Saturday, December 08, 2007

အတွေးစများ…(၅)

ဒီညနေခင်းမှာ သတင်းတွေ လိုက်ဖတ်တော့ မချစ်သော်လည်း အောင့်ကာနမ်းနေကြ ကြေးမုံ သတင်းစာထဲက သတင်းလေး တပုဒ်ကြောင့် စိတ်ထဲမှာ တော်တော်လေး အားရပျော်မြူးမိပါတယ်။ အဲဒီသတင်းကတော့ တခြားတော့ မဟုတ်ပါဘူး…။

မြန်မာ့လက်ရွေးစင် (အမျိုးသား) ဘောလုံး အသင်းက ကမ္ဘောဒီးယားကို ခြောက်ဂိုး နှစ်ဂိုးနဲ့ နိုင်သွားတဲ့ သတင်းပါ။ တဖက်မှာ ထိုင်းအသင်းက အင်ဒိုနီးရှားကို နှစ်ဂိုး တဂိုးနဲ့ နိုင်လိုက်တော့ မြန်မာနဲ့ အင်ဒိုက အမှတ်တူနေပေမယ့် မြန်မာက ဂိုးကွာခြားချက် အသာနဲ့ အုပ်စုဒုတိယ ရပြီးတော့ အကြိုဗိုလ်လုပွဲကို တက်ရောက်သွားတဲ့ သတင်းတိုလေးပါ။

***

တကယ်တော့ အခု ကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကျနော်တို့ မြန်မာ့လက်ရွေးစင် အသင်းဆိုဟာ ကောင်းကောင်း ခြေစွမ်းပြနိုင်တဲ့ အသင်းမျိုး မဟုတ်ခဲ့ပါဘူး။ အခုလို အကြိုဗိုလ်လုပွဲကို တက်ရောက်ခွင့် ရသွားတယ်ဆိုတာကလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ထိုင်းအသင်းရဲ့ ကောင်းကျိုးက တ၀က် ပါနေလို့ပါ။ ထိုင်းသာ အင်ဒိုကို သရေလောက် ကန်ရင်ပဲ မြန်မာက ထွက်ရမှာပါ။ ဒါပေမယ့် ကျနော်က အခုလောက် ရလဒ်လေးကိုပဲ (မြန်မာနိုင်တယ် ဆိုတာနဲ့တင်) စိတ်ထဲမှာ အားရပျော်မြူးနေမိတယ်။

မျိုးချစ်စိတ်ကြောင့်လို့ ပြောရမှာပါပဲ။ အရှေ့တောင် အာရှက တခြားအသင်းအချင်းချင်း ကန်တဲ့ပွဲကို တခါမှ ကျနော် ပြီးအောင် မကြည့်ဖူးပေမယ့် မြန်မာအသင်း ကန်တဲ့ပွဲကိုတော့ အခြေအနေ ပေးတဲ့အခါတိုင်း ကြည့်ဖြစ်အောင် ကြည့်ပြီးတော့ အားရပါးရကြီးကို အားပေးတတ်ပါတယ်။

မြန်မာဘောလုံးသမားတွေ မရင့်ကျက်လို့ ရှုံးတာပဲ ပြောပြော၊ ဒိုင်ညစ်တယ်ပဲ ဆိုဆို ကျနော် တော်တော်လေး စိတ်ထိခိုက်ခဲ့ရတဲ့ မြန်မာအသင်းရဲ့ ရှုံးပွဲ တခုကတော့ ဒီမှာပါ…။




ဘယ်လိုပဲဖြစ်ဖြစ်၊ မြန်မာအသင်း ရှုံးရင်လဲ အားပေးနေရအုံးမှာပါပဲ။ အကြိုဗိုလ်လုပွဲရောက် မြန်မာအသင်း ရှေ့ဆက် ကံကောင်းနိုင်ပါစေ။ :D

***



ကျယ်ပြောလှတဲ့ လောကကြီးမှာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူသားတွေ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ အရာတခု ရှိပါတယ်။ အဲဒါကတော့ `ပဋိပက္ခ´ ပါပဲ။ အကျိုးအကြောင်း အရင်းအမြစ်ပေါင်း များစွာကို အခြေတည်ပြီးတော့ ဖြစ်လာတဲ့ အဲဒီ ပဋိပက္ခများစွာမှာ လူတွေဟာ တချို့ကလည်း မိမိယုံကြည်ရာ အလိုက်၊ တချို့ကတော့ မိမိ ရှင်သန်ကြီးပြင်းလာရာ ပတ်ဝန်းကျင်အလိုက် တဖက်စီမှာ ရပ်တည်ကြပါတယ်။ အဲဒီ ပဋိပက္ခတွေ အပေါ်ကို မှီတည်ပြီးတော့ပဲ တရား မမျှတမှုတွေ၊ အသာစီးရလိုမှုတွေကမှတဆင့် အမုန်း အာဃာတတွေ၊ နာကျည်းမှုတွေ ဖြစ်လာပါတော့တယ်။

***

ဘလော့ဂ်ရေးရတာလည်း အရင်နဲ့ မတူတော့ပါဘူး။ အရင်ကဆိုရင် ဘလော့ဂ်ရေးတယ်ဆိုတာက ကိုယ့်စိတ်ထဲမှာ တဖက်နဲ့ တဖက် အမြင်မတူရင်သာ ရှိမယ်၊ တော်တော်လေး အနှောင်အဖွဲ့ ကင်းပါတယ်။ ကိုယ်နဲ့ အမြင်တူသူတွေက လာဖတ်မယ်၊ ဆွေးနွေးမယ်၊ အမြင်မတူတော့လည်း ငြင်းကြခုန်ကြပေါ့…။ အခုအချိန်မှာတော့ ဘလော့ဂ်ရေးရတာက တယောက်ယောက်က စောင့်ကြည့်နေတာကို ခံနေရသလိုကြီး မသိုးမသန့် ခံစားရသလို စိတ်မထင်ရင် မထင်သလို ဆဲသွားလိုက်၊ မိုက်ရိုင်းသွားလိုက်နဲ့…။ ဒါပေမယ့် …။ ကျနော် ဘလော့ဂ် ရေးနေအုံးမှာပါပဲ။

လမ်းတခုကို လျှောက်ရင် ပန်းတိုင်တူသူခြင်း ဖေးမကြရမှာ ဓမ္မတာပါပဲ။ ပန်းတိုင်တခုကို အတူတူလျှောက်တာခြင်း တူရိုးမှန်နေရင် နှေးနေရင် လက်တွဲကူမယ်၊ ယိုင်မယ် ထင်တဲ့ ခြေလှမ်းတွေကို တည့်မတ်ကူမယ်၊ စိတ်ဓာတ် ခိုင်ခိုင်တွဲလို့ လျှောက်စရာရှိတဲ့ လမ်းကိုတော့ လျှောက်နေရအုံးမှာပါပဲ။ ကျနော်တို့ သွားနေတဲ့ ပန်းတိုင်ကို မရောက်စေချင်လို့ ပုံစံအမျိုးမျိုးနဲ့ တားနေ၊ ဆီးနေကြတဲ့ လူတွေ အကြိုက်ဖြစ်စေမယ့် အချင်းချင်း ထိခတ်မှုတွေကိုတော့ သတိနဲ့ယှဉ်ထိုးပြီးတော့ ရှောင်ရှားစေချင်မိပါတယ်။

တကယ်ဆိုရင် ကျနော်တို့တွေက ရထားတွဲကြီး တတွဲနဲ့ အလားသဏ္ဍာန်တူနေပါတယ်။ တွဲတွေအများကြီးအနက်က တတွဲတွဲက လမ်းချော်လိုက်တာနဲ့ ရှေ့ကသွားနေတဲ့ တွဲတွေမှာလည်း တန့်၊ နောက်က အတွဲတွေလည်း အပြိုပြိုအလဲလဲ ဖြစ်ကြတော့မှာပါ။ ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေအဖို့ကရော ????



ကလိုစေးထူး

3 comments:

ZMT said...

မြန်မာ နဲ့ စင်္ကာပူ ဘောလုံးပွဲလေးပြန်ကြည့်ပြီး ရင်ထဲမှာတော်တော်လေးခံပျြင်းတယ်ဗျာ

mabaydar said...

ဗေဒါလည်းမြန်မာရှုံးမယ်သိပေမဲ့ စိတ်ထဲကအမြဲအားပေးမိတယ်.. မြန်မာပြည်က ဒေးဗစ်ပုဂံပေါ်မဲ့နေ့ကို မျှော်လင့်မိတယ်.. မြန်မာ နဲ့ စင်္ကာပူ ဘောလုံးပွဲတုန်းက သွားမကြည့်ဖြစ်ပေမဲ့ ပွဲပြီးတော့ စလုံးတွေရဲ့ ရွဲ့ဆောင်းပြောတာခံလိုက်ရသေးတယ်.. ခံပြင်းလိုက်တာ..

မျှားပြာ said...

အဲဒီပွဲလေးကတော့ မှတ်မှတ်ရရပဲကိုစေးထူးရေ ...အဲဒီပွဲလေး စတဲ့နေ့က အဲဒီမြို့လေးကို စရောက်သွားတာ ကျွန်တော်နေတဲ့နေရာနဲ့ ပြတဲ့ရွနြဲ့က ၂ နာရီလောက် လမ်းလျှောက်ရတယ် မြန်မာပွဲဆိုပြီးတော့ အားပေးလိုက်တာ ..။ အပြန်တော့ တွေ့ ရာမြင်ရာ ကန်လိုက်တာ ဖိနပ်ပါ ပြတ်
ပြီး အိပ်လို့ကို မရတော့ဘူး။ အခုလဲ ဆီမီးတက်ပြီဆိုတော့ အားပေးနေတယ်။ မြန်မာ အသင်းအောင်မြင်မှုတွေ ရပါစေဗျာ.။
ကိုစေးထူးကြီးေ၇ အဆင်ပြေပါစေ။