Wednesday, December 19, 2007

စပ်မိစပ်ရာ…(၁၇)

၁၉၈၃ ခုနှစ်ကတည်းက နှစ်နိုင်ငံအကြား သံတမန်ခင်း အဆက်အသွယ် ဖြတ်ထားခဲ့ပေမယ့် မြောက်ကိုးရီးယား သံအမတ် ကင်ဆွတ်ခ်ချိုးကို မြန်မာနိုင်ငံတော် ဆိုင်ရာ ကိုးရီးယား ဒီမိုကရက်တစ်သံအမတ် အဖြစ် မကြားသေးခင်က တရားဝင် ခန့်အပ်လိုက်ပြီးတော့ မြန်မာနိုင်ငံနဲ့ မြောက်ကိုးရီးယားနိုင်ငံဟာ သံအဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ပါပြီ။

ရန်ကုန်မြို့က ကားအရောင်းအ၀ယ် သတင်းတပုဒ်ကို ဖတ်ရင်းနဲ့ ရန်ကုန်က ကားဈေးနှုန်းတွေကို လိုက်ဖတ်ကြည့်တော့ ကိန်းဂဏန်းတွေက ကြောက်ခမန်းလိလိပါပဲ။ ဥပမာ ပြောရရင် ၁၉၉၂ ခုနှစ်ထုတ် Surf ကားက သိန်းတထောင် (အမေရိကန်ဒေါ်လာ ရှစ်သောင်းခွဲခန့်) ၀န်းကျင်ပါတဲ့။ အဲဒီငွေနဲ့ဆိုရင် ကျနော် အခုနေတဲ့ နိုင်ငံမှာတော်ရုံတန်ရုံ အမျိုးအစား ၂၀၀၇ မော်ဒယ်လ် သုံးစီးလောက် ၀ယ်လို့ ရတဲ့ ပမာဏပါပဲ။ တိုယိုတာလင်ခရူစာ၊ ၂၀၀၇ မော်ဒယ်လ်က သိန်း ၃၇၀၀ ကနေ ၄၀၀၀ (ဒေါ်လာ သုံးသိန်းဝန်းကျင်) အကြားပါတဲ့။ ဘယ်လိုလူမျိုးတွေက ၀ယ်စီးနေလဲဆိုတာ မသိနိုင်ပါဘူး။

ဝေါဟာရပေါင်း ၃၀၀၀၀ ကျော် ပါဝင်တဲ့ အင်္ဂလိပ်- အင်္ဂလိပ်- မြန်မာ အဘိဓာန်ကို လက်ကိုင်ကွန်ပျူတာနဲ့ မိုဘိုင်းလ် ဖုန်းတွေမှာ သုံးစွဲနိုင်ပါတော့မယ်တဲ့။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ အိတ်ဆောင် အီလက်ထရောနစ် အင်္ဂလိပ်-မြန်မာ အဘိဓာန်လေးတွေ အမေရိကန်နိုင်ငံတွင်းကို ၀င်လာပါတယ်။ ထုတ်လုပ်တာကတော့ စင်္ကာပူရောက် မြန်မာပညာရှင်တွေက ထုတ်တာပါတဲ့ (သေချာမသိ)။ လက်တ၀ါးစာတောင် မရှိတဲ့ ဂဏန်းပေါင်းစက် ခပ်သေးသေး အရွယ် အဲဒီ အဘိဓာန်လေးက တော်တော်တော့ အသုံးတည့်သားပါပဲ။ ဈေးကလည်း သိပ်တော့ မသေးလှပါဘူး။ အမေရိကန်ဒေါ်လာ ၈၀ ပါ (အင်ထုတာလားတော့ မသိ)။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲက မြန်မာဘောလုံး အသင်းနဲ့ ထိုင်းအသင်းရဲ့ နောက်ဆုံး ဗိုလ်လုပွဲကို ဗီယက်နမ် တီဗွီလိုင်းကနေ အလုပ်သွားခါနီး အပြေးအလွှား ကြည့်ခွင့်ရလိုက်ပါတယ်။ ထိုင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးပြီးတော့ မြန်မာအသင်း ဒုတိယ ဆုနဲ့သာ ဖြေသိမ့်လိုက်ရပါတယ်။ ဒါပေမယ့် မြန်မာအသင်း ကစားပုံဟာ ဘာပဲပြောပြော တည်ငြိမ်ဟန် ရှိပါတယ်။ ထိုင်းကချည်းပဲ တဖက်သတ် ဖိကစားနေတာတော့ မဟုတ်ပါဘူး။ သူတင် ကိုယ်တင် အပြန်အလှန်လေးတွေ ရှိပါတယ်။ ခက်တာက မြန်မာဘောလုံးသမားတွေက ထိုင်းတွေထက်ကို ခန္ဓာကိုယ်လဲ ညှက်၊ အရပ်အမောင်းကလည်း ပု နေတော့ အလိုလို တပန်းရှုံးနေရသလို ဖြစ်တာပါပဲ။

ကိုမျှားပြာ လမ်းညွှန်တာနဲ့ မြန်မာကျူးပစ်ဖိုရမ်မှာ မြန်မာ-ဗီယက်နမ်ပွဲ High Light ကို သွားရှာကြည့်ဖြစ်ပါသေးတယ်။ မြန်မာဘောလုံးအသင်းကို အားပေးကြသူ မန်ဘာတွေရဲ့ တတပ်တအား အားပေးကြတဲ့ ပို့စ်ပေါင်း များစွာကိုပါ ဖတ်လိုက်ရပါတယ်။ တိုက်ရိုက်ကြည့်ရသူ မန်ဘာတွေက ပွဲအခြေအနေကို တခြားသော မန်ဘာတွေကို ချက်ချင်း အသိပေး၊ ကြည့်ခွင့်မရသူ ကမ္ဘာတဖက်ခြမ်းက မန်ဘာကလဲ မျှော်လင့်တကြီးနဲ့ အခြေအနေကို မေးနဲ့ မြန်မာအသင်းကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အားပေးနေကြတာဟာ အားလုံးရဲ့ စိတ်ထဲက တူညီသော `မျိုးချစ်စိတ်ဓာတ်´ ကို ပြနေသလို ခံစားရပါတယ်။ (ပွဲဆူချင်သူ ကပျက်ကယက် တချို့ရဲ့ ပို့စ်တချို့ကတော့ ထားပါတော့)။

အာဏာအရှိန်အ၀ါကြီးလာသူတွေဟာ ရူးကြောင်ကြောင် အလုပ်တွေကို စိတ်ထင်ရာ လုပ်လေ့ရှိတဲ့ သဘောသဘာဝများလားတော့ မသိ လစ်ဗျားခေါင်းဆောင် ကဒါဖီဟာ သူ့ရဲ့ ပြင်သစ်နိုင်ငံ ချစ်ကြည်ရေး ခရီးကို အပျိုစင် ကိုယ်ရံတော် အယောက် ၃၀ ခြံရံပြီးတော့ သွားရောက်ခဲ့ပါတယ်။ ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗက်စ်ကလည်း သူ့နိုင်ငံရဲ့ စံတော်ချိန်ကို နောက်ကို နာရီဝက် ဆုတ်ပစ်ပါတယ်။ အကြောင်းပြချက်ကတော့ စံတော်ချိန် ရွှေ့လိုက်လို့ နေ့အလင်း စောစောရခြင်းကြောင့် သူ့နိုင်ငံသားတွေ စောစောထ၊ စောစော အလုပ်လုပ်ရပြီးတော့ ကျန်းမာရေးကို အထောက်အကူ ပြုနိုင်မှာ ဖြစ်လို့ပါတဲ့။ ကျနော်တို့ နိုင်ငံအုပ်ချုပ်သူတွေက ဒီလိုဆိုတော့ သူတို့လောက် မကြောင်သေးပါဘူး။ :P

ကျော်မင်းလူ (ရွှေပြည်သာ) ရဲ့ `ပြည်ပန်းညို ချိုချင်ပါလျက် ဆားကမဖျက်နိုင်ရအောင်´ ဆောင်းပါးကို အမှတ်(၂) အဖြစ်နဲ့ ကြေးမုံ သတင်းစာမှာ ထပ်မံပါရှိလာတာ ဖတ်လိုက်ရပြန်ပါတယ်။ ဒီလောက်တောင် ဗီဒီယိုမှတ်တမ်း အတိအကျပေါ်ထွက်လာတဲ့ ဒီတာဝန်ရှိမှုကြီးကို ဘာကြောင့်များ ထပ်တလဲလဲ ရှောင်လွှဲချင်နေရသလဲ ဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ တိကျတဲ့ အဖြေရှိပါတော့မယ်။

၂၀၀၇ ခုနှစ်ကတော့ တရွေ့ရွေ့နဲ့ ကုန်လုနီး အချိန်ကို ရောက်လို့ နေပါပြီ။ ကျန်ခဲ့တဲ့ နေ့ရက်ဟောင်းတွေကို ပြန်ငဲ့ကြည့်လိုက်တော့ အားရစရာကောင်းတဲ့ အရာက နည်းပါးလွန်းလှသလိုပါပဲ။ အင်း..၊ လေကြောတွေ ရှည်နေမိအုံးတော့မှာပဲ။ ဒီတပတ် စပ်မိစပ်ရာကိုတော့ ဒီလောက်နဲ့ နားပါရစေ။ နောက်တပတ်မှာ ပြန်ဆုံပါစို့။


ကလိုစေးထူး

2 comments:

Unknown said...

အားကျတယ်ဗျာ..ကျနော်လဲ လိုချင်လိုက်တာ နတ်သမီးလေးတွေ ၁ဖက် ၄, ၅ရာ ဟဲဟဲ
ကားဈေးနဲ့ ဖုန်းဈေးကတော့ဗျာ ကမ္ဘာနဲ့ ယှဉ် ရင် မြန်မာပြည် က ထိပ်ကဗျ..

nu-san said...

မြန်မာပြည်ရဲ့ ကားဈေးက ကြောက်ဖို့ကောင်းတယ်.. ဒါကြောင့်လည်း အောက်ကားလို့ခေါ်တဲ့ ပတ်ပလစ်ကာ ကားတွေကို တခြားနိုင်ငံမှာ ဘယ်သူမှ မစီးကြတော့ဘူး.. မြန်မာပြည်မှာပဲ သိန်း ၁၀၀ ကျော်လောက် ၀ယ်စီးနေကြတာ.. အဲလောက် ပိုက်ဆံနဲ့ဆိုရင် ထိုင်းမှာ စလွန်းကား (တပတ်ရစ်) လှလှလေး ၀ယ်စီးလို့ရတယ်.. ပိုက်ဆံတတ်နိုင်တဲ့ သူတွေကျတော့လည်း အရုပ်ကားဝယ်နေသလား အောက်မေ့ရတယ်နော်..