Tuesday, December 04, 2007

ဆောင်း& နှင်း & ဘလော့ဂါ…


နှင်းကျပြန်ပါပြီ။

ဒီကို စရောက်ရောက်ခြင်း နှစ်တုန်းကတော့ နှင်းကျတာကို မြင်ဖူးချင်လွန်းတော့ ဘယ်တော့များမှ နှင်းကျပါ့မလဲလို့ မျှော်မိဖူးပါရဲ့။ နှင်းတွေကျလာတော့ နှင်းတောထဲထွက်လို့ ဖြူဖြူဖွေးဖွေး နှင်းတွေကို အဆုပ်လိုက် အပွင့်လိုက် ပစ်ပေါက် ဆော့ကစားခဲ့လိုက်သေးသည်မှာ ပီဘိ ကလေးတယောက်အလား…။ အခုများတော့ နှင်းကျတာကို ပြောင်းလဲသွားတဲ့ မြင်ကွင်း တခုပါလား ဆိုတာကလွဲပြီး သိပ်ထူးထူးခြားခြား ရင်မခုန်လှတော့ပါ။




လမ်းကလေးကတော့ အခုလောက်ဆိုရင် နှင်းဖြူဖြူတွေ ခြံရံလို့ အလှအားပိုနေသည့်တိုင် ရက်စက်လွန်းတဲ့ ဆောင်းရဲ့ အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေမည်မှာ အမှန်…။ သူ့အပေါ်မှာ ပိမိုးနေတဲ့ နှင်းဖတ်တွေကို ဖယ်ရှားပေးဖို့ ရောက်လာလေ့ရှိတဲ့ နှင်းခြစ်ကားရဲ့ ခပ်ကြမ်းကြမ်း ပွတ်သပ်တဲ့ ဒဏ်ကို ခံနေရလေမလား…။ သေချာတာကတော့ လမ်းကလေးခမျာ နှင်းဖြူတွေရဲ့ စနက်ကြောင့် အထီးကျန်ဆန်နေရှာရော့မည်။





မနှစ်က ဆောင်းတွင်း တရက်မှာတုန်းက ဖြစ်သည်။ ရေခဲတွေ စီရရီတွဲကျနေတဲ့ အိမ်ခေါင်မိုးနဲ့ အတူ နေရောင်တောက်နေတဲ့ နှင်းနံနက်ခင်းကို ကြည့်ပြီး အိမ်ကို သတိရ လွမ်းဆွတ်စိတ်ဖြင့် ဘာရယ်မဟုတ် သီချင်းတပုဒ် တီးခတ်ညည်းမိတော့ အက်ကွဲသော အသံက မညီမညာဂစ်တာသံနှင့်အတူ လွမ်းလွမ်းဆွေးဆွေး ထွက်လာ၏။ ကိုယ့်အသံ ကိုယ်ပြန်နားထောင်ပြီးတော့ ငိုချင်စိတ် ပိုပေါက်သွားသည်။ :D (နားထောင်မယ်ဆိုရင် သတိထားနော်)။

နောက်ဆုံးတော့…။

ဆောင်းချိန်မို့ သူ့အရပ်နှင့် သူ့ဇာတ် နှင်းကျတာကို ကျလိုက်တိုင်း လွမ်းဆွေးဆွေး၊ ငေးရီရီ ဖြစ်နေလို့တော့ မဖြစ်ချေသေးဘူး ဟု တွေးမိသည်။ အင်း…၊ မနေ့ကလည်း ပို့စ်အသစ် မတင်ဖြစ်ဘူး။ ဘလော့ဂ်ဘက်ကို မျက်စိဦးလှည့်အုံးမှ…။ အတွေးတွေက ဆောင်းဥတုနဲ့ လိုက်ဖက်စွာ အေးစက်စက် လေးကန်ကန်…။





ဘလော့ဂ်ရေးလို့ ဘာတွေ အကျိုးအမြတ်ရနိုင်ပါသလဲ…??? ကြည့်မရတဲ့ တချို့ကတော့ `၀မ်းရေးအတွက် ရေးနေကြတာ´ လို့ ပုတ်ခပ်သည်။ `အလကားပါကွာ´ လို့ ရယ်သွမ်းသွေးခံခဲ့ရတာတွေကတော့ သိပ်မရိုးတော့လို့ ထူပေဒဏ်ပေတောင် ခံနိုင်ခဲ့ပေါ့…။

အပြင်မှာ နှင်းတွေကျလို့ အေးခဲနေသည်။ အိမ်ခန်းထဲက ကရင်သွေးတမတ် ပါတဲ့ ဘလော့ဂါတယောက်ကတော့ အားပေးစကားတွေက ပေးတဲ့ အားအင်၊ ကဲ့ရဲ့စကားတွေက ပေးတဲ့ ခံနိုင်ရည်၊ ချီးကျူးစကားတွေက ပေးတဲ့ ပီတိ၊ ခြိမ်းခြောက်မှုတွေက ပေးတဲ့ သတ္တိတွေနဲ့ သူ့ဘလော့ဂ်ကို အသက်ဆက်ရင်း နွေးထွေးနေတော့သည်…။


ကလိုစေးထူး

10 comments:

Winkabar said...

ကိုစေးထူးသတိပေးတာနားမထောင်ပဲနဲ့ နားထောင်မိတယ်။ လွမ်းစရာကောင်းလိုက်တာသီချင်းက။ အစ်ကိုကသီချင်းအဆိုလည်းကောင်းတာပဲ။ ဘက်စုံတော်ပေါ့။ နားထောင်ရင်းနဲ့မျက်ရည်တောင်
ဝဲတယ်။ ကောင်းလိုက်တာဆိုထားတာ။

nu-san said...

ငိုချင်ရက် လက်တို့ဆိုသလို အိမ်ပြန်ချင်နေတာ ကိုစေးထူးသီချင်းနားထောင်ပြီး လူက မျက်ရည်ဝဲလာပြီ.. အိမ်ပြန်ချင်တယ်.. :(

thamudayanwe said...

oh god! i wanna cry when i listen ur soung.
I wanna see snow fall.
I haven't seen too much snow until now.
I'm sorry for eng type coz now i'm in my University.
i say again.
i wanna cry.

TTT said...

hi Klosay Htoo,

Where do you live? in Canada?

Thyda said...

Great! you are a good singer.

plz give me airfare. I'd like to go back home now cos of your song:-D Kidding!

Anonymous said...

ကိုကလိုစေးထူးရေ...တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ကျနော် လည်း အဲဒီ ‘ ဒီဇင်ဘာအလွမ်း ’ ဆိုတဲ့သီချင်းကို သွင်း ပြီးဘလော့ဂ်မှာ တင်ဖို့ဒီရက်ပိုင်းမှာ စဉ်းစားနေတာ...၊ နှင်းကျမယ့်ရက်ကိုစောင့်နေရင်း အခုတော့ ကိုကလိုစေးထူးက ဦးသွားပြီဗျို့။
ကျနော်မြန်မာပြည်မှာ ရှိစဉ်ကတည်းကအဲဒီသီချင်းကို ကြိုက်ခဲ့တာ၊ ဒီမှာတော့ ဒီဇင်ဘာရောက်တိုင်းဆိုဖြစ်ပါ တယ်၊ ကျနော့်လိုပဲ ဒီဇင်ဘာမှာဒီသီချင်းဆိုတတ်တဲ့ လူ တစ်ယောက် ကမ္ဘာ့တနေရာမှာတကယ်ကို ရှိနေပါလား လို့သိသွားရတာပေါ့။

မြရွက်ဝေ said...

သီချင်းနားထောင်ရင်း ဖားအံပြန်ချင်စိတ်တောင် ပေါက်သွားပြီ။

ကလိုစေးထူး said...

အားပေးကြတာ ကျေးဇူးတင်သလို အိမ်ပြန်ချင်ကြတဲ့ ခံစားချက်တူသူချင်း ငိုချင်ရက် လက်တို့ ဖြစ်သွားတာကိုလည်း စိတ်မကောင်းပါဘူး။ :D ဒါပေမယ့် လွမ်းတာက လွမ်းတာပဲဗျာ။ :(

Anonymous said...

အစပိုင်းမှာ နည်း၂ တုန်နေပေမယ့် နောက်ပိုင်း ဖီးလ်ဝင်လာတယ် ထင်တယ် .. နားထောင်ကောင်းသွားတယ် ။ ၃ခေါက်လောက် နားထောင်သွားတယ်ဗျး)

Anonymous said...

အကို ရေ
အိမ်ကို သတိရပီး အိပ်မပျော်တဲ့ ညတွေမှာ အကို့ သီချင်းကို အမြဲနားထောင်ဖြစ်တယ်..:(