Tuesday, December 18, 2007

သူပုန်…

ငယ်ငယ်တုန်းကဆိုရင် ကျနော်တို့ ညီအကို နှစ်ယောက်က တော်တော် အကစားသန်ပါတယ်။ မေမေက သမီးမိန်းကလေး လိုချင်လှပေမယ့် သုံးနှစ်စီခြားပြီးတော့ ကျနော်တို့ ညီအကို နှစ်ယောက်ကို မွေးမိလိုက်တော့ အငယ်ကောင်က တောက်တောက် တောက်တောက်နဲ့ ပြေးလွှားကစားတဲ့ အရွယ်ရောက်လဲ ရောက်ရော အိမ်ပေါ်မှာ မျောက်လောင်း နှစ်ကောင် မွေးထားမိတဲ့ အတိုင်းပါပဲ။ တအိမ်လုံး တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ပွက်လောရိုက်နေအောင် ပြေးလွှား ဆော့ကစားတော့တာပါပဲ။

တခါကများဆိုရင် မေမေက ဘာစိတ်ကူး ပေါက်တယ်မသိ…၊ ဈေးကနေ အိုးပုတ်လေးတွေ ၀ယ်လာပါတယ်။ ကျနော်တို့ ညီအကိုကလည်း အစပိုင်းတော့ ဟုတ်တုတ်တုတ်၊ ဟိုးနားက အရွက်လေးခူး၊ ဒီနားက အရွက်လေးခူးနဲ့ အိုးပုတ်တွေထဲ ထည့်ဆော့သေးတယ်။ ခဏနေတော့ သိပ်မကြာပါဘူး။ အိုးပုပ်ရုပ်တွေကို ခပ်လှမ်းလှမ်းမှာ စီထားပြီး ခဲနဲ့ ပစ်တမ်း ကစားတော့တာပါပဲ။

ငယ်ငယ်က ကျနော်တို့ ညီအကိုနှစ်ယောက် အနှစ်ခြိုက်ဆုံး ကစားနည်းကတော့ `စစ်တိုက်တမ်း´ ပါပဲ။ ဒီကစားနည်းက နှစ်ယောက်ထဲ ရှိလဲ ကစားလို့ ဖြစ်တာကိုး…။ တခါတလေ ဘေးပန်းအိမ်နားက ကလေးဖော်တွေရှိရင်တော့လည်း တစုတဝေးကြီးပေါ့။ တစ် နေရာယူ၊ နှစ် အဆင်သင့် ပြင်၊ သုံး မောင်းတင်၊ လေး ကျည်ထိုး၊ ငါး ပစ်နိုင်ပြီ (တခါတလေမှာတော့ အချိန်ဆွဲချင်ရင် ပါးစပ်ထဲ တွေ့ကရာ အမိန့်တွေ အော်ပြီးတော့ အမှတ်စဉ်တွေ အများကြီးအော်ပါတယ်) ဆိုပြီးရင်တော့ ပါးစပ်သေနတ်နဲ့ တဒိုင်းဒိုင်း ပစ်တော့တာပါပဲ။

စစ်တိုက်တမ်း ကစားကြပြီဆိုရင် အရင်ဆုံး အုပ်စုခွဲရတာကတော့ `စစ်သား´ နဲ့ `သူပုန်´ ပါပဲ။ ခေါင်သူကြီး လုပ်သူနှစ်ယောက်မှာ တယောက်က စစ်ဗိုလ်လုပ်၊ တယောက်က သူပုန်ဗိုလ်လုပ်…၊ ကျန်တဲ့လူတွေကတော့ စစ်သားနဲ့ သူပုန်တွေပေါ့။ ကလေးတို့ သဘာဝ ကစားကြတယ် ဆိုပေမယ့်လည်း စစ်ဗိုလ် ဘယ်သူလုပ်မလဲ၊ သူပုန်ဗိုလ် ဘယ်သူလုပ်မလဲ ဆိုတာ ဆုံးဖြတ်ကြရတဲ့ အခါမှာတော့ အမြဲလိုလို ငြင်းကြရလွန်းလို့ ဗိုလ်ကျားဆွဲရပါသေးတယ်။ အဲဒီတုန်းက ပေါ်ပြူလာ အဖြစ်ဆုံး နေရာကတော့ `စစ်ဗိုလ်´ နေရာပါပဲ။

ကစားတာ ဖြစ်ပေမယ့်လည်း ဗိုလ်ခြင်း အတူတူ စစ်ဗိုလ်လုပ်ရတာကို ကလေးဘ၀က တော်တော် နှစ်သက်ခဲ့ဖူးပါတယ်။ ရုပ်ရှင်တွေထဲမှာ ဆိုရင်လည်း စစ်ဗိုလ်ဆိုတာက ကျော့ကျော့မော့မော့ကိုး…၊ နောက်ဆုံး ဇာတ်သိမ်းကျတော့လည်း စစ်ဗိုလ်ကပဲ တိုက်ပွဲတွေမှာ နိုင်သေးတယ်ဆိုတော့ ကလေးတွေရဲ့ စိတ်မှာ `စစ်ဗိုလ်´ ဆိုတဲ့ သရုပ်က စိုးမိုးနေခဲ့တယ်နဲ့ တူပါရဲ့။ ရုပ်ရှင်ထဲကလို မုတ်ဆိတ်မွှေး ပရပျစ်၊ ညှင်းသိုးသိုးရုပ်နဲ့ အ၀တ်အစားတွေကလည်း စုတ်တီးစုတ်ပြတ်၊ နောက်ဆုံး ဇာတ်သိမ်းခန်းကျရင် သေပေးကြရတဲ့ သူပုန်ဗိုလ် နေရာမှာ ဘယ်သူမှ မနေချင်ကြပါဘူး။

***

ကျနော် စဉ်းစားကြည့်မိတယ်။ ကျနော်တို့ စစ်တိုက်တမ်း ကစားကြပြီ ဆိုပါတော့…။ မဟုတ်ဘူး မဟုတ်ဘူး…။ တကယ့်လက်တွေ့ စစ်တိုက်နေကြပြီ ဆိုပါစို့…။ စစ်တိုက်တယ် ဆိုတဲ့ နေရာမှာလဲ ပုံစံ အမျိုးမျိုးပေါ့။ လက်ရုံးရည်၊ နှလုံးရည်၊ …။ ကျနော်တို့ ဘာလုပ်မလဲ။ စစ်သားနေရာက နေတာက ကောင်းမလား၊ သူပုန်လုပ်တာက ကောင်းမလား။

ကလေးဘ၀တုန်းက ကစားတဲ့ စစ်သားရဲ့အလုပ်ကတော့ ရှင်းတယ်။ စစ်တိုက်တဲ့ အလုပ်တခုပဲ ရှိတယ်။ သူပုန်နဲ့ တိုက်မယ်။ ကလေးတွေ အဓိပ္ပာယ်ဖော်တဲ့ `စစ်သား´ ဆိုတာရဲ့ သရုပ်က စစ်တိုက်ဖို့ပဲ။ သူတိုက်တာကလည်း သူပုန်…၊ တနည်းပြောရရင် သူ့ရန်သူသည် သူပုန်။

ဒါပေမယ့် အခုလက်တွေ့မှာကတော့ စစ်သားတွေက သူ့ရန်သူလို့ သတ်မှတ်ထားတဲ့ စာရင်းထဲမှာ တောထဲက ညှင်းသိုးသိုးပုံစံ လက်နက်ကိုင် ပုဂ္ဂိုလ်တွေချည်း သက်သက် မဟုတ်တော့ပါဘူး။ အဖြူအစိမ်း ၀တ်စုံဝတ်ပြီး ကျောင်းတက်နေတဲ့ ကျောင်းသားလေးသည်လည်း စစ်တပ်ကို ဆန့်ကျင်ရင် ရန်သူ၊ ဈေးတောင်း ခေါင်းရွက်လို့ ၀မ်းစာရေး ရုန်းကန်နေရတဲ့ သာမန်ပြည်သူသည်လည်း စစ်တပ်ကို ဆန့်ကျင်ရင် ရန်သူ၊ နောက်ဆုံး ကုန်ကုန်ပြောရရင် ရတနာသုံးပါးထဲက တပါးအပါအ၀င် သံဃာတော်တွေသည်လည်း စစ်တပ်အကြိုက်ကို မလိုက်ရင် ရန်သူ…။

ကလေးဘ၀တုန်းက ကစားတုန်းကတော့ စစ်သားပဲ ဖြစ်ဖြစ် သူပုန်ပဲ ဖြစ်ဖြစ် တဖက်ဖက်က အရှုံးပေးရင် ကစားပွဲက ငြိမ်းချမ်းစွာ ပြီးဆုံးတယ်။ လက်တွေ့ဘ၀ စစ်သားကျတော့ တဖက်က အလျှော့ပေးလဲ ဒေါသတကြီးနဲ့ ကြမ်းချင်ကြမ်းတယ်။ ဘာမှပြန်မလုပ်နိုင်တဲ့လူကိုလည်း ခေါင်းကို ခြေထောက်နဲ့ ကန်ချင်ကန်မယ်၊ ကျောတပြင်လုံးကို ရှိသမျှ တကိုယ်လုံးအားသုံးပြီး ၀ါးရင်းတုတ်နဲ့ ရိုက်ချင်လဲ ရိုက်မယ်။ သံဃာသော ဘာသော မသိ ဆောင့်တွန်းချင်တွန်းမယ်။ ရိုက်ချင် ရိုက်မယ်။ ဒါက လက်တွေ့ဘ၀က စစ်သား။

ကလေးဘ၀မှာတော့ သိခဲ့ရတာက သူပုန်ဆိုတာက လူဆိုးသာသာပဲ။ လက်ရှိ အုပ်ချုပ်သူတွေကလည်း သူတို့ကို ဆန့်ကျင်တိုက်ခိုက်နေသူတွေကို ခပ်နှိမ်နှိမ်နဲ့ တွင်တွင်ကြီး ပြောနေတာကလည်း သူခိုးကြီးတော့ ဓားပြ၊ ဓားပြကြီးတော့ သူပုန်…တဲ့။

ဒါပေမယ့် စာအုပ် တအုပ်ထဲမှာ `သူပုန်´ ဆိုတာရဲ့ အဓိပ္ပာယ်ကို သေချာ လေ့လာကြည့်ဖူးတာကတော့ `မတရားသော မင်းဆိုး မင်းညစ်ကို တော်လှန်ပုန်ကန်သူ´ ကိုလည်း `သူပုန်´ လို့ ခေါ်ကြောင်း သိရပြန်တယ်။ ဒီတော့ မကောင်းတဲ့ စနစ်ဆိုးတခု ပြုတ်ကျ ပျောက်ပျက်သွားအောင် တော်လှန်ပုန်ကန်နေသူတွေဟာလည်း သူပုန်ပဲပေါ့။ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်တိုက်ပွဲဝင်နေကြသူတွေဟာလည်း သူပုန်ပဲပေါ့။ ဒါပေမယ့် သေချာတာကတော့ သူတို့ `လူဆိုးတွေ´ မဟုတ်ဘူး။

သမိုင်းသင်ရတဲ့ အခါကျတော့လည်း ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်က သတ်မှတ်တာက ဆရာစံသည်လည်း သူပုန်၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာကလည်း သူပုန်၊ အဲဒီသူပုန်တွေကျတော့ လူဆိုးတွေ မဟုတ်ဘဲ ပြည်သူတွေရဲ့ သူရဲကောင်းတွေ ဖြစ်နေပြန်တယ်။

ဒါဖြင့် `သူပုန်´ လို့ သတ်မှတ်ခံရပေမယ့်လည်း မတရားတာကို ဆန့်ကျင်တာ၊ အမှန်တရားအတွက် တိုက်ပွဲဝင် တော်လှန်နေတာဆိုရင် လူဆိုး မဟုတ်ဘူးပေါ့။

***

`ဒိုင်းညှောင့် ဒိုင်းညှောင့် ဒိုင်းဒိုင်းဒိုင်း…၊ ကိုကြီးရှုံးပြီကွ၊ သူပုန်ရှုံးပြီကွ´

ငယ်ငယ်က ကစားတုန်းက စစ်ဗိုလ်နေရာက ကျနော့်ညီက ကျနော် ဘယ်လိုမှ ရှောင်လို့ မရတော့ အားရပါးရ ပါးစပ်သေနတ်ပစ်ရင်းနဲ့ ပျော်နေတဲ့ ပုံစံကို မြင်ယောင်မိတယ်။

အခု…။

စစ်သားတွေ ပစ်နေတုန်းပါပဲ။ တဒိုင်းဒိုင်းနဲ့…၊ ဒါပေမယ့် ပါးစပ်သေနတ် မဟုတ်ဘူး။ တကယ့် သေနတ်။ လဲတဲ့လူ လဲ၊ ပြိုတဲ့လူ ပြို။ ဒါပေမယ့် `သူပုန်တွေ´ မရှုံးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ လူဆိုးတွေ မဟုတ်လို့ပါပဲ။


ကလိုစေးထူး

7 comments:

Chaos said...

လူတိုင်းကိုယ်စီမှာ
အမှန်တရားဆိုတဲ့
လက်နက်သာစွဲကိုင်
တော်လှန်ကြမယ်ဆိုရင်..................................

nu-san said...

ကိုစေးထူးရေ.. ငယ်ငယ်တုန်းက စစ်တိုက်တမ်း ကစားတာနဲ့ လက်တွေ့မှာ မြင်နေ တွေ့နေတာတွေကို ရေးပြထားတာ တကယ် ကောင်းတယ်.. ၂ ခေါက်တိတိ ပြန်ဖတ်မိတယ် အကိုစေးထူးရေ...

Pinkgold said...

အမှန်တရားအတွက် မျှတမှုအတွက် တိုက်ပွဲဝင်တဲ့ သူပုန်တွေဟာ ဘယ်တော့မှ ရှုံးမှာ မဟုတ်ပါဘူး အကိုရေ

thamudayanwe said...

ကိုကလိုစေးထူး..

စာကောင်းတွေ များများဆက်ရေးပါ.
သူပုန် ဆိုတာ ကြည့်တဲ့ သူဖက်နဲ့ပဲဆိုင်တာပါ။
မှန်တယ် ဆရာစံတို ဗိုလ်ချုပ်အောင်ဆန်းတို့ဆိုတာ အာဏာရသူ ဖက်ကကြည့်တော့ သူပုန်လေ..ဒါပေမဲ့ သူတို့တွေ အထင်ကြီးလေးစားခဲ့ရတယ်..ဒီတော့ မလိုသူတွေက သူပုန်လို့ ဘယ်လိုပင် သတ်မှတ်ပါစေ.. ကိုယ့်သမိုင်းမှာ အများလေးစားကျေနပ် မယ်ဆိုရင်..
အဲဒီသူပုန်တွေ ရဲ့ သမိုင်း မှိန်မှာ မဟုတ်ဘူးလေ..

Anonymous said...

ယုံကြည်ချက်တခုကြောင့် အာဏာပိုင်အဖွဲ့အစည်းရဲ့ ဆန့်ကျင်ဖက်ကိုရောက်သွားလို့သာ သူပုန်လို့သတ်မှတ် ခံလိုက်ရပေမယ့် အင်မတန်လေးစားစရာကောင်းတဲ့ သူပုန်တွေ သမိုင်းတလျှောက်မှာ ဒုနဲ့ဒေးပါ၊ တကယ် တော့‘သူပုန်’ ဆိုတဲ့စကားလုံးမှာကိုက အားပါပြီးသား...၊ ပုန်ကန်တယ်ဆိုကတည်းက မကျေနပ်လို့၊ မကျေမနပ် ဖြစ်ရတယ် ဆိုကတည်းက အားနည်းချက်တွေ အနည်း နဲ့အများရှိလို့...၊ ဒါ့ကြောင့်လည်း ဒီဖော်ညွှန်းချက် တွေကို ဖျောက်ချင်လို့ သောင်းကျန်းသူဆိုပြီး နာမ်နှိမ် လိုက်တယ်နဲ့ တူပါရဲ့ဗျာ...။

မေဓာဝီ said...

ကိုစေးထူးရေ …
ကျမလည်း ငယ်ငယ်က အကိုတွေ မောင်တွေနဲ့ ပေါင်းပြီး စစ်တိုက်တမ်း ကစားလေ့ရှိတယ်။ ကျမကတော့ သူပုန် အားပေးလို့ ပြောချင်ပြော သူပုန်ဗိုလ်ပဲ အမြဲလုပ်ခဲ့တာ။ ဘာလို့လည်း ဆိုတော့ ဗိုလ်အောင်ဒင် ကြည့်ပြီးကတည်းက လူဆိုးဗိုလ် နေရာကို သဘောကျမိလို့လေ … ။ :)

MELODYMAUNG said...

သူပုန်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကိုယ့်လိပ်ပြာကိုယ်လုံလို့ မကောင်းတဲ့ စနစ်ဆိုးတခု ပြုတ်ကျ ပျောက်ပျက်သွားအောင် တော်လှန်ပုန်ကန်နေသူတွေရဲ့ သမိုင်းကတော့ မှေးမှိန်အောင်လုပ်မရပါဘူးလေ