Saturday, February 10, 2007

အမှတ်တမဲ့များမှသည် .....

`နင်ငါ့ကို တကယ်ချစ်ရင်၊ ရော့ ဟောဒီမှာ ထောက်စူးချွန်၊ အဲဒါနဲ့ နင့်လက်ပေါ်မှာ ငါ့နာမည်ကို ရေးပြ´

`ဘုရားမြတ်စွာ´ လို့ အလန့်တကြား တလိုက်မိပါတယ်။ ကောင်လေးကလဲ မထီတရီ အပြုံးတချက် ပြုံးလိုက်ရင်း ကောင်မလေး ကမ်းပေးတဲ့ ထောက်စူးချွန်နဲ့ သူ့လက်ဖျံပေါ်မှာ `မိုးဝဿန်´ ဆိုတဲ့ နာမည်ကို ရေးလိုက်တော့ ကောင်မလေးက မျက်လုံးလေး အ၀ိုင်းသားနဲ့ ကောင်လေးလက်ကို ဖြတ်ကနဲ ဆွဲလို့..။ နောက်တော့ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြပါတယ်။

တကယ်တော့ အပေါ်မှာ ကျနော်ရေးပြခဲ့တာက မြန်မာဗွီဒီယို ဇာတ်ကားတခုက ဇာတ်ဝင်ခန်းလေး တခုပါ။ အဲဒီ ဇာတ်ကားကို ကြည့်အပြီးမှာတော့ အတွေးတစ ၀င်လာတာမို့ ဒီစာကို ချရေးဖြစ်ပါတယ်။

မြန်မာ ရုပ်ရှင်/ဗွီဒီယိုတွေနဲ့ ပတ်သက်လို့ ရှမ်းတိုင်းရင်းသား သူငယ်ချင်း တယောက် ရင်ဖွင့်ဖူးတာကို အရင်ပြောပြပါရစေ။

`ငါ မင်းတို့ ဗမာကားတွေကို မကြည့်ချင်ဘူး´`ဘာဖြစ်လို့လဲ သူငယ်ချင်းရ´`ဘာဖြစ်ရမလဲ၊ ဗမာကားတွေမှာ လူဆိုးတွေဟာ အမြဲပဲ ရှမ်းဘောင်းဘီ ၀တ်တယ်၊ တကယ်တော့ ရှမ်းဘောင်းဘီဆိုတာ ငါတို့ အမြတ်တနိုးထားတဲ့ ရိုးရာဘောင်းဘီကွ၊ အခုတော့ လူဆိုးခန်း ရိုက်တော့မယ်ဆိုရင် ရှမ်းဘောင်းဘီကို အမြဲဝတ်နေကြတော့ ငါတို့ရိုးရာ ဘောင်းဘီက လူဆိုးဘောင်းဘီ ဖြစ်နေတယ်´

နောက်တယောက်ကတော့ ဒီလိုပြောပါတယ်။

`ဗမာကားတော်တော်များများမှာ လူဆိုးဂိုဏ်းတွေဟာ ပြင်ဦးလွင်မှာ ရှိတာများတယ်၊ တကယ်တော့ ပြင်ဦးလွင်မြို့က အင်မတန်နေလို့ကောင်းတာ လူတိုင်းသိတာပဲ၊ အခုတော့ ဗမာကားတွေကို ကြည့်မှပဲ ပြင်ဦးလွင်ဟာ လူဆိုးအခြေစိုက် မြို့လို့ ပြောရမလို ဖြစ်နေပြီ´

ခရစ်ယာန်ဘာသာဝင် လူငယ်တယောက်က တနေ့မှာ ကျနော့်ကို ဒီလိုမေးပါတယ်။

`ခရစ်ယာန်တွေကို ဘယ်လိုမြင်လဲ၊ ဥပမာ- အနေအထိုင်ပေါ့´

ကျနော်က

`အနေအထိုင်က ခရစ်ယာန်ဖြစ်ခြင်း ဗုဒ္ဓဘာသာဖြစ်ခြင်းနဲ့ မဆိုင်ဘူးလေ..လူနဲ့ပဲ ဆိုင်တာ´

အဲဒီမှာ သူက ဒီလို ရင်ဖွင့်လာပါတယ်။

`မြန်မာ ရုပ်ရှင်တွေမှာ ခရစ်ယာန်အကြောင်း ရိုက်တော့မယ်ဆိုရင်၊ နာမည်က အင်္ဂလိပ်နာမည်တွေ၊ ပုံစံတွေက ခပ်ရှုပ်ရှုပ်တွေ ရိုက်ကြတယ်လေ၊ အဲဒါတွေကို တော်တော်ခံစားရတယ်´
သူက ရင်ဖွင့်တယ်ဆိုပေမယ့် ဒါဟာ သူ့ရဲ့ ခံစားချက် တစွန်းတစသာ ဖြစ်ပါလိမ့်မယ်။ သူပြောချင်တဲ့ သူ့ခံစားချက်တွေ ဒီထက်မက ရှိနေအုံးမှာ သေချာပါတယ်။ စိတ်ဝင်စားစရာက သူ့လို ခံစားနေရတဲ့လူဘယ်လောက်များများ ရှိနေပြီလဲ ဆိုတာပါ။

ကျနော်တို့ နိုင်ငံမှာ ဗမာက လူမျိုးစုကြီးပါ။ ဗုဒ္ဓဘာသာဝင်က မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀%ကျော်ရှိပါတယ်။ ကျနော်တို့တတွေ အမှတ်တမဲ့ ဖြစ်နေခဲ့တာတွေက တခြားသော လူမျိုးစုတွေ၊ တခြားသော ဘာသာဝင်တွေ အတွက် ထိခိုက်ခံစားစရာ ဖြစ်နေတာကို အထက်ပါ စကားတွေက သက်သေပြနေပါပြီ။

တခါတုန်းက တိုင်းရင်းသူ တယောက်က ကျနော့်ကို ဒီလိုပြောဖူးပါတယ်။ အဲဒီပြောစကားကို ထိခိုက်ခံစားခဲ့မိလို့ `ကျနော်နှင့် တိုင်းရင်းသားများ´ ဆိုတဲ့ စာတပုဒ်ကိုတောင် ရေးဖြစ်လိုက်ပါသေးတယ်။

`ဗမာတွေ အကျင့်ကိုမကောင်းဘူး၊ အထူးသဖြင့် ဗမာစစ်စစ် မိန်းကလေးတွေ´

ကျနော် သူ့ကို အပြစ်မတင်လိုပါ။ သူလဲ သူခံစားထားရတာ ရှိလို့နေမှာပါ။ တခုတော့ သိလိုက်ရပါတယ်။ လူများစု စာရင်းထဲမှာ ပါနေတဲ့ ကျနော်တို့တတွေ အပြောအဆို၊ အနေအထိုင် ပိုမိုဆင်ခြင်သင့်တယ်ဆိုတဲ့ အတွေးကို ရလိုက်တာပါ။ အထက်ဖော်ပြပါ မြန်မာရုပ်ရှင်ကားတွေရဲ့ ရိုက်ချက်တချို့ကနေ တဆင့် သူ့စိတ်ထဲကို အဲဒီအတွေး သန္ဓေတည်ခဲ့သလားဆိုတာကတော့ တွေးစရာပါ။

`တိုင်းပြည် တပြည်ရဲ့ အဆင့်အတန်းကို အဲဒီတိုင်းပြည်ရဲ့ ရုပ်ရှင်အရည်အသွေးကလဲ ပြတယ်´ လို့ လေ့လာ မှတ်သားရဖူးပါတယ်။ အဲဒီတော့.. ရုပ်ရှင်တွေကိုယ်တိုင်က အဲဒီလို ခွဲခြားနှိမ့်ချတဲ့ ရိုက်ကူးတင်ပြမှုမျိုးတွေ၊ အတုယူမှားစရာတွေ လုပ်ပြနေရင်တော့ ဒါဟာ……..။

ကလိုစေးထူး

1 comment:

စိုးဇေယျထွန်း said...

အဒါက လူမျိုးနဲ့ အဆိုင်ပါဘူး လူတစ်ယောကချင်းစီမှာ ထားတဲ့ စိတ်ဓာတ်နဲ့ပဲ ဆိုင်ပါတယ်