Thursday, December 27, 2007

စကားလုံး ပြပွဲ…

မင်္ဂလာပါ
နေကောင်းရဲ့လား
တွေ့ရတာ ၀မ်းသာပါတယ်
လောက၀တ်၊ ချိုသာပျူငှာမှု
... … … … … …
... … … … … …
မသိမသာ အကဲခတ်မှုတွေနဲ့ အတူ
အရာအားလုံးကို ပုံဖော်ဖို့
စကားလုံးတွေက နိဒါန်းအဖြစ်
အစပျိုးလိုက်တယ်။

တစတစနဲ့
စကားလုံး အချင်းချင်း ရင်းနှီးလာတော့
စကားလုံးက စကားလုံးကို ခင်မင်တယ်
စကားလုံးက စကားလုံးကို ပဲ့ပြင်ဖေးကူတယ်
စကားလုံးအတွက် စကားလုံးက ပူပန်တယ်
စကားလုံးကို စကားလုံးက နားလည်ပေးတယ်
စကားလုံးက ငိုကြွေးတော့ စကားလုံးက နှစ်သိမ့်တယ်
ရင်းနှီး၊ ခင်မင်၊ ပဲ့ပြင်ဖေးကူ၊ ပူပန်၊ နားလည်၊ နှစ်သိမ့်ရင်းနဲ့ပဲ
စကားလုံးတွေက ဘာဝ တူကြသူချင်း
အပြန်အလှန် နှစ်သက်ခုံမင်တယ်။

ရင်ဘတ်ထဲက မျှော်လင့်ချက်တွေကို
စကားလုံးတွေအဖြစ် ဖြန့်ခင်းပြသလိုက်တော့
စကားလုံးတွေက ပူးပေါင်းတယ်၊ စကားလုံးတွေက ဆန့်ကျင်တယ်
စကားလုံးတွေက ထောက်ခံတယ်၊ စကားလုံးတွေက ကန့်ကွက်တယ်
စကားလုံးတွေက အတူခံစားတယ်၊ စကားလုံးတွေက ပြက်ရယ်ပြုတယ်
စကားလုံးတွေက ကရုဏာသက်တယ်၊ စကားလုံးတွေက အလဲထိုးဖို့ ပြင်ဆင်တယ်
စကားလုံးတွေက လက်ကမ်းကြိုဆိုတယ်၊ စကားလုံးတွေက မသိဟန်ဆောင်တယ်
စကားလုံးတွေက အားအင်တွေပေးတယ်၊ စကားလုံးတွေက ရိုက်ချိုးဖျက်ဆီးချင်တယ်
... … … … … …
... … … … … …
... … … … … …
ဒီလိုနဲ့ပဲ
စကားလုံးတွေက ထုသားပေသား ကျလာတယ်။

လက်တွေ့ ကြိုးစားအားထုတ်မှုတွေကို
စကားလုံးအဖြစ် မစီခင်း မကြေညာမိတော့
စကားလုံးကို စကားလုံးက အကဲဖြတ်တယ်
စကားလုံးကို စကားလုံးက မသိမသာ ပုတ်ခတ်စ ပြုတယ်
စကားလုံးကို စကားလုံးက သိသိသာသာ တိုက်ခိုက်တယ်
... … … … … …
... … … … … …
နောက်တော့လဲ
စကားလုံးတွေကို စကားလုံးတွေနဲ့ပဲ
တန်ဆာဆင် အရောင်တင်ကြပြန်တယ်။

အပြည့်အ၀ မပွင့်လင်းသာတဲ့ စကားလုံးတွေကြောင့်
စကားလုံးတွေ အထီးကျန်ဆန်နေမလား
စကားလုံးတွေ ဖယ်ကျဉ်နေတာလား
စာမျက်နှာထက်က စကားလုံးတွေကတော့
စီရီလိုက်၊ ယိုင်လုလုဖြစ်လိုက်
ခိုင်မာလိုက်၊ ပျော့ညံ့လိုက်
ပျော်ရွှင်လိုက်၊ ၀မ်းနည်းလိုက်
တက်ကြွလိုက်၊ ငေးမှိုင်လိုက်နဲ့
... … … … … …
... … … … … …
ဥပေက္ခာဆန်လိုက်တဲ့ စကားလုံးတွေကတော့
သူ့နည်းသူ့ဟန်နဲ့သူ မြိုင်ဆိုင်လိုက်ပါဘိ။

နှလုံးသွေးရဲ့ သမိုင်းတခုကို
စကားလုံးတွေနဲ့ စီချယ်
စကားလုံးတွေနဲ့ မှတ်တမ်းပြု
စကားလုံးတွေကို စပ်ဟပ်လို့
စကားလုံးတွေရဲ့ ဆင်ယင်တင်ဆက်မှုက
အနုပညာဆန်ချင်လည်း ဆန်မယ်
မဆန်ချင်လည်း မဆန်ဘူး
မျိုးစုံ ရောယှက်နေတဲ့
အသိအမှတ်ပြုခြင်းနဲ့ အထင်သေးခြင်းတွေကတော့
လက်တွေ့ဘ၀ကို ထင်ဟပ် ကိုယ်စားပြုတဲ့
စကားလုံးတွေကို အရောင်လက်နေစေခဲ့တယ်။

တွန်းအားတခု ပေါ်ပေါက်လာစေတဲ့ အသိက
ပေးတဲ့ စကားလုံးတွေကို
ခင်းကျင်းလိုက်ပါရဲ့…။


ကလိုစေးထူး

3 comments:

မေဓာဝီ said...

စကားလုံးတွေ ခင်းကျင်းထားတဲ့
စကားလုံးပြပွဲမှာ ...
စကားလုံးတွေရဲ့ စကားတွေ ...
စကားလုံးတွေရဲ့ အားတွေ ... ကို ခံစားရသလို
စကားလုံးတွေရဲ့ အလှ ...
စကားလုံးတွေရဲ့ ဘ၀ တွေကိုလည်း တွေ့ရတယ်။

ကြုံခဲ့သမျှ စကားလုံးတွေကို ပြန်စဉ်းစားကြည့်တော့ ...

စကားလုံးတချို့က စစ်ခင်း
စကားလုံးတချို့က အပြစ်ကင်း
စကားလုံးတချို့ကတော့ ချစ်တင်းနှောလို့ ... ။

တချို့စကားလုံးတွေက ချစ်စဖွယ်
တချို့စကားလုံးတွေက ညစ်ကျယ်ကျယ် နဲ့ ... ။

တချို့စကားလုံးတွေက အမှားမရှိပေမဲ့
တချို့စကားလုံးတွေက တရားမသိဘူး ... ။
ဘာပဲဖြစ်ဖြစ်
ရင်ဘတ်ထဲက စကားလုံးတွေကိုတော့ ...
စကားလုံးတွေအဖြစ်နဲ့ စာမျက်နှာပေါ် ထုတ်အန်ချခွင့်
အမြဲဖြစ်ဖြစ် ရနေချင်ပါရဲ့ ... ။

Kaung Kin Ko said...

ကဗျာလေးကြိုက်တယ်ဗျို့ ။ စကားလုံးတွေက လာအားပေးသွားတယ်။ :-)

thamudayanwe said...

ကိုစေးထူးက စကားလုံးတွေနဲ့ခေါင်းစားပေးပီး ခွန်မြလှိုင်က လူတချို့နဲ့ ခေါင်းထပ်စားလို့ မသောက်ပဲ
မူးသွား ပါတယ်ဗျို့