`ဟဲ့၊ ကီးဘုတ်ကို ဖြည်းဖြည်းနှိပ်လေ၊ ပျက်ကုန်အုံးမယ်´
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖြစ်ပါတယ်။ ကျနော်တို့ မြို့ရဲ့ ပထမဦးဆုံးသော ကွန်ပြူတာ သင်တန်းမှာ ကျနော်တို့ကို မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ ကွန်ပြူတာ အခန်းစောင့် ဆရာမက လာဟန့်တာပါ။
တကယ်ပါ။ ကျနော် ဆယ်တန်းအောင်တဲ့ အထိ ကွန်ပြူတာကို (အပြင်မှာ) မမြင်ဖူးပါဘူး။ ကမ္ဘာတဖက်ခြမ်းမှာ ကွန်ပြူတာဟာ လူတွေရဲ့ မရှိမဖြစ် ဖြစ်လာတဲ့ အချိန်မှာ အဲဒီအချိန်က ကျနော်ကတော့ ကွန်ပြူတာကို တီဗွီနဲ့ လက်နှိပ်စက် ပေါင်းထားတဲ့ အရာတခုလို့ပဲ မြင်နေခဲ့ပါတယ်။ ခေတ်ကို အမီလိုက်ချင်လွန်းတော့လဲ ဟိုစာစောင်ဖတ်၊ ဒီမဂ္ဂဇင်းဖတ်နဲ့ ကွန်ပြူတာကို မြည်းစမ်းကြည့်ချင်စိတ် ပေါက်လာပါတယ်။
ကျနော်ဆယ်တန်း အောင်ခါစ အချိန်တုန်းက ကျနော်တို့ နိုင်ငံရဲ့ အုပ်ချုပ်သူ လူကြီးမင်းများမှာ ရောဂါတခု စွဲကပ်ပါတယ်။ အဲဒီရောဂါကတော့ မာလ်တီမီဒီယာဂရုပ် ရောဂါပါ။ မြို့တကာက ကျောင်းတွေမှာ ကွန်ပြူတာခန်းတွေ ဖွင့်စေပြီး စာခပ်တော်တော် ကလေးတယောက်ယောက်ရဲ့ ကြက်တူရွေး စာအံသံကို မြိန့်မြိန့်ကြီး နားထောင်၊ ပြီးရင်တော့ သူတို့ပုံ ပြူးတူးပြဲတဲနဲ့ မြန်မာနိုင်ငံလောက် တိုးတက်နေတဲ့ နိုင်ငံ ကမ္ဘာပေါ်မှာ မရှိတော့သယောင် အကြွားရောဂါ ထတော်မူကြပါတယ်။
အဲဒီ ရောဂါဂယက်ကြောင့် ကျနော်တို့ မြို့လေးမှာ ဘုရားပွဲအမည်ခံ လောင်းကစားဝိုင်း များစွာက အကောက်ငွေတွေနဲ့ ကွန်ပြူတာ လေးလုံးဝယ်ပြီးသကာလ အစိမ်းရောင်ဝတ် လူကြီးမင်းများက တပင်တပန်းနဲ့ ဖဲကြိုးဖြတ်တော်မူပြီး ကွန်ပြူတာခန်းမ ဖွင့်နိုင်ခဲ့ပါတယ်။ အဲဒီကမှ တဆင့် ကွန်ပြူတာ သင်တန်းပေါ့။ အဲဒီတုန်းက တယောက်ကို သင်တန်းကြေး ငါးထောင်ပေးရပါတယ်။
ကွန်ပြူတာကို မမြင်ဖူးတဲ့ ကျနော့်အတွက်ကတော့ သင်ပေးသမျှ အရာရာဟာ ထူးဆန်းနေပါတယ်။ တိုက်ပင်းကျူတာမှာ အပေါ်က ကျလာတဲ့ စာလုံးတွေကို မလွတ်တမ်း ရိုက်ရတာကိုလဲ ထူးဆန်းသလို မိုက်ခရိုဆော့ဝါ့ဒ်မှာ ပုံလေးတွေ ဟိုပြောင်းဒီပြောင်း၊ စာတန်းလေးတွေ ဟိုပြောင်းဒီပြောင်း ပြောင်းရတာကိုလဲ သိပ်ဆန်းနေပါတယ်။
တနေ့မှာ ကျနော်က မြန်မာ့ဓန မဂ္ဂဇင်းမှာ သတင်းတပုဒ် ဖတ်မိပါတယ်။ `မြန်မာနိုင်ငံတွင် အီး-မေးလ် သုံးလို့ရပြီ´ ဆိုတဲ့ သတင်းပါ။ ဖတ်သာ ဖတ်လိုက်ရတယ်။ အီးမေးလ်ဆိုတာ ကွန်ပြူတာနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်စပ်သုံးစွဲတယ်ဆိုတာ ကျနော် တကယ် မသိပါဘူး။ အဲဒါနဲ့ သင်တန်းဆရာကို မေးတော့ (တကယ်ပါ) သူလဲ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့။
အဲဒီတုန်းက ကွန်ပြူတာ သင်တန်း တလပြီးသွားတော့ ကျနော် ဘာတတ်ခဲ့လဲ ဆိုတော့ တိုက်ပင်းကျူတာ ကောင်းကောင်း ရိုက်တတ်လာပါတယ်။ ဟိုစမ်းဒီစမ်းနဲ့ စာနည်းနည်း ရိုက်တတ်ပါတယ်။ မိုက်ခရိုဆော့ဝါ့ဒ်မှာ ပုံတွေကလိတတ်ပါတယ်၊ ဒါပါပဲ။
အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ ကွန်ပြူတာရဲ့ အရေးပါမှု၊ အင်တာနက်ရဲ့ အရာရောက်မှု အခန်းကဏ္ဍဟာ တနေ့တခြား ကျယ်ပြန့်လာပါပြီ။ ဒါဟာ အုပ်ချုပ်နေတဲ့ လူကြီးမင်းတွေ တော်လို့ မဟုတ်ပါ။ ခေတ်ရဲ့ တောင်းဆိုမှုနဲ့ လူငယ်တွေရဲ့ အားထုတ်မှုတွေကြောင့်လို့ ကျနော်မြင်မိပါတယ်။ ဒါဖြင့် အုပ်ချုပ်သူ လူကြီးမင်းတွေက ဒီအတွက် ဘာများ လုပ်ပေးနိုင်ပါလိမ့်။
ဟောဒီ ပို့စ်လေးကို ဖတ်ကြည့်ပါ။
မခံချင် ဖြစ်စရာလဲ ကောင်း၊ ရယ်ချင်စရာလဲ ကောင်းတဲ့ အဲဒီ စည်းကမ်းချက်တွေကို ဖတ်ပြီးတော့ ဟိုလူကြီးတွေကိုလဲ မေတ္တာ ပို့မိပါရဲ့။ တင်ပေးတဲ့ ဘလော့ရှင်ကိုလဲ သိခွင့်ပေးလို့ ကျေးဇူးတင်မိပါတယ်။
သူများတွေနိုင်ငံက လှမ်းနေတဲ့ ပြည်သူတွေရဲ့ ခြေလှမ်းကို သွက်သထက် သွက်အောင် အစိုးရက အားပေးပါတယ်။ အထောက်အကူ ပေးပါတယ်။ ကျနော်တို့နိုင်ငံကတော့ လှမ်းနေတဲ့ ခြေလှမ်းတွေကို တန့်အောင်လုပ်ပါတယ်။ ရပ်အောင် ချုပ်ပါတယ်။ ဒီလိုနဲ့ပဲ အချိန်တွေက ကြာလာ..။ သွားတော့ သွားနေပါရဲ့ ..။ ဒါပေမယ့် အရှေ့ကို မဟုတ်ဘဲ အနောက်ကိုသာ ဖြစ်နေပါတော့တယ်။
ကလိုစေးထူး

No comments:
Post a Comment