Sunday, December 02, 2007

တန်းတူရည်တူ > တိုးတက်မှု…

ကျနော်တို့ မြန်မာစကားပုံမှာ အတန်ငယ် ရင့်သီးသယောင်ရှိပေမယ့် ထိထိမိမိနဲ့ ဆုံးမ သင်ခန်းစာ ပေးထားတဲ့ စကားပုံ တခု ရှိပါတယ်။ အဲဒါကတော့ `တလွဲဆံပင် မကောင်းနဲ့´ ဆိုတဲ့ စကားပုံပါ။ အဲဒီစကားပုံနဲ့ အဓိပ္ပာယ်တူ နောက်ထပ် စကားပုံတခုလည်း ရှိပါသေးတယ်။ `မယောင်ရာ ဆီလူး´ …တဲ့။ စကားပုံတွေရဲ့ အနှစ်ချုပ်ကတော့ အမှန်တကယ် လုပ်သင့်၊ ဖြစ်သင့်တာကို ဦးစားပေး လုပ်ဆောင်ခြင်း မရှိဘဲနဲ့ မဟုတ်တဲ့နေရာတွေမှာ၊ အရေးမပါတဲ့ နေရာတွေမှာ ဦးစားပေးနေတတ်တာကို ထိန်းကျောင်း တည့်မတ်လိုရင်းနဲ့ အဲဒီ စကားပုံတွေ ပေါ်လာတယ် ထင်ပါရဲ့…။

***

ယနေ့ သြကာသ လောကကြီးကို ကြည့်လိုက်ရင် အပြောင်းအလဲတွေက မြန်ဆန်လွန်းလှခဲ့ပါပြီ။ တိုးတက်လာတာလို့ပဲ သတ်မှတ်သတ်မှတ်၊ ဒါမှမဟုတ် ဆုတ်ယုတ်လာတယ်လို့ပဲ ပြောပြော၊ မနေ့ကနဲ့ ဒီနေ့ မတူတော့သလို မနှစ်ကနဲ့ ဒီနှစ် မတူတော့ပါဘူး။ ပြောင်းလဲလာခြင်းတွေကို လေ့လာကြည့်လိုက်မယ်ဆိုရင်လည်း ရုပ်ဝတ္ထုဆိုင်ရာ ပြောင်းလဲခြင်းတွေအပြင် အဲဒီ ရုပ်ဝတ္ထုပြောင်းလဲခြင်းတွေရဲ့ ပဲ့ကိုင်ရှင် လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းကိုလည်း သတိထားမိလာရပါတယ်။

အဲဒီ ပြောင်းလဲလာခြင်းတွေထဲကမှ `တိုးတက်မှု´ လို့ သတ်မှတ်လို့ရတဲ့ ထင်ရှားတဲ့ သာဓကတွေကို ထုတ်နှုတ်ရရင်… ခါးသီးလှတဲ့ ကျွန်ပိုင်ရှင် စနစ် ပျောက်ကွယ်သွားမှု၊ လူဖြူ/လူမည်း ခွဲခြားမှုကို ချေဖျက်နိုင်မှု အပြင် နိုင်ငံအတော်များများမှာ သက်ဦးဆံပိုင် ဘုရင်စနစ် ချုပ်ငြိမ်းသွားမှုတွေဟာ လူသားတွေရဲ့ ဆင်ခြင်ဉာဏ်စွမ်းအား မြင့်မားလာမှုရဲ့ ပြယုဂ်တွေပါပဲ။ ထောက်ပြစရာ လက်ကျန် ချွင်းချက် တချို့ ရှိနေသေးသည့်တိုင်အောင် အဲဒီပြောင်းလဲခြင်းတွေဟာ ကမ္ဘာတ၀ှမ်းကို ကြီးမားတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်စေခဲ့တာတော့ အမှန်ပါပဲ။

အဲဒီလို ပြောင်းလဲလာခြင်းတွေထဲမှာ `လူသား´ ဆိုတဲ့ မျိုးတူသတ္တ၀ါ အချင်းချင်းထဲမှာကိုပဲ တခုတည်းသော ကွဲပြားချက် ဖြစ်တဲ့ လိင်မတူခြင်းကို အခြေခံထားတဲ့ ခွဲခြားဆက်ဆံမှုတွေ တစတစနဲ့ လျော့ပါးလာတာကိုလည်း ကျနော်တို့ ထည့်တွက်စဉ်းစားရပါမယ်။ လူသားတွေရဲ့ ဆန့်ကျင်ဘက် လိင်တွေအပေါ် အပြန်အလှန် ထားကြတဲ့ သဘောထားတွေဟာ ယခင်နဲ့ ယခု အကွာကြီး ကွာခဲ့ပါပြီ။

ဥပမာအားဖြင့် ယခင်က `မိန်းကလေးပဲ၊ သေစာရှင်စာတတ်ရင် တော်ရောပေါ့၊ အဓိကက လင်ကောင်းသားကောင်း ရဖို့´ ဆိုတဲ့ အယူအဆကို ဒီခေတ်လူတွေက လုံးဝလက်မခံတော့ပါဘူး။ အဲဒီနေရာမှာ `မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်သာယာဖို့၊ တိုးတက်ဖို့ဆိုရင် အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့ တန်းတူရည်တူ ရှိသင့်တယ်၊ ရှိရမယ်၊ ရှိခွင့်ပေးရမယ်´ ဆိုတဲ့ အယူအဆကို အစားထိုးဖို့ ကြိုးစားလာကြပါပြီ။

ဒီနေရာမှာ `တန်းတူ ရည်တူ´ ဆိုတဲ့ စကားရပ်ကို ကျနော်တို့ ဘယ်လို ရှုမြင်သင့်သလဲ ဆိုတာ စဉ်းစားဖို့ လိုလာပါတယ်။

***

အင်မတန်မှ တက်ကြွဟန် ရှိတဲ့အမျိုးသမီးငယ်တယောက်က ဆီမီနာ တခုမှာ ဆွေးနွေးဖူးခဲ့တဲ့ အကြောင်းအရာ တခုကို တင်ပြချင်ပါတယ်။ အဲဒါကတော့…

`အမျိုးသားတွေ လမ်းဘေးမှာ အပေါ့သွားတာကိုတော့ လူတွေက ဘာမှ ထူးထူးထွေထွေလုပ်ပြီး အပြစ်မပြောတတ်ကြပေမယ့် အမျိုးသမီး ဆိုရင်တော့ ရစရာမရှိအောင် ကဲ့ရဲ့တတ်ကြကြောင်း၊ ဒါဟာ ခွဲခြားဆက်ဆံမှု တမျိုးဖြစ်တဲ့ အကြောင်း၊ အမျိုးသမီးတွေကို ဒီလို ဖိနှိပ်ကဲ့ရဲ့တာဟာ မကောင်းကြောင်း´

စသဖြင့် စသဖြင့် အကျယ်ချဲ့ ဆွေးနွေးသွားခဲ့ဖူးပါတယ်။

တကယ်တော့ သေသေချာချာ ပြန်စဉ်းစားကြည့်မယ်ဆိုရင် လမ်းဘေးမှာ အပေါ့သွားတာဟာ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ဘယ်သူ့အတွက်မှ သင့်တော်တာ မဟုတ်သလို နိုင်ငံကြီးသား ပီသတဲ့ အပြုအမူလို့လည်း ဘယ်သူကမှ လက်ခံထားတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အပေါ့သွားဖို့အတွက် အိမ်သာတွေ ရှိနေလို့ ဖြစ်ပါတယ်။ လူအများရဲ့ မြင်ကွင်းမှာ အပေါ့သွားရဲလောက်အောင် အရှက်ကင်းမဲ့နေရင်လည်း အဲဒီလူဟာ အမျိုးသားဆိုရင်လည်း ကဲ့ရဲ့ခံရမှာပါပဲ။ အမျိုးသမီးကိုမှ မဟုတ်ဘူး လို့ ကျနော်ထင်ပါတယ်။

တကယ်လို့ အိမ်သာလဲ အနီးအနားမှာ မရှိနိုင်ဘူး၊ လူမြင်ကွင်းလဲ မဟုတ်ဘူး ဆိုရင်တော့ အမျိုးသား/အမျိုးသမီး မဟူ အဆင်ပြေသလို ကိစ္စပြီးနိုင်ပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါကို ပြဿနာလုပ်ပြီးတော့ အမျိုးသားတွေကျတော့ လမ်းဘေးမှာ အပေါ့သွားတယ်၊ ငါတို့လဲ လိုက်လုပ်တော့ ဘာဖြစ်သလဲ ဆိုပြီး အဲဒီလိုမျိုး လိုက်လုပ်မိတဲ့ အမျိုးသမီးတွေဟာ အထက်မှာ ကျနော်တင်ပြခဲ့တဲ့ နိုင်ငံကြီးသား မပီသသူ အမျိုးသားတွေ နည်းတူ ရောပြီး အပြစ်တင်ကဲ့ရဲ့တာကို ခံရမှာပါပဲ။ နဂိုကတည်းကမှ အမျိုးသမီးတွေအပေါ် ကျဉ်းမြောင်းတဲ့ အမြင်မျိုး ရှိတဲ့လူတွေ အတွက်ဆိုရင်တော့ ပို၍ပို၍ ကဲ့ရဲ့စရာ ဖြစ်ပါလိ့မ်မယ်။

နောက်တချက်…။

လူတွေမှာ လူမျိုးအလိုက် နိုင်ငံအလိုက် ကိုယ်စီ လက်ခံသတ်မှတ်ကြတဲ့ `ယဉ်ကျေးမှု´ ဆိုတာ ရှိပါတယ်။ တိုးတက်တဲ့ လမ်းကြောင်းတခုကို သွားဖို့အတွက် တခါတရံမှာ အဲဒီ ယဉ်ကျေးမှု ဆိုတာထဲက စံတချို့ကို ဖယ်ထုတ် စဉ်းစားရတာတွေ ရှိတာကို နားလည်လက်ခံပေမယ့် အဲဒီလို ဖယ်ထုတ် စဉ်းစားတာတွေဟာ `တလွဲဆံပင်ကောင်းမှု´ ကို အကာအကွယ်ပေးတာမျိုးတော့ မဖြစ်သင့်ပါဘူး။

ဥပမာအားဖြင့် မြန်မာမိန်းကလေးတယောက်က မြန်မာပြည်မှာ သူနေထိုင်စဉ်တုန်းကတော့ သွားလေရာမှာ ထဘီကိုသာ ၀တ်ဆင်လေ့ရှိပေမယ့် နိုင်ငံရပ်ခြား ရောက်လာရင် ဘောင်းဘီရှည်ကို ပြောင်းလဲ ၀တ်ဆင်တာမျိုးကိုတော့ ကျနော်တို့က `မြန်မာ့ ယဉ်ကျေးမှုနဲ့ မညီဘူး´ ဆိုပြီး လိုက်လံ စံထားနေစရာ အကြောင်းမရှိပါဘူး။ အမျိုးသားများသည်လည်း ပုဆိုးဝတ်ရာကနေ ဘောင်းဘီ ပြောင်းလဲ ၀တ်ဆင်ရတာပဲကိုး…။

ဒါပေမယ့် အဲဒီ ပြောင်းလဲ ၀တ်ဆင်ရတဲ့ အ၀တ်အစားက ခေတ်မီမှုနဲ့ လက်ရှိရောက်နေတဲ့ နေရာနဲ့ လိုက်လျောညီထွေ ဖြစ်မှုဆိုတာထက် ကျော်လွန်ပြီးတော့ လျှပ်ပေါ်လော်လီမှု လို့ သတ်မှတ်လို့ရတဲ့ အနေအထားမျိုးကို ရောက်လာရင်တော့ `မြန်မာ့ယဉ်ကျေးမှု´ ဆိုတဲ့ စံနဲ့ ပြန်လည် ထိန်းညှိသင့်ပါတယ်။ ယနေ့ခေတ်မှာ ထိုင်မသိမ်း ၀တ်စုံ၊ ဆံမြိတ်ကြီး တချချနဲ့ နေထိုင်ဝတ်ဆင်လို့ အလုပ်မဖြစ်တော့တာ မှန်ပါတယ်။ ဒါပေမယ့် မမြင်အပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မလုံ့တလုံ ဖြစ်တဲ့ အထိဝတ်ဆင်ဖို့အထိတော့ မလိုအပ်ပါဘူး။ နိုင်ငံရပ်ခြားရောက်သွားလို့ စကပ်အတို မ၀တ်တဲ့ အမျိုးသမီးကို ဘယ်နိုင်ငံခြားသားကမှ မကဲ့ရဲ့ပါဘူး။ သင့်တင့်လိုက်ဖက်ပြီးတော့ လုံခြုံလှပတဲ့ အ၀တ်အစားကို ၀တ်ဆင်လေ့ရှိတဲ့ မြန်မာအမျိုးသမီးကို နိုင်ငံခြားသားက ပိုလို့တောင် လေးစားမယ်လို့ ကျနော်ထင်ပါတယ်။

နောက်ထပ် ဆွေးနွေးချင်သေးတာ တချက်ကတော့…။

နိုင်ငံခြားမှာ မတက်မဖြစ်တက်ရတဲ့ ပါတီပွဲတွေမှာ `အရက်၊ ဘီယာကို မသောက်မဖြစ် သောက်ရတယ်´ ဆိုတာ တကယ်တော့ မရှိပါဘူး။ ကျနော်တက်ခဲ့ဖူးသမျှ ပါတီပွဲတွေမှာ Something to drink? ဆိုတဲ့ မေးခွန်းကို ဦးစွာ အမေးခံရလေ့ ရှိပါတယ်။ Soda လို့ ဖြေလိုက်လို့ ဒီကောင် ‘So rude’ ပဲ လို့ ဘယ်လူကြီးလူကောင်းကမှ မသတ်မှတ်ပါဘူး။ ဘီယာသောက်မှ၊ အရက်သောက်မှာ ပါတီပွဲတွေမှာ လူဝင်ဆန့်တာ မဟုတ်ပါဘူး။ ဒီတော့ အမျိုးသမီးတချို့ ပါတီပွဲတက် ဘီယာသောက်၊ အရက်သောက် မူးတာဟာ သူ့နိုင်ငံ ယဉ်ကျေးမှုအရ လိုက်လျောညီထွေ ဖြစ်အောင် သောက်ရတာပါဆိုတာဟာ ပြည့်စုံ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ (ဒီနေရာမှာ အမျိုးသားတွေလည်း ထပ်တူပါပဲ)။

လူတိုင်းမှာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် ကိုယ်ပိုင် အခွင့်အရေး ကိုယ်စီ ရှိကြတာကို ကျနော် လုံးဝဥဿုံ လက်ခံပါတယ်။ ဒါပေမယ့် အဲဒီ ကိုယ်ပိုင်အခွင့်အရေး ဆိုတဲ့ ခေါင်းစဉ်ကို တခြားသော ကောင်းမွန်တဲ့ အရာတွေမှာ အသုံးချရမယ့် အစား မဟုတ်တဲ့ နေရာမှာ တလွဲဆံပင်ကောင်းချင်တာမျိုးတော့ အားမပေးလိုတာ အမှန်ပါ။

တကယ်တော့ အရက်သောက်တာပဲ ဖြစ်ဖြစ်၊ အချိန်မတော် လျှောက်လည်တာပဲ ဖြစ်ဖြစ်။ အ၀တ်အစား မလုံ့တလုံ ၀တ်တာပဲဖြစ်ဖြစ် သေသေချာချာ ပြန်စဉ်းစားရင်တော့လည်း ကိုယ်ပိုင် အခွင့်အရေးပါပဲ။ ထပ်မံ ဖြည့်စွက်ပြောရရင် ဒါဟာ အမျိုးသားတွေနဲ့ အမျိုးသမီးအကြား တန်းညှိ ပြောနေစရာ မလိုတဲ့ ကိုယ်ပိုင် အခွင့်အရေးတွေပါပဲ။ တခုတော့ ရှိပါတယ် မိမိနဲ့ သက်ဆိုင်တဲ့ လူ့ပတ်ဝန်းကျင်ရဲ့ တန်ဖိုးဖြတ်မှုကိုတော့ မိမိနေထိုင်တဲ့ ပုံစံအပေါ်မှာ မူတည်ပြီး လက်ခံရရှိပါလိမ့်မယ်။

`ယနေ့ခေတ် အမျိုးသမီးတွေ အမျိုးသားတွေ နည်းတူ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ အလုပ်အကိုင်တွေမှာ တန်းတူရည်တူ ရှိလာပြီ´ ဆိုတဲ့ အရိပ်လက္ခဏာမျိုး လူ့ပတ်ဝန်းကျင်မှာ ပိုမိုထင်ဟပ်လာပြီဟေ့ ဆိုရင် ဒါဟာ အဲဒီ လူ့ပတ်ဝန်းကျင်ရဲ့ တိုးတက်မှု ပြယုဂ်ပါပဲ။ ဒီလိုမှ မဟုတ်ဘဲနဲ့ `အမျိုးသားတွေ အရက်သောက်သလို အမျိုးသမီးတွေလည်း ဘီယာလောက်တော့ သောက်တော့ ဘာဖြစ်မှာလဲ၊ အမျိုးသားတွေတောင် ညနက်သန်းခေါင် လိုက်လည်သေးတာပဲ၊ အမျိုးသမီးလည်တော့လဲ ဘာဖြစ်မှာလဲ´ ဆိုတဲ့ မဟုတ်တဲ့ဘက်ကို ကြံဖန်ကပ်သပ် စဉ်းစားလာရင်တော့ ဒါဟာ `ဆုတ်ယုတ်မှု´ လို့ပဲ ရိုးရိုးလေး သတ်မှတ်ရမှာပါပဲ။ မကောင်းတာ လုပ်တယ်ဆိုကတည်းကိုက အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဘယ်သူလုပ်တာမှ မကောင်းပါဘူး။

ရေးခဲ့တာတွေ တော်တော်ကြီးကို ရှည်လျားပါပြီ။ အနှစ်ချုပ်လေး တခု ဆွေးနွေးကြည့်ပြီးတော့ အဆုံးသတ်ပါရစေ။

အမျိုးသမီးတယောက်ဟာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ခွဲခြားဖိနှိပ် ဆက်ဆံခံရတာကို ဆန့်ကျင်ပြီးတော့ အမျိုးသားထက် သာအောင် ကြိုးစားနေတယ် ဆိုပါစို့။ အားရပါးရကြီး ထောက်ခံအားပေးပါ့မယ်။ အဲဒီအမျိုးသမီး စွမ်းဆောင်နိုင်စွမ်း ရှိသလောက် လူမှန်နေရာမှန် ဖြစ်အောင် အားလုံးကလည်း ပံ့ပိုးကူညီပါလိမ့်မယ်။

တလွဲဆံပင်ကောင်းတဲ့ ဘက်ကို ဦးတည်သွားဖို့ အလားအလာပိုများတာမျိုးကိုတော့ ကျနော်တို့ တတ်နိုင်သရွေ့ ကြိုးစား ကန့်သတ်ကြည့်သင့်ပါတယ်။ `တိုးတက်မှု ကို ဖော်ဆောင်သော တန်းတူရည်တူ ဖြစ်မှု´ အတွက်ပေါ့…။

***


ကလိုစေးထူး

10 comments:

ရွှေဂျမ်း said...

ကိုစေးထူးပြောသလို ဘယ်လိုပဲ ၀တ်ဝတ်၊ ဘယ်လိုပဲနေနေ အားလုံးဟာ ကိုယ်ပိုင် အခွင့်အရေးတွေချည်းပါပဲ။ အဲဒီ ကိုယ်ပိုင် အခွင့်အရေးတွေကို သုံးပြီး ကိုယ်ပိုင်တန်ဖိုးတွေ တိုးတက်အောင် လုပ်ကြရမှာပါ။ မတိုးတက်ရင်တောင် မဆုတ်ယုတ်အောင် နေကြရင် အကောင်းဆုံးပဲပေါ့။ မြန်မာ မိန်းကလေးတွေလည်း စောစောက အမျိုးသမီးလို လူတွေကို ကြည့်ပြီး အတုမြင် အတတ်သင်ဆိုသလို တလွဲဆံပင် ကောင်းမဖြစ်ကြပါစေနဲ့လို့ ဆုတောင်းနေပါတယ် ကိုစေးထူးရေ။

ညီအကိုများ said...

i agreed with u, bro.

ko nay

Unknown said...

ကိုစေးထူး မှန်လိုက်တာ ကျနော်ရေးချင်နေတာကြာပြီဗျ မရေးတတ်လို့ ဟုတ်ပါတယ် ဘီယာမသောက်လို့ ပွဲမတိုးတာမဟုတ်ပါဘူး. စကတ်တိုဝတ်လို့လဲ လူအထင်ကြီးခံရတာမဟုတ်ပါဘူး.. ရောမရောက်ရောမလိုနေပေမဲ့ လုံလုံခြုံခြုံလေးဝတ်တာ သူ့အဆင့်အတန်းကိုပြတာပါပဲ..
တလွဲဆံပင်ကောင်းပြီး ပါတီတက်မှ စကတ်တိုဝတ်မှ လူတောတိုးတာမဟုတ်ပါဘူး မြန်မာမိန်းကလေးတွေ တလွဲဆံပင်ကောင်းမယူဆကြပါစေနဲ့..
ဒီနိုင်ငံမှာလဲ ရာထူးကြီးကြီးတာဝန်ထမ်းဆောင်သူတွေရော သူ့ရာထူးနဲ့ သူ့ဂုဏ်သိက္ခာနဲ့ဆင်ယင်ထုံးဖွဲ့မှုရှိကြပါတယ်
ဘယ်သူမှ night club တက်ကြတာမဟုတ်ပါဘူး
ပါတီတော့ရှိကြတာပေါ့ ပါတီမှာလဲ မသောက်တတ်ဘူးလို့ငြင်းထားခဲ့ရင်နောင်ဘယ်တော့မှ သောက်ဖို့မတိုက်တွန်းပါဘူး.
တချို့များ နိုင်ငံခြားကဘုရားရှေ့မှာ မြန်မာလိုရှိမခိုးနိုင်ကြပေမဲ့ စကတ်တိုနဲ့ အရက်ကြတော့သောက်ကြတဲ့သူတွေကိုမြင်တဲ့အခါ
အံ့သြမိပါရဲ့ ..ကိုစေးထူးရဲ့ post ကိုဖတ်ပြီးမြန်မာမိန်းကလေးတွေ အမြင်မှန်ရကြပါစေ

ခင်မင်းဇော် said...

ဟေး..
ဒီလိုဆိုတော့လဲ ...သဘောတူကြောင်း အားရပါးရ ထောက်ခံလိုက်ပါတယ်...
ကိုစေးထူးရေ...
ကျမတို့ ပြောဖြစ်တဲ့ အကြောင်းအရာလေးတွေကို သေချာနားလည်အောင် ရေးပြတတ်တာကိုက အရည်အချင်းပဲ...
အမှန်ပဲ ..တလွဲ ဆံပင်ကောင်း မဖြစ်အောင် ကြိုးစာကြရမယ်...
ဒီပို့စ် အတွက် ကျေးဇူး အများကြီးတင်တယ်..

pandora said...

That's right, Ko Say Htoo.
လူဟာ ကိုယ်ဖြစ်ချင်တဲ့ အနေအထားမျိုးမှာ ကိုယ်နေရသတဲ့။ လူ့အသိုင်းအ၀ိုင်း အသီးသီးက စံ တို့ ယဉ်ကျေးမှု တို့ဆိုတာ လျစ်လျူရှုထားလို့ရတဲ့ အရာတွေမဟုတ်။ လူအများက လေးစားတာ (အထင်မသေးတာ) ခံချင်ရင်တော့ လေးစားခံထိုက်တဲ့ အပြုအမူမျိုးနဲ့ နေရမှာပဲ။

မေငြိမ်း said...

အဓိက ပြဿနာကတော့ ခုခေတ်မိန်းကလေးတချို့ လွဲနေတဲ့ ပြဿနာပါပဲ။ စေးထူးထောက်ပြတာ မှန်ပါတယ်။ တိုက်ယူဖို့လိုတဲ့ အမျိုးသမီးတွေရှိပါတယ်။ တန်းတူပညာသင်ခွင့်က အဓိကပေါ့။ ဒါပေမဲ့ ခေတ်အရ ခုဆို သိပ်တောင်မရှိတော့ပါဘူး။ ခုကတော့ တို့နိုင်ငံမှာက စစ်အစိုးရကြောင့် လူတိုင်းလိုလို လူ့အခွင့်အရေးတောင် ဆုံးရှုံးနေကြရတာမဟုတ်လား။ အမထင်တာတော့ တကယ်အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကတော့ အဲလို တလွဲဆံပင်မကောင်းကြဘူးထင်ပါရဲ့။

မေငြိမ်း said...

ဆောရီးးး တိုက်ယူဖို့လိုတဲ့ အမျိုးသမီးတွေ မဟုတ်.. အမျိုးသမီးအခွင့်အရေးတွေလို့ ရေးတာ..။

စိုးထက် - Soe Htet ! said...

ထောက်ပြ ရှင်းလင်း ရေးသားထားတာ ပြည့်စုံ ပါတယ်ဗျာ ... ဒါတွေကြောင့် အမြဲ လာဖတ် နေရတာဗျ :D

Unknown said...

ကောင်းတယ်ဗျို့၊ သဘောတရားလေးတွေ ကို လက်ခံတယ်။ဆရာမ ဒေါ်မေငြိမ်းကလဲ ထစ်ခနဲရှိ အစိုးရပဲ အပြစ်တင်တော့တာပဲ၊၊ ကိုယ့် ကိုကို ကောင်းအောင် အရင်လုပ်ပါ လို့ ပြောချင်ပါတယ်

Unknown said...

အာ.. ဒီဘဲပြောမှပဲ ဘယ်နေရာကဆံပင်လဲ စဉ်းစားမိတော့တယ်.. (မုတ်ဆိတ်ထားပါသည်).. ဟုတ်သလိုလိုဗျို့.. Mizzima မှာတွေ့လိုက်ရတယ်.. ခင်ဗျားစာကို ပြန်ရေးထားတဲ့ Comments တွေဖတ်ကြည့်ဦးဆရာ ဒီကောင်တွေ လမ်းထွင်နေပြန်ပြီ..