Saturday, March 08, 2008

အလွမ်းရှုခင်း…

တနေ့က ဖြစ်ပါတယ်။

ကျနော့် ဘလော့ဂ်ကို ဖတ်မိတဲ့ စောမင်းဇင် ဆိုတဲ့ အကို တယောက်က အီးမေးလ်ပို့ မိတ်ဆက်လာပါတယ်။ အဲဒီ အပြင် မြန်မာ့ရှုခင်း ပုံလေးတွေကို လက်ဆောင် အဖြစ် ပို့ပေးလိုက်ပါတယ်။

အကို စောမင်းဇင် ပို့ပေးလိုက်တဲ့ ပုံတွေကို ကြည့်ပြီးတဲ့အချိန်မှာ ပုံတွေက ကျနော့် မွေးရပ်မြေက ရှုခင်းတွေနဲ့ အတော်လေးကို ဆင်တူလွန်းတာကြောင့် ငိုင်ခနဲ ဖြစ်သွားမိပါတယ်။ တပုံချင်းစီကို လိုက်ကြည့်ရင်းနဲ့ ဒီနေရာလေးက ငါတို့ဆီက ဘယ်ရွာနားက ပုံလေးလိုလို တူတယ်။ ဟိုပုံလေးကတော့ တို့မြို့က မြစ်များ ဖြစ်နေမလား မသိဘူး လို့ မှန်းဆရော်ရမ်းရင်းနဲ့ ကျန်ခဲ့တဲ့ မြို့ငယ်လေးကို တော်တော်လေးကို လွမ်းဆွတ်မိသွားပါတယ်။ ပုံလေးတွေတချို့ကို သရုပ်ဖော် စာနဲ့ အတူ တင်ဆက်ပါရစေ။




ချောင်းငယ်လေးကို ဖြတ်နေတဲ့ အဲဒီ လှည်းလေးပေါ်မှာ မြို့ကအပြန် လက်ဆောင်များ ၀ယ်ပြီးပြန်လာတာများလား၊ လမ်းကလေးက ဖုန်ဖုန်၊ ချောင်းရေက ကြည်မြမြနဲ့ စိမ်းစိုနေတဲ့ တောအုပ်ငယ်လေးက ကျနော်တို့ နယ်ဘက်က ရှုခင်းတွေနဲ့ တထပ်တည်းပါပဲ။ အဲဒီလို လမ်းမှာပဲ နွားလှည်းတဖုံ၊ စက်ဘီး တလှည့်နဲ့ အသွားအပြန်လုပ်ရင်း ရွာကနေမြို့ကို ကျောင်းသွားကျောင်းပြန် လုပ်ကြတဲ့ ကျောင်းသားတွေ ရှိပါတယ်။




ကျနော်တို့ မြို့ရဲ့ အနောက်ဘက် ခပ်လှမ်းလှမ်းကို ငေးမျှော်ကြည့်ရင် အခုပုံထဲမှာ မြင်ရတဲ့ အတိုင်း နိမ့်တချို့ မြင့်တ၀က် တောင်စွယ်တွေ ကွေ့ကာဝိုက်ကာနဲ့ ကမွတ်ကသဲ တောင်တန်းကြီးကို မြင်နိုင်ပါတယ်။ အဲဒီ တောင်တန်းတွေပေါ်ကိုပဲ စစ်တပ်အတွက် ရိက္ခာထုတ်တွေကို ပေါ်တာအလို့ငှာ ထမ်းပိုးရင်း သုံးလေးခေါက် ရောက်ခဲ့ဖူးပါတယ်။ ကျစ်လစ်နေအောင် ထုပ်ထားတဲ့ သူတို့ စစ်တပ်အခေါ် တိုက်ပွဲဝင် ရိက္ခာထုပ်တွေကို တယောက်ကို နှစ်ထုပ်နှုန်းနဲ့ သွားပို့ရလေ့ ရှိပါတယ်။

ရိက္ခာထုပ်တွေ အဲဒီတောင်တန်းပေါ်က စခန်းကုန်းပေါ် ရောက်သွားရင်တော့ အဲဒီ တောင်ပေါ်ကနေ ကျနော်တို့ မြို့ကို ပြန်ပြီး ငေးမျှော်ကြည့်ရတာ အတော် အရသာရှိပါတယ်။ အိမ်လေးတွေ စုစုနဲ့ မြို့ကလေးရဲ့ ဘေးနားကနေ ကွေ့ဝိုက်စီးသွားတဲ့ မြစ်၊ လယ်တောကွက်တွေ ဟိုတစ ဒီတကွက်နဲ့ ရှုခင်းတွေကို မြင်နိုင်ပါတယ်။ ကျနော်တို့ မြို့ကနေ ပြန်ကြည့်လိုက်ရင်လဲ အဲဒီ တောင်တွေ နားမှာ နေထိုင်တတ်တဲ့ ဒေသခံတွေက တောင်ယာတောတွေ မီးရှို့တဲ့အခါ အတော်လေး ကြည့်လို့ကောင်းပါတယ်။ တောင်တန်းကြီးက စိမ်းညို့ညို့၊ မှိုင်းအုံ့အုံ့နဲ့ ညနေမိုးချုပ်လုလု အချိန်လိုမျိုးဆိုရင် မီးတောက်တွေ ဟိုတစ၊ ဒီတစနဲ့ တောင်တန်းကြီးရဲ့ အလှကို ကျနော် ပုံပေါ်အောင် စာမဖွဲ့တတ်ပါဘူး။


ကျနော်တို့ နယ်ဘက်က ရွာတွေမှာ များသောအားဖြင့်က အဲဒီပုံမှာ ပါတဲ့အတိုင်း ၀ါးဖျင်ကာ၊ အင်ဖက်မိုးနဲ့ အိမ်တွေက ပိုများပါတယ်။ တတ်နိုင်သူ တချို့ကတော့ ပျဉ်ခင်း၊ပျဉ်ကာ၊ သွပ်မိုးအိမ်လေးတွေ ဆောက်ကြပေမယ့် အခုပုံထဲမှာ မြင်ရတဲ့ အိမ်ကလေးကတော့ ကျနော်တို့ နယ်ရဲ့ အမှတ်အသား တခုလိုပါပဲ။ အိမ်အောက်မှာ တမိုးစာ ထင်းစည်းတွေရှိမယ်၊ စပါးပုပ်ရှိမယ်။ အိမ်ရှေ့မှာ ကွက်လပ်ငယ်လေးနဲ့ ခြံထောင့်မှာ ကွမ်းပင် အုန်းပင်တချို့နဲ့ ဒီအိမ်လေးတွေ အများကြီး စုလိုက်တော့ ရွာတန်းရှည်လေးတွေ ဖြစ်သွားတာပေါ့။ ကံဆိုး မိုးမှောင်ကျတဲ့ အခါများမှာတော့ အဲဒီလို အိမ်လေးတွေထဲက တချို့ မီးလောင်တိုက် အသွင်းခံရရှာပါတယ်။




တမြန်မနှစ်ဆီတုန်းကတော့ ကျနော်တို့ နယ်ဘက်မှာ ရေတွေ တော်တော်ကြီးလိုက်တဲ့ သတင်းကြားလိုက်ပါတယ်။ ရုပ်သံသတင်းတွေအရ ပျက်စီးနေတဲ့ အိမ်စုစုလေးတွေရဲ့ပုံတွေ၊ နွားသေ၊ ၀က်သေတွေ အပြင် လူသေပုံပါတွေ့လိုက်ရတဲ့ အကျည်းတန်သွားတဲ့ မြစ်ပြင်ကို မြင်ခဲ့ရပါတယ်။

အခုပုံကို ကြည့်ရတာကလဲ ရေကြီးနေတဲ့ မြစ်တခုပါ။ ကိုစောမင်းဇင်က ရေကြီးနေတဲ့ တခြားပုံတွေလဲ အများကြီး ပို့ပေးလိုက်ပါသေးတယ်။


တခါတလေကျရင်တော့ ကျနော်တို့ မြို့ကလေးပေါ်ကို ဟိုးတောနယ်ဘက်က သစ်ဆွဲတဲ့ ဆင်တချို့ ရောက်လာလေ့ ရှိပါတယ်။ အဲဒီ ဆင်ကြီးတွေကို ကရင်ဖထီးကြီးတွေက ပိုင်ဆိုင်ပါသတဲ့။ ဆင်ပိုင်ရှင် ဖထီးကြီးတွေဟာ သူ့နယ်၊ သူ့နေရာမှာတော့ အလွန်အင်မတန်မှ မျက်နှာပန်းပွင့် သြဇာညောင်းတယ်လို့ သိရပါတယ်။

***

ပုံတပုံချင်းစီကို လိုက်ကြည့်လိုက်၊ စာတပိုဒ်ရေးလိုက်၊ လွမ်းသလိုလို ဆွေးသလိုလို ဖြစ်လိုက်နဲ့…။ ဘယ်လိုပဲဖြစ်ဖြစ် အကို စောမင်းဇင်ကို အရမ်းကျေးဇူးတင်တာကိုတော့ ထပ်ဆင့် ပြောချင်ပါတယ်။ လာဖတ်တဲ့ မိတ်ဆွေတွေ အနေနဲ့လဲ ဒီနေ့ကတော့ ကျနော် ဆားချက်တယ်လို့ ဆိုချင်လဲ ဆိုကြပါတော့…။ :)


ကလိုစေးထူး

8 comments:

စူး said...

အင်းးးး လွမ်းသွားတယ်.. အထူးသဖြင့် တဲအိမ်လေးတွေ..
ငယ်ငယ်တုန်းကရောက်ဖူးတဲ့ နေရာလေးတွေပဲ
ကျေးဇူးပါပဲ
ဒါပေမဲ့ပြန်လျော်ပေး မတွေ့နိုင်တော့တဲ့ အမျိုးတွေကို လွမ်းလို့

Anonymous said...
This comment has been removed by a blog administrator.
ကလိုစေးထူး said...

Kalar ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ကွန်မန့်ကို ကျနော် ဖျက်လိုက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူဟာ သူ့ကွန်မန့်ထဲက လင့်ခ်ကို ကလစ်မိသူ အားလုံးရဲ့ ကွန်ပြူတာတွေကို ဗိုင်းရပ်စ်ပေးပို့ဖို့ ကြိုးစားထားပါတယ်။ လာဖတ်မိသူ မိတ်ဆွေအားလုံးလဲ သတိထားကြဖို့ အသိပေးအပ်ပါတယ်။

ကလိုစေးထူး said...

ဘလော့ဂါ မိတ်ဆွေ အပေါင်းကို သတိပေးအပ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လို့ လက်ရှိ အုပ်ချုပ်နေသူကို ဆန့်ကျင် ရေးသားနေသူတွေ အထူးသတိထားကြပါ။

ကျနော့် ဘလော့ဂ်မှာ Kalar ဆိုတဲ့ နာမည်နဲ့ လူတယောက် see here or here လို့ရေးပြီးတော့ လင့်ခ်တွေ ပေးပါတယ်။ ကလစ်လိုက်တော့ စက်ကို ခြိမ်းခြောက်တိုက်ခိုက်မယ့် ဗိုင်းရပ်စ်တွေ လွှတ်ထားတဲ့ လင့်ခ်ဖြစ်နေပါတယ်။ ကျနော်က ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်ရင် သိပ်နားမလည်ပါဘူး။ ဒါပေမယ့် သူ ပေးတဲ့ လင့်ကို ကလစ်လိုက်တော့ မေးခွန်းတခု ပေါ်လာတယ်။ စကရင်က ဖြူသွားတယ်။ အိုကေ ကလစ်ရင် ဘာဖြစ်မယ် မသိပါဘူး။ မင်းစက်ကို ဗိုင်းရပ်စ်တွေ တိုက်ခိုက်နေပြီလို့ သတိပေးစာတန်းပေါ်ပါတယ်။ cancel ကလစ်လိုက်ပေမယ့်လဲ စက်ထဲကနေ တချို့ ၀က်ဘ်ဆိုက်တွေကို ၀င်လို့ မရပါဘူး။ ကျနော် အရင်က ၀ယ်ထားတဲ့ stop’n sign in ဆိုတဲ့ ပရိုဂရမ်တခုနဲ့ စက်ကို fix ပြန်လုပ်လိုက်မှ အဆင်ပြေသွားပါတယ်။ ကျနော့်ထက် ပိုမို တတ်ကျွမ်းနားလည်သူတွေအနေနဲ့ အဲဒီလို လင့်ခ်နဲ့ မိမိဘလော့ဂ်ကို လာရောက် တိုက်ခိုက်ခဲ့ရင် သတိထားနိုင်ဖို့နဲ့ စက်ရဲ့လုံခြုံရေးအတွက် အကောင်းဆုံး ဘယ်လို လုပ်သင့်တယ်ဆိုတာ ပို့စ်နဲ့ ဖြစ်ဖြစ် တင်ပေးကြဖို့ ပန်ကြားအပ်ပါတယ်။

အောက်မှာ ဖော်ပြထားတာကတော့ အဲဒီ ပုဂ္ဂိုလ် ကျနော်ဆီကို ၀င်လာတဲ့ လမ်းကြောင်းနဲ့ သူ့ရဲ့ အိုင်ပီ လိပ်စာပါ။ နိုင်ငံအမည် မပေါ်ပါဘူး။

Visitor Information: 122.107.13.115 (-) [Label Visitor] Location: -, -, - Last Visit Time: March 08, 2008 5:42:00 PM Length of this Visit: 0 hours and 0 minutes Page Viewed This Visit: 1 Returning Visits: 0 Entry Page: http://klosayhtoo.blogspot.com/ Exit Page: http://klosayhtoo.blogspot.com/ Referrer: http://green07dragon.blogspot.com/

လေးစားစွာဖြင့်

ကလိုစေးထူး

ကိုပေါ said...

ကိုစေထူး... ဆားချက်တာဘဲဖြစ်ဦးတော့ တကယ်ဘဲ လွမ်းစရာကောင်းတဲ့ ပို့စ်ပါ။ ကျနော်တို့ နယ်ဘက်မှာတော့ တောတွေ တောင်တွေက နီးနီးနားနားမှာမရှိဘူး။ အဝေးမှာဘဲ မှိုင်းပျပျ မြင်ရတာမျိုးပေါ့။ အဲ...အိမ်ကလေးတွေကတော့ တူသယောင်ယောင်ရှိပါတယ်။ ကြည့်ရတာ မြန်မာတပြည်လုံးမှာ အဲဒီလိုအိမ်ကလေးတွေ အများကြီးရှိတယ်ထင်ပါ့ဗျား။

Anonymous said...

ကိုကြီးစေးထူး...ဆားချက်တာလဲဖတ်ကောင်းတာပဲဗျ အဝေးရောက်နေတဲ့သူတွေအဖို့  ပုံလေးတွေကလဲ အလွမ်းတွေကိုဖြစ်ပေါ်စေတာပါပဲ...........။
သတိပေးတာ ကျေးဇူးပါဗျာ သိတိထားပါ့မယ် ။
ပျော်ရွှင်ပါစေ ။

တန်ခူး said...

ကိုစေးထူးရေ...အလွမ်းရှူခင်းလေးတွေနဲ့အတူ တနင့်တပိုး လွမ်းသွားတယ်။ သရုပ်ဖော်စာလေးတွေကြောင့် ပိုအသက်ဝင်သွားတယ်။

nu-san said...

ကိုစေးထူးရေ.. ကျမလည်း မနေ့က အဲဒီလိုမျိုး comment ရတော့ ကလစ် လုပ်လိုက်မိတယ်.. ဒါပေမယ့် စိတ်က သိပ်မသင်္ကာတာနဲ့ပဲ အဲဒီ comment ကို ဖျက်လိုက်တယ်.. ကျမကိုတော့ အဲဒီနာမည်နဲ့ comment ပေးတာ မဟုတ်ဘူး.. ဘယ်ကလာတာလည်းဆိုတာ ဒီ (122.107.13.115) IP ကို google မှာ ရှာကြည့်လိုက်တော့ AUSTRALIA လို့ပြောနေတယ်.. အကောင်းဆုံးကတော့ ကိုယ့် computer ကို အမြဲတမ်း latest window updates နဲ့ virus scanner ရှိနေတာ ပိုကောင်းမယ်လို့ ထင်ပါတယ်..