Thursday, November 16, 2006

နိုင်ငံ့အရေး=နိုင်ငံရေး ...

ဒီနေ့တော့ ကျနော် ဖတ်မိတဲ့ ဆောင်းပါးလေးက စာတချို့ကို ကောက်နှုတ်တင်ပြချင်ပါတယ်။ The Voice ဂျာနယ်က ထိုက်အောင်ရေးတာပါ။ တကယ်တော့ လေလှိုင်းထဲက နိုင်ငံရေးဟာ ကြီးမားတဲ့ အပြောင်းအလဲတခု မဟုတ်လာနိုင်ရင်တောင် ပျက်သုန်းသွားတဲ့ ဘ၀တွေရဲ့ မျက်ရည်စမ်းတွေကိုတော့ လက်လှမ်းမီသလောက် ပြောပြနိုင်ပါတယ်။ အမှန်တော့လဲ လူတိုင်းလူတိုင်းဟာ မနက်မိုးလင်းလို့ မျက်စေ့ နှစ်လုံးပွင့်တာနဲ့ ကိုယ်စီကိုယ်င နိုင်ငံရေး လုပ်နေကြတာပါပဲ မဟုတ်လား။ အောက်က စာကို ဖတ်ကြည့်ရင် ပိုနားလည် ပေးနိုင်ကြမယ်လို့ ထင်ပါတယ်။

O2 လူ့အဖွဲ့အစည်း

တလောက ဂျာနယ်ထုတ်ဝေခွင့် ရရှိထားသူ တဦးရဲ့ 'မင်းတို့နိုင်ငံရေးလုပ်နေတာလား' ဆိုတဲ့ စကားတခွန်း ကို ကြားရပါတယ်။ ကျွန်တော်တို့လူမှုအသိုင်းအ၀ိုင်းမှာ နိုင်ငံရေး ဆိုတဲ့ စကားလုံးအပေါ် အမြဲလိုစိုးရိမ်ထိတ်လန့်တဲ့ အမြင်နဲ့ ပြောလေ့ရှိပြီး ဒီအမြင်ဟာ အရိုးစွဲနေတတ်တဲ့အတွေးအခေါ်တခုလို့ဆိုရင် မှားမယ် မထင်ပါဘူး။
ကျွန်တော့်ကို အခုလို ပြောခဲ့တဲ့ အဆိုပါ ပုဂ္ဂိုလ်က အသက်ခြောက်ဆယ်ကျော်လို့ ခုနစ်ဆယ်အရွယ် တိုင်နေတဲ့ အငြိမ်းစား ၀န်ထမ်းတဦးပါ။အဲဒီနေ့ကတော့ ကျွန်တော်လည်း ဘာမှ ဖြေရှင်းချက် မပေးခဲ့ပါဘူး။ တကယ်တော့ကျွန်တော်တို့ သတင်းစာဆရာ ဆိုတဲ့ အလုပ်ကို ကောင်းစွာ သဘောပေါက်ခြင်းမရှိသလို နိုင်ငံရေး ဆိုတဲ့ စကားလုံး အပေါ် သူကိုယ်တိုင်လည်းကောင်းစွာခွဲခြား နားလည်နိုင်ခြင်း မရှိဘူးဆိုတာ သိရတဲ့အတွက်စိတ်မကောင်းခြင်းလည်း ဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် တာဝန်ယူလုပ်ကြရတဲ့ သဘောရှိပါတယ်။ ဥပမာ -ကျောင်းဆရာဟာ ကျောင်းဆရာအလုပ် လုပ်သလို၊ ဆရာဝန် ဆိုတာဟာလည်း ဆရာဝန်အလုပ်လုပ်ကြတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အဲဒီလို ကျရာအခန်း ကဏ္ဍအသီးသီးက တာဝန်ယူလုပ်ကိုင်ခြင်းဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ နိုင်ငံ့အရေးကိစ္စကိုလုပ်ဆောင်ခြင်းရယ်လို့ ဆိုရမယ် ထင်ပါတယ်။
အထူးသဖြင့် ကျွန်တော်တို့ လူအများစုဟာ နိုင်ငံရေးဆိုတဲ့ စကားလုံးကြားရုံနဲ့ ထိတ်လန့်တကြား လက်တွန့်တတ်ကြပုံဟာ တကယ်တော့ တာဝန်ယူစိတ်နည်းပါးတယ်ဆိုတာ ပြသရာရောက်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးသိပ္ပံ ဆိုတဲ့ဘာသာရပ်ကို နားလည်သဘောပေါက်ပြီး လေ့လာလိုတဲ့ ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတရပ်အဖြစ် ပေါ်ပေါက်လာဖို့ရာ ကြိုးစားရပါဦးမယ်။ ကျွန်တော်တို့မြန်မာလူ့အဖွဲ့အစည်းရဲ့ အမြင် သဘောထားတရပ် အဖြစ် နိုင်ငံရေးဆိုတာဟာကိုယ်နဲ့မဆိုင်ပါဘူး ဆိုတဲ့ အမြင်မျိုး မထားကြတော့ရန်လည်းအချိန်တန်ပါပြီ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတခုရဲ့ အကောင်းအဆိုးအကြောင်းအကျိုး ဆိုတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံသားအားလုံးက ကျွန်တော်တို့ အားလုံးရဲ့ အရေးဖြစ်နေလို့ပါပဲ။
ဒါကြောင့်ပဲ လူဟာ နိုင်ငံရေးသတ္တ၀ါ ဖြစ်တယ်လို့ ပြောဆိုကြတာ ထင်ပါတယ်။နိုင်ငံအရေးကိစ္စ မှန်သမျှကို ကျရာ နေရာမှ တာဝန်ယူလုပ်ကိုင်လျက်ရှိသူမှန်သမျှကို နိုင်ငံရေးသမားလို့ ခေါ်ဆိုရမှာပါ။ ဒါကြောင့်နိုင်ငံရေးသမား ဆိုတာ သီးခြားလူတန်းစား တရပ်အနေနဲ့ မွေးဖွားလာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူ တရပ်လုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။တနည်းအားဖြင့် တာဝန်ယူလိုစိတ် များများရှိတဲ့ တာဝန်သိပြည်သူတွေပေါ်ထွန်းလာရေး သို့မဟုတ် ရင့်ကျက်သော မြန်မာလူမှုအဖွဲ့အစည်း အသစ်တရပ်ပေါ်ပေါက်လာရေးဟာ အနာဂတ် မြန်မာနိုင်ငံအတွက် များစွာ အရေးကြီးလှပါတယ်။
ဒါကြောင့် အထက်မှာရေးခဲ့တဲ့ မေးခွန်းမေးသူလို လူများကို တွေ့မြင်တိုင်းကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းမှာ ပမာပေး ခိုင်းနှိုင်းလေ့ရှိတဲ့အကြောင်းအရာတခုကို သတိရမိပါတယ်။ အဲဒါကတော့ 'ကိုယ်တိုင် မီးမလောင်၊မီးလောင်ခြင်းကိုလည်း အားမပေးသော ကာဗွန်ဒိုင် အောက်ဆိုဒ်လို လူစားမျိုး'ဟူ၍ ပါပဲ။ ဒါကြောင့် တာဝန်ယူလိုစိတ် များတဲ့ အောက်ဆီဂျင်လိုလူ့အဖွဲ့အစည်းမျိုး ပေါ်ထွန်းလာဖို့ ကျွန်တော်တို့ ကြိုးစားကြရ ဦးမှာပါ။


ထိုက်အောင်

3 comments:

မေဓာဝီ said...

နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို ကြောက်ပြီး … (ဒါမှမဟုတ် ကြောက်ချင်ယောင်ဆောင်ပြီး) ကိုယ့်တိုင်းပြည်နိုင်ငံရဲ့ အရေးကိစ္စကို တာဝန်မယူချင်တဲ့သူတွေ ...
ဒီနိုင်ငံမှာ နေပြီး .. နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးတွေ အပြည့်အ၀ယူဖို့ကလွဲလို့ တခြားကိစ္စတွေမှာ လက်ရှောင်ချင်တတ်ကြတဲ့ တာဝန်မကျေတဲ့သူတွေ …
ဒီလိုလူတွေများနေသရွေ့တော့ ….
…. …. … …. …..

generation96 said...

ဟုတ်သမှ သိပ်ဟုတ်ဗျာ။

Anonymous said...

ကောင်းတယ်ဗျာ...
ကိုယ်က နိုင်ငံရေး မလုပ်ရင် နိုင်ငံရေးက ကိုယ့်ကို လုပ်သွားလိမ့်မယ်...
မြန်မာပြည်သူတွေ နှစ်ပေါင်းများစွာ အလုပ်ခံ နေရတာကို ကြည့်တော့။