Thursday, March 01, 2007

ဓာတ်ပုံများ၏ ထင်ဟပ်မှု..

အခု ကျနော်တင်ပြမယ့် ပုံများဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သွားတဲ့ ကမ္ဘာလှည့် ခရီးသည်တွေက သူတို့ အမြင်၊ သူတို့ရှုထောင့်ကနေ ရိုက်ကူးသွားကြတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။ သူတို့ ကျနော်တို့ နိုင်ငံကို ဘယ်လိုမြင်ကြပါသလဲ။ ရှုစားကြပါစို့..။

ဒီဈေးတန်းလေးကို ရိုက်ကူးခဲ့သူကတော့ ဘယ်လိုအမြင်နဲ့ ခံစား ရိုက်ကူးခဲ့တယ် ဆိုတာ မပြောတတ်ပေမယ့် ဈေးသည်၊ ဈေးဝယ်တွေနဲ့ ဆူညံနေတတ်တဲ့ မြန်မာပြည် ဈေးကို လွမ်းဆွတ်မိသွားမိပါတယ်။ ဈေးဗန်းကိုကြည့်ပြီး စိတ်ပျက်ပျက်နဲ့ ခေါင်းကုတ်နေတဲ့ အမယ်ကြီး၊ ခပ်လှမ်းလှမ်းက ဈေးတန်းနဲ့ ဓာတ်ပုံရိုက်တာကို လှမ်းကြည့်နေကြတဲ့ ဈေးသည်တချို့ရဲ့ အပြုံး။


ဒီပုံမှာ ဆန့်ကျင်ဘက်နှစ်ခုကို သတိထားမိပါတယ်။ ကျောင်းသူဖြစ်ဟန်တူတဲ့ လုံမပျိုရဲ့ တက်ကြွတဲ့ ခြေလှမ်းနောက်မှာ ခရီးသွားတယောက်တလေဆီက ငွေအကြွေကို စောင့်မျှော်နေတဲ့ တတိယအရွယ် အဖိုးအို။ ဒါသည်ပင် ကျနော်တို့ နိုင်ငံရဲ့ ပြယုဂ်လေလား..။


မြန်မာ စကားပုံတခုရှိပါတယ်။ `မောင်တထမ်း၊ မယ်တရွက်´တဲ့။ ဒါပေမယ့် အခုရွက်နေရတဲ့ မယ်ကတော့ မသက်သာလှပါဘူး။ စက်ဘီးလက်ကိုင်ကို မထိန်းနိုင်ဘဲနဲ့ အနောက်က ကားနဲ့ တိုက်မိလေမှ ဒုက္ခလို့ တွေးပူမိပါရဲ့။


ဒီပုံကိုတွေ့တော့ မမေဓာဝီ ရေးခဲ့တဲ့ 'ဘယ်သူ့လက်ထဲမှာလဲ' ဆိုတဲ့ ပို့စ်ကို သတိရမိပါတယ်။ သူ့ခေါင်းပေါ်က ရွက်ထားတာ စပါးတွဲများလား၊ ဘာများပါလိမ့်လို့ ခန့်မှန်းတွေးမိရင်းနဲ့ လက်ဖြန့်တောင်းနေရတဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်လေးတွေကို မြင်တော့ စိတ်မသက်မသာ ဖြစ်ရပါတယ်။


မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ အခွင့်အရေးတွေ ရနေပါပြီ။ ရင်ဘောင်လဲ တန်းနေပါပြီဆိုတာကို ဒီပုံက ပြနေပါတယ်။ ဒါပေမယ့် အခြေအနေ သိပ်မကောင်းပါ။


ဒီပုံကို ရိုက်ကူးခဲ့တဲ့ တိုးရစ်က ပုံရဲ့အောက်မှာ ဒီလိုဖော်ပြခဲ့ပါတယ်-

Yep, this is a whack load of cash here in Burma! The highest denomination was 1000 kyat, which is equal to $1 CAN. We went through it pretty fast. In order to get it we had to use the "Black Market". Our taxi driver from the airport to our hotel arranged it for us. Luckily we weren't caught. The exchange rate "officially" is, 6 kyat to $1 CAD. HA! It's pretty whacked!


ဦးသူတော်လဲ မဟုတ်၊ ရသေ့လဲမမည်တဲ့ ဒီပုဂ္ဂိုလ်က ဘာကျင့်စဉ်တွေကို ကျင့်ပါလိမ့်။ ရုပ်ရှင်ထဲက အရည်းကြီးတွေနဲ့ အလားသဏ္ဍာန်တူတဲ့ ဒီပုဂ္ဂိုလ်ကြီး သူ့ရှေ့တည့်တည့်ကနေ နိုင်ငံခြားသားက ဓာတ်ပုံရိုက်ယူသွားတာတောင် သိလိုက်ပုံ မရပါဘူး။ သိပ်တော့လဲ မပြောရဲပါ။ မြန်မာပြည်မှာက သူ့လိုလူတွေ ကောင်းစားနေတော့လဲ ခက်သားလား။

မှိုင်တွေ ငိုက်မြည်းနေတဲ့ အဲဒီ အနှေးယာဉ် လုပ်သားကြီးနဲ့ အတူ မြန်မာအလံငယ်လေးကလဲ စိတ်ဓာတ်တွေ ကျနေတယ်ထင်ပါ့။


တခြားပုံတွေကို ကြည့်ရင်း ရင်မောမိခိုက်မှာ ဒီပုံထဲက ကလေးငယ်လေးတွေကို တွေ့တော့ စိတ်ထဲမှာ အေးချမ်းသွားပါတယ်။ အပြစ်ကင်းလိုက်တဲ့ ကလေးငယ်လေးတွေ၊ ဒီကလေးလေးတွေထဲက တယောက်သောသူဟာ ကျနော်တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ ၀င့်ကြွားစေနိုင်တဲ့ နိုင်ငံတခုဖြစ်လာအောင် စွမ်းဆောင်နိုင်သူ၊ ငြိမ်းချမ်းခြင်းတွေကို ဆောင်ကြဉ်းပေးလာနိုင်သူ ဖြစ်လာပါစေသားလို့ ဆုတောင်းရင်း ဒီပို့စ်ကို အဆုံးသတ်လိုက်ပါတယ်။

ကလိုစေးထူး


2 comments:

Anonymous said...

oh..thnks alot. great post!

Anonymous said...

ဒီဓာတ်ပုံတွေကြည့်ပီး … သက်ပြင်းပဲချမိပါတော့တယ်။