Thursday, March 08, 2007

အလုပ်ဆိုသည်မှာ…

***

`ဟေး..ထူရိန်း´

အလုပ်ထဲမှာ အာရုံနစ်မျောနေတုန်းမှာ ကျနော့်နာမည်ကို မပီမသနဲ့ ခေါ်နေတဲ့ အသံကြားလို့ လှည့်ကြည့်မိတော့ အလုပ်ရှင် ဖြစ်နေပါတယ်။ ပြီးတော့ သူက ဆက်ပြောပါတယ်။

`Take safety glass´

`အင်း..၊ ငါ့ကို ဂရုစိုက်ရှာသား´ လို့ တွေးပြီး ကျေးဇူးတင်မလား စဉ်းစားတုန်းရှိသေး၊ ခပ်တိုးတိုးနဲ့ သူဆက်ပြောတဲ့ စကားကြောင့် ဒင်းနဖူးပြောင်ပြောင်ကို နံပြားဖုတ်သလို ဖတ်ကနဲ ရိုက်ချင်စိတ် ပေါက်သွားပါတယ်။

`ဟိုးမှာ ရောက်နေတဲ့လူက အလုပ်ခွင် ထိခိုက်မှု အာမခံ ကုမ္ပဏီကကွ၊ အဲဒါ အခု မင်းမျက်မှန် မတပ်ဘဲ လုပ်နေတာတွေ့ရင် အာမခံကြေး တိုးတောင်းမှာ´

သြော်…။ သေစမ်း နန္ဒိယ။ ဖြစ်ရလေ…။

***

ကျနော် ဒီအလုပ်ခွင်ထဲ ရောက်ခဲ့တာ တနှစ်ခွဲကျော်လောက် ရှိပါပြီ။ တနင်္လာနေ့ မနက်ဆိုရင် ပျင်းတွဲတွဲနဲ့ အလုပ်သွားလိုက်၊ သောကြာနေ့ ညနေကျရင်တော့ သီချင်းလေး တညည်းညည်း၊ လေသံလေး တချွန်ချွန်နဲ့ အလုပ်က ပြန်လိုက်နဲ့ အရှေ့တိုင်းသား ကျနော် အနောက်တိုင်းမှာ ဘ၀သံသရာ လည်နေတာပါ။

အမေရိကန်…တဲ့။ တိုးတက်မှုတွေ၊ ကြွယ်ဝချမ်းသာမှုတွေနဲ့ လူတော်တော်များများကို ဖမ်းစားနိုင်တဲ့ ဒီနိုင်ငံဟာ `ဟင်းလေးအိုးကြီး´ လို့ တင်စားခေါ်ဝေါ်ရလောက်အောင် ကမ္ဘာ့နိုင်ငံအစုံက လူမျိုးပေါင်းစုံ နေထိုင်ပြီး အလုပ်မျိုးစုံ အသီးသီး အသက လုပ်လို့ ငွေရှာကြပါတယ်။ အဲဒီ လူတွေထဲက လူတယောက် ကျနော်ဟာလည်း ပရိယေသန ၀မ်းစာရေးအတွက်၊ ၀မ်းဝပြန်တော့ ခါးလှရေးအတွက်၊ ဒီထက်ပိုပြီး လောကအလယ် လူလုံးလှလှ နေနိုင်ရေးအတွက် ငွေရှာရပါတယ်။ အလုပ်လုပ်ရပါတယ်။

ကျနော် အခုလုပ်နေတဲ့ အလုပ်ရုံကတော့ သံမဏိစက်ရုံ တမျိုးပါ။ ကာဗိုဒ်တွေ၊ သံချောင်းတွေကို ဖြတ်ရ၊ သွေးရပါတယ်။ အဲဒီအပြင် သေနတ်ပြောင်းကာတွေကို မူလီတပ်ပေးတဲ့ အလုပ်လဲ လုပ်ရပါသေးတယ်။ အဲဒီသေနတ်တွေကတော့ တချို့ကို မရိန်းတပ်တွေ၊ တချို့ကိုတော့ ဘဏ်လုံခြုံရေးမှာ သုံးတယ်လို့ သိရပါတယ်။

ဒီက အလုပ်ရှင်တွေနဲ့ အလုပ်ရှာဖွေရေး အေးဂျင့်တွေက မြန်မာ အလုပ်သမားတွေနဲ့ ပတ်သက်လို့ မှတ်ချက်ချတာ တခုရှိပါတယ်။ `မြန်မာ တော်တော်များများဟာ အလုပ်အရမ်းရွေးပါတယ်´ တဲ့။ အမှန်တော့ အဲဒါက မြန်မာတိုင်းတော့ ဟုတ်မယ်လို့ ကျနော်မထင်ပါ။ ဒါပေမယ့် ဒီလို မှတ်ချက်ချရတဲ့ အကြောင်းရင်းကို ကျနော် လက်လှမ်းမီသလောက် မှန်းဆကြည့်မိပါတယ်။

ဒီနိုင်ငံကို ရောက်လာကြတဲ့ မြန်မာတွေထဲမှာ ရောက်လာကြတဲ့ ပုံစံတွေ မတူကြပါဘူး။ တချို့က ရေရှည်နေမယ့်သူ၊ တချို့ကတော့ နှစ်နှစ်တန်သည်၊ သုံးလေးနှစ် တန်သည်၊ အဲဒီလောက်ပဲ နေမယ့်သူ၊ အဲဒီလိုတွေ မတူတဲ့အပေါ်မှာ မူတည်ပြီးတော့ ဘယ်အလုပ်ကို လုပ်မလဲ ဆိုတာကို စဉ်းစားကြပုံ ကွာသွားတယ်လို့ ထင်မိပါတယ်။ ရောက်လာတဲ့ ပုံစံ ဘယ်လိုပင် မတူပါစေ၊ တွေးတောပုံတူတာ တခုတော့ ရှိပါတယ်။ ဒီနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်ခဖြစ်တဲ့ တနာရီ ခြောက်ဒေါ်လာ (ပြည်နယ်အလိုက် ကွာခြားမှုရှိပါတယ်၊ ဒါက ပျှမ်းမျှပါ) ၀င်ငွေနဲ့ ၀င်လုပ်ဖို့တော့ လူတိုင်း လက်တွန့်ပါတယ်။ အိမ်ငှားခ၊ စားသောက်စရိတ်၊ သွားစရိတ်/လာစရိတ်၊ ဒါတွေကို ထည့်တွက်ပြီးတော့ အဲဒီလို အလုပ်မျိုးကို ၀င်မလုပ်လိုကြတာကို အဲဒီလို မှတ်ချက်ချလေသလားတော့ မသိပါ။ ထားပါတော့.. အဲဒါကို။

အလုပ်နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ အလုပ်ချိန်ကို လေးစားမှုရှိဖို့ ဆိုတာကလည်း မေ့ထားလို့ မရပါဘူး။ ကုမ္ပဏီအကြီးအသေး ဘယ်လိုပဲ ကွာပါစေ၊ အလုပ်ရှင်တိုင်းက အလုပ်သမားတွေကို အလုပ်အချိန် အတိအကျ လာတာလိုချင်သလို အလုပ်ချိန်စေ့ရင်လည်း အတိအကျပဲ ပြန်ရပါတယ်။ အဲ..၊ အချိန်ပို ခိုင်းချင်ရင်တော့ အလုပ်သမား ဥပဒေအရ သာမန်လုပ်ခထက် တဆခွဲ ပိုပေးရပါတယ်။ ဥပမာ၊ သာမန်ချိန်မှာ တနာရီ ဆယ်ဒေါ်လာရတဲ့ အလုပ်သမား တယောက်ကို အချိန်ပိုခိုင်းရင် အလုပ်ရှင်က တနာရီ ဆယ့်ငါးဒေါ်လာ ပေးရပါတယ်။ အဲဒီတော့ အလုပ်သိမ်းချိန်စေ့နေရဲ့သားနဲ့ အလုပ်သမားကို အလုပ်ရှင်က ညစ်ပတ်ပြီး အပိုခိုင်းနေတာမျိုး လုပ်လို့ မရတော့ပါဘူး။

လူတိုင်းမှာ ကိုယ်ရေးရာဇ၀င် ရှိပါတယ်။ ကိုယ့်ရာဇ၀င် ကိုယ်လှအောင်ရေး ဆိုတဲ့စကားဟာ ဒီနိုင်ငံရောက်မှ ပိုမှန်လေရော့သလားလို့ တခါတခါ စဉ်းစားမိပါတယ်။ “Work History” ဟာ ဒီနိုင်ငံက အလုပ်သမားတွေ အတွက် အလွန်အရေးကြီးလှပါတယ်။ အလုပ်တခုကို လက်ကြောတင်းအောင် မလုပ်လို့၊ ဒါမှမဟုတ် အလုပ်ထဲမှာ ရန်ဖြစ်လို့၊ ပြဿနာများလို့ အလုပ်ထုတ်ခံရပြီ ဆိုတာနဲ့ နောက်ထပ် အလုပ်ကောင်းကောင်း ရဖို့က တော်တော်ကို မလွယ်တော့ပါဘူး။ အလုပ်ရရင်တောင် လုပ်ခကို အနှိမ်ခံရလေ့ရှိပါတယ်။

အလုပ်ကို အကြောင်းမဲ့ ပျက်ကွက်ခွင့် မရှိပါဘူး။ နေမကောင်းလို့ အလုပ်မသွားနိုင်ရင် ဆရာဝန် ထောက်ခံချက် ပါရပါမယ်။ အကြောင်းမဲ့ အလုပ်ပျက်ကွက်ရင် သူသတ်မှတ်ထားတဲ့ အမှတ်တွေ ရှိပါတယ်။ အဲဒီ အမှတ်တွေ ကုန်ဆုံးသွားရင် အလုပ်ထုတ်ခံရပါလိမ့်မယ်။ ကျနော့် အလုပ်မှာတော့ အဲဒါနဲ့ ပတ်သက်လို့ ကံအားလျော်စွာပဲ ပျော့ပျောင်းပါတယ်။ အလုပ်မသွားနိုင်ရင် ဖုန်းလေးတော့ ဆက်ပေးပါလို့ အလုပ်ရှင်က နားလည်စွာနဲ့ ခွင့်ပြုပေးပါတယ်။

အလုပ်ဝင်ပြီး သုံးလ မပြည့်မချင်း အမြဲတမ်း အလုပ်သမား (Permanent Worker) မဖြစ်သေးပါဘူး။ သုံးလကျော်လွန်မှသာ အမြဲတမ်းအလုပ်သမား ဖြစ်ပါမယ်။ အမြဲတမ်း အလုပ်သမား မဖြစ်သေးသူများဟာ Holidays အတွက် လုပ်ခ မရပါဘူး။ သုံးလ ပြည့်မြောက်လို့ အလုပ်ရှင်က သဘောတော်မကျရင်လဲ ထုတ်ပယ်ခံရနိုင်ပါတယ်။ တချို့ ကုမ္ပဏီတွေ အဲဒီအချက်ကို အသုံးချပြီး လူလည်ကျတတ်တယ်လို့ ပြောသံကြားဖူးပေမယ့် များသောအားဖြင့်ကတော့ တကယ်တမ်း အလုပ်လုပ်တဲ့ အလုပ်သမားကို သူတို့ လက်လွှတ် အဆုံးရှုံးခံလေ့ မရှိပါဘူး။ အလုပ်ချိန်ကလည်း မမှန်၊ အလုပ်ထဲမှာလည်း ပျင်းတင်းတင်း အလုပ်သမားဆိုရင်တော့လည်း ဘိုင့်ဘိုင်ပေါ့။

တနှစ်တာအတွက် ခွင့်ရက် ငါးရက် ယူခွင့်ရှိပါတယ်။ နှစ်ကြာလာတာနဲ့အမျှ ခွင့်ရက်က ကုမ္ပဏီအပေါ် မူတည်ပြီး တိုးလာလေ့ရှိပါတယ်။ တကယ်လို့ အဲဒီ ခွင့်ရက်တွေကို အနားမယူဘဲ အလုပ်လုပ်ခဲ့ရင်တော့ အဲဒီရက်နဲ့ ညီမျှတဲ့ လုပ်ခငွေကို အပိုထပ်ဆောင်း ပေးလေ့ရှိပါတယ်။ နားခဲ့ရင်လည်း သာမန်အတိုင်း လုပ်ခပေးပါတယ်။

ဒီနိုင်ငံမှာ လူတရာမှာ ၉၄ယောက်က ကားတစီးပိုင်တယ်လို့ မှတ်သားရဖူးပါတယ်။ ကားဟာ ဒီနိုင်ငံရဲ့ လိုအပ်ချက်တခုပါ။ ရာသီဥတုအခြေအနေ၊ အလုပ်နဲ့အိမ် အကွာအဝေး၊ စတဲ့အချက်တွေကြောင့် ကားတစီးတော့ ရှိဖို့လိုအပ်တဲ့အတွက် ဒီနိုင်ငံကို ရောက်တာနဲ့ လူတော်တော်များများဟာ ကားလိုင်စင်ရဖို့ ကြိုးစားဖို့ လိုပါတယ်။ ကားမရှိတဲ့အတွက် လုပ်အားခ ကောင်းကောင်းပေးတဲ့ နေရာကို သွားဖို့ အလှမ်းဝေးလွန်းလို့ လက်လွှတ်လိုက်ရသူတွေ တွေ့ဖူးပါတယ်။

အမေရိကန် အလုပ်ရှင်တော်တော်များများဟာ သူတို့ နိုင်ငံသားတွေထက် နိုင်ငံခြားသား အလုပ်သမားတွေကို အသုံးပြုရတာကို ပိုသဘောကျလေ့ရှိပါတယ်။ အကြောင်းပြချက်က ဒီလိုပါ။ အမေရိကန် နိုင်ငံသားစစ်စစ်တွေက အလုပ်လုပ်ဖို့ထက် အစိုးရဆီက အထောက်အပံ့ကို ဘယ်လို ရှာကြံယူရမလဲ ဆိုတာလောက်ပဲ စဉ်းစားနေတာ များလို့ပါတဲ့။ ဟုတ်မဟုတ်တော့ မသိနိုင်ပါ။ အဲဒီတော့ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ရှင်တွေက မှာတာ တခုရှိပါတယ်။ `အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားတော့ သင်လာပါ´ တဲ့။

တကယ်တော့ ဘယ်နိုင်ငံကိုပဲ ရောက်ရောက်၊ မိမိရောက်နေတဲ့ နိုင်ငံရဲ့ ဘာသာစကားကို တတ်ကျွမ်းဖို့က အရေးပါလှပါတယ်။ ဘာသာစကားကြောင့် အလုပ်ကောင်းကောင်း မရတဲ့ သာဓကတွေ၊ လူလည်ကျခံရတဲ့ သာဓကတွေ မနည်းလှပါဘူး။ ကျနော်တို့ အင်ဒီယားနား ပြည်နယ်ရောက် ကျနော်တို့ရွှေတွေထဲမှာ ရောက်တာ လေးငါးနှစ်ကြာတာတောင် အင်္ဂလိပ်စကားကို မပြောတတ်သေးတဲ့ လူတွေ တပုံတပင်ကြီး ရှိနေတာကို တအံ့တသြ တွေ့ဖူးပါတယ်။ ဒါပေမယ့် အိုကေနေကြတာပါပဲ။ အဲဒီပြည်နယ်က တနာရီကို ခုနှစ်ဒေါ်လာပေးတဲ့ စက်ချုပ်ရုံမှာ မြန်မာအလုပ်သမားတွေ ထောင်နဲ့ချီပြီး လုပ်နေကြပါတယ်။

အမေရိကန်မှာ မြန်မာတွေကို ၀င်ငွေကောင်းကောင်း ပေးထားတဲ့ `ဆူရှီ´ အကြောင်းကိုလဲ မေ့ထားလို့ မရပြန်ပါဘူး။ ဂျပန် အစားအစာ တမျိုးဖြစ်တဲ့ ဆူရှီဟာ အမေရိကန်လူမျိုးတွေကို အတော်ဆွဲဆောင်နိုင်သလို အမေရိကန်ရောက် မြန်မာတွေကိုလဲ ငွေရပေါက် ဖြစ်စေပါတယ်။ အရင်းအနှီးနည်းပေမယ့် အပင်ပန်းခံနိုင်ရင် အကျိုးများပါတယ်။ ဆူရှီအကြောင်း အသေးစိတ် ဆောင်းပါးကိုတော့ ဒီမှာ ဖတ်ပါ။ တခြားရေးတဲ့လူတွေလည်း တော်တော်လေး ရေးဖူးကြပါတယ်။ ဆရာမ ပတ္တမြားမိုမိုလည်း ဆူရှီအကြောင်းကို မဟေသီမှာ ရေးဖူးတယ်လို့ ထင်ပါတယ်။

အလုပ်နဲ့ ဆက်စပ်ပြီးတော့ ဒီနိုင်ငံရဲ့ အခွန်အတုပ် ကိစ္စကိုလည်း မေ့ထားလို့ မရပြန်ပါဘူး။ လူတိုင်းဟာ သေခြင်းတရားကို ရှောင်လွှဲလို့မရသလို ဒီနိုင်ငံမှာတော့ အခွန်ကို ဘယ်သူမှ ရှောင်လို့ မလွတ်ပါဘူး။ ဈေးဝယ်လည်း အခွန်ပေးရ၊ ဈေးရောင်းလည်း အခွန်ပေးရနဲ့ နေရာတကာ ပေးရတဲ့ အခွန်က အလုပ်လုပ်ခထဲကလဲ နှုတ်ယူပါသေးတယ်။ နှုတ်ယူပုံ ယူနည်းကလည်း အမျိုးမျိုးအစားစားပါ။ အများအားဖြင့်ကတော့ လူပျို/အပျို/လူလွတ် များဟာ အိမ်ထောင်ရှင်များထက် အခွန်ပိုပေးရပါတယ်။ ကလေးများများမွေးထားတဲ့ အိမ်ထောင်ရှင်များကတော့ အခွန်အခ အတော်သက်သာလေ့ရှိပါတယ်။ ဒါကြောင့်ပဲလားမသိ၊ ဒီနိုင်ငံမှာ မိန်းမယူရင် ကလေးသုံးယောက်အမေကို ယူရင် အလုပ်ပိုဖြစ်မယ်လို့ ရယ်သွမ်းသွေးလေ့ ရှိတာကို ကြားဖူးပါတယ်။


***

`ကလင်((((((((((((´

ညနေခင်းမို့လို့လား မသိ၊ အချိန်စေ့ ခေါင်းလောင်းသံက နားထဲမှာ ချိုသာနေပါတယ်။ ခေါင်းလောင်းသံကြားတာနဲ့ တောထဲကသစ်ဆွဲတဲ့ ဆင်များလိုပဲ ရောက်ရာအရပ်မှာ လုပ်လက်စအလုပ်ကိုရပ်၊ စက်သတ်ပြီး လက်ဆေးခန်းထဲကို လေလေးတချွန်ချွန်နဲ့ ၀င်ပါတယ်။

အလုပ်ရုံအပြင်ကို ထွက်လိုက်တော့ အေးမြတဲ့လေပြေက မျက်နှာကို လာရောက် ရိုက်ခတ်တယ်။ ကျနော့်ရဲ့ လမ်းကလေးကို လှမ်းမျှော်ကြည့်လိုက်တော့ မျက်နှာထား မသာမယာနဲ့ ကျနော့်ကို လွမ်းဆွတ်နေသယောင်ယောင်။

အလုပ်ရုံကို ပြန်လည်စောင်းငဲ့ကြည့်လိုက်တော့ `မင်း၊ ငါနဲ့ မကင်းနိုင်ပါဘူးကွာ၊ နောက်နေ့ ပြန်လာရအုံးမှာပါပဲ´ လို့ လှောင်ပြုံးပြုံးပြနေတဲ့ သခင်တယောက်လိုလို မြင်ယောင်မိတယ်။ အို..။ ဘယ်လိုပဲဖြစ်ဖြစ်၊ ယနေ့အဖို့ကတော့…။

“Bye buddy, have a good night”

စိတ်နာနာနဲ့ ဆီးယူတူမောရိုး ဆိုတာတော့ ထည့်မပြောတော့ဘူးဗျာ။

***

ကလိုစေးထူး

3 comments:

Anonymous said...

ခုတော့
လမ်းကလေးကိုလဲ ပစ်ထားခဲ့ပြီ မဟုတ်လား .. ကိုသံလွင်။
လမ်းကလေးကို စွန့်ခွါခဲ့မှတော့ စီးတော်ယာဉ် စက်ဘီးကလေးလဲ ခုလောက်ဆို ချောင်ထဲ ရောက်နေလောက်ပြီ ထင်ပါရဲ့။
အလုပ်ဆိုသည်မှာ … နဲ့တော့ မဆိုင်ပါဘူး။ လမ်းကလေးကို သတိရလို့ ရေးလိုက်တာပါ။

စိုးဇေယျထွန်း said...

ကျေးဇူးတင်ပါတယ် ကိုကရင်ကြီး ချီးယာ့စ် ပါ

MELODYMAUNG said...

ကိုကလိုစေးထူးရေ mmblogbook အတွက်ဒါလေးလဲ မသွားပြန်ပြီနော်