Wednesday, February 14, 2007

လမ်းနှင့် ပန်းတိုင်

လွန်ခဲ့တဲ့ သောကြာနေ့ ညနေကပေါ့…။

လေးလံတဲ့ ခြေလှမ်းတွေနဲ့ အတူ အိမ်အပြန်လမ်းမှာ တစုံတရာကို ၀မ်းနည်းသလိုလို ခံစားနေမိခဲ့ပါတယ်။ ဘေးဘီကို ငဲ့ကြည့်တော့ သစ်ပင်တွေက ဖြူဖတ်ဖြူရော် မျက်နှာထားတွေနဲ့ ငိုတော့ မယောင်ယောင်။

မြစ်ကူးတံတားနားက ထိုင်နေကျ ထိုင်ခုံလေးကိုရောက်တော့ အေးစိမ့်စိမ့် ရာသီဥတုကို ဂရုမစိုက်ချင်တော့ဘဲ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။ အပေါ်ကို မော့ကြည့်တော့ ကျနော့်ရဲ့ လမ်းကလေး..။ တခုခုများ ပြောချင် နေလေရော့သလား..။ အားရပါးရကြီး အော်ဟစ် ပစ်ချင်လာတယ်။

`ဟေး………….´

တောတန်းလေး တခုလုံး ပဲ့တင်ထပ်သွား အပြီးမှာ ခေါ်သံတခု ထွက်လာတယ်။ လမ်းကလေး….။ ကျနော့်ရဲ့ လမ်းကလေး…။

`ကောင်လေး..´
`ဗျာ´
`မင်း.. ငါ့ကို ခွဲသွားတော့မယ်ပေါ့၊ ဟုတ်လား´
`…………´

လမ်းကလေးရဲ့ သက်ပြင်း ရှိုက်သံလေလား မသိ။ လေပြင်းတချက်က ၀ူးကနဲ တိုက်ခတ်သွားတယ်။

`မင်းကို ငါနည်းနည်းတော့ မှာချင်တယ်ကွာ´
`ဟုတ်ကဲ့´
`တကယ်တော့ကွာ၊ လူတွေ အားလုံးဟာ မတူညီတဲ့ ပန်းတိုင် ကိုယ်စီနဲ့ လမ်းကိုယ်စီ သွားနေကြတာပါ´
`အင်း´
`သွားနေကြတဲ့ လမ်းက တူနေရင်တောင် ပန်းတိုင်က မတူတတ်ပြန်ဘူးကွ´
`…………´
`အခု မင်းငါ့ကို ခွဲသွားတော့မယ်၊ ဒါပေမယ့် မင်းသွားချင်တဲ့ ပန်းတိုင်ကတော့ နဂိုပန်းတိုင်ပဲ မဟုတ်လား´
`ဟုတ်ကဲ့´
`အေး၊ အဓိကက အဲဒါပါပဲကွာ၊ ပန်းတိုင်ရောက်ဖို့ပါပဲ´
`…………..´
`ဒါပေမယ့် ကိုယ့်လူ၊ အခု မင်းသွားရမယ့် လမ်းသစ်ကတော့ ငါ့လို မအေးချမ်းဘူးဆိုတာ မမေ့ပါနဲ့၊ သူများ လမ်းကြောင်းပေါ် ရောက်သွားရင် မင်းကို ခေါင်းချင်းဆိုင် တိုက်ပစ်မယ့် ကောင်တွေ မနည်းသလို၊ မင်းလမ်း မင်းသွားနေတာတောင် မထိတထိ စတတ်တဲ့ ကောင်တွေလဲ ရှိမှာပဲ´
`…………….´
`ဟွန်းသံ တတီတီနဲ့ ဆဲတတ်တဲ့ စည်းမရှိ ကမ်းမရှိ ယာဉ်မောင်းတွေကလဲ မင်းသွားနေတဲ့ လမ်းမှာ စိတ်အနှောင့်အယှက် ပေးကြအုံးမှာပဲ´
`ဟုတ်ကဲ့´
`ကဲ.. မိုးချုပ်တော့မယ်၊ သွားတော့ ကောင်လေး၊ မင်း ခလုတ်တိုက်တုန်းက ငါမှာတာကိုလဲ မမေ့ပါနဲ့၊ မင်းလျှောက်မယ့် ပန်းတိုင် မရောက်မီ သတိလက်လွတ် မဖြစ်ပါစေနဲ့ကွာ´

အပေါ်ကို မော့ကြည့်လိုက်တော့ ပြာလဲ့လဲ့ မိုးကောင်းကင်က နေ၀င်ချိန် ဆည်းဆာအလှကို သရုပ်ဖော်ရင်း ပြုံးပြနေလေရဲ့။ ကုန်းမို့မို့လေးပေါ် အရောက်မှာတော့ နှင်းဖြူဖြူ ဆုပ်တွေကို လမ်းကလေးအပေါ် ပစ်ကျဲ ချလိုက်တယ်။ အပြာရောင် မိုးသားအောက်မှာ အဖြူရောင် ကြယ်ပွင့်တွေနဲ့ လမ်းကလေးဟာ ကျနော့်ကို ပြုံးကြည့်နေရင်း ……..။

ကလိုစေးထူး

2 comments:

Miss.Pollyanna said...

ကိုကြီးရေးတဲ့ လမ်းနှင့် စကားပြောတဲ့ ပို့စ် နှစ်ခုလုံးကို ကြိုက်ပါတယ်၊၊ညီမလေးကတော့ စာဆက်ရေးဖို့ အဆင်မပြေခဲ့ရင်တောင် ကိုကြီးနှင့် မမေရေးတာတွေကို တော့ ဖတ်မှာပါ၊၊ညီမလေးရဲ့ ဘလော့ကိုလဲ စောင့်ရှောက်ပေးပါ၊၊
စိတ်ချမ်းသာပြီးကိုယ်ကျန်းမာတဲ့ ဘ၀ကို အမြဲပိုင်ဆိုင်နိုင်ပါစေ၊၊
ပီပီ

Maydarwii said...

ပန်းတိုင်ရောက်ဖို့က အဓိကဆိုပေမယ့် အဲဒီ ပန်းတိုင်ကို ရောက်ဖို့ ကိုယ်လျှောက်ရတဲ့ လမ်းကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့ ကလည်း အရေးကြီးပါတယ်။
ဘယ်လမ်းကသွားသွား ပန်းတိုင်ကို ရောက်ဖို့ပဲ ဆိုပြီး လမ်းမှားပေါ်ကိုတော့ မလျှောက်စေချင်ပါဘူးရှင်။
လမ်းသစ်ကို ရွေးချယ်လျှောက်လှမ်းနေတဲ့ ကိုသံလွင် ဘေးရန်ကင်းကွာပါစေလို့ ဆုတောင်းလိုက်ပါတယ်။
လျှောက်ခဲ့ဖူးတဲ့ လမ်းဟောင်းကလေးကိုလည်း မမေ့နဲ့ပေါ့။