Monday, March 05, 2007

တနင်္ဂနွေနေ့မှ ဘောလုံးပွဲ…

တနင်္ဂနွေ မနက်က ဖြစ်သည်။

တခြားလည်း ဘယ်ကိုမှ သွားချင်စိတ် မရှိသည်နှင့် တီဗွီဖွင့်လိုက်ရာ ဘောလုံးပွဲ လာနေ၏။ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုးံပွဲ။ ကန်နေကြသော အသင်းများသည်ကား နာမည်ကြီး ထိတ်ထိတ်ကြဲ ကလပ် အသင်းများ မဟုတ်။ ၀က်စ်ဟမ်းနှင့် တော့တင်ဟမ်စပါး။ သို့သော် ပျင်းပျင်းရှိသည်နှင့်ပင် ထိုင်ကြည့်ဖြစ်သည်။

ထိုနှစ်သင်းမှာ နာမည် မကြီးလှသော်ငြားလည်း ခြေရည်တော့ အတန်ငယ် ကွာသည်။ စပါးအသင်းက အဆင့် ၉ မှာ ရှိနေပြီး ၀က်စ်ဟမ်းကတော့ ဇယား အောက်ခြေ အဆင့် ၁၉ မှအသင်း။ ဒီတော့ ၀က်စ်ဟမ်း အသင်းအနေဖြင့် နောင်နှစ်ရာသီမှာ ပရီးမီးယားလိဂ်မှာ ထင်ကျန်နေလိုလျှင် အနိုင်ပွဲများစွာ လိုအပ်နေသည့် သဘောဖြစ်၏။ ယခင်အပတ်တွင်လည်း ချာလ်တန်အသင်းအား အဝေးကွင်းတွင် လေးဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားလေရာ နည်းပြ ကားလ်ဘစ်ရှ်လေ အပေါ်တွင် ဖိအား တစုံတရာ သက်ရောက်နေ၏။

ပထမပိုင်းတွင် ၀က်စ်ဟမ်းက နှစ်ဂိုး သွင်း၏။ ၀က်စ်ဟမ်းပရိသတ်များမှာ တပြုံးပြုံး၊ သူတို့အသင်းကို တခဲနက် အားရပါးရ အားပေးကြသည်။ တိုက်စစ်မှူးတီဗက်စ်မှာ အပျော်လွန်ပြီး အင်္ကျီချွတ် အောင်ပွဲခံမိသဖြင့် အ၀ါကဒ်ပြ သတိပေးပင် ခံလိုက်ရ၏။ ကျနော့် စိတ်အထင်တွင်လည်း ဒီတပွဲတော့ ၀က်စ်ဟမ်း နိုင်လေပြီဟု ထင်လိုက်မိသည်။ နိုင်လဲ နိုင်စေချင်၏။ သူတို့ ရှုံးခဲ့သည်က များလှသည်ကိုး။ သို့သော်….။

ဒုတိယပိုင်း ပွဲအစ ခြောက်မိနစ်အကြာတွင် ၀က်စ်ဟမ်း အသင်းက ပယ်နယ်တီ ပေးလိုက်ရသည်။ စပါးမှ ဒီဖိုး ကန်သွင်းသည်။ ဂိုး၏။ ၀က်စ်ဟမ်း အသင်းသားတွေ ပျာယာခတ်ကုန်၏။ စပါးအသင်းသားများ အားတက်လာ၏။ သို့နှင့်ပင် နောက်ဆယ်မိနစ် အကြာတွင် အရှုံးသမား စပါးအသင်းက ချေပဂိုးသွင်းယူသွားသည်။

အနိုင်ပွဲကို ဆာလောင်ပြင်းပြနေသော ၀က်စ်ဟမ်း အသင်းသားများ တရစပ် တိုက်စစ်ဆင်ပြန်သည်။ သူတို့ ပရိသတ်တွေကလဲ တအုန်းအုန်း၊ သူတို့ ကန်သွင်းသော ကန်ချက်တွေကလဲ တဗုန်းဗုန်းနှင့် တီဗွီမှ တဆင့် ထိုင်ကြည့်နေသော ကျနော်သည်လည်း ရင်ခုန်သံ တဒုန်းဒုန်း ဖြစ်လာသည်။ စိတ်ထဲမှလည်း ဆုတောင်းပေးမိ၏။ ၀က်စ်ဟမ်း နိုင်ပါစေ…။

ထောင့်ကန်ဘောမှ တဆင့် ၀က်စ်ဟမ်း တိုက်စစ်မှူး ဇာမိုရာက ခေါင်းတိုက် ဂိုးသွင်းယူလိုက်သည့် အချိန်တွင်မတော့ ပွဲကစားချိန် ၈၅ မိနစ် ရှိလေပြီ။ ဂိုး….. ဟု အော်ဟစ်သံ ကွင်းလုံးညံသွား၏။ အသင်းပိုင်ရှင် ကတုံးကြီးမှာလည်း ပြုံးဖြီးဖြီး ဖြစ်လာသည်။ အင်း.. ငါးမိနစ်ပဲ ကျန်တော့တယ်ဆိုတော့ သူတို့ နိုင်လောက်ပြီ ထင်ပါရဲ့။

အနိုင်ကို ငါးမိနစ်တာ ထိန်းသိမ်းထားလျှင် အောင်ပွဲရတော့မည့် ၀က်စ်ဟမ်း အသင်းသားများ တကယ့်လက်တွေ့တွင်တော့ စပါးအသင်း၏ တိုက်စစ်တွင် ပျာယာခတ်ကြပြန်သည်။ ယင်းအတွက်ကြောင့်ပင် ၈၉ မိနစ်၌ ဂိုးရှေ့ ဘီးကုပ်စက်ဝိုင်း အစပ်လို အလွန်အန္တရာယ် များသည့်နေရာတွင် ပြစ်ဒဏ်ဘော လုပ်မိ၏။ အလွတ်တည်ကန်ခွင့် ပေးလိုက်ရ၏၊ စပါး တိုက်စစ်မှူး ဘာဘာတော့ဗ် ကန်သွင်းသည်။ ဂိုးပြန်သည်။ ဒီလိုနှင့် သုံးဂိုးစီ သရေ။

ပွဲကစားချိန် မိနစ် ၉၀ စေ့လေပြီ။ ဒဏ်ရာရ နာကျင် အပိုချိန်အတွက် လေးမိနစ် ထပ်ဆောင်းပေး၏။ အနိုင်ပွဲကို မွတ်သိပ်နေသော ၀က်စ်ဟမ်းတို့ တသင်းလုံး တိုက်စစ်ဆင်သည်။ တိုက်စစ်မှူး တီဗက်စ်၏ အပိုင်ကန်သွင်းချက် ဂိုးဘေးမှ ကပ်ထွက်သွားသည်။ အချိန်စေ့ရန် နီးလာလေလေ ပွဲရှိန်က မြင့်တက်လာလေလေ။ စပါးအသင်းသားတို့မှာ ၀က်စ်ဟမ်း တိုက်စစ်ကို အလူးအလဲ ခုခံနေရသည်။

ပွဲချိန်စေ့ရန် စက္ကန့်ပိုင်းအလို….။

နိုင်ချင်ဇောဖြင့် တရစပ် တိုက်စစ်ဆင်နေသော ၀က်စ်ဟမ်းတို့ သူတို့ နောက်တန်းတွင် ဟာကွက် ဖြစ်နေသည်ကို သတိမမူမိလေရော့သလား..။ သူတို့ ကန်ခွင့်ရသော ထောင့်ကန်ဘောမှ ကျွံလာသော ဘောလုံးကို စပါးတိုက်စစ်မှုး ဒီဖိုးက မနားတမ်း ဆွဲယူပြေး၍ ကန်သွင်းလိုက်သည်။ ဂိုးသမား… ဒိုက်ပစ်သည်။ ပုတ်ထုတ်သည်။ သို့သော် စွဲမြဲစွာ မမိ။ အံထွက်လာသော ဘောလုံးကို စပါးတိုက်စစ်မှူးတယောက်က ပြေးပိတ်သည်။ သွားပြီ……..။ ဂိုးပြန်လေပြီ။ ဂိုးသွင်းအပြီး ပွဲချိန်လည်း စေ့၏။ ၀က်စ်ဟမ်းတို့ ရှုံးပြန်လေပြီ။

ကစားပွဲကြေညာသူက `မယုံနိုင်စရာဂိုး´ ဟု မှတ်ချက်ချသည်။ ၀က်စ်ဟမ်း ပရိသတ်များ ငြိမ်ကျသွားသည်မှာ ကရုဏာသက်စဖွယ်ပင် ကောင်းနေသေးတော့…။ အသင်း ပိုင်ရှင်ကတုံးကြီးမှာလဲ သူ့ဦးပြည်းပြောင်ပြောင်ကို ပွတ်သပ်လျက် ခေါင်းငိုက်စိုက်ကျနေလေ၏။ ကစားသမားတချို့ မျက်ရည်စို့၏။ ပရိသတ်တချို့ ငိုပွဲဆင်၏။ ယင်းပွဲကို အမှတ်မထင် ကြည့်မိသော ကျနော်မှာလည်း ရင်မောရလေ၏။

ပြိုင်ပွဲ တခု၏ အဆုံးအဖြတ်သည်ကား အနိုင်အရှုံးဖြစ်လေသည်။ ပွဲချိန်အတွင်း မိမိအသင်း အနိုင်ရအောင် ဘတပြန်၊ ကျားတပြန်ကစားရသည်ကတော့ ပြိုင်ပွဲက ပေးသော ရသဖြစ်သည်။ သို့သော် အနိုင်၏ တည်မြဲမှုကို ပွဲပြီးသည် အထိ ထိန်းသိမ်းရန်ကား ခက်လှတော့သည်။ ပွဲချိန်အတွင်း အသာရနေမှုကို အနိုင်ဟု မဆိုနိုင်၊ နောက်ဆုံး စက္ကန့်ပိုင်းအလိုတွင်ပင် ဖြစ်စေ၊ မဆုတ်မနစ်ဇွဲဖြင့် ကြိုးစားသူတို့မှာ အောင်ပွဲဆင်ရ၏။ အခွင့်ရသည့် အခိုက် လက်မလွတ်စတမ်း အသုံးချနိုင်သူတို့ အနိုင်ရကြ၏။

နိုင်လိုဇောနှင့် ရှေ့ကိုသာ လောနေချိန်တွင်လည်း လစ်ဟာနေသော အနောက်မှ ဟာကွက်ကြောင့် တဖက်လူ၏ တန်ပြန်တိုက်စစ် အောက်တွင်လဲ အချိန်မရွေး မျောသွားနိုင်ပြန်သည်။

တကယ်တော့ ဘ၀ဆိုသည်မှာလည်း ဘောလုံးပွဲ တခုနှင့် အလားသဏ္ဍာန် တူလေရော့သလား မသိ။ ရုန်းကန်ရ၊ လှုပ်ရှားရသည်မှာ ဘတပြန်၊ ကျားတပြန်။ သတိလက်လွတ် ဖြစ်သည်နှင့် ဂိုးပေးရသလို အရှုံးနှင့် တရစပ်ကြုံသွားရမည်။ သို့သော် ဇွဲမလျှော့စတမ်း သတိနှင့်ယှဉ် အားထုတ်လျှင်တော့ အရှုံးဂိုးကို ချေပနိုင်ရုံသာမက အနိုင်ဂိုးပါ သွင်းနိုင်မည်မှာ မြေကြီး လက်ခတ်မလွဲပင်။ တခုတော့ ရှိ၏။

အရှုံးဂိုးတွေ ပေးရပါများလျှင်တော့ ဂိုးပြတ်နှင့် ရှုံးသည့် ပွဲတပွဲ ဖြစ်သွားနိုင်လေသည်။

ကလိုစေးထူး

1 comment:

Anonymous said...

အဲဒီဘောလုံးပွဲကို မကြည့်လိုက်ရပေမဲ့ မနက်ကျတော့ အဖေက ခရေစေ့တွင်းကျ အစအဆုံး ပြန်ပြောပြလို့ ကိုယ်တိုင် ကြည့်ရတာထက်တောင် ကောင်းနေသေးတယ်။ ကိုယ်တိုင် ဆိုရင်တောင် အိပ်ငိုက်နေလို့ သေချာ မြင်လိုက်မှာမဟုတ်ဖူးလေ။ အခု .. ကိုသံလွင်ကလည်း ဒီပွဲကို ရေးထားတော့ နှစ်ခါပြန်ကြည့်လိုက်ရသလိုပဲပေါ့။

ပြိုင်ပွဲတခုရဲ့ ရလဒ်ကို အနိုင် အရှုံး နဲ့ ဆုံးဖြတ်ပေမဲ့လို့ အနိုင်ဆိုတာကလည်း အမျိုးမျိုး ရှိတတ်သေးတာပဲမဟုတ်လား။ ဒိုင်လူကြီးက ဘက်လိုက်လို့၊ ကစားသမားတွေက လူချလို့ ညစ်လို့၊ ခေါက်ဆွဲစားလို့ .. စသဖြင့် မမျှမတနဲ့ မနိုင်သင့်ဘဲ နိုင်ပြီး မရှုံးသင့်ဘဲ ရှုံးခဲ့ရတဲ့ ပွဲတွေ အများကြီးပါ။
ဒါကြောင့်လားတော့ မသိပါဘူး။ ပြိုင်ပွဲတခုမှာ အနိုင် အရှုံးက အဓိက မဟုတ်ဖူး၊ ယှဉ်ပြိုင်ခြင်းသာ ပဓာန .. လို့ ပြောကြတာ ထင်ပါရဲ့။ ဒါပေမဲ့လည်း ဘယ်သူမဆို ယှဉ်ပြိုင်ရင်တော့ အနိုင်လိုချင်ကြတာချည်းပါပဲ။
ဒီကွန်မန့်ရေးနေရင်းနဲ့ ဂျူးရဲ့ ဆောင်းပါးခေါင်းစဉ် တခု သတိရလိုက်မိပါတယ်။
ရှုံးသူမရှိရင် နိုင်ချင်ပါတယ် …. တဲ့။
ကိုယ် နိုင်တဲ့အခါ .. တပါးသူက ရှုံးသွားမှာလား … ။ ကိုယ်က နိုင်နေပေမဲ့ ကျန်တဖက်သားကိုလည်း မရှုံးစေချင်ပါဘူး။

ကိုသံလွင်ပြောသလို ဘ၀ဆိုတာ ဘောလုံးပွဲတခုလိုဆိုရင် ကိုယ့်ဘက်က အနိုင်ရတဲ့အခါ … ကျန်တဖက်မှာ ရှုံးသွားမှာပေါ့။
ကိုယ်ဟာ ဘယ်သူနဲ့ ပြိုင်နေတာလဲ … ။
ကိုယ့်ပြိုင်ဘက်က ဘယ်သူလဲ … ။

ကျမကတော့ … ကိုယ့်ရဲ့အတွင်း သန္တာန်မှာရှိတဲ့ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ်ကိုသာ ပြိုင်ဘက်လို သဘောထားပြီး ပြိုင်နေကြစေချင်ပါတယ်။ ဆိုးတဲ့စိတ်ကို အနိုင်မရစေအောင်လို့ ဒိုင်လူကြီးက ဘက်လိုက်သင့်လည်း လိုက်ရမှာပဲ…။ ဒါပေမဲ့ ဒိုင်ကိုယ်တိုင်က ဆိုးတဲ့ဘက် ခပ်ယိုင်ယိုင် ဆိုရင်တော့ … တတ်နိုင်ဘူးနော်။ စိတ်ဆိုတာ မကောင်းမှုကို မွေ့လျော်တယ်ဆိုတဲ့ ဆိုရိုးစကားလဲ အရှိသား မဟုတ်လား။

ကဲ … ကွန်မန့်လဲ ရှည်နေပြီမို့ .. အားနာလို့ ရပ်လိုက်ပါပြီ။