ယခု အပတ်အတွက် ကျနော့်အကြိုက် ၀တ္ထုတိုကတော့ ၂၀၀၆ခုနှစ်၊ အောက်တိုဘာလထုတ် မဟေသီ မဂ္ဂဇင်းမှာ ဖော်ပြပါရှိတဲ့ လင်းထင် ရဲ့ `ခေါင်းလောင်းကလေး၏ နေ့စွဲများ´ ဆိုတဲ့ ၀တ္ထုတိုလေးပါ။
စာရေးဆရာဟာ အဲဒီ ၀တ္ထုတိုကို တိုရှင်းတဲ့ ၀ါကျတိုတွေနဲ့ ထိမိစွာ သရုပ်ဖော်တာကို နှစ်သက်လှပါတယ်။ ကျေးလက် လူနေမှု စရိုက်ကိုလည်း မျက်စိထဲမှာ မြင်ယောင်လာစေပါတယ်။
စာရေးဆရာရဲ့ အရေးအသားစွမ်းရည်ကြောင့် ၀တ္ထုကလေးရဲ့ အဆုံးမှာ ကြေကွဲဖွယ် ခံစားရသလို၊ အတ္တကြီးတဲ့ ကျောင်းဆရာကိုလည်း အပြစ်တင်ချင်မိပါတယ်။ ကဲ.. ခံစားကြည့်ကြပါစို့.။
***
ခေါင်းလောင်းကလေး၏ နေ့စွဲများ
ခေါင်းလောင်းသံ မကြားရတာ ကြာတောင့်ကြာလှပြီ။
ခေါင်းလောင်းသံကို ငတ်မွတ်နေသလားဟု သူ့ကိုယ်သူ မေးကြည့်မိသည်။ အင်း.. သို့မဟုတ်၊ ဟင့်အင်း တစ်ခုခုတော့ ဖြေရလိမ့်မည်။
တကယ်တော့ ခေါင်းလောင်းသံလေးကို သူ ကြောက်ရွံ့နေတာပါလား။
**
မုန်းမြို့၊ သောင်လယ်ရွာဆိုသော မူလတန်းကျောင်း ဆိုင်းဘုတ်သေးသေးလေးက ဆေးသား ပျက်လုလု။
မြို့ပြဘ၀ မွန်းကျပ်မှုတွေကို ကျောခိုင်းကာ ရိပ်ကြီးခိုချင်နေသော သူ့အတွက် ကျေးလက်ကလေးက နွေးထွေးစွာ ဆီးကြိုခဲ့သည်ကိုတော့ တတမ်းတတ ကျေးဇူးတင်မိခဲ့သည်။ မိမိကိုယ်ကို ကျောင်းအုပ်ကြီးရယ်လို့ သွေးကြီးဟန်မရှိသော ဆရာကြီးက ကွမ်းငုံထားသော ပါးစပ်ကြီးဟကာ၊ လက်ဖ၀ါးကြမ်းကြီး နှစ်ဖက်တို့ဖြင့် ဆုပ်ကိုင်ကာ ဖြူစင်သော လှိုက်လှဲခြင်းဖြင့် သူ့ကို အသိအမှတ်ပြုလိုက်သည်။ `အားရတယ်ဗျာ..။ အဟေးဟေးဟု ကွမ်းပလုတ်ပလောင်းသံကြီးဖြင့် ထွေးပွေ့သည်။ သူတို့ကတော့ တကယ့်ကို စေတနာဆရာအစစ်တွေဟု ဆရာဇနီးမောင်နှံဘက်လှည့်ကာ မိတ်ဆက်ပေးရင်း ထောပနာပြုလိုက်တော့ တွေ့စက ကျောင်းသန့်ရှင်းရေး လုပ်သားများလားဟု တွေးထင်မိသည်ကို ချက်ချင်း နောင်တရသွားသည်။
`ဆရာလေး ရောက်လာတော့ ကျွန်တော်တို့ နောက်ဆံတင်းရတာတွေ သက်သာရာရတာပေါ့ဗျာ´
ဆရာကြီး မိတ်ဆက်ပေးသူ ဆရာက ပင်နီတိုက်ပုံနွမ်းနွမ်းကို လက်မောင်းထိ ပင့်တင်ရင်းမှ အားရပါးရဆိုလိုက်၏။ သူ့ကို ဆရာတစ်ယောက်အဖြစ် ဆီးကြိုသည့်ပွဲလေးက ဤမျှဖြင့် လေးနက်ပြည့်စုံသွားသည်။
နောင်မှ သိရသည်မှာ ထိုဆရာလင်မယားက တကယ့်စေတနာ ဆရာအစစ်၊ နှစ်ယောက်လုံး ဆယ်တန်းမအောင်၊ မူလတန်းမျှ မရှိသေးသော ရွာကလေးမှာ ကနဦး ဆရာမောင်နှံ ဖြစ်ကြသည်။ တရားဝင် ကျောင်းကလေးကျလာတော့ ကျောင်းအုပ်တယောက် ရောက်လာသည်။ တစ်ယောက်တည်း မနိုင်သော ကျောင်းအုပ်အတွက် ရွာက မေတ္တာရပ်ခံသဖြင့် ဆက်လက်ကူညီခဲ့ရပြန်သည်။ အစိုးရလစာမရှိ၊ ခံစားခွင့် ဘာမှမရှိ။ သို့သော် သမုဒယ တစ်မျှင်တစ်စဖြင့် ဆက်လက်ထမ်းရွက်ခဲ့ကြသူ တကယ့်စေတနာဆရာများ။ သူရောက်လာပြီး မကြာမီ မိသားစုဘ၀အတွက် လယ်ထဲကိုင်းထဲ ပြန်ဝင်သွားကြသည်။ ပြီး… ပြောသွားခဲ့ကြသေးသည်။
`ကျွန်တော်တို့ ပျိုးထောင်ခဲ့တဲ့ ဥယျာဉ်လေးကို ဆရာတို့လက်မှာ ယုံကြည်စွာ ၀ကွက်အပ်ခဲ့ပါပြီဆရာ´တဲ့။ သူတို့လက်ထက်က ခေါင်းလောင်းလေးကို အမှတ်တရပေးသည်။ ကြည်လင်ပြုံးရွှင်နေသော သူတို့ရှေ့မှာပင် ခေါင်းလောင်းလေးကိ သူဝှေ့ယမ်းလိုက်သည်။
`ငွေသံကြေးသံ မပေါက်တဲ့ ခေါင်းလောင်းလေးပါလား´
**
ရွာကလေးက ခရိုင်မြို့ပြ တောင်ငူနှင့် မိုင်အတော်ဝေးသည်။ ဖြူးမြို့မှသည် အရှေ့ဘက်စူးစူးကို တက်လိုက်လျှင် စစ်တောင်းမြစ်ကမ်းနဖူးမှ အုတ်ဖြတ်မြစ်ဆိပ်။ ရေစီးသန်သော စစ်တောင်းမြစ်က ဖောင်ကူးတို့သမားတွေကို အကျီစားသန်တတ်သည်။ တစ်ဖန် အရှေ့ဘက်ကမ်းကို ခြေကျင်ခရီးဆက်တော့ ကျောက်ကြီးမြို့နယ်၏ တိုက်နယ်မြို့ဟု ဆိုနိုင်သော `မုန်း´ မြို့၏ ကျောထောက်နောက်ခံများထဲက ရေအိုးစင်၊ ကော့ဗျင်း၊ ပအို့ဝ်ရွာ၊ ဒိုးတန်း၊ ဆင်ခေါင်းကလယ်ရွာ (ကုလားရွာ)၊ နွယ်တန်းနှင့် သောင်လယ်ရွာ ညီအစ်ကို။
လွန်ခဲ့သော နှစ်လေးဆယ်လောက်က စစ်တောင်းမြစ်နှင့် မုန်းချောင်း နှစ်ဖက်ညှပ်၍ ရေတိုက်စားသဖြင့် ရွာကြီးတစ်ရွာ ပျောက်ဆုံးသွားသည်။ ငယ်သူတွေ သိကြမည် မဟုတ်တော့။ သင့်ရာမှာ ရွာတည်ဖို့ တိုင်ပင်ကြတော့ နေရာရွေးရာမှာ နှစ်စုကွဲသွားသည်။ မြစ်ရေတိုက်စားမှုအရ ယခုရွေးသောနေရာမှာ မလွတ်ကင်းဟု တစ်ဖက်ကိုတစ်ဖက် အပြစ်တင်ကြသည်။ သို့နှင့် ကိုယ်ကြိုက်တဲ့ဘက်ကို လိုက်ပါရင်း နွယ်တန်းရွာနှင့် သောင်လယ်ရွာအဖြစ် နှစ်ရွာ ကွဲသွားသည်။
စစ်တောင်းမြစ်ရေ ကျချိန်တွင် ရွာဟောင်းဘ၀က ဘုန်းတော်ကြီးကျောင်းမှ ကျွန်းလုံးငုတ်တွေ ပေါ်လာတတ်တာ မီလိုက်သော လူကြီးအချို့သာ သိကြတော့လေသည်။
**
သမီးလေး နန်းမွန်ကြည်…။
ခေါင်းလောင်းသံနှင့် မရှေးမနှောင်းတွင် နန်းမွန်ကြည် လွယ်အိတ်နွမ်းလေးလွယ်ကာ ရောက်လာတတ်သည်။ စာသင်လိုစိတ်ရှိသော ကလေးမလေး။ သို့သော် မိဘနှစ်ဦးက ရွာနှစ်ရွာကွဲသွားချိန်မှာ မအေက ယောက္ခမများနှင့် မနေလိုက်၍ သောင်လယ်ရွာဘက် လိုက်ချင်သည်။ ဖအေက မိဘများနှင့် မခွဲလို၍ နွယ်တန်းရွာဘက် နေချင်သည်။ ကလေးသုံးယောက်ရမှ နယ်လုရင်း တရွာစီ ကွဲသွားကြသည်။ ကလေးတွေက ဖအေ့ရွာသွားလိုက်၊ မအေ့ရွာသွားလိုက်။ ကာလတစ်ခု အကွာမှာ အိမ်ထောင်သစ်တွေ ထူဖြစ်ကြတော့ ခဏကွဲရာမှ တစ်ဘ၀ ကွဲသွားကြတော့သည်။
နန်းမွန်ကြည်၏ ဘ၀လေးကိုတော့ ကျောင်းကလေးကို ၀ကွက်အပ်ခဲ့သော ဆရာဟောင်းကသူ့ကို ကြေကွဲစွာ ပြောခဲ့ဖူးသည်။
**
သောင်လယ်မှ စေတနာဆရာနှင့် တွေ့ရသောနေ့ကတော့ သူ ကြေကွဲရသော နေ့တစ်နေ့ပင်။
**
ရွှေတိဂုံကုန်းတော်ပေါ်မှ ဘုရားဖူးများအကြားမှာ ဆရာ့ကို တွေ့လိုက်ရတော့ ၀မ်းသာသွားသည်။ မတွေ့ရတာလည်း ကြာတောင့်ကြာလှပြီ။ သူက ရွာအကြောင်းလည်း မေးသည်။ အလယ်တန်းကျောင်း တိုးမြှင့်ဖွင့်လှစ်နိုင်သည့်အတွက် ၀မ်းမြောက်ကြောင်း ပြောမိသည်။ နန်းမွန်ကြည် အကြောင်းကတော့ ကြေကွဲစရာ အကောင်းဆုံးပင်။
`အဲဒီနှစ်က နန်းမွန်ကြည် ၄ တန်းအောင်တယ်။ ကျောက်ကြီး တစ်မြို့နယ်လုံးမှာ ပထမရတယ် ဆရာ။ ဆရာက မြို့ကိုခေါ်သွားမယ်။ ကျောင်းဆက်ထားပေးမယ်၊ ဆရာ့သမီးတွေနဲ့ အတူနေရမှာလို့ တစ်ရွာလုံးကို အားတက်သရော ပြောနေတယ် ဆရာ။ အောင်စာရင်း ထွက်ပြီးကတည်းက ရွာထိပ်ဇရပ်မှာ ဆရာ့ကို ထွက်မျှော်နေတာ။ သူ့ကို ဆရာက တကယ်လာခေါ်မှာတဲ့။ ဘယ်သူမှ ဖျောင်းဖျလို့ မရဘူးဆရာ။ မနက်မရုဏ်တက်မှာ နန်းမွန်ကြည် ဇရပ်ဘေးမှာ ရောက်နေပြီ။ ဇရပ်လေးကနေ တမျှော်မျှော်နဲ့ပေါ့ ဆရာ။ ည မိုးစုပ်စုပ်ချုပ်မှ နောက်တနေ့မှာ ပြန်စောင့်ပေါ့ဆိုပြီး ချော့မော့ခေါ်ရတာ နေ့တိုင်းလိုပါပဲ ဆရာရယ်´
`သြော်..´
`နောက်တော့ အအိပ်အစား မမှန်တော့ဘဲ ဖြစ်လာတယ်။ အပျိုဖော်လည်း ၀င်နေပြီဆိုတော့ ရူးသွားမှာကို စိုးရိမ်ရတဲ့ အထိလည်း ဖြစ်လာတယ် ဆရာ´
**
ထိုအချိန်မှာ တကယ်ရူးသွပ်သွားသူမှာ သူသာ ဖြစ်သင့်သည်။ ကွမ်းသီးသား ကြမ်းခင်း၊ သက်ငယ်မိုးနှင့် ခြေတံရှည် ကျောင်းကလေး။ ငွေသံကြေးသံ မပေါက်သော ခေါင်းလောင်းသံ။ သောင်လယ်ရွာဆိုသော ဆိုင်းဘုတ် အစိမ်းရောင်လေးမှာ ဆေးသား ပျက်လုလု။ ပထွေးငါးရှာရာသို့ တကောက်ကောက် လိုက်ရသော တပည့်မလေး နန်းမွန်ကြည်။ မျက်လုံး တောက်တောက်နဲ့ ကျောင်းနေချင်တဲ့ တပည့်မလေး။ သူ နွေရာသီ အပြန်မှာ မပြည့်စုံသော မိသားစု ဘ၀ကို လက်ညှိုးထိုးကာ မိဘ၊ ယောက္ခမများက `တာဝန် မဲ့တဲ့ကောင်´ ဟု အပြစ် ဆိုနေခဲ့ကြ။ အစ်ကိုတယောက်က `မင်း၊ ရူးနေသလား။ ဘာများ မျှော်လင့်ချက် ရှိလို့လဲကွာ၊ မင်းလုပ်ပုံတွေ မဟုတ်သေးဘး´ ဟု ကဲ့ရဲ့လျက်…။
`ဘာတတ်နိုင်မလဲ ဆရာရယ်။ သွေးရူးလေရူးလို ဖြစ်လာပြီ ဆိုမှတော့ အိမ်ထောင် ချပေးလိုက်ရတော့တာပေါ့။ အခုဆို ကလေးတစ်ယောက် ခါးထစ်ခွင်ပြီး မုန်းဈေးမှာ ခေါပုတ်ရောင်း…´
အဲသည့်အသံကို သူမကြားရဲ။ အဲသည့် ရွာကလေးကို သူမသွားရဲ။ တပည့်မ နန်းမွန်ကြည်ကို သူမကြည့်ရဲ။ မကြည့်ရက်။ ကလေး ခါးထစ်ခွင်၍ ခေါပုတ်တောင်း ခေါင်းပေါ်တင်ကာ `မုန်း´ ဈေးတန်းထဲ ၀င်သွားသော သားသည် အမေတစ်ယောက်ကို မြင်နေရသည်။ ငါးရှာထွက်သော လင်ယောက်ျားနောက်ကို ငါးပလိုင်းလွယ်၍ လိုက်နေလေမလား။ ဟိုအိမ်ထင်းခွဲ၊ သည်အိမ်ရေခပ်၊ ခေါင်းစုတ်ဖွားနဲ့ မိန်းကလေးဆီမှာ အရောင်တောက်တောက် မျက်လုံးလေးတွေ ပျောက်နေရောပေါ့ဟု တွေးမိတိုင်း ငွေသံကြေးသံ မပေါက်သော ခေါင်းလောင်းသံကိုတော့ သူ ကြားရမှာ ကြောက်နေသည်။
3 comments:
ဒီဝတ္ထုလေးဖတ်ရတာ တကယ်ပဲ ရင်ထဲ နင့်သွားမိတယ်။
တခါတလေတော့လည်း လူတယောက်ရဲ့ မျှော်လင့်ချက်ဟာ သူ့ကိုယ်သူပြန်ပြီး ဒုက္ခပေးတတ်တာပဲနော်။
ကျမကတော့ ဆရာလေးကို အပြစ်မပြောလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အပြစ်ကို သူသိနေမှပဲလေ။
နန်းမွန်ကြည်ရဲ့ ကံကြမ္မာပဲပေါ့ လို့ သက်ပြင်းချရင်း တွေးမိတယ်။
ကိုယ်တာဝန်မယူနိုင်တဲ့ ကိစ္စတခုကို လွယ်လွယ်နဲ့ မပြောသင့်ဘူးဆိုတာ ဒီဝတ္ထုဖတ်ပြီး သင်ခန်းစာလည်း ရမိပါတယ်။ ကိုယ့်စကားတခွန်းဟာ စစချင်းတော့ သူတပါးကို အားပေးသလိုဖြစ်ခဲ့ပေမဲ့ တကယ်တမ်း ထင်သလို ဖြစ်မလာတဲ့အခါ မျှော်လင့်ချက်မဲ့စွာ ရူးသွပ်သွားတတ်တာပဲ … နော်။
ဝတ္ထုအစအဆုံးဖတ်ပြီးတော့ အရောင်တောက်တောက် မျက်လုံးလေးတွေ ပျောက်သွားရှာတဲ့ ခေါင်းစုတ်ဖွားနဲ့ မိန်းကလေး နန်းမွန်ကြည်ကိုပဲ မျက်စိထဲ မြင်ယောင်နေမိပါတော့တယ်။
ဒီဝတ္ထုလေးအတွက် ကျေးဇူးအထူးပါ ကိုသံလွင်။
Hi, brother,
We are trying to publish myanmar blogger book and we also launched a blog to accept manuscripts from the members.
On that blog, we would like to describe some manuscripts from you and other famous bloggers who are good at writing.
Will you allow us to do so, brother? Please let us know.
Thank you very much for your support to the myanmar blogger community...
http://mmblogbook2.blogspot.com
ဒီဝတ္ထုလေးကိုဖတ်ရတဲ့အတွက်ကျးဇူးတင်ပါတယ် ကျွန်တော်က မုန်းသားလေးတစ်ယောက်ပါ လူတိုင်းလိုလိုမသိတဲ့ နွယ်တန်းနှင့်သောင်လယ် တချိန်တုန်းက ရွာကြီးတရွာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်အခုမှ သိခဲ့ရပါတယ်...စိတ်မကောင်းရတာကတော့ နန်းမွန်ကြည်ရဲ့ဘဝလေးပါပဲ...မျှော်လင့်ချက်မဲ့ခဲ့တဲ့သူတစ်ယောက်အတွက် ဖြစ်ချင်တာ ဖြစ်မလာခဲ့ရင် ရူးသွပ်ခြင်းဆိုတဲ့ဘဝအထိ ရောက်သွားတတ်ပါတယ်..ဒါပေမယ့် နန်းမွန်ကြည် တစ်ယောက်အဲ့ဒီဘဝဆိုးကြီးကိုရောက်မသွားတာပဲ ဝမ်းသာလှပါပြီ... ရွှေမြို့မှ မုန်းသားလေး ကျွန်တော်......
Post a Comment