Sunday, February 04, 2007

ဟိုရေးဒီရေး.. ဟိုတွေး ဒီတွေး...

ဒီတပတ် အလုပ်နားရက်ကတော့ အိမ်တွင်းပုန်း ကုလားလုပ်ရတဲ့ အပတ်ပါပဲခင်ဗျာ။ ရာသီဥတုကလဲ သုညအောက် ငါးဒီဂရီ ဖာရင်ဟိုက်ဆိုတော့ ဘယ်မှကို သွားချင်စိတ်လဲ မရှိလှပါဘူး။ တံတွေးထွေးလိုက်ပြီး နောက်ဆယ်မိနစ်လောက်နေလို့ သွားကြည့်ရင် ခဲနေလောက်အောင်ကို အေးတယ်ဆိုတော့ အိမ်မှာပဲ နေပြီး ကွန်ပြူတာနဲ့ နှစ်ပါးသွားရပါတယ်။

တခြားဘလော့ကာတွေတော့ ဘယ်လိုနေတယ် မသိပါဘူး။ ကျနော့်အတွက်ကတော့ ဘလော့ရေးရတာဟာ ဘ၀တခုလို ဖြစ်မှန်းမသိ ဖြစ်လာပါပြီ။ ကျနော် ခံစားရတာတွေကို ဟိုရေး ဒီရေးနဲ့ တင်ပြနေရတာကို တော်တော်ပျော်မွေ့နေပါပြီ။ ဒီခံစားချက်ကတော့ ဘလော့ကာတော်တော် များများမှာ ထပ်တူထပ်မျှ ရှိနေကြမယ်လို့ ထင်ပါတယ်။ ဘယ်မှ မသွားဖြစ်တဲ့ ဒီအပတ်မှာ အဓိက လုပ်ဖြစ်တာက စာအဟောင်းအမြင်းလေးတွေ ရှာကြံဖတ်တာနဲ့ သတင်းဝက်ဆိုက်တွေကို လိုက်ဖတ်တာပါ။

လူကြီးတွေ ပြောဖူးတာကို ငယ်ငယ်တုန်းက ကြားဖူးပါတယ်။ သတင်းစာ တရက်မဖတ်ရင် တခေတ်နောက်ကျပါတယ်တဲ့။ ဟုတ်မှာပါပဲ။ ဒါပေမယ့် ခက်တာက ကျနော်တို့ ဘယ်သတင်းစာမျိုးကို ရွေးဖတ်မလဲ၊ ဘယ်သတင်းစာမျိုးကို ဖတ်ရင် သတင်းမှန်ကို သိနိုင်မလဲဆိုတာက ပြဿနာတခုပါ။ သတင်းမှားတွေကိုပဲ ဖော်ပြနေတဲ့ သတင်းစာတွေကို ဖတ်ရင်ရော တခေတ် နောက်မကျနိုင်ပေဘူးလားလို့ အထွန့်တက် တွေးမိပါတယ်။

စာနယ်ဇင်းသမားတွေဟာ ဘက်မလိုက်ပါဘူးလို့ ပြောရင် အဲဒါဟာ လိမ်တာပါလို့ ဆရာမကြီး လူထုဒေါ်အမာက အင်တာဗျုးတခုမှာ ပြောခဲ့ဖူးတာကို မှတ်သားရဖူးပါတယ်။ စာနယ်ဇင်း တခုစီ တခုစီမှာ သူတို့ကိုင်စွဲတဲ့ မူအရ တဘက်ဘက်ကိုတော့ မလွဲမသွေ လိုက်ရလေ့ရှိပါတယ်။ ဘယ်ဘက်မှာနေမလဲ ဆိုတာကတော့ အဲဒီ စာနယ်ဇင်းရဲ့ ရွေးချယ်မှုပါ။ ကျနော်တို့ စာဖတ်သူတွေကလဲ ဘယ်သတင်းစာဖြစ်ဖြစ် ဖတ်တာကတော့ ဖတ်ရမှာပါပဲ။

အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို စစ်ဆင်ရေး အထမ်းသမား အဖြစ် အသုံးချနေပုံနဲ့ ထွက်ပြေးလွတ်မြောက်လာတဲ့ အထမ်းသမားတချို့ရဲ့ ပြောပြနေတာကို သတင်းမှာ တွေ့ရတော့ စိတ်မသက်မသာ ဖြစ်ရပါတယ်။ `ကျနော်ပေါ်တာ အထမ်းသမား´
ဆိုတဲ့ပို့စ်ကို ရေးဖြစ်တုန်းက သူငယ်ချင်းတယောက်က ကျနော့်ကို ပြောတဲ့စကား တခွန်းကို အခုထက်ထိ မမေ့နိုင်ပါဘူး။ `တခြားပေါ်တာတွေကတော့ ခင်ဗျားလိုမျိုး ရင်ဖွင့်ခွင့် မရကြရှာဘူးဗျာ´တဲ့။ ဟုတ်ပါတယ်၊ `အသက်ရှင်ရပ်တည်ခွင့်´ ဆိုတဲ့ လူ့အခွင့်အရေးကိုတောင် လူမသိသူမသိ ချိုးဖောက်ခံနေရတဲ့ လူသားတော်တော်များများ ကျနော်တို့ နိုင်ငံမှာ ရှိနေပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို နှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ပြီးတော့ ကိုဖီအနန်ဟာ ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ အနားယူသွားခဲ့ပါတယ်။ မွေးရပ်မြေကို ပြန်ရောက်လာတဲ့ သူ့ကို သူ့ပြည်သူ ဂါနာနိုင်ငံသားတွေနဲ့ တကွ သမ္မတ ဂျွန်ဟူဖာကလဲ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက ဦးသန့်ရဲ့ အိမ်အပြန်မှာရော အဲဒီအချိန်က အစိုးရက အဲဒီလို သဘောထားခဲ့လား တွေးမိပါတယ်။

ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီး ယာနာဂီဆာဝါက သူ့နိုင်ငံရဲ့ မွေးဖွားနှုန်း ကျဆင်းနေမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရာမှာ အမျိုးသမီးတွေကို `လူသား ထုတ်လုပ်သောစက်´ လို့ ပြောဆိုသုံးနှုန်းခဲ့ပါသတဲ့။ တိုးတက်နေတဲ့ နိုင်ငံတခုရဲ့ ဒီလိုရာထူးကို ရယူထားသူ တယောက်က သုံးတဲ့ အသုံးအနှုန်းက ဒီလောက်တောင် ရိုင်းပြသလားလို့ အံ့သြမိပါတယ်။ သူက ပြန်တောင်းပန်ခဲ့တယ် ဆိုပေမယ့်လဲ `စကားကျွံရင် နှုတ်မရ´ ဆိုတဲ့ အတိုင်း ဒီစကားကတော့ ကမ္ဘာကျော်သွားခဲ့ပါပြီ။

တရုတ်နိုင်ငံရဲ့ နိုင်ငံတည်ငြိမ်ရေးကို ကာကွယ်ဖို့နဲ့ ကောင်းမွန်တဲ့ အွန်လိုင်းယဉ်ကျေးမှုကို တိုးတက်ဖို့အတွက် အင်တာနက်စည်းမျဉ်းတွေကို အရင်ထက် ပိုတင်းကျပ်တော့မယ်လို့ တရုတ်သမ္မတ ဟူကျင်းတောင်က ဆင်ဟွာသတင်းဌာနကတဆင့် ကြေညာခဲ့ပါတယ်။ ဒီနေရာမှာ ဆရာထက် တပည့်လက်စွမ်းထက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက် ၀က်ဘ်ဆိုက်ပိတ်ပင်မှုကို စကားစပ်လို့ ဒီက သူငယ်ချင်းတယောက်ကို ပြောပြဖြစ်တော့ သူက အံ့သြခြင်းကြီးစွာ ဖြစ်သွားပါတယ်။ ကျနော်ကတော့ ဒီလောက်ပိတ်ပင်ထားတဲ့ ကြားက ရတတ်သမျှနဲ့ ဖြစ်အောင်သုံးပြီး အပိတ်ခံရတဲ့ မျက်လုံးတွေကို ဆွဲဖွင့်နေကြတဲ့ မြန်မာလူငယ်တွေကိုသာ လေးစားနေမိပါတယ်။

မြန်မာနိုင်ငံ သတင်းတွေကို ဖတ်မိတိုင်း သတိမထားဘဲ နေလို့မရတာ တခုရှိပါတယ်။ အဲဒါကတော့ မြန်မာလူမျိုးတွေရဲ့ `အပြုံး´ပါ။ ကျနော်တို့ လူမျိုးတွေရဲ့ ဘယ်လောက်ပဲ ပြဿနာဖြစ်ဖြစ် ပြုံးနေတတ်တဲ့ ချစ်စရာအကျင့်ပါ။ မြေမြုပ်မိုင်းကြောင့် ခြေထောက် တဖက်ဆုံးရှုံးသွားတဲ့ အပြစ်မဲ့ မြန်မာသမီးငယ်ကလဲ သူ့ဘ၀ဖြစ်စဉ်ကို ခပ်ပြုံးပြုံးနဲ့ ပြောနိုင်ပါတယ်။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခံရတဲ့ အမယ်အိုကြီးကလဲ သူတို့ဒုက္ခကို ခပ်ပြုံးပြုံးနဲ့ ပြောနိုင်ပါတယ်။ ဒုက္ခတွေကို ညည်းညူနေရတဲ့ ကြားကပဲ ပြုံးနေနိုင်တဲ့ သူတို့ကိုတွေ့တော့ လေးစားနှစ်ခြိုက်မိရပြန်ပါတယ်။

ကွယ်လွန်သွားရှာသူ ဆရာကြီးဦးသုခဟာ သူရေးခဲ့တဲ့ `ဂုဏ်´ သီချင်းကို လူငယ်တွေက ပုံစံတမျိုးနဲ့ ခံစားပြီး သီဆိုနေတာကို ကြားရတိုင်း ဒီသီချင်းကို ရေးခဲ့မိခြင်းရဲ့ နောက်ကျ နောင်တကို ရမိကြောင်း ပြောခဲ့ဖူးတယ်လို့ မှတ်သားရဖူးပါတယ်။ ကျနော်တို့ ကိုယ်တိုင်လဲ ယစ်ရွှေရည်လေး ထွေလာရင် ကာရာအိုကေဆိုင်မှာ အဲဒီ `ဂုဏ်´သီချင်းကို အပီဟဲခဲ့ဖူးပါတယ်။ ကျော်ကြားသူတဦးရဲ့ သြဇာတက္ကိမ ကြီးမားမှု ရလဒ်တခုပါပဲ။ ဒါပေမယ့် သူ့ရဲ့အမှားကို ၀န်ခံတာဝန်ယူမှုကတော့ အတုယူစရာပါ။

မိုးချုပ်လာပါပြီ။ နေ၀င်ပါတော့မယ်။ နေ၀င်ပြီးရင် ညနက်ပါဦးမယ်။ အမှောင်မိုက်ဆုံး ကာလကို ဖြတ်ရမှာပေါ့။ အမှောင်ဆိုတာကြီးကို မကြိုက်တဲ့ လူသားတွေက အမှောင်ကို အန်တုတဲ့ အလင်းများစွာကို ဖန်တီးတီထွင်ခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကျတော့လဲ မှောင်နေတာကိုမှ သဘောကျ နှစ်ခြိုက်တတ်ပါသတဲ့။ ရှုံးတလှည့် နိုင်တလှည့် ဒီလောကကြီးမှာ အမှောင်ကြိုက်လူသားတွေသာ အမြဲ အနိုင်ရနေတော့မှာလားလို့ တွေးတောရင်းနဲ့ပဲ ……..။

ကလိုစေးထူး

1 comment:

Maydarwii said...

ဂုဏ်သီချင်းက ဦးသုခရဲ့ စကားလုံးတွေကို ရွှေပြည်အေး က ပုံဖော် အသက်သွင်းပေးတာ လို့ အဖေ ပြောပြတယ် ကိုသံလွင်။ ပြီးတော့ အဲဒီသီချင်းဟာ “သည်ဆောင်းဟေမန်” ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတဲ့။
သည်ဆောင်းဟေမန် ဇာတ်လမ်းက နာမည်ကြီး စန္ဒယားဆရာ တယောက်ဟာ အောင်မြင်မှုနဲ့ ချမ်းသာမှုဒဏ် မခံနိုင်ဘဲ နောက်ဆုံး ဆင်းရဲ မွဲတေပြီး သူတောင်းစား အနူကြီးဘ၀နဲ့ အသက်ပါဆုံးရှုံး သွားတဲ့ထိ ဖြစ်ရတဲ့ ဇာတ်လမ်းလေး လို့ဆိုပါတယ်။

စန္ဒယားဆရာလေးဟာ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်မှာ မိန်းမကိုလည်း အထင်လွဲလို့ အိမ်ကထွက်သွားပြီးနောက် လောကကြီးကို အရွဲ့တိုက် သောက်စားမူးယစ် မိုးမမြင်လေမမြင် ဖြစ်နေတဲ့ ဇာတ်ဝင်ခန်းမှာ ဒီသီချင်းက နောက်ခံတေး အဖြစ် ပါဝင်တာပါတဲ့။

ဒီဇာတ်ကားဟာ လူငယ်တွေကို ပညာပေးတဲ့ ဇာတ်ကားတကားပါ။ အောင်မြင်မှုလည်း တော်တော်ရခဲ့တယ်လို့ လည်း အဖေက ပြောပြပါတယ်။
ဒီဇာတ်ကားနဲ့အတူ “ဂုဏ်” သီချင်းဟာလည်း ပေါက် သွားပါသတဲ့။ ဒီသီချင်းရေးရခြင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကတော့ လောကကြီးကို အရွဲ့တိုက်တဲ့ သရုပ်ပေါ်အောင် ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်အောင် ရေးထားတာလို့ ယူဆရပါတယ်။
ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ သီချင်းကိုသာ လူသိများကြပြီး ရုပ်ရှင်ကို လူသိပ်မသိတော့တဲ့အခါ ဒီသီချင်းဟာ အဓိပ္ပါယ်တမျိုးနဲ့ လူတွေရဲ့ ပါးစပ်ဖျား ရောက်လာတော့တာပါပဲ။
ဒါကြောင့် ဦးသုခဟာ ဒီသီချင်းရေးမိလို့ စိတ်မကောင်းတာထက် … ဒီသီချင်းကို တမျိုးအဓိပ္ပါယ်နဲ့ သီဆိုကြသူတွေ အတွက် စိတ်မကောင်း တာများလား လို့ တွေးမိလို့ပါ။
ကိုသံလွင်ရေ … ကွန့်မန့်လည်း အတော်ရှည်သွားပြီမို့ ဒါလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။