Saturday, August 09, 2008

မှန်းသမ်းကွတ်ခ်...။

ဟိုတလောက စိတ်ပေါက်ပေါက်နဲ့ (အမှန်က ရေးစရာ ကုန်ကြမ်း ရှားပါးစပြုလာလို့လဲ ပါတယ်) ဟင်းတခွက်ချက်ပြီး ဘလော့ဂ်ပေါ် တင်လိုက်တာ မထင်မှတ်ဘဲနဲ့ ကျနော့်မိတ်ဆွေများရဲ့ အားပေးမှုကို အများကြီးရလိုက်တာကြောင့် နောက်ထပ် တခွက်လောက် ချက်ဦးမှပဲလို့ စိတ်ထဲကနေ တေးထားခဲ့တယ်။

စိတ်ထဲကသာ တေးထားတယ်ဆိုပေမယ့် ထူးဆန်းအံ့သြဖွယ်ရာ ဟင်းတွေလဲ ကျနော်က များများစားစား ချက်တတ်နေတာ မဟုတ်…။ တခြားဟင်းအမယ် အတော်များများကိုလဲ တချို့ဘလော့ဂ်တွေမှာ တော်တော်ကြီးကို သေသေသပ်သပ်နဲ့ တင်နှင့်နေပြီဆိုတော့ ဘာချက်ရရင်ကောင်းဦးမလဲ ဆိုတာကို တော်တော်စဉ်းစားယူလိုက်ရသေးတယ်။

နောက်တော့ အကြံရသွားတယ်။ အဲဒါကတော့ ကျနော်တို့ နယ်ဘက် ကရင်ပြည်နယ်၊ မွန်ပြယ်နယ်ဘက်တွေမှာ ရေပန်းစားတဲ့ အစားတမျိုးကို တင်ရင်ကောင်းမလားလို့ပါ။ ဒါပေမယ့် အဲဒါကိုလဲ ကျနော်သေသေချာချာ မချက်တတ်ပြန်ဘူး။ ချက်ကလဲ ချက်ချင်သေးတယ်။ ဒါနဲ့ပဲ ရမ်းသမ်းကွတ်ခ်ရဲ့ အဆက် `မှန်းသမ်းကွတ်ခ်´ ဆိုပြီး ဖြစ်လာတယ် ဆိုပါတော့…။



အဲဒါကတော့ ကျနော် ချက်တော့မယ့် ဟင်းမှာပါမယ့် အဓိကအမယ်တွေပါပဲ။ ငါးခြောက်၊ သရက်သီး၊ ငရုတ်သီးခြောက်တွေပဲ ပါတယ်ဆိုတော့ ဘာများပါလိမ့်လို့ တွေးနေဦးမလား။ တခြားတော့ မဟုတ်ပါဘူး။ ကျနော့် မိတ်ဆွေများကို `သင်္ကြန်ထမင်း´ ဆိုတဲ့ အစားအစာ တမျိုးကို ချက်ကျွေးချင်လို့ပါ။

`သင်္ကြန်ထမင်း´ ဆိုတာကို နည်းနည်းတော့ သိသလောက်လေး ရှင်းပြပါဦးမယ်။ သင်္ကြန်ထမင်းဆိုတာကို ရန်ကုန်နဲ့တကွ အထက်မြန်မာပြည်သား အတော်များများက မကြားဖူးကြ၊ မစားဖူးကြပါဘူး။ ဒါပေမယ့် အဲဒါက ကျနော်တို့ နယ်ဘက်မှာတော့ အဲဒါက တော်တော်လေး လူကြိုက်များတဲ့ အစားအစာ တမျိုးပါ။ သင်္ကြန်ရောက်ရင် တချို့တတ်နိုင်သူတွေဆို ငါးခြောက်ကြော်ကို မိုးပြဲဒယ်နဲ့ အပြည့်ကြော်၊ ထမင်းတွေ အများကြီးချက်လို့ မဏ္ဍပ်ထိုးပြီးတော့ ဖြတ်သွားသမျှလူ အားလုံးကို ခေါ်ကျွေးပါတယ်။ လူကြိုက်များလွန်းလို့ သင်္ကြန်မဟုတ်တဲ့ ကာလတွေမှာလဲ မုန့်ဟင်းခါးဆိုင် တချို့ရဲ့ မနက်စောစောမှာ သင်္ကြန်ထမင်းကို ထည့်ရောင်းလေ့ရှိပါတယ်။

သူ့မှာ ထူးခြားတဲ့ အမယ်တွေလဲ များများစားစား မပါပါဘူး။ ထမင်းကို ခပ်ပျော့ပျော့ဖြစ်အောင် ချက်၊ ပြီးရင် ဖယောင်းနံ့လေး သင်းအောင်လုပ် (အဲဒါကို ဘယ်လိုလုပ်သလဲဆိုတာ ကျနော် မသိဘူး)။ စကာ ခပ်ကြီးကြီးထဲမှာ အသင့်ထည့်ထားပေါ့။

ပြီးရင် ထမင်းနဲ့တွဲစားဖို့ ငါးခြောက်ကြော်ကို ပြင်ဆင်ရပါတယ်။ ငါးခြောက်ဆိုတာကလဲ တတ်နိုင်ရင်တော့လဲ ငါးရံ့ခြောက်ပေါ့။ တချို့လဲ အတန်ငယ်ဈေးချိုပြီး အသားပိုများတဲ့ ငါးခြောက်ကို ကြော်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ငါးမဲလုံးခြောက်၊ အာပြဲခြောက်၊ ငါးတံခွန်ခြောက်တွေကတော့ သင်္ကြန်ထမင်းနဲ့ တွဲစားဖို့အတွက် ကြော်လို့ မကောင်းပါဘူး။

ငါးခြောက်ကို အရင်ဆုံးရေဆေး၊ ပြုတ်ရပါမယ်။ ပြီးရင် အရိုးတွေမပါစေရအောင် ဂရုတစိုက်နဲ့ အသားချည်းသက်သက် နွှင်ရပါတယ်။ နွှင်ပြီးရင်တော့ ငါးခြောက်ပြုတ်ကို ငရုတ်ဆုံထဲမှာ ကြေသွားအောင် ထောင်းရပါတယ်။ ကြက်သွန်တွေကို ခပ်ထူထူလှီးရပါတယ်။ သရက်သီးကိုအခွံနွှာပြီး အစိတ်သေးသေးလေးတွေဖြစ်အောင် ဓားနဲ့တဆတ်ဆတ် ပေါက်ရပါတယ်။ ပြီးရင်တော့ ဆီသတ်ပြီး ကြော်လို့ရပါပြီ။ ငါးခြောက်က ဆီစုပ်တော့ သာမန်ဟင်းတွေထက်တော့ ဆီနည်းနည်း ပိုသုံးရပါမယ်။ ငါးခြောက်ကြော် ကျက်ရင် ငရုတ်သီးတောင့်တွေကို ခပ်ကျွတ်ကျွတ်နဲ့ နီရဲရဲလေး ဖြစ်အောင် ကြော်ရပါမယ်။

အဲဒါတွေ အားလုံးပြီးရင်တော့ ၀ါးတီးဖွင့်လို့ရပါပြီ။ :D သင်္ကြန်ထမင်းကို ရေဆမ်းလို့၊ ငါးခြောက်ကြော်လေးစားလိုက်၊ ငရုတ်သီးခြောက်ကြော်လေး ကိုက်လိုက်နဲ့ စားရတဲ့ အရသာကို မြည်းစမ်းစေချင်တာနဲ့ ကျနော်လဲ မှန်းသမ်းကွတ်ခ်လိုက်တော့…။





သြော်…၊ မေ့လို့…။ အခု သင်္ကြန်ထမင်းက ညဘက်မှာ သောက်တာများသွားတဲ့ ဆရာသမားများ အရက်နာကျတဲ့အခါ အလွန်အင်မတန် စားသင့်တဲ့ အရာလဲ ဖြစ်ကြောင်းကို လက်တို့လိုက်ပါကြောင်းဗျို့…။

နောက်ထပ်တခွက် ထပ်ချက်ပြီးရင်တော့ ကျနော့်ရဲ့ ချက်ပြုတ်ရေး အရည်အချင်း ကုန်ပါပြီ။ :P သည်းခံတော်မူကြပါကုန်။ ကျနော် မိတ်ဆွေများ ဒီတပတ်ပိတ်ရက်မှာ ချမ်းမြေ့ပျော်ရွှင်ကြပါစေ…။


ကလိုစေးထူး

စာကြွင်း။ သင်္ကြန်ထမင်း ချက်နည်းကို အခုရေးတာထက် ပိုပြီး ပြည့်ပြည့်စုံစုံ သိလိုသူများအတွက်တော့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

7 comments:

Anonymous said...

တူလဲတူဘူး။
ဒီတခါ စားမကောင်းဘူး။
ရေများပါတယ်ထင်တယ် ဦးလေးတွေ ချက်တာ အဘွားတွေ ချက်တာ...ဖားသေးသေးလေးတွေနဲ့ တွစြားလည်းကောင်းတယ်တဲ့။ မစားရဲလို့ မစားဘူး
ငါးရံ့ခြောက်ထောင်းကြော်နဲ့ လိုက်တယ်။ ငရုပ်သီးက အပုတောင့်ပါ အရှည်တောင့်ဟုတ်ဘူး
ပုစီလေးတုန်းက စားဘူးတာ။
အခုဟာ စားမကောင်းဘူး မှန်းသမ်းကွတ်မို့လို့
သရက်သီးစိမ်းပဲ ယူသွားတယ်..

Soe Mya Nandar Thet Lwin (Borros Roxo) said...

Yummy!!!

It's looked delicious. Never taste it before but your post and pictures made me feel starving. Love to try new taste as always.

You have talents at cooking as well. Enjoy your weekend!! :))

SMNTL

မြရွက်ဝေ said...

သင်္ကြန်ထမင်းချက်နည်းက __
ထမင်းကို ရေငှဲ့ချက်၊ ကျက်ရင် ရေဆေးပြီး ဇကာထဲ ဖြန့်ခင်းထား၊
ဖယောင်းနံ့သင်းတဲ့ရေအတွက် ဖယောင်းသားတချို့ရယ်၊ နံ့သာခေါက်ရယ် (နံ့သာမရှိရင်လည်း ဖယောင်းသားသက်သက်)ကို အပုံလေးလုပ်ပြီး မီးရှို့၊ မီးခိုးတွေ ထွက်နေတုန်း အိုးသန့်သန့်နဲ့ မှောက်ပြီး ဖုံးထား၊ အားလုံး ပြာကျပြီး မီးခိုးကုန်လောက်တဲ့အချိန်မှာ အိုးထဲရေအေးအေးလေး လောင်းထည့်ပြီး အဖုံးဖုံးထားလိုက်ပါ။ စားမယ့်အခါမှ ထမင်းပေါ် လောင်းလိုက်ရုံပါဘဲ။ (အဖွားဆီက ချက်နည်းမေးထားတာ၊ တခါမှတော့ မချက်ဖူးသေးဘူး။ :D)
သင်္ကြန်ထမင်းနဲ့ သရက်သီးငါးခြောက်ကြော်က အရမ်းကြိုက်တာ။ အဲဒါနဲ့ဆို ထမင်း နှစ်ပန်းကန် သုံးပန်ကန် အေးဆေး စားနိုင်တယ်။
ကိုကလိုစေးထူး အတော်စိတ်ရှည်ပုံဘဲ။ အာပြဲခြောက်ကို အရိုးနွှင်နေလို့။ ငါးခြောက်အရိုးနွှင်ရတာ အတော်ဇက်ညောင်းတာ။

nu-san said...

အဟီး.. သင်္ကြန်ထမင်း စားဖူးဘူး။ ဒါပေမယ့်သရက်သီးစိမ်းတွေတော့ စားချင်တယ်... ငါးခြောက်ချက်ထားတာလည်း စားကောင်းမဲ့ပုံပဲ...

ကိုစေးထူးရေ.. ဘေးကဖန်ခွက်က ရေခွက်လား..?? :P ရမ်းသမ်းကွတ်ခ်၊ မှန်းသမ်းကွတ်ခ်၊ နောက်တခါ ဘာ ကွတ်ခ်လဲ.. ???

လင်း said...

သင်္ကြန်ထမင်းစားသွားတယ်။ ရာသီဥတုပူနေတာနဲ့တော့အတော်ဘဲ။ သင်္ကြန်ထမင်းကို ဒီနှစ်မစားလိုက်ရဘူး၊ ငယ်ငယ်တည်းက အိမ်မှာ ရာသီဥတုပူထဲက စစားတယ်၊ သင်္ကြန်တွင်းတော့ ပြောစရာမရှိပေါ့၊ တနှစ်ကို ၄ခေါက်လောက်တော့ စားဖြစ်တယ်။ သိပ်ကြိုက်တာပဲ

Pinkgold said...

သင်္ကြန်ထမင်းကိုမကြိုက်ဘူး... အဲဒါတွေများ စားရတယ်လို့

Anonymous said...

သင်္ကြန်ထမင်းက ထမင်းရေဆမ်းပေါ့ တူတူပဲး) ဒါပေမယ့် စားလို့ တော့ကောင်းတယ် သင်္ကြန်ရက်ဆို ကျနော်တို့ နယ်ဘက်က စဒုဓီသာ မှာ အဲ့ဒါတွေအကျွေးများတယ် ။