Friday, March 23, 2007

ပြည်သူ့အတွက်... ပြည်သူ့အတွက်...

`တိတ်.. နိတ်.. သုံး…လေး … တိတ်နိတ်သုံးလေး.. တိတ်နိတ်သုံးလေး ပြည်သူ့စစ်သား.. ပြည်သူ့စစ်သား… ပြည်သူ့စစ်သား…´

မနက်ဝေလီ ဝေလင်း မြူထူထူထဲမှာ စစ်ဖိနပ်တွေရဲ့ မြေကြီးပေါ် ဆောင့်နင်းသံ ခပ်ပြင်းပြင်းနဲ့အတူ အထက်ပါ အသံက ဟိန်းလို့ ထွက်လာပါတယ်။ အသံလာရာကို ကြည့်လိုက်တော့ မနက်ခင်း အပြေးလေ့ကျင့်ခန်း ထွက်လာဟန်တူတဲ့ တပ်သားသစ် သင်တန်းသားများ..။ `ရှေ့တလက်မ နောက်ပြောင်´ လို့ ကျနော်တို့တွေ အရပ်ထဲမှာ စနောက်ပြီး ခေါ်လေ့ရှိတဲ့ နောက်စေ့ ပြောင်ပြောင် ဦးစွန်းဖုတ် ဆံပင် ကိုယ်စီနဲ့ ကျနော် ထိုင်နေရာ `ရှင်သန်ခြင်း´ ကဖေးရဲ့ အရှေ့ကနေ ဖြတ်သွားကြပါတယ်။

နောက်ကျောမှာ သဲအိတ်ကိုယ်စီပိုးလို့ လေးလေးမှန်မှန်ပြေးနေကြတဲ့ သူတို့ လူအုပ်ထဲမှာ တယောက်ယောက်ကို တွေ့လေမလားလို့ အငမ်းမရ လိုက်ကြည့်မိပါတယ်။ ဟော..တွေ့ပြီ။ ဟိုးနောက်ဘက်ကျကျ အတန်းမှာ ပိုးထားရတဲ့ သဲအိတ်က မနိုင်မနင်း ဖြစ်နေဟန်နဲ့ ကောင်လေး။ ခြေလှမ်းတွေကလည်း အရှေ့လူကို မနည်း အမှီလိုက်နေရတဲ့ ဟန်..။ နည်းပြဖြစ်ဟန်တူသူရဲ့ အသံက ဟိန်းထွက်လာပြန်တယ်။

`အမှတ်စဉ်.. အမှတ်စဉ်.. အမှတ်စဉ် ………. ဆို´

***

`ရှင်သန်ခြင်း´ ကဖေးဆိုတာက ကျနော်တို့ မြို့လေးရဲ့ မြို့လယ်လို့ ဆိုရမယ့် နေရာက လက်ဖက်ရည် ဆိုင်လေးပါ။ ဆိုင်လေး တည်နေတဲ့ နေရာက ဟိုးဘက် တောနယ်က မနက်စောစော ဈေးလာရောင်းတဲ့ လှည်းတန်းလာတတ်တဲ့ လမ်းနဲ့ မြို့ရဲ့ တခုတည်းသော ကတ္တရာ လမ်းဆုံထောင့် ဖြစ်နေတဲ့ အပြင် ဈေးနဲ့လည်း အနီးလေးဆိုတော့ အခုလို မနက်စောစောဆိုရင် မြင်ကွင်း အစုံမြင်ရတတ်ပါတယ်။

သံပုရာသီး၊ ရှောက်သီးအပြည့်နဲ့ တအိအိမောင်းလာတတ်တဲ့ လှည်းမောင်းသံ တဂျွိဂျွိ၊ ဈေးတောင်းကိုယ်စီ၊ အပိုးအလွယ် ကိုယ်စီနဲ့ ဈေးရောင်းလာတတ်တဲ့ တောသူတောင်သားများ၊ သနပ်ခါးက ထူလပျစ်၊ သင်တိုင်းဖြူဖြူ အရောင်ညစ်နဲ့ ကရင်လုံမပျိုလေးများကို ဒီဆိုင်လေးရဲ့ မနက်ခင်းမှာ တွေ့နိုင်သလို နယ်မြေခံ တပ်ရင်းက ဖွင့်လှစ်တဲ့ တပ်သားသစ်သင်တန်းသား ပဲကတုံးလေးတွေကိုလည်း မြင်ရနိုင်တဲ့ ဒီဆိုင်လေးမှာ မနက်စောစောတိုင်း ကျနော် ဆိုင်ထိုင်ဖြစ်ပါတယ်။ လက်ဖက်ရည်လည်း သောက်ရင်း၊ နံနက်ခင်း မြင်ကွင်းတွေကိုလည်း ငေးမော ခံစားရင်းနဲ့ပေါ့..။

အဲဒီကောင်လေးကို ကျနော် သတိထားမိတာ ရက်အတန်ကြာခဲ့ပါပြီ။ မျက်နှာထားလေးက ကလေးတယောက်လို နုနယ်နေပေမယ့် နေလောင်နေတဲ့ သူ့အသားရောင် နီကျင်ကျင်က သူဝတ်ထားတဲ့ ၀တ်စုံစိမ်းနဲ့ မလိုက်ဖက်လှစွာ သူ့ရဲ့ အပြစ်ကင်းတဲ့ နုပျိုခြင်းကို ဖျက်ဆီးလို့နေပါတယ်။ ဒီမြို့လယ်ကို သူတို့ လူအုပ်ရောက်လာတိုင်းမှာ သူ့မျက်လုံးတွေက ကျနော်ထိုင်နေရာ ဆိုင်ဘက်ကိုကြည့်ရင်း၊ တခါတလေတော့လည်း တောနယ်က ဈေးလာရောင်းသူတွေ လာရာ လမ်းဖက်ကို ကြည့်ရင်း နှုတ်ကတော့ သူ့နည်းပြဆရာ အမိန့်အသံအတိုင်း ရွတ်ဆိုရင်း လိုက်ပါသွားတတ်ပါတယ်။

`ဘာလုပ်နေလဲ´
`လေ့ကျင့်နေတယ်´
`ဘယ်သူ့အတွက်လဲ´
`ပြည်သူ့အတွက်´
`ဘာစိတ်ဓာတ်လဲ´
`သံမဏိစိတ်ဓာတ်… သံမဏိစိတ်ဓာတ်… သံမဏိစိတ်ဓာတ်´
အစိမ်းရောင် လူအုပ်ကြားထဲ ရောနှောပါသွားတဲ့ ကောင်လေးကို ကြည့်ရင်း စိတ်ထဲမှာ မှတ်ချက်တခုကို ကရုဏာသက်စွာ ချလိုက်မိပါတယ်။

`ဒီကောင်လေး အသက်ဆယ့်ရှစ်နှစ် ဘယ်လိုမှ မပြည့်နိုင်ဘူး…´

***

ညတညမှာတော့ ဖယောင်းတိုင် မီးရောင် မှိန်မှိန်နဲ့ အတူ အိမ်ထဲမှာ စာဖတ်နေတုန်း အိမ်အပြင်ကနေ ခပ်အုပ်အုပ် ခေါ်သံတခုကို ကြားလိုက်ရပါတယ်။

`အကို.. အကို.. ´

အိမ်တံခါးကို ကမန်းကတန်းဖွင့်ပေးလိုက်တော့.. ။ ဟင်.. ဟိုကောင်လေး။ ဘယ်လိုဖြစ်လာတာပါလိမ့်။ ကောင်လေးက ကျနော် တံခါးဖွင့်လိုက်တာနဲ့ သူ့နောက်ကို တယောက်ယောက် အနောက်က လိုက်လာမှာ စိုးရိမ်ဟန် တချက်လှည့်ကြည့်ရင်း အိမ်ထဲကို ခပ်သွက်သွက်လေး ၀င်ပါတယ်။ ပြီးတော့.. တုန်တုန်ယင်ယင်နဲ့ မျက်ရည်တွေ ၀ဲလို့ စကားတခွန်းပြောပါတယ်။

`ကျနော့်ကို ကယ်ပါ အကို၊ ကျနော် အိမ်ပြန်ချင်တယ်၊ ကျနော့်ကို အိမ်ပြန်ပို့ပေးပါ´

ဟာ.. ဒါဆို၊ သူ.. သူ ထွက်ပြေးလာတာပေါ့၊ သူ စစ်တပ်ထဲက ထွက်ပြေးလာတာပေါ့။ ကျနော့်ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းသံတွေ စီကနဲ ညံသွားပါတယ်။ အိမ်အပြင်ကိုလည်း တယောက်ယောက်များ ရှိနေလေမလားလို့ မလုံမလဲနဲ့ ကြည့်မိပါတယ်။ တယောက်မှ ရှိဟန်မတူဘူးလို့ စိတ်ချရတော့မှ အိမ်တံခါးတွေကို အားလုံး လိုက်ပိတ်လိုက်ပါတယ်။

`ကဲ.. ပြောကွာ၊ ညီလေး၊ မင်းဘယ်လိုဖြစ်လာတာလဲ´

အဲဒီနောက်မှာတော့ ကောင်လေးရဲ့ အတိတ်ကို သူနဲ့အတူ ကျနော်ပါ စီးမျော လိုက်ပါသွားမိပါတော့တယ်။

***

`ဒီလိုပါ အကို၊ ကျနော့်အသက်က ၁၅ နှစ်ပဲ ရှိပါသေးတယ်၊ အင်းစိန်မှာ နေပါတယ်။ ကျောင်းနေတုန်းပါ။ ကိုးတန်းပေါ့။ အိမ်မှာဆို ကျနော် အငယ်ဆုံးပါ အကို၊ အားလုံးကလည်း အလိုလိုက်ကြတယ်။ အားလုံး အလိုလိုက်တော့ ကျနော်ကလည်း မိဘနဲ့ အကိုအမတွေအပေါ် ဆိုးတာပေါ့။ အဖေကတော့ သိပ်အလိုမလိုက်ချင်ဘူး။ အဲဒီလိုနဲ့.. တနေ့မှာတော့ ကျနော် လိုချင်တဲ့ ဆီကိုဖိုက်နာရီကို အဖေ့ကို ပူဆာတာ အဖေက မ၀ယ်ပေးဘူးလေ။ ဘာရမလဲ။ သောင်းကျန်းတာပေါ့။ ဘယ်လောက် သောင်းကျန်းသောင်းကျန်း အဖေက ၀ယ်မပေးတော့ ကျနော်လဲ အဒေါ်တွေ ရှိတဲ့ မှော်ဘီဘက်သွားမယ်ဆိုပြီး အိမ်က ဆင်းလာပါတယ်´

`အင်းစိန် ဘူတာမှာ ရထားစောင့်နေတုန်း၊ စစ်သားတယောက်က ကျနော့်အနားကို လာတယ်။ မှတ်ပုံတင်ပါလားတဲ့။ နောက်တော့ ဘယ်သွားမှာလဲ၊ ဘယ်မှာနေလဲ အစုံမေးတော့တာပဲ။ ကျနော့်ကို မှတ်ပုံတင် မရှိတဲ့အတွက် မသင်္ကာမှုနဲ့ အချုပ်ထဲ ထည့်လို့ရတာတွေရော၊ ထောင်ချပစ်လို့ ရတယ်ဆိုတာတွေရော အစုံပြောတယ်။ သူခေါ်သွားမယ့် နေရာကို လိုက်ခဲ့ရင်တော့ ထောင်မကျဘူးတဲ့။ အဲဒီနေရာကတော့ စုဆောင်းရေး လေ။ ´

`အဲဒီလိုနဲ့ပဲ နောက်ဆုံးတော့ ကျနော် စုဆောင်းရေးကို ရောက်သွားတယ်။ အဲဒီမှာ ဆယ်ရက်လောက်နေရတယ်။ နောက်တော့ ဒီမြို့က ခလရ(…) မှာ သင်တန်းလာတက်ရတာပါပဲ အကိုရာ။´

`ဒါဖြင့် မင်းအိမ်က မသိကြဘူးပေါ့´
`မသိကြဘူး အကို´
`မင်းအသက် ဆယ့်ရှစ်နှစ်မှ မပြည့်သေးတာ၊ မပြောပြဘူးလား´
`ပြောတယ် အကို၊ ဒါပေမယ့် မရပါဘူး၊´
`အခု၊ မင်းဘာဆက်လုပ်မလဲ´
`ကျနော် ပြေးလာတာ အကို၊ ကျနော် အိမ်ပဲ ပြန်ချင်တယ်၊ ကျောင်းဆက်နေချင်တယ်´

ပြောရင်းနဲ့ မျက်ရည်တွေ တွေတွေကျလာတဲ့ ကောင်လေးကို ကြည့်ရင်း ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားပါတယ်။ ဟုတ်တာပေါ့..။ ဒါ.. ကျောင်းနေသင့်သေးတဲ့ အရွယ်လေ။ ကျောင်းဝတ်စုံဖြူစိမ်းလေးနဲ့ ကျက်သရေ ရှိနေရမယ့် အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းလေး တယောက် ဘယ့်နှယ့်ဖြစ်ပြီး ဒီလိုပုံစံ ဖြစ်နေရပါလိ့မ်။

စဉ်းစားရင်းနဲ့လည်း ဦးနှောက်ကို ခပ်သွက်သွက်လေး အလုပ်ပေးရပါတယ်။ သူ့ကို သူ့အိမ်အရောက်တော့ ပို့ပေးလို့ မဖြစ်နိုင်၊ စစ်တပ်ထဲကိုလည်း ပြန်မအပ်ချင်ပါဘူး။ ဒါပေမယ့် အန္တရာယ်ကတော့ ကြီးပါတယ်။ စစ်ပြေးကို လက်ခံထားရင် ထောင် ၂ နှစ်ချလို့ ရသတဲ့။ ဟူး…။

ကြိုကြားထွက်တတ်တဲ့ ကားတစီးစီးနဲ့ ထည့်ပေးလိုက်ရင် ကောင်းမလား။ မဖြစ်သေးပါဘူး။ လမ်းက ဂိတ်တခုခုမှာ ပြန်မိသွားမှ အခက်။ လမ်းမှာကလည်း ဂိတ်တွေက အများသား။ သူ့အသားအရေ နီကျင်ကျင်နဲ့ ခေါင်းကလည်း ပဲကတုံးနဲ့၊ မလွယ်လောက်ဘူး။

သင်္ဘောနဲ့ ထည့်ပေးလိုက်ရင်ရော..?။ မနက်စောစော ထပြီး လူတွေ အများကြီး မလာခင်သူ့ကို သင်္ဘောပေါ် အရောက်ပို့လိုက်မယ်။ သင်္ဘောထွက်သွားရင် ပြီးပြီ။ အပေါ်ထပ်ကိုတော့ တက်ခိုင်းလို့ မဖြစ်ဘူး။ အပေါ်မှာက အစောင့်ရဲတွေ ပါလာသေးတယ်။ သင်္ဘောထွက်တာနဲ့ ရှောက်သီး၊ သံပုရာသီးထုပ်တွေ ကြားမှာလိုက်သွားရင် လွတ်နိုင်တယ်။ အင်း. ဦးထုပ်တလုံးလည်း ထည့်ပေးလိုက်မှ ဖြစ်မယ်ထင်တယ်။ ငွေလည်း နည်းနည်းလိုမှာပဲ။ ဟုတ်ပြီ…။ သင်္ဘောနဲ့ပဲ ထည့်ပေးလိုက်တော့မယ်။

`ကဲ..ညီလေး´
`ဗျာ´
`ဒီလိုလုပ်
…………………………………….
……………………………………………..
…………………………………………………..´

ကျနော်ပြောတာတွေကို နားထောင်ရင်း ကောင်လေးရဲ့ မျက်လုံးက အရောင်တွေ လက်လာတယ်။ အတောင်မစုံသေးတဲ့ ငှက်ကလေးတကောင်ကို မိဘရင်ခွင်ထဲ ပြန်ထည့်ပေးရဖို့ တခုတည်းသာ စဉ်းစားနေတဲ့ ကျနော့်မှာလည်း ပီတိတွေနဲ့ အတူ ကောင်လေးနဲ့ သူ့မိဘတွေ ပြန်ဆုံမယ့် မြင်ကွင်းကို မျက်စေ့ထဲ ပုံဖော်ကြည့်တယ်။ သူတို့ အပျော်တွေကို မြင်ယောင်ကြည့်မိတယ်။

`ကဲ.. အိပ်တော့ ညီလေး၊´
`ဟုတ်.. အကို´

ဖယောင်းတိုင်မီးကို `၀ူး´ ကနဲ မှုတ်သတ်လိုက်ရင်း။ ပြတင်းတံခါးကို အသာဖွင့်၊ ကောင်းကင်ကို မော့ကြည့်တော့ လမသာတဲ့ ညမှာ ကြယ်ရောင် မှိတ်တုတ်တုတ်က အမှောင်ကို ရတတ်သလောက် အားလေးနဲ့ အံတုနေလေရဲ့။ ဒါပေမယ့် လောကတခွင်မှာတော့ အမှောင်တွေပဲ ကြီးစိုးနေသယောင်ယောင်။

***

မှေးကနဲ အိပ်ပျော်သွားခိုက်မှာ အိမ်တံခါးကို ခပ်ကြမ်းကြမ်း ထုနှက်နေတဲ့ အသံနဲ့အတူ မာထန်တဲ့ အသံတွေကြောင့် အလန့်တကြား နိုးလာပါတယ်။

`တံခါးဖွင့်စမ်း၊ မြန်မြန်´

တံခါးအပွင့်မှာပဲ ဓာတ်မီးရောင်တွေက အိမ်ထဲကို ဖြာကနဲ ကျရင်း ဟိုဟိုဒီဒီ ထိုးလို့ သားကောင်ကို ရှာပါတော့တယ်။

`တွေ့ပြီဟေ့.. တွေ့ပြီ´

ခွေခွေကလေး အိပ်နေတဲ့ သူတို့ရဲ့ သားကောင်၊ အတောင်မစုံငှက်ကလေးကို ကြမ်းတမ်းတဲ့ လက်အစုံနဲ့ အတင်းချုပ်ကိုင် ဆွဲခေါ်ပါတော့တယ်။ တုန်ယင်နေတဲ့ ကောင်လေးက ငိုယိုလို့ တောင်းပန်နေတာက ရင်နင့်စရာ..။

`ဆရာတို့ရယ်.. ကျနော် အိမ်ပြန်ချင်လို့ပါ။ မဖမ်းပါနဲ့… သား.. ကျောင်းပြန်တက်ချင်လို့ပါ၊ မဖမ်းပါနဲ့´

လာခေါ်သူ လူတစုက အရပ်ထဲမှာ သိပ်အကြာကြီး အချိန်ဖြုန်းချင်ဟန်မတူပါဘူး။ ကောင်လေးကို အိမ်ပေါ်က ခပ်ကြမ်းကြမ်းဆွဲခေါ်သွားပါတယ်။ သူတို့ထဲက ရာထူးအကြီးဆုံး ဖြစ်ဟန်တူသူ လူတယောက်က ကျနော့်ကို ရှုတည်တည်နဲ့ ကြည့်ရင်း-

`ညတွင်းချင်း ပြန်မိလို့ မင်းလဲ သက်သာသွားတယ်မှတ်ပါ။ စစ်ပြေးကို လက်ခံထားတယ်ဆိုတာ ထောင်ချပစ်လို့ရတာ မမေ့နဲ့၊ ဒါနောက်ဆုံး အကြိမ်ဖြစ်ပါစေ´

အဲဒီနောက်မှာတော့…

အိမ်ထဲမှာ ကျနော် တယောက်ပဲ ကျန်ခဲ့ပါတယ်။ အတောင်မစုံတဲ့ ငှက်ကလေးရဲ့ ငိုသံလည်း အမှောင်ထဲကို နောက်တကြိမ် တိုးဝင်ပျောက်ကွယ် သွားပြန်ပါပြီ။

နောက်နေ့ မနက်စောစောတွေမှာတော့ ကျနော် `ရှင်သန်ခြင်း´ ကဖေးကို မထိုင်ဖြစ်တော့ပါ။ ကောင်လေးတယောက် အဲဒီ လူအုပ်နဲ့အတူ ပါလာနေဆဲလား မကြည့်ရဲတော့ပါ။ မကြည့်ရက်တော့ပါ။ ဒါပေမယ့် စစ်ဖိနပ်သံ တဖြောင်းဖြောင်းနဲ့ အတူ တခါတလေမှာ ပျံ့လွင့်လာတတ်တဲ့ အသံတွေကို အိမ်ကနေကြားရတတ်ပါတယ်။ အဲဒီအခါတိုင်းမှာ အတောင်မစုံ ငှက်ကလေးကို မြင်ယောင်မိရင်း ထိခိုက်ကြေကွဲစွာ နားကို ပိတ်ထားမိပါတော့တယ်။ ဒါတောင် ပဲ့တင်သံလိုလို တစွန်းတစ ကြားလိုက်မိပါသေးတယ်။

`ဘယ်သူ့အတွက်လဲ´
`ပြည်သူ့အတွက်..
ပြည်သူ့အတွက်..
ပြည်သူ့….
ပြည်သူ့….
ပြည်သူ့..အတွက်´

သြော်…။ ပြည်သူ့အတွက်တဲ့လား။
ကလိုစေးထူး

3 comments:

Anonymous said...

ဒါ တကယ့်ဖြစ်ရပ်လား ကိုကလိုစေထူး ။ ဖတ်ရင်း ရင်နင့်ရတယ် ။ ဗမာပြည်မှာ ဇာတ်လမ်းထဲက ကောင်လေးလို ဆိုးချင်ချင် ဖြစ်နေတဲ့ မောင်ဝမ်းကွဲလေးအတွက်တောင် စိတ်ပူသွားရတယ် ။

Anonymous said...

ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်ရတယ် ကိုသံလွင်။
ပြည်သူ့အတွက် ..ပြည်သူ့အတွက် နဲ့ အော်နေသူတွေထဲမှာ
နှုတ်ဖျားက အော်နေသူက ဘယ်လောက်ရှိမလဲ … ရင်ထဲက အော်နေသူက ဘယ်လောက်ရှိမလဲ … သိချင်လိုက်တာ။
ဘာပဲဖြစ်ဖြစ် မှားတတ်တဲ့ လူငယ်လေးတွေရဲ့ အမှားတချက်ကို အခွင့်ကောင်း ယူပြီး အသုံးမချသင့်ဘူးလို့ ထင်တာပါပဲ။

ကလိုစေးထူး said...

ဟုတ်ကဲ့.. ဒီဝတ္ထုလေးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က တကယ့်အဖြစ်အပျက်ကလေးကို အခြေခံ ရေးထားတာပါ။ အရွယ်မရောက်သေးတဲ့ ကလေးလေးတွေ မရောက်သင့်မရောက်အပ်တဲ့ နေရာကို ရောက်နေကြရတာကို စိတ်မကောင်းဖြစ်မိလို့ ရေးဖြစ်တာပါ။