Monday, December 10, 2007

ကျနော့် တနေ့တာ...

` ♪♫♪♫♫ … ♪♫♪♫♫ … ♪♫♪♫♫ ´

တီးလုံးသံ ချိုရွှင်ရွှင်က နားထဲကို တွန်းတွန်းတိုက်တိုက် ၀င်လာတာကြောင့် လူက ဖြတ်ခနဲ နိုးသွားသည်။ ပြတင်းမှ တဆင့် အပြင်လောကကို လှမ်းငဲ့ကြည့်တော့ မှောင်လို့ ကောင်းတုန်း…။ လေတိုးသံ တ၀ှီးဝှီးက မညီမညာ စည်းချက်တခုနှယ် မှန်တံခါးကို ရိုက်ခတ်နေသေးသည်။ မီးဖွင့်ပြီး နာရီကို ကြည့်လိုက်တော့ …။

`မနက် ခြောက်နာရီ ထိုးပြီပဲ၊ … ၀ါး … (((((´

ပျင်းကြောတချက်ကို အားရပါးရ ဆွဲဆန့်လိုက်ရင်း ရေချိုးခန်းထဲဝင် ကိုယ်လက်သုတ်သင်၊ မျက်နှာသစ်ပြီး မှန်ကို မော့ကြည့်တော့ အိပ်ချင်နေသေးဟန် မျက်နှာတခုက မှုန်ကုပ်ကုပ်နှင့် ပြန်ကြည့်နေ၏။ `ဟဲလို…၊ ဂွတ်ဒ်မောနင်းးး´ လို့ လှမ်းနှုတ်ဆက်တော့ သူကလည်း စိတ်တူကိုယ်တူနှင့် အားရပါးရ ပြန်နှုတ်ဆက်သည်။

ကွန်ပြူတာရှေ့မှာ ခဏထိုင်ရင်း ဘလော့ဂ်ကို ဖွင့်လိုက်တော့ ကမ္ဘာတ၀ှမ်းက မောင်နှမတွေက ကျနော့်ကို နွေးထွေးစွာ လှမ်းနှုတ်ဆက်နေလေဟန်…။ စောစောက အိပ်ချင်နေသေးသော စိတ်က ပျောက်သွားပြီး လူက လန်းဆန်း တက်ကြွလာသလိုလို ခံစားလိုက်ရသည်။ ဒီလိုနဲ့ တခြားသော ဘလော့ဂ်တွေကိုလည်း ဟိုဟိုဒီဒီ လိုက်ဖတ်၊ အင်း…၊ မနက်စာ တခုခု စားအုံးမှ။

လက်ဖက်ရည်မှုန့်ထုပ် တထုပ်ဖောက်၊ ရေနွေးထည့်၊ မုန့်ခြောက်တထုပ်ကို ဆွဲယူ စုစုပေါင်း အချိန် သုံးမိနစ်အတွင်းမှာ စားရန် အဆင်သင့်ဖြစ်သွားသည်။ မုန့်ခြောက်ကို ဂျွမ်းခနဲ ၀ါးလိုက်၊ လက်ဖက်ရည်ကို တဖူးဖူး မှုတ်သောက်လိုက်နှင့် ၀မ်းထဲက ပိုးမျိုး ရှစ်ဆယ်ရဲ့ ဆန္ဒပြမှုကို သုံးနာရီစာအတွက်တော့ စေ့စပ်ညှိနှိုင်းဖို့ အဆင်ပြေသွားသည်။ ဒီလိုနဲ့ အင်တာနက်တောမှာ အတန်ငယ် မျောသွားပြန်သည်။ … … … … … … … ။

`ဟာ၊ ခြောက်နာရီ ၅၀ ရှိနေပြီပဲ´

မစောင့်ချင်သော အချိန်ကို ဆွဲခေါ်နေလို့လည်း မထူးတော့မယ့် အတူတူ အလုပ်ကို အချိန်မီရောက်ဖို့ စက်ကို ကမန်းကတန်းပိတ်၊ အလုပ်သွားဖို့ ပြင်ရသည်။ အိမ်အပြင်ကို ထွက်လိုက်တော့ ဆောင်းရဲ့ သရုပ် လေကြမ်းအေးစက်စက်က လူကို မညှာမတာနဲ့ ၀ှီးခနဲ ဖြတ်ရိုက်လိုက်တော့ အကြောထဲ စိမ့်နေအောင် မေးခိုက်သွား၏။ စီးတော်ယာဉ် ဖွတ်ချက်က `မြန်မြန်လာကွ´ ဟု စိတ်မရှည်စွာ ခေါ်နေဟန် …။ အလုပ်ထဲရောက်တော့ အချိန်မှတ် ကဒ်ပြားကို အလောသုံးဆယ်ဖြင့် နှိပ်ပြီး အလုပ်ရောက်ချိန်ကို ပြန်ကြည့်တော့ ၆ နာရီ ၅၉ မိနစ်…။ `တယ်ဟုတ်တဲ့ ငါပါလား´ လို့တောင် မြောက်ချင်ချင်။ (အမှန်က အလုပ်ထဲက နာရီက ငါးမိနစ်စာလောက် နောက်ကျနေလို့)

အလုပ်ထဲရောက်တော့ ထိုင်နေကျ ခုံနှင့် အလုပ်စားပွဲက ငြီးငွေ့စရာကောင်းလှသော စက်သံကို အဖော်ပြုရင်း ကျနော့်ကို ပျင်းတွဲတွဲဖြင့် ကြိုဆို၏။ ထိုင်ရပြန်ပေါ့ တနေ့တာ…။

တနေ့တနေ့ ကျနော့်ရဲ့ ထိုင်ချိန်က အနည်းဆုံး ၁၃ နာရီကနေ ၁၅ နာရီခန့်အထိပင် ရှိမလား မသိ။ အလုပ်လုပ်ချိန်က ရှစ်နာရီ၊ အလုပ်က ပြန်လာတော့လည်း blogging နဲ့ chatting က တနေ့ကို အနည်းဆုံး ငါးနာရီကနေ တခါတလေဆို ၇ နာရီခန့်အထိ ဆိုတော့ လူက ကျောအောင့်တာလည်း သိပ်တော့ မဆန်း။ ထားပါတော့…။

အလုပ်လုပ်ရင်းနဲ့ ရနိုင်တဲ့ ကျနော် အကြိုက်ဆုံး အရသာ တခုကတော့ `တွေးတောခြင်း´ ဖြစ်သည်။ တနေ့တနေ့ ဘလော့ဂ်မှာ ဘာရေးရရင် ကောင်းပါ့မလဲ ဆိုတာကို ကျနော် အလုပ်လုပ်ရင်းဖြင့် တွေးသည်။ မနေ့ညက ဘာဖတ်မိတယ်၊ ဟိုတယောက်ရေးတာကတော့ တော်တော် နမူနာယူစရာကောင်းတာပဲ၊ ဒီတယောက်ကျတော့ တမျိုးပဲ၊ သတင်းတွေကတော့ ဒီလို စသဖြင့် စသဖြင့် ကျနော် အတွေးတွေကို ကောင်းကောင်း အလုပ်ပေး၏။ အဓိကကတော့ `ဒီနေ့ ကျနော် ဘာရေးရမလဲ၊ လာဖတ်တဲ့လူတွေကို ဘာမက်ဆေ့ ပေးရင်ကောင်းမလဲ´ ဆိုသည့် အတွေးပင်။ ရေးဖို့အတွက် အကြောင်းအရာ တခုခုကို စိတ်ထဲမှာ ဆုံးဖြတ်ပြီးသွားရင်တော့ နီးရာစာရွက်တခုမှာ အတိုကောက် ရေးခြစ်ထားလိုက်၏။

တခါတလေတော့လည်း ကဗျာစာသား တပိုင်းတစက ခေါင်းထဲကို ရောက်လာတတ်၏။ တချို့လည်း တပုဒ်လုံးအဖြစ် ကဗျာလားမြောက်သွားသလို တချို့တော့လည်း အေးချမ်းမေ သီချင်းလိုပင် တစစီကျိုးပဲ့သွားသော အပိုင်းအစများနှယ် ဟိုတစ ဒီတစ…။ မှတ်မှတ်ရရ `ငါပြိုင်ပွဲ´ ကဗျာမှာ အလုပ်ထဲတွင် တွေးရင်းနှင့် ရလာသော ကဗျာဖြစ်သည်။

အခုလည်း တွေး…၊ တွေး…၊ တွေး … … …။

`ကလင် ကလင် ကလင် (((((((((((((((´

တနေ့တာအချိန်ထဲမှာ အဲဒီ ခေါင်းလောင်းသံက မနက်ကျရင် ငှက်ဆိုးထိုးသံနှင့် တူသလောက် ညနေရောက်ရင်တော့ နားဝင်ချိုလှသည်။ နာရီကို ကြည့်လိုက်တော့ ညနေ သုံးနာရီခွဲ…။ ခေါင်းလောင်းသံ နားထောင်ရသည်မှာ ကြိုးကြာ သီချင်းသံအလား မှတ်ရသည်။

***

အိမ်ကို ပြန်ရောက်တော့ ညနေ လေးနာရီထိုးလုပြီ။ တစစ်စစ် အောင့်နေသော ကျောကြောင့် ဘာမှ မလုပ်နိုင်သေးအားဘဲ တီဗွီရှေ့ ကြမ်းပြင်မှာ ဆန့်ဆန့်ကြီး လှဲအိပ်ပစ်လိုက်သည်။ တခါတလေလည်း မှေးခနဲ အိပ်ပျော်လို့… … …။



တီဗွီကို ဖွင့်ကြည့်လိုက်တော့ Paula DeAnda ရဲ့ Walk away သီချင်းလာနေသည်။ အသံလေးက ကောင်းသား…။ နောက်တော့ ဘောလုံးပွဲ High light တွေကို လိုက်ကြည့်ဖြစ်သည်။

အဲဒီနောက် ရေချိုး၊ ချက်ပြုတ်၊ ဘလော့ဂ်၊ စားသောက်၊ ဘလော့ဂ်၊ ခဏနား၊ ဘလော့ဂ်…။ ပြီးတော့ ဘလော့ဂ်…၊ ဘလော့ဂ်… ဘလော့ဂ် … ဘလော့ဂ်…။

ဆောင်းပါးတပုဒ်၊ စာစု တခုခု ရေးပြီးသွားချိန်တွင် ပြန်ဖတ်ရသည့် အရသာက ဘာနဲ့မှ မတူသလိုပင်။ တခါတလေတော့လည်း အားမလို အားမရ၊ တခါတလေတော့လည်း ပြီးမြောက် အောင်မြင်မှုအတွက် ကျေနပ်မှု ဖြစ်ရသည်။ ဘလော့ဂ်ပေါ်မှာ သို့မဟုတ် တခြားသော အင်တာနက် ၀က်ဘ်ဆိုက် စာမျက်နှာပေါ်မှာ တင်ပြီးတဲ့အခါ ဖတ်ရှုမိသူတွေအနက် ခံစားချက်ခြင်းတူသူများရဲ့ အားပေးစကားကို ရခဲ့ပြီးတဲ့ အခါမှာရတဲ့ ကြည်နူးမှုက နောက်တပုဒ် ထပ်ရေးဖို့ အားအင်တွေ အလားပင်…။

ပိတ်ရက်တချို့ကျရင်တော့ ကျနော့်ရဲ့ စာရေးခြင်း အချိန်တွေက ကားမရှိသေးတဲ့ နီးစပ်ရာ မိတ်ဆွေတွေ သွားလိုရာ ဈေးဆိုင်၊ ဆေးခန်း၊ အပွိုင့်မန့်၊ ဘုရားကျောင်းတွေကို လိုက်ပို့ရတာကြောင့် ပါးလျားနေတတ်သည်။ တခါတလေတော့လည်း ဟိုဘက်ဒီဘက်မြို့က သူငယ်ချင်းတွေရဲ့ မြူဆွယ်ရာနောက် ကောက်ကောက်ပါရင်း သူတို့အိမ်မှာပင် ညအိပ်လို့ ဘုရားမကြိုက်တဲ့ အရည်တမျိုးကို သောက်လို့…။ `ဘီယာဟာ အရက်တော့ မဟုတ်ပါ၊ တငွေ့ငွေ့လေးနဲ့ အတော်လာတာ´ ဆိုတဲ့စကားများ တယ်မှန်သကိုး…။ :D

ဒီလိုနဲ့ ကျနော့်တနေ့တာ အချိန်က တခါတလေတော့လည်း ပျင်းရိစရာ ကောင်းလှစွာ၊ တခါတလေတော့လည်း ပျော်ရွှင်စရာ ကောင်းလှစွာ၊ တခါတလေမှာတော့ … … … … … … …။

နေ့တွေက ရွေ့နေဆဲပင်။ ကျနော်ကရော…။

… … … ... … … … ... … … … ...
… … … ... … … … ... … … … ...
… … … ... … … … ... … … … ...

ကျနော်လည်း ရွေ့နေပါတယ်၊ ဟိုးရှေ့က ပန်းတိုင်ဆီကိုပေါ့ …။

ကလိုစေးထူး

(မှတ်ချက်…။ ညီမချစ်လေပြည် Tag ထားသည်ကို ခံစားရေးဖွဲ့ပါသည်)

3 comments:

Chit Lay Pyay said...

အကို စေးထူးက မနက် မလုပ်မသွားခင် ဘလော့ဂ် ဖွင့် ကြည့်ဖို့ အချိန် ရှိသေးတယ်။ တော်လိုက်တာ၊ လေပြေကတော့ သွားခါနီး ပြင်ဆင်ချိန်ကို ၁နာရီ ပေးပြီ ကွက်တိ လုပ်တော့ အမြဲတမ်း ကသောကမြော ပြေးရတာကြီးပဲ ။ မနက်စာ စားဖို့တောင် အချိန်မရလို့ အမြဲတမ်း အလုပ်ရောက်မှ စားတယ်၊ ဒီလိုနဲ့ တရွေ့ ရွေ့ နဲ့ ကိုစေးထူးရဲ့ မျှောင်လင့် ချက် ပန်းတိုင် ကို အမြန်ဆုံး ရောက်နိုင်ပါစေ လို့၊

Anonymous said...

ကျနော်လည်းအတူတူပဲဗျ၊ မနက်ဆိုရင် တကယ်ကို ကသောကမျော၊ ကတိုက်ကရိုက်နဲ့...၊ ဘလောဂ်ဖွင့်ဖို့ ဆိုတာ ဝေလာဝေးပေါ့၊ ဒါပေမယ့်တခုကောင်းတာက အခုအလုပ်မှာ ဘလောဂ်တွေလိုက်လည်ဖို့ အဆင်ပြေ နေတယ်ဗျ၊ တခုမကောင်းတာကတော့ အဲဒီလိုအလည် ထွက်လိုက်ရင် တော်တော်နဲ့ဘရိတ်အုပ်လို့မရတော့တာ ပါပဲ၊ မရှိမကောင်း၊ ရှိမကောင်းနဲ့ မဘလော့ဂ်လည်းခက်၊ ဘလော့ဂ်လည်းခက် ပေါ့ဗျာ။ :-)

rita said...

Ko say htoo post ko read pi,, rita uncle ta yauk ko twar ta ti ya tel,,,
thu ka pyaw tat tal,, ( ae d a yay ka bayar ma kyeik pay mae,, thu kyeik lo drink tar par tae )
kaung yawwww
:)