Monday, March 17, 2008

စပ်မိစပ်ရာ… (၂၁)

စင်္ကာပူ နိုင်ငံ အလုပ်ရှာဖွေရေး အေးဂျင့်ရဲ့ ကိုယ်စားလှယ်များ အဖြစ် အယောင်ဆောင်ပြီးတော့ နယ်မြို့တွေအထိ ဆင်းပြီး အမျိုးသမီးငယ်တွေကို လိမ်လည် ခေါ်ဆောင်မှုတွေ ရှိနေတယ် လို့ သတင်း တပုဒ်မှာ ဖတ်လိုက်ရပါတယ်။ ဒီသတင်းကို ဖတ်ပြီးတဲ့ အချိန်မှာ ကျနော်တို့ ပြည်ပရောက် မြန်မာတွေ အနေနဲ့ မိမိ အသီးသီးရောက်နေတဲ့ နိုင်ငံတွေကနေပြီးတော့ အဲဒီနိုင်ငံမှာ တကယ့်တကယ်တမ်း အခြေအနေအရ ဘယ်လိုပုံစံမျိုးနဲ့ အလုပ်ခေါ်တာက အမှန်အကန်၊ ဘယ်လိုပုံစံဆိုရင်ဖြင့် အကြံအဖန်ဆိုတာကို အချက်အလက် ဖြန့်ပေးတာ ပိုလိုအပ်နေပြီ ဆိုတဲ့ အတွေးဝင်လာမိပါတယ်။ တခုခု ၀ိုင်းစဉ်းစားပေးကြဖို့ မိတ်ဆွေ မောင်နှမများကို အကြံဉာဏ်တောင်းခံပါတယ်။

ဆရာမ ဂျူး ရေးတဲ့ `ဈေးဝယ်ယူသုံးစွဲသူမှာ အခွင့်အရေးရှိသလား´ ဆိုတဲ့ ဆောင်းပါးလေး တပုဒ်ကို ဖတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံတွင်းက ဈေးသည်နဲ့ ဈေးဝယ်တွေ အကြား အနေအထားကို ရိုးရှင်းပြေပြစ်စွာ ရေးထားတဲ့ အဲဒီဆောင်းပါးဟာ ဈေးသည်နဲ့ ဈေးဝယ်ရဲ့ အပြန်အလှန် ယုံကြည်ရမှု နည်းပါးလာတဲ့ အခြေအနေကိုလည်း ဖော်ညွှန်းနေခဲ့ပါတယ်။ ဖတ်ရှုချင်ရင်တော့ ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း မီးခိုးမွှန်ပြီး သေဆုံးမှုဖြစ်စဉ်တွေရဲ့ သတင်း အားလုံးစုစုပေါင်းမှာ လူပေါင်း ၄၅ ဦး အထိတောင် သေဆုံးခဲ့ရတာကို ရင်နင့်ဖွယ် ဖတ်လိုက်ရပါတယ်။ မီးလောင်မှုတွေရဲ့ နောက်ဆက်တွဲ သတင်းအဖြစ် ဖတ်လိုက်ရတဲ့ အဲဒီ သတင်းတွေမှာ ဖယောင်တိုင်မီးကတဆင့် မီးလောင်ပြီးတော့ မီးခိုးမွှန် သေဆုံးခဲ့ရသူ ကလေးငယ် ၆ ဦးပါဝင်ခဲ့ပါတယ်။

ပြည်သူတွေရဲ့ ထင်မြင်ချက်တွေကို နားထောင်ရာမှာ အင်တာနက်ဟာ အထိရောက်ဆုံး ကြားခံ ကိရိယာ တခုဆိုတာကို တရုတ်နိုင်ငံကို ကိုးကားရေးသားထားတဲ့ သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။ ကျနော်တို့ ရွှေပြည်ကြီးမှာကတော့ အဲဒီအချက်ကို ကောင်းစွာ သဘောပေါက်နေတဲ့ အုပ်ချုပ်သူများက ပြည်သူအများ အင်တာနက် ကောင်းမွန်စွာ အသုံးပြုလို့ မရနိုင်အောင် ဟိုပိတ်၊ဒီဆို့နဲ့ မမောနိုင် မပန်းနိုင် ပိတ်ဆို့လို့ ကောင်းဆဲပါပဲ။ လာမယ့် ဆန္ဒခံယူပွဲ ကာလမှာ မြန်မာပြည် တ၀ှမ်း အင်တာနက် သုံးစွဲမှုတွေကို ဖြတ်တောက်ထားမယ် ဆိုတဲ့ အရပ်သတင်းတွေလဲ ဟိုဒီ ပြန့်လွင့်လို့ နေပါတယ်။

ကျနော် အားပေးတဲ့ ချဲလ်ဆီးအသင်းကတော့ အက်ဖ်အေ ဖလားပွဲမှာ ပထမတန်းက ဘန်စလေ အသင်းကို စိတ်ပျက်ဖွယ်ရာ ရှုံးနိမ့်သွားပြီးတော့ ဖလားတလုံး လက်လွှတ်ခဲ့လိုက်ရပါတယ်။ အခု လာမယ့် အပတ်မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲအဖြစ် အာစင်နယ် အသင်းနဲ့ လန်ဒန်ဒါဘီပွဲကို အိမ်ကွင်းမှာ ကစားရပါမယ်။ တဖက်မှာလဲ မန်ယူ အသင်းက လီဗာပူးနဲ့ ကစားမယ်ဆိုတော့ မန်ယူက လီဗာပူးကို ရှုံးပြီးတော့ ချဲလ်ဆီးက အာစင်နယ်ကိုသာ နိုင်ခဲ့ရင်တော့ ဆိုတဲ့ အတွေးနဲ့ လာမယ့်အပတ် ဘောလုံးပွဲကို ကြည့်ရပါမယ်။

နှင်းသီးနဲ့ တူတဲ့ နှာခေါင်းပိုင်ရှင် ထိုင်းဝန်ကြီးချုပ်သစ် ပူပူနွေးနွေး မစ္စတာ စမတ်ခ် ဆွန်ထော်ရဝဲ့ က မြန်မာစစ်ခေါင်းဆောင်များသည် ဗုဒ္ဓဘာသာဝင်ကောင်းများကဲ့သို့ ဘာသာရေး ကိုင်းရှိုင်းသူများဖြစ်ကြောင်း မြန်မာနိုင်ငံကို တရက်ကြာ ချစ်ကြည်ရေးခရီးက ပြန်လာပြီးနောက် သူ့ရဲ့ အပတ်စဉ် မိန့်ခွန်း တခုထဲမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။ တဖက်မှာလဲ သူပြောဖူးတဲ့ မိန့်ခွန်းတခုအရ ထိုင်းဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကိုသာ အဓိက ရှေ့ရှု ဆက်ဆံမယ်လို့ ပြောဖူးတာ ရှိပါတယ်။ ဒီတော့ ထိုင်းနိုင်ငံကို `အိမ်နီးချင်းကောင်း မဟုတ်ဘူး´ လို့ တချိန်လုံး စွပ်စွဲခဲ့တဲ့ မြန်မာအုပ်ချုပ်သူတွေကရော…၊ သူတို့ကို ဘာသာရေး ကိုင်းရှိုင်းသူတွေပါလို့ ပြောလိုက်တဲ့ အခုစကားကို ကြားရင် ထိုင်းက သူတို့ အိမ်နီးချင်းကောင်းလို့ ပြန်ပြောဦးမလားတော့ မပြောတတ်ပါဘူး။

ဒီတပတ်ထုတ် Weekly eleven ဂျာနယ်မှာ ယခင်က ပုံမှန်ဖတ်နေရကျ ၀ါရင့်သတင်းစာ ဆရာကြီး လူထုဦးစိန်ဝင်းရဲ့ ဆောင်းပါး မပါရှိတော့ပါဘူး။ ခေတ်ပြိုင်သတင်းအရတော့ မတ်လ (၈)ရက်နေ့က ဆရာကြီး ထုတ်ပြန်လိုက်တဲ့ အသံဖိုင်နဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒီနှစ်မှာ ကျင်းပမယ့် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ အနိုင်ရမယ်လို့ ထင်ကြေးပေးသူတွေ များနေတဲ့ အချိန်မှာပဲ ကျနော့်အလုပ်ရှင်နဲ့ တနေ့က စကားဆက်စပ်မိရင်း ပြောဖြစ်တော့ သူက ရီဗတ်ပလီကန်မှ ရီဗတ်ပလီကန်ပါပဲတဲ့။ သူ့အကြောင်းပြချက်ကတော့ `ဒီမိုကရက်တွေသာ နိုင်သွားရင် အခုထက် အခွန်ပိုကောက်တော့မှာကွ´ …တဲ့။

အအိပ်အနေအနည်းတဲ့ အမျိုးသားတွေ ပိုဝလာနိုင်တဲ့ အလားအလာရှိကြောင်း ဂျပန်နိုင်ငံရဲ့ လေ့လာသူများရဲ့ သုတေသန တခုက ဆိုပါသတဲ့…။ ဒီလိုဆိုရင် ကျနော်များ ၀လာလေမလား မသိ။ :D တနေ့တနေ့ကို အလွန်ဆုံး ၆ နာရီလောက်သာ အိပ်ဖြစ်နေတဲ့ ကျနော့် ခန္ဓာကိုယ် အချိုးအဆက်ကတော့ ၀လာနိုင်စရာ မရှိတာ အသေအချာပါပဲ။ မ၀ရင်လဲ နေပါစေတော့ အိပ်ချိန်တော့ ဒီထက် ပိုလျှော့လို့ မဖြစ်နိုင်ဘူးလို့ တွေးရင်းနဲ့ပဲ စပ်မိစပ်ရာကို ဒီတပတ်အတွက် အဆုံးသတ်ပါရစေ။ နောက်အပတ်မှာ ပြန်ဆုံကြပါစို့…။


ကလိုစေးထူး

2 comments:

Anonymous said...

I am against physical abuse of the weak by the strong. I hate the culture we have in Burma that locals bully the hapeless theives and burglars when captured.

But I will not feel pity if locals shave and crack the heads of those agents who lure naive young women to brothels in overseas, condemning them with sexually transmitted diseases and fatal terminal illness such as AIDS.

I would shave heads of those agents (man or woman, foreigner or local, educated or paperless), tatoo on the shaved skin on the head, crack open their head with a baseball bat, tatoo the whole body, ripe open the shirts, spray paint on whole body, shame them and learn the lesson what is the feeling of getting back the suffering they cause to other people lives. My hands feel the itch now. I hate those human smugglers.

Anonymous said...

အစ်ကိုရေ့ စပ်မိစပ်ရာက နိုင်ငံတကာသတင်းတွေစုံနေတာပဲ ။ ဗဟုသုတရပါတယ်ခင်ဗျာ။ ဒါနဲ့  စပ်မိစပ်ရာတိုင်းမှာ ကိုစေးထူးကြီးရဲ့ ချယ်ဆီးအကြောင်းအမြဲပါတယ်နော့်။
*ရွှေပြည်တော်ရယ် မျှော်နေလည်းဝေး
ဒူဝံကြယ်ရယ် မျှော်နေလည်းဝေး
အိမ်ပြန်ြချိန်ရယ် ပြန်ချင်လည်းဝေး*
ဟဲလေး သီချင်းပါ ဘာမှမဟုတ်ဘူး :D :D