Wednesday, February 21, 2007

သင်ကြိုက်ရာ ရွေးချယ်ပါ …

`စာ´ ဆိုတဲ့ စကားလုံးကို သိဖို့အတွက် ကျနော် စတင်ကြိုးစား ခဲ့ရတာတော့ အသက်ငါးနှစ်သား အရွယ်ကပါ။ ၀လုံးကလေး ၀ိုင်းအောင်ရေးလို့က စလို့ က-ကလေးငယ် ချစ်စဖွယ်၊ ညအခါလသာသာ စသည် စသည် အစပျိုးလို့ စာနဲ့ ရင်းနှီး ကျွမ်းဝင်ခဲ့ရပါတယ်။

ဟိုးကလေးဘ၀ ငယ်ငယ်ကတော့ စာသင်ခဲ့ရတာဟာ မိဘက ကျောင်းကိုပို့ပေးလို့ပါ။ စာတတ်စေချင်တဲ့ မိဘကြောင့် စာသင်ရပါတယ်။ စာသင်တော့ စာတွေဖတ်ရပါတယ်။ ဘယ်လိုစာတွေလဲ။ ကျောင်းစာတွေပါ။ ကျောင်းကဗျာတွေပါ။

အရွယ်ကလေး ရောက်လာတော့ ကျောင်းစာအပြင် တခြားစာတွေကိုလဲ စိတ်ဝင်စားတတ်လာပါတယ်။ ကျနော် ငယ်ငယ်က ပထမဦးဆုံး ဖတ်ဖူးခဲ့တဲ့ ပြင်ပစာကတော့ ရွှေသွေးနဲ့ တို့ကျောင်းသား စာစောင်တွေပါ။

ကျနော် ငါးတန်းလောက်ရောက်တော့ ကျနော့်ဦးငယ်က (သူတို့ခေတ်အခေါ်) အဆင့်မြင့်တန်း ကျောင်းသားကြီးပါ။ ဦးငယ်ရဲ့ မြန်မာစာ ပြဋ္ဌာန်းစာအုပ်ကို အဲဒီကတည်းက ကျနော် စိတ်ဝင်တစားနဲ့ ဖတ်တတ်နေပါပြီ။ အဲဒီစာအုပ်ထဲက `မောင်ဘစီ´၊ `ကိုဇော်ဝိတ်နှင့် တိုင်းလုံးကျော်၏ လက်ဝှေ့ပွဲ´၊ `စလောင်းဖုံးတချပ်´၊ `လှည်းဆရာနှင့် လင်္ကာဆရာ´ စကားပြေတွေဟာ ယနေ့ထိတိုင်အောင် စိတ်ထဲစွဲနေတဲ့ စာကောင်းတွေပါ။

ကျနော် ခုနှစ်တန်းကျောင်းသားလောက်မှာ စာအုပ်အငှားဆိုင်က စာအုပ်တွေကို စဖတ်ဖြစ်ပါတယ်။ ကလေးသာသာဆိုတော့ ကာတွန်းတွေအဖတ်များပါတယ်။ ပြာလောင်၊ ပြာဂလောင် ပြာလချောင်၊ စံရွှေမြင့် အစရှိတာတွေပါ။ နောက်.. ကာတွန်း ဦးအောင်ရှိန်ရဲ့ ဦးစိတ်တိုနှင့် မျောက်ညို။

နောက်ပိုင်းမှာတော့ မြန်မာခေတ်ပေါ် ၀ထ္ထုတွေကို ဖတ်ဖြစ်လာပါတယ်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ `သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်´ ၀ထ္ထုကို တော်တော်ကြိုက်ခဲ့ဖူးပါတယ်။ စွယ်တော်ရွက်ဝါ၀ါလေးတွေကို သိမ်းထားတတ်တဲ့ မောင်နဲ့ ခိုင် …။ နောက်ပိုင်းတွေမှာတော့ ၀ထ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ် တော်တော်များများကို စွဲစွဲမြဲမြဲ ဖတ်ဖြစ်ခဲ့ပါတော့တယ်။

ကျနော်တို့ လူပျိုပေါက်အရွယ် အသက် ၁၇၊ ၁၈ နှစ်လောက်တုန်းကဆိုရင် စောပြည့်ချမ်းသာ၊ စောပြည့်မာလာ အစရှိသူတွေရဲ့ စာတွေ တော်တော်လေးကို လူဖတ်များကြတာကို သတိရနေပါတယ်။ ဒီဘက်နောက်ပိုင်းမှာတော့ မီကိုဇူးဇင်၊ နိုကိုဇူးဇင်၊ လွန်းထားထား၊ လမင်းမိုမို သူတို့သူတို့တတွေဟာ ဘက်ဆဲလားခေါ် စာအုပ်အရောင်းရဆုံး စာရင်းဝင်တွေ ဖြစ်လို့နေပါတော့တယ်။

အဲဒီ ဘက်ဆဲလား စာရေးသူတွေရဲ့ စာတွေကို လေ့လာကြည့်တော့ မြန်မာစာပေ တိုးတက်မှုအရရော၊ ရသပိုင်းဆိုင်ရာရော၊ အဖွဲ့အနွဲ့သရုပ်ဖော်ပိုင်းဆိုင်ရာ ဘာတခုမှကို ပေးနိုင်စွမ်းရှိတာ မတွေ့ရပါဘူး။ နိုကိုဇူးဇင်ရဲ့ ၀ထ္ထုတအုပ်မှာဆိုရင် တံခါးခေါက်သံ `ဒေါက်´ ဆိုတဲ့ စာလုံး တလုံးတည်းကို တကြောင်းနှုန်းနဲ့ ခြောက်ကြောင်းတိတိ ရေးတာကို ဖတ်ဖူးပါတယ်။ ၀ါကျတိုတွေနဲ့ စာဖောင်မပြည့်ပြည့်အောင် ၀ထ္ထုတအုပ်စာ ရေးတတ်တဲ့ ဒီလိုလူတွေ ဘာလို့ ဘက်ဆဲလား ဖြစ်နေရပါသလဲ။

လွန်းထားထားဆိုရင်လဲ သရုပ်လွန် အဖွဲ့တွေနဲ့ ယောက်ျားမုန်းတီးရေးဆန်ဆန် ၀ထ္ထုတွေ၊ ကလဲ့စားချေ ၀ထ္ထုတွေသာ အရေးများပါလျက်နဲ့ ရောင်းတန်းဝင် ပထမတန်းစား ဖြစ်လို့နေတာ ဘာကြောင့်ပါလဲ။

တကယ်တော့ ကျနော်တို့ စာပေနယ်ဆိုတာ ဈေးတန်းကြီး တခုနဲ့ တူတယ်လို့ ကျနော်ထင်မိပါတယ်။ အဲဒီဈေးတန်းထဲမှာ ကော်ဖီဆိုင်လဲရှိ၊ ပန်းဆိုင်လဲရှိ၊ သစ်သီးဆိုင်လဲရှိ၊ အဲ.. အရက်ဆိုင်လဲ ရှိတာပေါ့။

ကော်ဖီကြိုက်သူက ကော်ဖီဆိုင်ဝင်၊ ပန်းဝယ်ချင်သူက ပန်းဆိုင်တန်းကိုသွား၊ သစ်သီးစားချင်သူက သစ်သီးဆိုင်ကို ရွေး၊ မူးယစ်လိုသူများကတော့ အရက်ဆိုင်ထဲသို့ ပေါ့ …။

အရက်သမားတယောက် အရက်သောက်ချင်နေတဲ့ အချိန်မှာ ကော်ဖီကောင်းကောင်းလေး တခွက် အတင်းတိုက်လဲ သူ သောက်မှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ …ကော်ဖီတခွက်ကို မက်မက်မောမော ရှိသူများကလည်း အရက်ကို အဖက်လုပ်မယ် မထင်ပါဘူး။ သေချာ စဉ်းစားကြည့်တော့ အရက်ကြိုက်သူတွေအတွက် အရက်ဆိုင်လိုအပ်သလို ကော်ဖီကြိုက်သူတွေအတွက် ကော်ဖီဆိုင် လိုအပ်ပါတယ်။

အဲဒီတော့ အနှီ စာရေးချာကြီးတွေ (စကားမပီတာ မဟုတ်ပါ၊ ခပ်ချာချာစာတွေ ရေးသူတွေဖြစ်လို့ စာရေးချာကြီးတွေလို့ သုံးလိုက်ခြင်းပါ)နေရာရခြင်းဟာ ဘယ်သူ့ကြောင့်ပါလဲ။

ကဲ.. ကျနော်တို့ ကော်ဖီဆိုင်ဝင်မလား…။ အရက်ဆိုင် ၀င်မလား…။ ဒါမှမဟုတ် ကော်ဖီဖျော်မလား.. ။ အရက်စပ်ရောင်းမလား..။ အရက်ဆိုင်မှာ လူစည်တာတော့ မကောင်းလှပါ။

ကလိုစေးထူး

3 comments:

စိုးဇေယျထွန်း said...

အခုခောတမှာက ကော်ဖီတောင် အပူလား အအေးလား။ အချစ် ခြင်းတူရင်တောင် မော်ဒန်လား မော်ဒက်လား

မေဓာဝီ said...

ပန်းကိုပန်ထား
သစ်သီးစားလျက်
ကော်ဖီတခွက်
အရက်တငုံ
အစုံရသ …မြိုချကာလေ
အစာမကျေမှ အန်တာပ … ။

ဘာရယ် မဟုတ်ဖူး … ကြိုက်ရာရွေးပါဆိုလို့ အကုန်ရွေးကြည့်လိုက်တာ … ။
အစာအဆိပ် ဖြစ်များ ဖြစ်သွားသလားပဲ။

Tesla said...

မနက်ပိုင်းလေးတော့ ကော်ဖီပေါ့ ဗျာ-
အဲ
နေညိုရင်တော့
ဇာတိရွှေဘိုကိုမေ့
မေပျို ကိုထားပြီး တခါတခါ
ထရေချိုလေးတော့ သောက်ချင်သား-
ကဲ
ရင်ပူလာရင် ဘီယာဆိုင်နား
သွားစို့လား..
:)