Tuesday, February 06, 2007

အိမ်ပြန်ချိန်...

အိမ်ကို မင်းလွမ်းနေသားနဲ့ တေပေပြီး…
အခုလောက်ထိအောင် မင်းမခွဲစဖူး…..

အမှတ်တမဲ့နဲ့ ဖွင့်မိလိုက်တဲ့ သီချင်းကို နားထောင်ပြီး လူက ငိုင်ကနဲ ဖြစ်သွားပါတယ်။ အင်း… အိမ်ကိုခွဲခဲ့တာတောင် အတော်ကြာပါပကော…။ ဒီအချိန်ဆို မေမေဘယ်လို နေရှာမလဲ၊ ဖေဖေရော နေကောင်းပါ့မလား၊ ညီလေး ညီမလေးတွေရော အဆင်ပြေရဲ့လားမသိ၊ ဟုတ်ပါရဲ့ ကျနော် အခုလောက်အထိ အကြာကြီး အိမ်ကို မခွဲဖူးသေးဘူး..။ အတွေးစနဲ့အတူ မျက်ရည်တို့က စို့တက်လာမိပါရဲ့။

ဟိုအရင်တုန်းက တို့အိမ်လေးထဲ….
တခေါက်လောက် ပြန်ခဲ့တော့ဟေ့……..


ကျနော့်ရဲ့ အိမ်ကလေး…။ ဘာမှ အဆင်တန်ဆာမရှိတဲ့ အိမ်ကလေး…။ ရေတွင်းကလေး တလုံးရယ်၊ ခြံထောင့်က ၀ါးရုံပင် အုပ်အုပ်လေးနဲ့ နောက်ဖေးက ပိန္နဲပင်အိုလေး၊ ရိုးဂုဏ်အပြည့်နဲ့ အိမ်ကလေး..။ အဲဒီအိမ်ကလေးပေါ်ကနေ ကျနော့်မေမေ ကျနော့်အပြန်လမ်းကို မျှော်နေလေမလား..။ အကိုကြီးကို သိပ်ချစ်တဲ့ ကျနော့်ညီမလေး ကျနော့်ကို လွမ်းနေလေမလား..။

တယ်လီဖုန်းစောင့်ရင်း…
မင်းအသံမျှော်နေတုန်း..
ပြန်ရောက်မယ့်နေ့တော့ ပြောလိုက်အုံး…
ဂစ်တာတီးပြီးတော့ ညည်းဆို ရေဒီယိုသီချင်း…
မင်းအကြိုက်တွေ မမေ့နိုင်ဘူး…

ဆယ်တန်း မအောင်မှာစိုးလို့ ဂစ်တာတီးတိုင်း ရိုက်တတ်တဲ့ မေမေ၊ ဆယ်တန်းအောင်တော့ ဂစ်တာတလုံး ဆုချတဲ့ ဖေဖေ၊ ကျနော်သီချင်းဆိုရင် အမြဲအနားမှာ အားပေးတတ်တဲ့ ညီမလေး
အားလုံးအားလုံးက ကျနော့်ကိုမျှော်နေမှာ သိပေမယ့် အိမ်ပြန်ရောက်မယ့် နေ့ကတော့ မရေရာသေးပါ။ ဒါပေမယ့် ကျနော် အားမလျှော့ပါ။ ကျနော် အိမ်ပြန်မှာပါ။ သံလွင်ခက်နဲ့ အတူပေါ့။

အိမ်ကိုပြန်ခဲ့တော့… နင်ဟိုမှာ မပျော်တဲ့ ခဏ…
အိမ်ကိုပြန်ခဲ့တော့.. အတူတူပြန်ဆုံနိုင်အောင် ကြိုးစား….
မမေ့နိုင်ဘူး မင်းအရိပ်များနဲ့… အိမ်မှာ အရင်လိုကျန်ရစ်ခဲ့..
တွေဝေနေအုံးမလား..

ကျနော် မပျော်ပါဘူး။ ပျော်စရာအကြောင်းလဲ မရှိပါဘူး။ အပြုံးတုတွေ၊ စက်တပ်ထားတဲ့ လူတွေကြားမှာ ၀င်ကစွပ်တကောင်လို နေနေရတာကို မုန်းတီးလှပါပြီ။ စိတ်ဓာတ်တွေကို ခိုင်မာအောင် တည်ဆောက်ရင်း အားတင်းမိပါရဲ့။ လျှောက်မိတဲ့ လမ်းမှာ ခလုတ်တွေတိုက်မိတိုင်း အမိအကြိမ်ကြိမ် တမိပေမယ့် တွေဝေနေလို့တော့ မဖြစ်သေးပါ။ အမေနဲ့ အတူတူပြန်ဆုံဖို့ ကြိုးစားရင်း ယုံကြည်ချက်ကို အသက်ဆက်နေတဲ့ ကျနော့်လို သားပေါင်းများစွာ ကမ္ဘာအနှံ့ ရှိနေမှာပါ။ အဲဒီသားပေါင်းများစွာရဲ့ ယုံကြည်ချက် အင်အားတွေနဲ့ အမေတွေရဲ့ လွမ်းမျက်ရည်ကို တနေ့တော့ သုတ်နိုင်ကောင်းပါရဲ့။

ဝေးပြီးကတည်းက… တွေ့ဖို့မလွယ်..
အခု တို့အိမ်လေးထဲမှာ.. တွေ့ကြမယ်…
ငါတို့ရဲ့ မိသားစု ကမ္ဘာလေးထဲ…
မင်း ရောက်အောင် ပြေးလို့ ပြန်ခဲ့တော့…

မေမေ့ခြေဖမိုးကို ကျနော့်နဖူးနဲ့ ထိကပ် ရှိခိုးအပြီး မော့အကြည့်မှာ တွေ့ခဲ့ရတဲ့ မျက်ရည် အပြည့်နဲ့ မေမေ့မျက်နှာကို အခုထိမြင်ယောင်နေပေမယ့် အဲဒီခွဲခွာခြင်းဟာ အခုအချိန်ထိတိုင်အောင် ဆုံးခန်းမတိုင်သေးပါ။ ဒါပေမယ့် ထာဝရအတွက် ခွဲခွာရခြင်းလို့လဲ မယုံကြည်ပါဘူး။ ဝေးပြီးကတည်းက တွေ့ဖို့မလွယ်ပေမယ့် ငြိမ်းချမ်းမှုတွေက အနိုင်ရရှိခြင်းကို ဆောင်ကြဉ်းပေးတဲ့ နေ့မှာ ကျနော်တို့ရဲ့ မိသားစုကမ္ဘာလေးကို ကျနော်ပြန်ခဲ့မှာပါ။ အခု အချိန်မှာတော့ အတူတူ ပြန်ဆုံနိုင်ဖို့ ကြိုးစားနေရင်း…..။

မင်းနဲ့ တွေ့ချင်လို့… မင်းအိမ်ပြန်ခဲ့တော့…
မင်းနဲ့ တွေ့ချင်လို့.. မင်းအိမ်ပြန်ခဲ့တော့…

ကလိုစေးထူး

3 comments:

မေဓာဝီ said...

ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်ရပါတယ် ကိုသံလွင် … ။
ခွဲခွါခြင်းတွေ ဆုံးခန်းတိုင်ပါစေတော့ လို့ ဆုတောင်းမိပါတယ် … ။
အပြုံး အပျော်တွေ အပြည့်နဲ့ ပြန်ရမယ့် အိမ်ပြန်ချိန် မြန်မြန်ရောက်ပါစေ လို့လည်း ဆန္ဒပြုမိပါတယ်။
မပြန်ရသေးတဲ့ ဒီအခိုက်အတန့် ခဏတာကိုတော့ … အားတင်းထားပါ … လို့ပဲ … … … … … ။

စိုးဇေယျထွန်း said...

really

thamudayanwe said...

ကိုစေးထူး
ကျနော် ခဏနားရင်းနဲ့ ကိုစေးထူးရေးထားတာတွေလိုက်ပြန်ဖတ်နေတာ
post တိုင်းက ကော်မန့်ပွတ်ချင်စရာတွေကြီးပဲ ပျင်းတာနဲ့ ဘယ်လိုမှ မရေးဖြစ်ပေမဲ့ ဒီ post ကိုဖတ်အပြီး ကျနော် အရမ်းကို ပဲထပ်တူခံစားသွားရတယ်
ကျနော် ဟန်ဆောင်ခြင်းမဟုတ်ပဲအတည်ပြောပါမယ်
ကျနော် ကိုစေးထူးကို ခင်တယ်
ကျနော်အမြဲအားပေးနေပါ့မယ်
ကိုစေးထူး စိတ်ညစ်ရင် ရင်ဖွင့်ပေါ့နော်
သီချင်းဆိုပြလို့လဲရပါတယ်
အမြန်ပြန်ဆုံပါစေ..
မဝေးသောတနေ့မှာ ပြန်ဆုံမှာပေါနော်
ဇွဲမလျှော့ပါနဲ့ ယုံကြည်နေသ၍ တနေ့နေ့ဆိုတာ ဖြစ်လာမှာပေါ့ နော်