညင်းကို ရှူရှိုက်ရင်း သူ့ပင်ကျရည်ကို ကျွန်တော်တို့မှာပါလာတဲ့ စာပေအကြောင်း သောင်းပြောင်းထွေလာ ငြင်းခုံအုံဖွဲ့ စကားလုံးတွေနဲ့ မြည်းကြတယ်။ မြို့ပြရဲ့ တနေ့တာလှုပ်ရှားရုန်းကန် မွန်းကျပ်မှုထဲကနေ သူ့ထန်းတဲ ဟောင်းဟောင်းအိုအို ကလေးဆီ ညနေတိုင်း ထွက်ပြေးခိုလှုံလာတတ်တဲ့ ကျွန်တော်တို့နှစ်ယောက်ကို သူကတော့ စာရေးဆရာတွေဆိုပြီး အထင်ကြီးလေးစားပုံရပါတယ်။ ကျွန်တော်တို့ ပြောဆိုငြင်းခုံနေရင် (သူကလည်း အလုပ်အားနေသေးရင်) မလှမ်းမကမ်းကနေပြီး နားထောင် ထောင်နေတတ်တာပါပဲ။


ကျွန်တော်တို့ကတော့ ဘာရယ်မဟုတ်ဘူး။ “မန္တလေး”၊ “မြန်မာ” နဲ့ “နိုင်ငံတကာ” ဈေးကြီးတာချင်း အတူတူကို မကပ်နိုင်တဲ့ ခပ်မွဲမွဲ ဘိုင်ကောင်တွေပီပီ၊ လွတ်လပ်အေးချမ်းစွာ ငြင်းခုံခွင့်ရတဲ့ သူ ထုတ်လုပ်တည်ခင်းတဲ့ မြူအိုးတွေထဲက ရိုးရာဘီယာ ဈေးခပ်ပေါပေါနဲ့ပဲ စီးမျောလွင့်ပါးမိခဲ့ကြခြင်းသက်သက်ပါပဲ။


အဲဒါဟာ ကျွန်တော်တို့နဲ့ ဖိုးသာဒင်ကလေးရဲ့ ဆက်နွယ်မှုသမိုင်း သံခိပ်ပေါ့လေ။


(၃)


မှတ်မိနေတာလေး ရှိသေးရဲ့။


တညနေမှာပေါ့။ ကျွန်တော်နဲ့ ကဗျာဆရာထိုင်နေတဲ့ဝိုင်းဆီကို ဖိုးသာဒင်နဲ့ လူကြီးတယောက်ရဲ့ စကားသံတွေလွင့်လာတယ်။


‘ဟာ မလုပ်ပါနဲ့ ဦးတာတေရာ၊ ဦးလေး အကြွေးတွေ များနေပြီ၊ ကျွန်တော်တို့လည်း ဒါရမှ ဒါစားရတာ။ မနက်ဖြန်တော့ ဆက်ဆက်ကြီး ဖဲ့ဆပ်ပါဦးနော်’
‘အေးပါကွ၊ မနက်ဖြန် ဖဲ့ဆပ်မယ်၊ စိတ်ချစမ်းပါ ...’


ဒီလောက်ပါပဲ။ မြူအိုးဆွဲပြီး ထွက်သွားတဲ့လူကြီးကို ကျွန်တော်တို့ ငေးကြည့် ကျန်ရစ်နေတုန်းမှာပဲ ဖိုးသာဒင်က ပြောလိုက်တယ်။ ကျွန်တော်တို့ကို ဦးတည်ပြီး သူ့ဒုက္ခကို ရင်ဖွင့်လိုက်တာပါ။


‘ခက်တာပဲ ဆရာတို့ရာ၊ အဲဒီဦးလေးကြီးက သူလိုချင်ရင် ဇွတ်ယူတော့တာပဲ။ ပိုက်ဆံကျ သူစိတ်ကူးရမှ ရှင်းတာ။ ပြောလို့လည်း မရဘူး’


ကျွန်တော်တို့ ပြိုင်တူ သက်ပြင်းချမိတယ်။ ခဏရှိတော့ ကဗျာဆရာက ဘာစိတ်ကူးပေါက်တယ် မသိဘူး။


‘ဟေ့ ... အဲဒါ အလွယ်ကလေး ရတယ်ကွ၊ ဒီမှာကြည့် ...’

ပြောပြောဆိုဆိုနဲ့ နေရာက ထတဲ့ပြီး တဲထောင့်က သံပြားဟောင်းကလေး တချပ်ကို ကောက်ယူတယ်။ ပြီးမှ အနားမှာတွေ့တဲ့ မီးသွေးခဲတခဲနဲ့ သံပြားပေါ်ကို စာတကြောင်း ရေးချလိုက်တယ်။


“လောကကြီးမှာ ဘာမှ အလကားမရ”တဲ့။


ရေးပြီးမှ သံပြားကို တဲရှေ့က ၀ါးပိုးဝါးတိုင်ခြေမှာ ထောင်လိုက်ပြီး ကဗျာဆရာက ထပ်ပြောတယ်။


‘မင်း အဲဒီ အိုင်ဒီယာအတိုင်းသာ သွား၊ တော်တန်ရုံ မျက်နှာပြောင်တဲ့သူတွေကတော့ ဒီစာကြောင်းကို မြင်တာနဲ့ မင်းကို ငွေရှင်းပေးဖို့ သူတို့ အိပ်ကပ်ကို ပြန်စမ်းမိကြလိမ့်မယ်’


ဖိုးသာဒင်က ငုံ့ဖတ်ကြည့်ပြီး ပြုံးလို့။ ပြီးတော့ ရိုးရိုးကလေး ပြန်မေးတော့ ကျွန်တော်တို့လည်း ပြုံးဖြစ်သွားရဲ့။


‘သံပြားပေါ်က စာကတော့ဟုတ်ပါပြီ၊ အဲဒီ အိုင်ဒီယာဆိုတာက ဘာကိုပြောတာတုန်း’
‘အေး ... ဟုတ်သားပဲ၊ အိုင်ဒီယာဆိုတာ အတွေးအခေါ်ပေါ့ကွာ၊ အတွေးအခေါ်ကို ပြောတာ’
‘အတွေးအခေါ် ဟုတ်လား ...’


အတော်ကြာသွားတယ်။ “အတွေးအခေါ်” ဆိုတာရဲ့ အဓိပ္ပာယ်ကို “တွေးခေါ်” နေရတာကိုက ဖိုးသာဒင်မှာ မျက်မှောင်တွေကြုတ်လို့။ ဒါကို ကျွန်တော်တို့ ရိပ်စားမိကြပါတယ်။ ကဗျာဆရာက ထပ်ရှင်းတယ်။


‘ဒီလိုကွာ၊ “လောကကြီးမှာ ဘာမှ အလကားမရဘူး” ဆိုတာ အမှန်တရားတခုလို့ ပြောတာ၊ ရိုးရိုးကလေးရယ်။ အေး … ဒါပေမယ့် ရိုးသလောက် ပြင်းထန်တယ်နော်။ မှတ်ထား၊ အမှန်တရားဆိုတာ ရိုးသလောက် ပြင်းထန်တယ်။ ခပ်ပျော့ပျော့ ခပ်ညံ့ညံ့ကောင်တွေဟာ အဲဒီ အမှန်တရားဆိုတာနဲ့တွေ့ရင် မခံနိုင်ဘူး၊ ပက်လက်လန်ကုန်တာပဲ၊ ဒါမှ မဟုတ်ရင်လည်း ထိပ်တိုက်မတွေ့ရဲဘဲ နည်းမျိုးစုံနဲ့ ရှောင်ပြေးရော’


ရှင်းခါမှ ပိုရှုပ်ကုန်ပြီ ထင်ပါရဲ့။ ဖိုးသာဒင် ပိုပြီး မျက်မှောင်တွေ ကြုတ်ကုန်ပါလေရော။ ကျွန်တော် ကဗျာဆရာကို တခွန်းဝင်ပြောလိုက်တယ်။


‘ရှေ့နေမင်း ကယ်မှ ထောင်လုံးလုံးကျတော့မှာပဲ ကျောင်းဒကာရယ်။ ဖိုးသာဒင် ချာတိတ်ကလေးဟ၊ သူ့အိုးနဲ့သူ့ဆန် တန်ရုံခပ်စမ်းပါဦး’


ကျွန်တော်တို့ သုံးယောက်လုံး ရယ်ဖြစ်ကြတယ်။ ကဗျာဆရာက ရှေ့ဆက်တယ်။


‘ကဲ ထားကွာ၊ လောကကြီးမှာ ဘာမှ အလကားမရဘူးဆိုတာ အမှန်တရားတခု၊ အမှန်တရားဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ ယေဘုယျ အရိုးစင်းဆုံး သဘောတူညီ သတ်မှတ်ချက်။ ဥပမာ ဖိုးသာဒင်ရာ၊ မင်း ထမင်းစားဖို့အတွက် ဆန် ဘယ်ကရသလဲ’
‘ဈေးက ၀ယ်ရတာပေါ့ခင်ဗျ’
‘အဲဒီအတွက် မင်းက ညီမျှတဲ့တန်ဖိုး ပေးရတယ်မို့လား။ တပြည်လိုချင်ရင် သူသတ်မှတ်တဲ့ တပြည်ဈေး၊ တတင်းလိုချင်ရင် သူ သတ်မှတ်တဲ့ တတင်းဈေး … အဲဒီ ပိုက်ဆံပေးမှ ရတယ် မဟုတ်လား’


ဖိုးသာဒင် ခေါင်းညိတ်တယ်။


‘အေး … အဲဒီတော့ အရိုးဆုံး မင်းမှတ်ထားလိုက်ဖို့က လောကကြီးရဲ့ နေရာတိုင်း၊ ဖြစ်စဉ်တိုင်းမှာ ကိုယ်က တခုပေးမှ တခုပြန်ရတယ်။ ကိုယ့်ဘက်က အရင်းအနှီးပြောပြော၊ တန်ရာတန်ကြေးပဲပြောပြော၊ တစုံတရာ မပေးဘဲနဲ့တော့ ကိုယ်လိုချင်တာလည်း ဘယ်တော့မှ ပြန်မရဘူး ဆိုတာပဲ။ မဆန်းပါဘူးကွာ၊ လူတွေဟာ တယောက်နဲ့တယောက် ဖလှယ်ပေးဆပ်ရင်း ရယူနေကြတာချည်းပါပဲ။ လူအချင်းချင်း ဝေးလို့၊ သဘာဝတရားကြီးကတောင် အဲဒီ အခြေခံအချက်ကြီးထဲက ပြေးမလွတ်ဘူးကွ။ မင်း မှတ်ထား၊ တို့ အသက်ရှူနေတဲ့ “လေ”တောင် အလကား မရဘူး။ အဲဒီ “လေ” ရဖို့ မင်းရဲ့အဆုပ်တွေ၊ နှာခေါင်းတွေက “ရှူ”တဲ့အလုပ်ကို ရပ်လိုက်တာနဲ့ မင်းလည်း “လေ” ပြတ်ပြီ အောက်မေ့ပေတော့’
‘ဒါတော့ အမှန်ပဲပေါ့ခင်ဗျ၊ ဒါပေမယ့် သူက မှန်လျက်သားနဲ့ ပြင်းထန်နေရတာက ဘယ်လိုကြောင့်တုန်း။ အမှန်တရားဆိုတဲ့ ကိစ္စကြီးဟာလေ’


အင်း … အဖြေ ဘုရားလောင်း ဖြစ်တာ မဖြစ်တာ နောက်ထား၊ အမေး နွားကျောင်းသားကတော့ တဆင့်ပြီးတဆင့် လုပ်လာပြီလို့တွေးရင်း ကျွန်တော်ပြုံးမိရပြန်တယ်။ ကိုယ့်လူကတော့ ကျားမြီးဆွဲမိလျက်သား ဖြစ်နေပါပကော။ နိုင်အောင်သာ ဆက်ဆွဲပေတော့လို့ အားပေးပြီး ပြုံးပြလိုက်ရပေတော့ရဲ့။


‘ဒါက မင်းကိုယ်တိုင် ကြုံလာတဲ့တနေ့ကျမှ အဖြေရှင်းရှင်း ရမှာကွ။ အေး … ဒါပေမယ့် တခုတော့ ရှိတယ်နော်၊ အမှန်တရားဆိုတဲ့ နေရာမှာလည်း သူနဲ့ တိုက်ခိုက်ထိတွေ့နေတဲ့ ကာလနဲ့ အချိုးညီနေမှ။ ကဲကွာ မင်း ငယ်ငယ်က မုန့်ပျားသလက် တချပ်ကို ဘယ်လောက်ပေးဝယ်စားရသလဲ’
‘တခုကို ငါးမူးလေ၊ အခုတော့ ငါးကျပ် … ခင်ဗျ’
‘အဲဒါပဲ၊ ဟိုးတုန်းက ငါးမူးပေးခဲ့ရပြီး အခု ငါးကျပ်ပေးရတာမို့ အခု ငါးကျပ်ပေးနေရတာဟာ မှားနေပြီလို့ ပြောလို့မရသလို ဟိုတုန်းက ငါးမူးပေးခဲ့ရတာကိုလည်း မှားခဲ့တယ်လို့ ပြောလို့မရဘူး။ သတ်မှတ်တန်ဖိုးချင်း ကွာခြားသွားတာဖြစ်ပေမယ့် နှစ်ခုစလုံးဟာ မှန်နေတာချည်းပဲ။ ဘာကြောင့်လဲဆိုတော့ “ဖြစ်စဉ်”က သူနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ “ကာလ”နဲ့ အချိုးကျနေလို့ပဲ။ ဒါကြောင့် အမှန်တရားဆိုတာက “ကာလ”နဲ့ လိုက်ပါပြီး ပြောင်းလဲနေတတ်တာမျိုး”လို့ မှတ်ထားဦး။ ပြီးတော့ အမှန်တရားဆိုတာ ဝေေ၀၀ါးဝါး၊ ဇဝေဇ၀ါ လူတွေနဲ့တွေ့ရင်လည်း သူ့ကို ဇွတ်တရွတ် အနိုင်ကျင့်ခံရတတ်သေးသကွ။ အဲဒါနဲ့ပတ်သက်ပြီး မင်းကို ရယ်စရာပုံပြင်ကလေးတပုဒ် ပြောပြမယ်၊ နားထောင်မလား။


ကျွန်တော်ကတော့ ပြုံးနေရတာပါပဲ။ ကိုယ့်လူက အဲဒီလို စကားလုံးတွေ သွန်ချနေရမယ်ဆိုရင် ထမင်းမေ့၊ ဟင်းမေ့ လူစားကိုး။ ဖိုးသာဒင်က ခေါင်းညိတ်ပြတယ်။ ပုံပြင်ဆိုတော့လည်း ပိုပြီး စိတ်ဝင်စားလာဟန် တူပါရဲ့။


‘ဒီလိုကွ၊ ကုန်းဘောင်ခေတ်တုန်းက ဟာသပုံပြင်ကလေးပေါ့ကွာ။ စာသင်သား ကိုရင်ကလေးတွေ စာဖြေကြရတဲ့ စာမေးပွဲတခုမှာပေါ့ကွ။ ကိုရင်ကလေး တပါးကလည်း ၀င်ဖြေသတဲ့၊ အဲဒီမှာ အခုပြောတဲ့ ကိုရင်ကလေးက ဖြေရင်း ဖြေရင်းနဲ့ သူ ဘာမှ မသိတော့ဘူးတဲ့ကွ၊ ဆက်မဖြေနိုင်တော့ဘူးပေါ့ကွာ။ ဒါပေမယ့် ဒီအတိုင်းလည်း ငူငူကြီး ငြိမ်ထိုင်မနေချင်တော့ သူ့စိတ်ကူးထဲ ပေါ်သမျှတွေကို ထင်ကရာ လျှောက်ရေးတော့တာပဲဟေ့၊ စာမျက်နှာပြည့်အောင် ဖြေမယ်ဆိုတဲ့သဘော နေမှာပေါ့ကွ၊ သူ ထင်သမျှ အကုန်လျှောက်ရေးပြီးတဲ့အချိန်မှာ အောက်ဆုံးကနေ “ဟံသာဝတီ ဆရာတော်ဘုရားကြီး၏ မူ”လို့ ရေးလိုက်တယ်။ ဟံသာဝတီ ဆရာတော်ဘုရားကြီးဆိုတာ ရှင်ဘုရင်ကိုးကွယ်တဲ့၊ ဘုန်းမီးနေလ တောက်ပနေတဲ့ နာမည်ကျော် ဆရာတော်ဘုရားကြီး ဆိုပါတော့ကွာ။ အမှန်က ကိုရင်ကလေးလည်း ဆရာတော်ဘုရားကြီးဆိုတဲ့ နာမည်ကို ကြားဖူးနေတာပဲရှိတယ်၊ ဆရာတော်ဘုရားကြီးရဲ့မူက ဘယ်လိုဘယ်ဝါဆိုတာ ဘာမှသိတာမဟုတ်ဘူး။ ဒါပေမယ့် အောင်စာရင်းထွက်လာတော့ ကိုရင်ကလေးက “အထူအောင်”နဲ့ အောင်သတဲ့ ဖိုးသာဒင်ရေ။ ဒီခေတ်စကားနဲ့ ပြောရရင်တော့ ဂုဏ်ထူးနဲ့ အောင်တယ်ပေါ့ကွာ’
‘ဟင် … ဘာဆိုင်လို့လဲ၊ သူမှ တကယ် ဆက်မဖြေနိုင်တာကြီးကို …’


ဖိုးသာဒင်က ဘ၀င်မကျလေသံနဲ့ စောဒကတက်တယ်။


‘အေးလေ၊ ဒါပေမယ့် အဖြေလွှာကို စစ်ရတဲ့ ဆရာတွေကိုယ်တိုင်က အဖြေလွှာကြည့်ပြီး မျက်မှောင်ကြုတ်တဲ့သူက ကြုတ်၊ ခေါင်းကုတ်တဲ့သူက ကုတ် ဖြစ်နေတော့တာကိုးကွ။ “ဟံသာဝတီ ဆရာတော်ဘုရားကြီး၏ မူ”ဆိုတာကို သူတို့လည်း သေသေချာချာ ဂဃနဏ သိတာမဟုတ်ဘူး။ ဒါပေမယ့် ဆရာတော်ကြီးရဲ့ အရှိန်အ၀ါကလည်း ကြီးလွန်းလှတာဆိုတော့ အရမ်းလည်း မပယ်ရဲဘူးကွ။ နောက်ဆုံးတော့ မထူးပါဘူး ကိုယ်တော်ရာ၊ အအောင်သာ ပေးလိုက်ကြပါစို့။ “ဟံသာဝတီ ဆရာတော်ဘုရားကြီး၏ မူ”လို့ ရဲရဲဝံ့ဝံ့ ရေးဖြေ၀ံ့တာ ဒီကိုရင်တပါးပဲ ပါတာ။ ဒီတော့ သူ့ကို အထူးအောင်အဖြစ် ပေးလိုက်ကြပါစို့ ဖြစ်ကရော။ ဒါကြောင့် အမှန်တရားဆိုတာ ဝေေ၀၀ါးဝါး ဇဝေဇ၀ါ လူတွေနဲ့တွေ့ရင်လည်း ဇွတ်တရွတ် အနိုင်ကျင့်ခံရတတ်သေးတယ်လို့ ပြောတာကွ။ မင်းလည်း လူတကာက မှန်တယ်ပြောတိုင်း အရမ်းလက်မခံမိစေနဲ့ဦး။ တော်ကြာ ငါပြောတဲ့ “ဟံသာဝတီ ဆရာတော်ဘုရားကြီး၏ မူ” ဆိုတာမျိုးနဲ့ တည့်တည့်တိုးလို့ ချောက်ကျနေဦးမယ်”


ဖိုးသာဒင် သဘောကျ ရယ်လိုက်တာလေ မျက်စိကိုပိတ်ရော၊ ဒါပေမယ့် အဲဒီနေ့က “လောကကြီးမှာ ဘာမှ အလကားမရ၊ ကိုယ်ကပေးမှ ကိုယ်ပြန်ရ”ဆိုတဲ့ ပို့ချချက်ကိုတော့ အတော်ကြီးသဘောကျ ကျေနပ်သွားဟန် တူတာပဲ။ နောက်ရက် နောက်ရက် တွေမှာလည်း သူက အဲဒီသံပြားပေါ်က စာကြောင်းကလေး မှိန်မှိန်လာတိုင်း ထင်ရှားအောင် မီးသွေးခဲနဲ့ ဖိဖိပြီး ထပ်ထပ်ပြန်ရေးနေတာ တွေ့ရတော့တာကိုး။


(၄)


သတင်းရတဲ့နေ့မှာပဲ ကျွန်တော်တို့ ဖိုးသာဒင်ဆီရောက်ကြတယ်။ ဟုတ်ပါတယ်၊ ကြားရတဲ့ သတင်းဆိုးက အမှန်ပါပဲ။ ဖိုးသာဒင်ကလေးရဲ့ ညာဘက်ခြေသလုံးမှာ ကျောက်ပတ်တီး ဖွေးဖွေးကြီး စည်းလို့။


‘ဆရာဝန်ကြီးက ညို့သကျည်းရိုးက ထက်ပိုင်းကျိုးသွားတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အက်ပြီး ကျိုးလုလု ပြင်းထန်တယ်ပြောတယ်။ တော်ပါသေးရဲ့၊ သူက အသက်ငယ်ရွယ် သေးတဲ့ သွေးသားတက်နေချိန်မို့ သိပ်မကြာခင်မှာပဲ အရိုးပြန်ဆက်ပြီး ပြန်ကောင်းသွားမှာပါ ဆိုလို့’


ဆေးရုံကုတင်ဘေးက ဖိုးသာဒင်ရဲ့အမေက ရှင်းပြတာပါ။ ဖိုးသာဒင်ကတော့ ခပ်ပြုံးပြုံးပဲ ပြောပါတယ်။


‘ဟုတ်တယ်၊ ထန်းပင်ပေါ်က ပြုတ်ကျတယ်ဆိုပေမယ့် “အောက်ရင်းထောင်” အလယ်လောက်က ပြုတ်ကျတာဆိုတော့ သိပ်မမြင့်လို့သာပေါ့။ နက်ဖြန် သန်ဘက်ပဲ ဆေးရုံက ဆင်းမှာပါ။ ဒီကြားထဲတော့ ကျွန်တော့်အစ်ကို တ၀မ်းကွဲကိုပဲ ထန်းတက်ဖို့ အကူအညီတောင်းရတော့မှာပဲ။ ပြန်ဆက်သွားမှာပါ ဆရာတို့ရာ၊ ပူစရာမရှိပါဘူး’


ဟုတ်ပါတယ်။ သူ့အသက်အရွယ်ကလေးနဲ့ပြောရရင် “တက်လူ”ပဲ။ ခြေသလုံးရိုးကိုလည်း ကျပ်စည်းပြီး အပေါ်က ကျောက်ပတ်တီးကိုင်ထားပြီးပြီပဲ။ ပူစရာ မရှိလှပါဘူးလို့ ကျွန်တော်တို့လည်း သဘောရကြပါတယ်၊ စိတ်အေးကြရပါတယ်။ ဒါပေမယ့် ဘယ်မှာ ဟုတ်လို့တုန်း၊ မထင်မှတ်တဲ့ ပူစရာကြီးက မထင်မှတ်တဲ့ထောင့်ကနေ ၀င်လာတာကို တွေ့ကြရပါလေရောလား။ ကျွန်တော်တို့ မျှော်လင့်မထားခဲ့ဘဲ ၀င်လာခဲ့တဲ့ ပူစရာကြီးကို သယ်ဆောင်လာခဲ့တာက တခြား မဟုတ်ဘူး။ ဖိုးသာဒင်ရဲ့ အင်မတန်မာကျောတဲ့ ကျောက်ပတ်တီးကြီးအောက်ထဲကို ၀င်လာခဲ့တဲ့ ကြမ်းပိုးတကောင် ဖြစ်ကြောင်းပါ။


(၅)


ကိုယ်ချင်းလည်း စာတယ်၊ ဒေါသလည်း ထွက်တယ်၊ စိတ်လည်း မကောင်းဘူး။ ဖိုးသာဒင် ကြုံလာရတဲ့ ကြံကြံဖန်ဖန် ဒုက္ခနဲ့ပတ်သက်လို့ ပြောတာပါ။ နောက်တပတ်လောက်မှာ ကျွန်တော်တို့ ဖိုးသာဒင်ရဲ့တဲကို ရောက်ကြတယ်။ ဖိုးသာဒင်မှာ မျက်တွင်းချောင်ကလေးနဲ့၊ ည ည မအိပ်ရလို့ အိပ်ရေးပျက်တာ လေးည ရှိနေပြီတဲ့။


‘ခြေကျိုးတာ အကြောင်းမဟုတ်ဘူး ဆရာတို့ရေ၊ ကျွန်တော့်ကျောက်ပတ်တီးထဲမှာ ၀င်နေတဲ့ ကြမ်းပိုးကမှ တကယ့်အကြောင်း။ ကျွန်တော့်တဲကို ပြန်ရောက်ပြီးမှ ဘယ်ညက ၀င်လိုက်မှန်းမသိဘူး။ ၀င်နေတာကတော့ သေချာတယ်၊ အသားကုန် ကိုက်နေတာ။ ခဏနေရင်း စစ်ခနဲ စစ်ခနဲ။ ဟိုနေရာ ရွှေ့ကိုက်လိုက်၊ ဒီနေရာ ရွှေ့ကိုက်လိုက်၊ ထင်သလို သောင်းကျန်းနေတာဗျ။ လှမ်းကုတ်ရအောင်ကလည်း ဒီလောက်မာတဲ့ ကျောက်ပတ်တီးကြီးပေါ်ကနေ ဘယ်လိုလုပ် ကုတ်နိုင်မှာတုန်း၊ ကျောက်ပတ်တီးကြီးကလည်း ဖြေဖို့ ရက်မစေ့သေး၊ ဖြေလည်း မဖြေတတ်။ ဒုက္ခကြီးပါပဲ ဆရာတို့ရယ်၊ ဘယ်လို နှိမ်နှင်းရမှန်းမသိလို့ ရလိုရငြားဆိုပြီး အခုလိုလုပ်ကြည့်နေတာ။ ဒါလည်း မထူးခြားပါဘူး’


အသံကိုကြားရရုံနဲ့တင် ဘယ်လောက် စိတ်ဒုက္ခရောက်နေတယ်ဆိုတာ သိသာတယ်။ လက်ထဲမှာလည်း စက်ဘီးစမုတ်တိုင်ဟောင်းလေးတချောင်း ကိုင်လို့။ ကြမ်းပိုးကိုက်တဲ့ နေရာကို မှန်းပြီး ကျောက်ပတ်တီးကြားကနေ လှမ်းလှမ်းထိုးနေရင်းက ပြောနေတာပါ။ ကျွန်တော်စိတ်အိုက်သွားတယ်။ ကဗျာဆရာကတော့ ဒေါသတွေ လှိမ့်ထွက်တော့တာပါပဲ။ သူက ကြမ်းပိုးကို အသေမုန်းတဲ့ အဘိဓမ္မာပိုင်ရှင်ကိုး။


‘တောက် … အတော်ဆိုးတဲ့ အဖြစ်ပဲ။ လောကမှာ ဘယ်သူ့ကိုမှ အကျိုးမပြုတဲ့၊ သူများသွေးစုပ်ရုံသက်သက်နဲ့ နေထိုင်ရှင်သန်တဲ့ သတ္တ၀ါတွေထဲမှာ ကြမ်းပိုးက ထိပ်ဆုံးကပါသကွ၊ ဒီသတ္တ၀ါက ရိုးရိုးမဟုတ်ဘဲ ခြေကျိုးလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်ဖြစ်နေရပါတယ်ဆိုတဲ့ မင်းလို ဒုက္ခိတကိုမှ အကာအကွယ် ကောင်းကောင်းယူပြီး ကျကျနနကြီး သွေးစုပ်နေတယ် ဆိုတာကတော့ တပူပေါ် နှစ်ပူဆင့်ပေါ့ကွာ။ အပါးဝလွန်း အားကြီးနေပြီ။ ဒါပေမယ့် မင်း ခုလို စက်ဘီးစမုတ်တိုင်နဲ့ ထိုးနေတာမျိုးကတော့ အပိုပဲကွ။ မမြင်ရတဲ့ ရန်သူကို မသေမချာ မထိရောက်တဲ့နည်းနဲ့ မျက်မှန်းရမ်းဆ လှမ်းတိုက်ရသလို ဖြစ်နေတယ်။ ငါတို့ နည်းလမ်းရှာဦးမယ်’


အဲဒီနေ့က ပြန်လာကြတော့ ဖိုးသာဒင်ရဲ့ ကျောက်ပတ်တီးကြားက ကြမ်းပိုးက ကျွန်တော်တို့ခေါင်းထဲပါလာပြီး နှစ်ယောက်စလုံးရဲ့ ဦးနှောက်ကို တစစ်စစ် ကိုက်တော့တာပါပဲ။ မခံချင်စရာကလည်း အတော်ကောင်းသကိုး။ စာနာခံစား ကြည့်မိပါတယ်။ ကုတ်လို့မရတဲ့ ကျောက်ပတ်တီးမာမာကြီးအောက်က ကိုက်နေတဲ့ ကြမ်းပိုးဟာ ခြေသလုံးသားနဲ့တကွ “စိတ်”ကိုပါ ကိုက်နေတာပဲ။ ခြေသလုံးသား အကိုက်ခံရတာ မှန်ပေမယ့် ပိုနာ ပိုယား ပိုခံစားရတာက အသည်းနှလုံးကလွဲလို့ ဘာဖြစ်နိုင်ဦးမှာတဲ့လဲ။ သူ့ကို လက်တုံ့ပြန်ဖို့ နောက်ထား၊ သူပေးတဲ့ ဒဏ်ချက်အတွက် အယားဖြေခွင့်ကလေးမှ မရတဲ့အဖြစ်။ ခံရတဲ့သူမှာ ဝေဒနာက သူ့အလိုအလျောက် အော်တိုမစ်တ ရှန်တိန်လုပ်ပြီး မူလခြေကျိုးဝေဒနာက ဒုတိယ၊ အဲဒီ မောင်မင်းကြီးသား ကိုယ်တော်မြတ် ကြမ်းပိုးကပေးတဲ့ ဝေဒနာက ပထမဖြစ်လာမှာ ဧကန်ပဲလေ။


ကဗျာဆရာကမေးတယ်။


‘ကျောက်ပတ်တီးကို ဖြေချလိုက်ရင်ကောဗျာ’
‘ဘယ်ဖြစ်မလဲဗျ၊ ရက်မစေ့ဘဲဖြေတော့ ခြေကျိုးတဲ့ဒဏ်ရာအတွက် ကုသထားရသမျှ အဟောသိကံ ဖြစ်ကုန်မှာပေါ့။ ခုဖြေ၊ ခုပြန်စည်း ဆိုတာမျိုးလုပ်ရအောင် ဖိုးသာဒင်က ဆရာဝန်ကြီးရဲ့သားလည်းမဟုတ်ဘူး။ အဲလိုအခွင့်အရေးထူးမျိုးလည်း ဖိုးသာဒင်မှာ ရစရာလမ်းမရှိဘူး’


ကျွန်တော် ချက်ချင်းကန့်ကွက်မိတယ်။ ပြီးတော့ နောက်တနည်းကို ကျွန်တော်က အဆိုတင်လိုက်တယ်။


‘အဲဒီ ကြမ်းပိုးသေအောင် ကြမ်းပိုးသတ်ဆေး အဆိပ်ရည်တွေဖျော်ပြီး ပတ်တီးကြားက လောင်းချပစ်လိုက်ရင်ကောဗျာ … မအိုကေလောက်ဘူးလား’
‘ဒါလည်း မဖြစ်နိုင်ဘူး ကိုယ့်လူ။ အဆိပ်ရည်တွေက ကြမ်းပိုးတော့သေပါရဲ့၊ အဲဒီ ပိတ်လှောင်နေတဲ့ ခြေသလုံးသားထဲ တစိမ့်စိမ့်ဝင်နေပြီး Side Effect ၀င်လာရင် ဘယ်လိုလုပ်မတုန်း။ အဆိပ်ရည်ကြောင့် အသားတွေလောင်ပြီး ရိရွဲကုန်မှအခက်’


ကျွန်တော်တင်လိုက်တဲ့ အဆိုကို ကဗျာဆရာက ပယ်ချပြန်ရော။ ဟိုလို လှည့်တွေးလိုက်၊ ဒီလိုလှည့်တွေးလိုက်၊ တခုခုသော အကြောင်းပြချက်၊ စိုးရိမ်ချက်နဲ့ နှစ်ယောက်သား သံသရာလည်နေလိုက်ကြတာ။ ကျွန်တော်တို့ရဲ့ တွေးတောမှု၊ ဖြစ်နိုင်ခြေ၊ မဖြစ်နိုင်ခြေ မှန်းဆမျှော်မြင်မှု၊ ခံစားမှုအားလုံးဟာ ဖိုးသာဒင်ရဲ့ ကြမ်းပိုးနဲ့ အကြီးအကျယ် စစ်ခင်းနေခဲ့ကြတဲ့အတိုင်း နွမ်းလျလို့၊ ခြေကုန်လက်ပန်းကျလို့။ ဒါပေမယ့် ဘယ်မှာလဲ … တိကျတဲ့အဖြေ၊ မဆုံးနိုင်တဲ့ဝင်္ကပါကြီးထဲ ပတ်နေကြရသလိုပဲ။


အင်း … ကျွန်တော်တို့ကသာ အဲဒီပြဿနာကို အမျိုးမျိုး ချိန်ဆမှန်းမျှော်တွေးတောနဲ့ မောနေခဲ့ကြရတာပါ။ တကယ်မှာက တခုတည်းသော အဖြေကို ဖိုးသာဒင်က ထုတ်ထားနှင့်ပြီး ဖြစ်နေခဲ့တယ်။


(၆)


နောက်တပတ်လောက်မှာ ကျွန်တော်တို့ရောက်သွားတော့ ဖိုးသာဒင်ကို ပြုံးပြုံးရွှင်ရွှင်နဲ့ တွေ့ရတယ်။ တွေ့တွေ့ချင်းပဲ သူက၀မ်းသာအားရနဲ့ ဆီးပြောပေတော့ရဲ့။


‘ကျွန်တော့်ပတ်တီးထဲက ကြမ်းပိုးတော့ ကိစ္စချောသွားပြီ ဆရာတို့။ ကျွန်တော်လည်း နေသာထိုင်သာ ရှိနေပြီ။ ဆရာတို့ပြောတဲ့အတိုင်း တချက်တည်းတွေးပြီး လုပ်ချလိုက်တာလေ’


… ဆိုတော့ ကျွန်တော်တို့ မျက်လုံးပင့်မိကြတယ်။ ဘယ့်နှယ်တုန်းဟ၊ ဘယ်လိုလုပ်လိုက်တာတုန်း၊ တို့လည်း ဘာမှမပြောမိပါကလား။ အလိုလိုမှ အဲဒီကိစ္စ အဖြေမရ ဖြစ်နေရတဲ့အထဲပေါ့လေ။


‘နေပါဦး … တို့က ဘာပြောမိလို့ မင်းက ဘယ့်နှယ်လုပ်လိုက်တာတုန်း သာဒင်ရဲ့၊ ရှင်းစမ်းပါဦး’
‘လောကကြီးမှာ ဘာမှ အလကားမရ ဆိုတာလေ။ အဲဒါကို တစိမ့်စိမ့်တွေးပြီး သဘောကျအားတက်လာတာနဲ့ ချထည့်လိုက်တာပဲ။ ရေနွေးအိုး ပွက်ပွက်ဆူအောင်တည်ပြီး ကြမ်းပိုးကိုက်နေတဲ့ ဘက်ခြမ်းကို တချက်တည်း အသားကုန်လောင်းချပစ်လိုက်တာ။ ခဏကြာတော့ ဒီကောင် ငြိမ်သွားရော။ နောက်ပိုင်း လုံးဝမလှုပ်ရှားလာတော့ဘူး၊ မှတ်ကရော’


ကျွန်တော်တို့ မျက်လုံးပြူးသွားကြတယ်။ ပက်ပက်စက်စက်ကြီးပါလား။ ကျောင်းဒကာလိုပေါ့။


‘ဟကောင်ရ၊ ရေနွေးပွက်ပွက်ဆူကြီးနဲ့ဆိုတော့ မင်းအသားလည်း ကျက်သွားမှာပေါ့ကွာ’
ကဗျာဆရာက “မိုက်တဲ့ကောင်ပဲ”ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ မေးလိုက်တော့ ဖိုးသာဒင်က ခပ်ရိုးရိုးပဲ သူ့အမြင်ကို ပြန်ပြောပါတယ်။ ဘာ အကွေ့အ၀ိုက်မှ မပါဘူး၊ ရှင်းရှင်းကလေး။


‘ဟိုက အသက်လေ ဆရာ၊ သူ့ “အသက်”ကို လိုချင်မှတော့ ကိုယ်ကလည်း “အကျက်”လောက်တော့ ပြန်ပေးရမှာပေါ့။ ကိုယ်က မပေးရင် ကိုယ်လည်း ဘာမှပြန်မရဘူးလို့ ဆရာတို့ပဲ ပြောတာပဲ၊ အမှန်တရားပဲလေ။ နောက်တခု … အမှန်တရားဆိုတာ ရိုးသလောက် ပြင်းထန်တယ်ဆိုတာလည်း ကျွန်တော် သိသွားပြီ ဆရာ။ သူ့ကိုချရင်း ကျွန်တော်လည်း တော်တော် အီသွားခဲ့တာကိုး။ နှစ်ရက်လောက် ဆက်ခံလိုက်ရတယ်လေ။ ခုတော့ သက်သာနေပြီ’


တခါတလေ အမှန်တရားရဲ့ ရိုးသလောက် ပြင်းထန်မှုကို ရင်ဆိုင်ဖို့အတွက် ကျွန်တော်တို့လို မရေရာတဲ့ တွေဝေမှန်းဆမှုတွေနဲ့ တချိန်ဆဆ အချိန်ဆွဲပြီး ဆင်ဝှေ့ရန်ရှောင်လုပ်နေမယ့်အစား တချက်တည်းသော ပိုင်းဖြတ်မှုနဲ့ “သာဒင်ကို ဘာထင်သလဲ”ဆိုတဲ့ သတ္တိမျိုး ထုတ်သုံးမှကိစ္စငြိမ်းတယ်ဆိုတာ ဒီချာတိတ်က လက်တွေ့ပြလိုက်သလိုပဲ ခံစားကြရပါတယ်။ ကျွန်တော်နဲ့ ကဗျာဆရာတို့ သက်ပြင်းကိုယ်စီချရင်း တယောက်မျက်နှာ တယောက်ကြည့်နေမိကြတာ အတော်ကြာတယ်။


(၇)


မိတ်ဆွေများ ခင်ဗျား။ဘ၀မှာ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ချစ်ခြင်းမေတ္တာအရေး … ဟိုအရေး၊ ဒီအရေး အ၀၀နဲ့ ပတ်သက်ပြီး တခါတလေ နှလုံးသားကို၊ တခါတလေ ဦးနှောက်ကို၊ တခါတလေ အတွေးအမြင်ကို ကြမ်းပိုးတကောင်ကောင် လာကိုက်ခဲ့ရင်ဖြင့် နှိမ်နှင်းနိုင်ဖို့ သဲလွန်စလေးတခု ရတန်ကောင်းရဲ့လို့ မျှော်လင့်မိတာပါပဲ။ ကျွန်တော်တို့ဟာ အမည်မသိ ကြမ်းပိုးအမျိုးအစားပေါင်းစုံနဲ့ ရင်ဆိုင်သွားကြရဦးမှာက မြေကြီးလက်ခတ်မလွဲ မဟုတ်လား။ ။


နန္ဒာစိုး (ဆင်ဖြူကျွန်း)

2 comments:

Anonymous said...

“သူ့အသက်ကို လိုချင်ရင် … ကိုယ်ကလည်း အကျက် လောက်တော့ပြန်ပေးရမှာပေါ့ …”
ဟုတ်သားပဲ ..
သူ့အချစ်ကို လိုချင်ရင် … ကိုယ်ကလည်း အပြစ်တွေကို ခံနိုင်ရည်ရှိရမှာပေါ့ …နော်။

“အမှန်တရား ဆိုတာ ရိုးသလောက် ပြင်းထန်ပါတယ်။”
ဒါလဲ ဟုတ်တာပဲ … ။
အမှန်တရားကို ရင်ဆိုင်ဖို့ ထင်သလောက် မလွယ်ပါဘူး။
တချက်တည်းသော ပိုင်းဖြတ်မှု နဲ့ သတ္တိ ထုတ်သုံးမှ ကိစ္စငြိမ်းတယ် … တဲ့။
သတ္တိမရှိ တွေဝေသူအဖို့တော့ … အမှားထဲမှာပဲ ပျော်မွေ့နေရအုံးမလား မသိပါဘူး။

ကျောက်ပတ်တီးထဲ ၀င်နေတဲ့ ကြမ်းပိုးတကောင်ကို ရေနွေးလောင်းလို့ သေသွားနိုင်တယ်။ ခံရသူကလည်း အသားကျက်ရုံပါပဲ။
နှလုံးသားထဲ ၀င်နေတဲ့ ကြမ်းပိုးတကောင်ကို ဆွဲထုတ်ဖို့အတွက် … ဦးဆုံး ကိုယ်က ရင်အကွဲခံရမယ် … ။ ကြမ်းပိုး သေမသေတော့ မသိဘူး … ခံရသူက ဘ၀ပျက်မတတ်ပါပဲ။

ကျေးဇူးတင်ပါတယ် ကိုကလိုစေးထူး။
ကျေးဇူးတင်ပါတယ် နန္ဒာစိုး (ဆင်ဖြူကျွန်း)။

linlin said...

thank u, ko klosayhtoo..
i read it when i was young and appreciate it so much.
now found it again thanks to u.