အင်ဒီယားနားပြည်နယ်ဟာ အမေရိကန်ရောက် မြန်မာတွေ ဒုတိယ အများဆုံး စုဝေးရာ နေရာဖြစ်နေပါပြီ။ (ပထမ အများဆုံးကတော့ ကယ်လီဖိုးနီးယား ပြည်နယ်လို့ သိရပါတယ်)။ ကိုယ်နဲ့ စရိုက်မတူ၊ ယဉ်ကျေးမှုမတူတဲ့ လူတွေကြားမှာ အလုပ်နဲ့အိမ်၊ အိမ်နဲ့ အလုပ် ဒါတွေနဲ့ပဲ ချာလပတ်လည်နေတော့ မြန်မာရနံ့၊ မြန်မာ အငွေ့အသက်တွေ ရနိုင်တဲ့ မြန်မာအစုအဝေး ရှိရာမှာ သွားရောက် စုဝေးရင်း တချို့လည်း ပြောင်းရွှေ့အခြေချရင်းနဲ့ အခုတော့ ဖို့ဝိန်းမြို့မှာ မြန်မာကွန်မြူနတီ တခု ကောင်းကောင်း ရှိနေပြီလို့ ပြောလို့ ရနေပါပြီ။
မြန်မာ လက်ဖက်ရည်ဆိုင်တောင် သွားထိုင်ဖြစ်လိုက်ပါသေးတယ်။ မြန်မာပြည်က ဆိုင်လောက် ရသ အပြည့်အ၀ မပေးနိုင်စွမ်းပေမယ့် လက်ဖက်ရည် အဖန်သောက်လို့ ကျက်သရေ အမှန်ရောက်ရင်း မတွေ့တာကြာတဲ့ မိတ်ဆွေတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ စကားလက်ဆုံကျခဲ့ပါသေးတယ်။ လက်ဖက်ရည် တခွက် တကျပ်၊ အီကြာကွေး တခု တကျပ်၊ ပဲပလာတာ တခု တကျပ် ၅၀ ပြား၊ စသဖြင့်နဲ့ ဒေါ်လာငွေ အစား ကျပ်လို့ သုံးစွဲရေးထားတာကို တွေ့မိတော့ အမိမြန်မာပြည်မှာ မြန်မာကျပ်ငွေနဲ့ အခုလိုဈေးနှုန်းအတိုင်းသာ ရှိနေရင် ဘယ်လောက်ကောင်းလိုက်မလည်းလို့ ကြံကြံဖန်ဖန် တွေးမိလိုက်ပါသေးတယ်။
စနေညနေခင်းမှာတော့ မတင့်(တင့်တင့်ထွန်း) ရဲ့ တကိုယ်တော် ရှိုးပွဲလေး လုပ်ခဲ့ပါတယ်။ အပိုင်းသုံးပိုင်း ခွဲပြီးလုပ်တဲ့ ဒီပွဲမှာ မတင့်က သူ့ရဲ့ အဖွင့်သီချင်းကို ရန်ကုန်မှာ သီဆိုခွင့်မရတာကြာခဲ့ပြီဆိုတဲ့ `ဒါလေးများ´ သီချင်းနဲ့ စဖွင့်ပါတယ်။ ခပ်မြူးမြူးလေးပေါ့။ စတေ့ရှိုးပွဲ ပုံလေးတွေကို အောက်မှာဖော်ပြလိုက်ပါတယ် ခင်ဗျာ။
စတေ့ရှိုးပွဲ မစမီ ရောက်နှင့်နေကြတဲ့ ပရိသတ်များပါ။ ဒီပွဲကို လူလေးရာနဲ့ ငါးရာအကြား လာရောက်ကြတယ်လို့ ခန့်မှန်းရပါတယ်။ လက်မှတ်ခကတော့ တစောင် ၂၀ ဒေါ်လာ၊ ကျောင်းသားများအတွက် တဆယ့်ငါးဒေါ်လာပါ။
ဖြေဖျော်မှု ပထမ အပိုင်းက မတင့်ရဲ့ ပုံတချို့ပါ။ မတင့်ရဲ့ ယခုပွဲ ၀တ်ပုံစားပုံဟာ ၂၀၀၄ ခုနှစ်တုန်းက နယူးယောက်မှာ လုပ်သွားတဲ့ ပွဲထက်စာရင် အတော် အဆင်ပြေလုံခြုံပါတယ်။
ဒါကတော့ ဒုတိယ အပိုင်း ဖျော်ဖြေမှု ပုံရိပ်တွေပါ။
အဲဒါကတော့ တတိယ အပိုင်း ဖျော်ဖြေမှု ပုံရိပ်တွေပါ။
ဒီဘက်နှစ်များမှာ အဆိုတော် တော်တော်များများ လုပ်လေ့ရှိကြတဲ့ လက်မှတ်ထိုး အခွေရောင်း အစီအစဉ်ကို တင့်တင့်ထွန်းကလည်း သူ့ရှိုးပွဲအပြီးမှာ လုပ်ခဲ့ပါတယ်။ တခွေ ၁၀ ဒေါ်လာပါ။ သူနဲ့ ဓာတ်ပုံတွဲရိုက်ချင်သူများနဲ့ သူ့ပရိသတ်များက ၀ယ်ယူအားပေးခဲ့ပါတယ်။
တင့်တင့်ထွန်း တကိုယ်တော် ဖျော်ဖြေပွဲရဲ့ ထူးခြားတာ တခုကတော့ `ပုဂံလမ်းမှ စောင့်နေမယ်´ သီချင်းကို တောင်းဆိုသူများရဲ့ ဆန္ဒအရ နှစ်ကြိမ်တိုင် ဖျော်ဖြေသွားတာပါ။ ကျနော့် ကင်မရာလေးမှာ ထည့်ထားတဲ့ မမ်မိုရီကဒ်ရဲ့ သိမ်းနိုင်စွမ်း ရှိသလောက်ကို ကြိုးစားပြီး အဲဒီ သီချင်းကို ရိုက်ကူးလာခဲ့ပါတယ်။ ဒီမှာ နားထောင်ပါ ခင်ဗျာ။
ဒီလိုနဲ့ နောက်တနေ့ကျတော့ ပုဂံလမ်းမှာ စောင့်နေမယ့် မတင့်ကို အသာမေ့လို့ လုပ်ငန်းခွင် အမှီပြန်ရောက်ဖို့ ကျနော်နေထိုင်ရာ ပြည်နယ်ရှိရာကို ပြန်ရပါတယ်။
တရိပ်ရိပ်ပြေးနေတဲ့ ကားကို သတိထားမောင်းရင်း …၊ အင်ဒီယားနားပြည်နယ်က နောက်မှာ ကျန်ခဲ့လို့..။ အင်း.. ပုဂံလမ်းကို အမြန်ပြန်ချင်ပါဘိ။
ကလိုစေးထူး
5 comments:
ပြန်ခဲ့မှာပေါ့ ပုဂံလမ်းရယ်
ပုဂံလမ်းကိုအရောက်ပြန်ခဲ့မှာ
အဓိပတိလမ်းမက ကံကော်ပန်းတွေကိုလမ်းခူးအုံးမှာ
ဘွဲ့နှင်းသဘင်ခန်းမ ရှေ့ ကအုတ်ခုံမှာလဲထိုင်အုံးမှာ
အင်းလျားဆောင်နောက်ကအုတ်ခုံမှာလဲထိုင်မှာပေါ့
ဂျပ်ဆင်ဘေးကလမ်းကလေးမှာလည်းလျှောက်အုံးမှာ
တောင်ငူဆောင်ဘေး ဦးချစ်ဆိုင်ကလက်ဖက်ရည်ကိုသောက်ပြီးရင်
မာလာဆောင်ရှေ့က ၀က်သားတုတ်ထိုးလဲစားအုံးမှာ
အဲဒီကမှအင်းလျားကန်ပေါင်ကိုသွားပြီးလေညှင်းခံတာပေါ့
အခုတော့…..
ကိုသံလွင်ကို အားကျလိုက်တာ …
ကျမကတော့ ရန်ကုန်မှာနေပြီး စတိတ်ရှိုးတွေတောင် မသွားဖြစ်တာ ကြာပေါ့။
စနေ တနင်္ဂနွေ ပိတ်ရက်မှာ relaxဖြစ်တဲ့အပြင် သူငယ်ချင်းတွေနဲ့လဲ ဆုံဖြစ်တယ်ဆိုတော့ ပျော်စရာကြီးပေါ့။
မတင့်နဲ့ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံရှိရင်လဲ တင်ပါအုံး နော်။
ကိုသံလွင်..
ပုံလေးတွေ သဘောကျတယ်.. သူငယ်ချင်းတစ်ယောက်ကိုတွေ့ လို အဲ့ဒီထဲက တစ်ပုံကို သိမ်းထားလိုက်မယ်.. :) တော်တော်ပျော်ခဲ့ရဲ့လား.. ဒါနဲ့  ဒါလေးများ သီချင်းကို ရန်ကုန်မှာ ဘာလို့ ဆိုလို့ မရတာလား။ သိရင်ပြောပြပါဦး..
အမည်မသိသူရေ.. တချိန်ချိန်တော့ ပုဂံလမ်းကို ပြန်ဖြစ်မှာပါ။
မမေဓာဝီ.. ကျနော် မတင့်နဲ့ ဓာတ်ပုံ တွဲမရိုက်ခဲ့ဘူးဗျ။ သူ့ပုံ အနီးကပ်ရဖို့တောင် မနည်းတိုးခဲ့ရတာ။
နေနေ... စတေ့ရှိုးပွဲထက် သူငယ်ချင်းတွေနဲ့ ပြန်ဆုံလို ပျော်ခဲ့ပါတယ်။ ဒါလေးများ သီချင်းကို သူ ရန်ကုန်မှာ ဆိုခွင့်မရဘူးပဲ ပြောတယ်။ ဘာကြောင့်ဆိုတာ မပြောသွားဘူး။ ဒါပေမယ့် ကြားဖူးတာကတော့ သူရယ် ခိုင်ခင်ဦးရယ် ရန်ကုန်က ရှိုးပွဲတခုမှာ သူက ဒါလေးများ၊ ခိုင်ခင်ဦးက ပလာစတာလေး သီချင်းနဲ့ ဆိုတော့ သူတို့ ၀တ်ထားတာတွေက မလုံမခြုံပုံစံ ပေါက်နေတော့ အပိတ်ခံရဖူးတာကို ကြားမိလိုက်တယ်။ ကြာတော့ ကြာပါပြီ။
Tint Tint Tun gain weight. I have not seen her picture may be 5 years ago.
Pagan Lan... I never been listen that sound so I donot know that means the street from Yangon Univ or not. For me...Amm I studied since 1981 (1st & 2nd year at Hlaing regional college) at Yangong Univ main campus and then work till 1994. More than 1 decade I was familiar Pagan lan so you know how much I miss that.
Marlar
Post a Comment