Sunday, December 16, 2007

ဆေးခါး…

ဆွံ့အသွားတဲ့ ရင်တွင်းစကား…။
အေးစက်သွားတဲ့ နွေးထွေးမှု…။
စကားလုံးတွေ ထပ်သွားတဲ့ ပို့စ်တခု…။
ကိုယ့်သဘောနဲ့ကိုယ် ဖာသိဖာသာ နေနေကြတဲ့
မိတ်ဟောင်းဆွေဟောင်းတွေ…။
အားစိုက် ကစားပေမယ့် ရှုံးနိမ့်သွားတဲ့
ဘောလုံးပွဲတပွဲ…။
သိပ်လိုလားဟန် မရှိလှတဲ့
တာဝန်ကျေ နှုတ်ခွန်းဆက်စကားတွေ…။
အချင်းချင်းချဖို့အတွက် အကွက်စေ့လွန်း တဖက်ကမ်းခတ်လွန်းလှတဲ့
ဉာဏ်ရည်ဉာဏ်သွေးတွေ…။
အခြောက်တိုက် ဘ၀င်မြင့်လွန်းတဲ့
သမိုင်းပေတံတွေ…။
ဖြူဆွတ်အေးခဲလွန်းလှပြီး ကျနိုင်လွန်းတဲ့
နှင်းအတိနဲ့ ဒီဇင်ဘာ…။
ချိုအီပြီး အရသာသိပ်မကောင်းလှတဲ့
တရုတ်ဆိုင်က ဟင်းတခွက်…။
အဆင်မပြေတာတွေ များလွန်းလာတော့
စိတ်ပျက်လာပုံရတဲ့ နားလည်ခြင်းတွေ…။
သံစဉ်တပိုင်းတစ စာသားဟိုတချို့ဒီတ၀က်နဲ့
ရေးလက်စ သီချင်းတချို့…။

ဒီလိုနဲ့ပဲ
ပြုံးတဲ့အပြုံးတွေမှာ ဘာတွေပါနေသေးလဲလို့
လိပ်ပြာမသန့်ဖြစ်တတ်လာတော့
လိုက်လျောညီထွေ ဆိုတာကြီးက
ခါးသီးလွန်းလှတယ်။


ကလိုစေးထူး

6 comments:

မေဓာဝီ said...

ဆေးခါးဆိုတာ အ၀င်ဆိုးပေမဲ့ ဝေဒနာကို သက်သာစေပါတယ်။
တခါတလေတော့လည်း ချိုမြိန်တဲ့ အရာတွေက လူကို ပိုပြီး ဒုက္ခပေးတတ်တယ် မဟုတ်လား။ ကိုယ်ခံစားရတဲ့ ဝေဒနာ သက်သာစေဖို့ ခဏတဖြုတ် ကြုံရတဲ့ ခါးသီးမှုတွေကို သည်းခံလိုက်ရင် အရာရာ အဆင်ပြေသွားမှာပါ ... ။

မေပျို said...

မမေပြောသလိုပဲ ကိုကြီးရေ။ ဆေးခါးဆိုတာ အ၀င်သာဆိုးတာနော်။ သောက်ရင် ရောဂါ အကုန်ပျောက်မှာ။ ဒါပေမယ့် အားတင်းထားပါဗျာ။ အ၀င်ဆိုးတာက ခနလေးရယ်။ နောက်တော့ ကောင်းကျိုးတွေ အများကြီး ရမှာပေါ့နော်။ ပျော်ရွှင်ပါစေ ကိုကြီးရေ။

Chaos said...

ဒီလိုနဲ့ပဲ
ပြုံးတဲ့အပြုံးတွေမှာ ဘာတွေပါနေသေးလဲလို့
လိပ်ပြာမသန့်ဖြစ်တတ်လာတော့
လိုက်လျောညီထွေ ဆိုတာကြီးက
ခါးသီးလွန်းလှတယ်။

ဟတ်ဟတ်
အဲ့လိုက်လျောညီထွေဆိုတဲ့
ဘောင်ကို ရိုက်ချိုးဖို့ ခွန်အားထုတ်ကြည့်တော့
အဖြေက လဲမရေရာပါဘူး

သဇင်ဏီ said...

အလိုမကျတာတွေများနေပေမယ့် လောကကြီးနဲ့လိုက်လျော
ညီထွေဖြစ်အောင်ကြိုးစားနေတဲ့အချိန်မှာ ဒီဆေးခါးက အများကြီးအသုံးဝင်ပါတယ်..

Anonymous said...

အဆင်မပြေတာတွေ များလွန်းလာတော့
စိတ်ပျက်လာပုံရတဲ့ နားလည်ခြင်းတွေ…။
good words

Mintasay said...

အကိုရေ ကဗျာလှလှလေးလာဝင်ဖတ်သွားတယ်။ ဟိုတခါ comment ရေးပေးဖို့တစ်ကူးတကလာခေါ်တာ မအားလို့မလာခဲ့မိတာတောင်းပန်တယ်ဗျာ