Monday, March 31, 2008

တိကျ…မြန်..မှန်

အမှတ် (---) ခြေလျင်တပ်ရင်း…။ တပ်ရင်းအရာခံဗိုလ်ရုံး။

အရာခံဗိုလ် တင့်အောင်၏ စားပွဲရှေ့မှာ မျက်နှာသေလေးနဲ့ သတိဆွဲ ရပ်နေတာက တပ်သား အောင်ဝင်း။ အရာခံဗိုလ် တင့်အောင်က သူ့ရှေ့က လယ်ဂျာစာအုပ်ကို ဟိုလှန်ဒီလှော လုပ်လိုက်၊ တခုခုကို ရှာဖွေလိုက် လုပ်ပြီးနောက်…

`မင်းကို ခွင့်ပေးလိုက်တာ ဘယ်နှစ်ရက်လဲ´

`ဆယ်ရက်ပါ ဆရာကြီး´

`ပြစမ်း၊ မင်း MO´

တုန်တုန်ယင်ယင်ဖြင့် အောင်ဝင်း ကမ်းပေးလာသော MO (Movement Order) ကို ဖတ်ပြီးနောက်…

`ကဲ…၊ ပြော မင်း တပတ်တောင် နောက်ကျပြီးမှ ပြန်ရောက်တာ ဘာဖြစ်လို့လဲ´

`ဟို… ဟို…၊´

`ဘာ…ဟို ဟိုလဲ…၊ မင်းတို့ကောင်တွေ ခွင့်မရခင်ကတော့ မရလို့၊ ရတော့လဲ တပ်ကို အချိန်မှီ ပြန်မလာဘူး´

`………………..´

တပ်သား အောင်တင့် မျက်လွှာချလျက် ငြိမ်လျက်သား…။

`မင်းကိုငါ အခု အချုပ်ထဲ ထည့်လို့ရတာကို နားလည်လား´

`ဟုတ်ကဲ့၊ နားလည်ပါတယ်´

`အေး…၊ နားလည်တယ်ဆိုရင် မင်းကိုယ့်အပြစ်ကိုယ်သိရင် ဟောဟိုမှာတွေ့လား မြက်တွေ၊ အဲဒါတွေ ပြောင်သွားအောင် မြက်သွားပေါက်ချေ´

`ဟုတ်´

***

တပ်ရေး ဗိုလ်ကြီး ရုံးခန်း…။

`ဗိုလ်ကြီး၊ ကျနော်ရောက်ပါပြီ´

အခန်းဝမှာ အလေးပြုရင်း သတင်းပို့လိုက်သော အရာခံဗိုလ် တင့်အောင်ရဲ့ အသံကြောင့် ၀င်စာ တထပ်ကြီးနဲ့ အလုပ်များနေသော ဗိုလ် သက်ထွေး ခေါင်းမော့လာသည်။

`သြော်၊ ဆရာကြီး…၊ လာ´

သူ့ရှေ့မှာ သတိအနေအထားဖြင့် ရပ်နေသော အရာခံဗိုလ်တင့်အောင်အား အတန်ကြာသည် အထိ စိုက်ကြည့်နေပြီးမှ ဗိုက်သက်ထွေးတယောက် သက်ပြင်းတချက်ကို အသာချလိုက်ရင်း…

`ကျနော် သိပ်တော့ မပြောချင်ပါဘူး ဆရာကြီး၊ ဒါပေမယ့် မပြောပြန်တော့လဲ ခင်ဗျားတို့က များများလာတော့ ပြောရတော့မယ်´

`ဘာများလဲ ဗိုလ်ကြီး´

`ဘာလဲ ဆိုတော့ ခွင့်လွန်တွေ၊ သင်တန်းတက်ပြီး ပြန်အရောက် နောက်ကျသူတွေရဲ့ ရိက္ခာတွေကို ခင်ဗျား ထုတ်ထုတ်နေတာ များလာတဲ့ ကိစ္စပဲ´

`………….´

`ခင်ဗျားတို့က တော်ရုံတန်ရုံမို့ မပြောဘဲ အသာလွှတ်ပေးထားရင် ရောင့်ရောင့်တက်လာတယ်၊ ဘယ်မလဲ အဲဒီ ရိက္ခာတွေ၊ အကုန်ပြန်အပ်´

`ဟို…၊ ဟို…´

`ဘာမှ ဟိုဟိုဒီဒီတွေ လုပ်မနေနဲ့၊ ခင်ဗျား ဒါမျိုးတွေ လုပ်နေတာ များနေပြီ´

`………………..´

`ခင်ဗျား စစ်သက်နဲ့ အရာခံဗိုလ်အဆင့်ဆိုတဲ့ ရာထူးကို ငဲ့ပြီး ဒီတခါတော့ တရားဝင် စာတင်ပြီး အရေးမယူသေးဘူး။ ဒါပေမယ့် ခင်ဗျားထုတ်ထားတဲ့ ရိက္ခာတွေတော့ ပြန်အပ်ပါ´

`ဟုတ်´

***

တပ်ရင်းမှူး ရုံးခန်း…။

အပြင်မှာ ပူခြစ်နေပေမယ့် ရုံးခန်းထဲမှာတော့ လေအေးပေးစက် အရှိန်ကြောင့် အေးမြမြလေး ဖြစ်နေ၏။ သို့သော် တပ်ရင်းမှူး အရှေ့မှာ ရပ်နေသော တပ်ရေးဗိုလ်ကြီး ဗိုလ်သက်ထွေးတယောက့် ဇောချွေးကြောင့် အိုက်စပ်စပ်ပင် ဖြစ်နေလေ၏။ ခဏအကြာမှာတော့ တပ်ရင်းမှူး ရဲ့ အသံက ကျားဟိန်းသံကဲ့သို့ပင် မာထန်ထန် ဖြင့် ထွက်လာသည်။

`ကဲ၊ ဟေ့ကောင်၊ တပ်ရေးဗိုလ်ကြီး မင်း ဒီစာကို ဘယ်လိုရှင်းမလဲ´

တပ်ရင်းမှူး ထိုးပြသော စာကို ဖတ်ကြည့်ပြီး ဗိုလ်သက်ထွေး ခေါင်းနားပန်းကြီးသွားသည်။ စိတ်ထဲမှာလဲ ရုံးစာရေးတွေကို ကျိန်ဆဲလိုက်မိ၏။ `ခွေးမသား စာရေးတွေ၊ ငါ့ဆီကို အရင် မတင်ဘဲ တပ်ရင်းမှူးဆီ တမင်တင်လိုက်တာနေမယ်´ ဟုလဲ ညစ်တွေးတွေးလိုက်သေးသည်။

စာထဲမှာ ရေးထားတာက သူတို့ တပ်မှ ခွင့်မဲ့ပျက်ကွက် စစ်ပြေး တပ်သား မောင်ဆိုင် ကို ဖမ်းဆီးရမိထားသဖြင့် လာရောက်ခေါ်ဆောင်ရန် အကြောင်းကြားစာ…။

သာမန်အားဖြင့်ကြည့်ရင်တော့ စာက ဘာမှ မထူးဆန်းသလို ရှိပေမယ့် ခက်တာက တပ်သားမောင်ဆိုင် တပ်က ထွက်ပြေးသွားတာ သုံးလေးလလောက် ရှိနေပြီ ဖြစ်ပေမယ့် အထက်ဌာနကို ခွင့်မဲ့ပျက်ကွက်စာရင်း မတင်ထားမိခြင်းပင်။ မတင်ထားမိခြင်း ဆိုတာထက် မတင်ခဲ့တာဟု ပြောရင် ပိုမှန်လိမ့်မည်။ အဲဒီလိုပဲ ခွင့်မဲ့ပျက်ကွက် စစ်သည်တွေစာရင်းကို အထက်ဌာနကို အချိန်နဲ့ တပြေးညီ မတင်ပြဘဲ လစာနဲ့ ရိက္ခာတွေကို စာရင်းလိမ်တင် ထုတ်ယူနေတာ မနည်းတော့ပါ။

အထက်ဌာနက စာဝင်လာရင်လည်း ဆိုင်ရာပိုင်ရာတွေကို နည်းနည်းပါးပါး ပေးကမ်းပြီး လက်သိပ်ထိုး ဖြေရှင်းခဲ့တာချည်းပင်…။ အခုတော့ ဘယ်သူ့ လက်ချက်မှန်းမသိ…။ အထက်ဌာနက စာက တပ်ရင်းမှူးထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် တိုက်ရိုက် ရောက်သွားခြင်းပင်…။

`ဘာလဲကွ၊ မင်းတို့ကောင်တွေ၊ မပြောရင် မပြောသလို အဟုတ်မှတ်နေတယ်။ ငါက မင်းတို့အဆင့်တွေ အကုန်လုံးကို ဖြတ်သန်းလာတဲ့ကောင်ကွ။ မင်းတို့ သောက်ကျင့်တွေလောက်တော့ အကုန်သိတယ် ဆိုတာ နားလည်ထား´

`မင်းတို့က စာတွေအကုန်လုံးကို ငါ့ဆီကို မတင်ဘူး။ မင်းတို့အဆင့်လောက်နဲ့တင် လူလည်ကျ။ စစ်တပ်ကွ…၊ လုပ်ချင်တိုင်း လုပ်လို့ ရတယ်များ ထင်နေလား။ ဘယ်မလဲ တပ်ထောက်ဗိုလ်ကြီး လုပ်တဲ့ကောင်ရော…´

နောက်ထပ် ဆယ်မိနစ်လောက် အကြာမှာတော့ တပ်ရင်းမှုး ရုံးခန်းထဲတွင် ဆူသံ၊ဆဲသံများဖြင့် ပွက်လော ရိုက်နေလေတော့သည်။ တပ်ရင်းမှူးက တနာရီနီးပါးလောက် အားရပါးရ ဆဲဆိုပြီးမှ…

`အေး၊ သွားကြတော့၊ မင်းတို့ ထုတ်ထားတဲ့ လစာနဲ့၊ ရိက္ခာတွေ အကုန်ပြန်အပ်၊ မအပ်နိုင်ရင် အရေးယူမယ်´

***

ည ၇ နာရီ…။

ဧည့်ခန်းထဲမှာ လူ သုံးယောက် ထိုင်နေကြ၏။ တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်ဗိုလ်ကြီး နှင့် နောက်တယောက်ကတော့… တပ်ရင်းမှူး ကတော်…။

`ဟုတ်ကဲ့…၊ အမ ဒါဆို ကျနော်တို့ ပြန်လိုက်ပါဦးမယ်နော်´

`အေးကွယ်…၊ အေး…အေး´

`ဟိုလေ…၊ အခုလို လာတယ်ဆိုတာကလဲ လာကန်တော့တာပါ အမ၊ အမကိုလဲ အားကိုးပါတယ်´

`အေးပါဟယ်၊ နင်တို့ အဘကို ငါပြောပေးပါမယ်ဟဲ့´

`ဟုတ်၊ ဟုတ် အမ´

ဧည့်ခန်းထဲက စားပွဲပေါ်မှာတော့ ဆိုနီအမျိုးအစား ငါးချပ်ဆန့် အောက်စက် တလုံး၊ ပြီးတော့… စာအိတ် ဖောင်းဖောင်း နှစ်အိတ်…။

***

ဗိုလ်ချုပ်လမ်းမကြီးပေါ်မှ ဖြတ်သန်းသွားလျှင် ထိုတပ်ရင်းကို ဟီးနေအောင် မြင်နိုင်ပါသည်။ ဒါ့အပြင် တပ်ရင်းအရှေ့မှာ အနီရောင် အောက်ခံပေါ်တွင် အဖြူရောင် စာလုံးများဖြင့် ထင်းနေအောင် ရေးထားသည့် ဆိုင်းဘုတ် တခုကိုလဲ မြင်နိုင်ပါသေးသည်။

`တိတိကျကျ၊ မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် လုပ် (တပ်မတော်)´


ကလိုစေးထူး

(အမည်မဖော်လိုပေမယ့် ယခုစာစုကို ရေးသားဖြစ်ဖို့ အချက်အလက်တွေ ကူညီခဲ့တဲ့ သူငယ်ချင်းတယောက်ကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်)

9 comments:

Anonymous said...

this is called step by step procedure.

:)


W

Anonymous said...

good article! should blame to who for all these?

Anonymous said...

တပ်ထဲမှာတကယ် ဖြစ်ပျက်နေတဲ့ အကြောင်းရာတွေကိုရေးဖွဲ့ ထားတာ အရမ်းကောင်းတယ်ဗျာ ကျားကြီးတော့ ခြေရာကြီး ၊ကြီးတဲ့သူက များများခိုး၊ သားခိုးထဲက ဓာမြပြန်တိုက် ကောင်းကောပေါ့ဗျာ သူတို့ အမွေရထားတဲ့ ပစ္စည်တွေများအောင့်မေ့နေကြသလားမသိ တကယ်သနားစရာကောင်းတာက လက်အောက်ငယ်သားစစ်သားတွေပေါ့ အိမ်မှာစားစရာမရှိ။ မရှိတော့ကြံရာမရ အကျင့်တွေပျက်ပြီးမလုပ်သင့်တာတွေလုပ်မိ ၊ ဒီအသိုင်းဝိုင်းထဲက မဟုတ်ပေမယ့် ထိတွေ့ နေထိုင်ခဲ့ရဖူးတော့ ကောင်း၂ကြီးသိပါတယ်။

တိတိကျကျ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်
မှားနေတယ် ဖြစ်မယ် ပြောင်းသင့်နေပြီးးး =)
တိုးတိုးကျိတ်ကျိတ်၊ မြန်မြန်ဆန်ဆန်ခိုး ၊ မှန်တာကတော့ ဘာမှမရှိပါး ညာနေတာကြီး လူတကာသိး) ။

မြင့်မြတ်

လင်း said...

ကိုစေထူးက တော်တော်လည်းထောင့်စိအောင်ရေးနိုင်တယ်နော်
လင်းပေးထားတဲ့အကုန်သိသောကိုစေးထူးဆိုတဲ့နာမည်နဲ့ 
တကယ်လိုက်တယ်။း)

ကိုပေါ said...

အဲဒီ လစာ၊ ရိက္ခာ လိမ်ထုတ်နေတဲ့ အကြောင်းတွေ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ကြားဘူးနေတာ။ အခုဆိုရင် ပိုဆိုးတော့မပေါ့။ ကိုစေးထူး တင်ပြပုံ ကောင်းလှသဗျာ။

စူး said...

တိတိကျ မှန်ကန် မြန်ဆန်ချင်သလား
ငွေပေးလိုက်ပါ.. တဲ့
အဲဒါဆောင်ပုဒ်

ညီအကိုများ said...

good true story ....bro...

ကိုနေ(YNP)

Tin said...

တပ်မတော် ရဲ့ အစဉ်အလာ မနက် တန်းစီ ပြီး အော်နေ ကြ ရဲဘော် ညာ ညှိ အမိန့်  အတိုင်း အားလုံး ညာပြီး အချင်း ချင်း ညှိ ယူ နေကြ တာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ ပါပြီ။

Unknown said...

အစ်ကိုကတော့လုပ်ပြီဗျာ...ဟား..ဟား..။ :)