Tuesday, February 20, 2007

သူတို့ ... သူခိုး ...

“ခိုးခြင်း အမျိုးမျိုးရှိလေသည်။ ကျမ်းဂန်များ၌မတော့ နှစ်ဆယ့်ငါးမျိုးတောင်ပင် ပြထားလေသည်။ ဥစ္စာ ပစ္စည်းခိုးခြင်းကိုတော့ ကိုယ့်မှာ မရှိလို့ ခိုးယူတာ၊ စားစရာ မရှိသဖြင့် ခိုးတာ စသဖြင့် ခွင့်လွှတ်မယ်ဆိုလျှင် ခွင့်လွှတ်ကောင်းပါ၏။

ယခု ခိုးခြင်းမျိုးကား………..”


အထက်မှာ ဖော်ပြထားတဲ့ စာသားတွေကတော့ ၂၀၀၆ခုနှစ်၊ အောက်တိုဘာလထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းက ဆောင်းပါးရှင် ဥက္ကာကျော်ရဲ့ `ခိုးရဲလိုက်တာ´ ဆိုတဲ့ ဆောင်းပါးရဲ့ နိဒါန်းပါ။
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းဟာ တခါတလေမှာ အဲဒီလိုပဲ သူခိုးဖော်ထုတ်တဲ့ ဆောင်းပါးတွေ၊ ခပ်စပ်စပ်ကလေး ဝေဖန်တဲ့ ဆောင်းပါးတွေ ဖော်ပြလေ့ရှိပါတယ်။ ဘယ်သူက ဘယ်သူ့စာတွေကို ခိုးနေတာပါလိမ့်…။

၂၀၀၁ ခုနှစ် မေလထုတ် Beauty မဂ္ဂဇင်းမှ ကိုအိမ့် ရဲ့ `အလွမ်းညနေ´ ကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလထုတ် Beauty Max မဂ္ဂဇင်းမှာ ကဗျာမင်းဝေ ဆိုသူက `ကျွန်တော်နှင့် ညနေခင်း´ ဆိုတဲ့ နာမည်နဲ့ ခိုးယူပါသတဲ့။ အဲဒီ ကဗျာမင်းဝေ ဟာ ကွယ်လွန်သူ ကဗျာဆရာ မောင်ချောနွယ်ရဲ့ ကဗျာတပုဒ်ကို ကိုယ့်နာမည် ခပ်တည်တည်တပ် ပေးပို့လို့ မဂ္ဂဇင်းတစောင်မှာ ပြဿနာ တက်ခဲ့ဖူးပါသတဲ့။ တခြားလူ ဘာသာပြန်ပြီးသား စာကို သူကိုယ်တိုင် ပြန်သလိုလို ခပ်တည်တည်လုပ် ဖော်ပြလို့ ပြဿနာ တက်ခဲ့ဖူးပါသတဲ့။
၂၀၀၆ခုနှစ်၊ ဇူလိုင်လထုတ် ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်းမှာတော့ ကဗျာ သူခိုး တယောက်ကို ဆောင်းပါးရှင် မီးအိမ်သစ်က ဖော်ထုတ်ထားပြန်ပါတယ်။

၂၀၀၅ခုနှစ်၊ အောက်တိုဘာလထုတ် နွယ်နီ မဂ္ဂဇင်းမှာ ပါဝင်တဲ့ ကဗျာဆရာ `မြေလတ် မောင်မြင့်သူ´ ရဲ့ `ယောင်´ အမည်ရ ကဗျာကို ၂၀၀၆ခုနှစ်၊ ဖေဖော်ဝါရီ (၁၀)ရက် သောကြာနေ့ထုတ် အလင်္ကာ ၀တ်ရည် ဂျာနယ်မှာ အိုင်ဗင်ဂျိုး(ကလေး) ဆိုသူက `ဥယျောဇဉ်´ နာမည်နဲ့ ခိုးယူ ဖော်ပြပြန်ပါသတဲ့။

နောက်ထပ် ဖတ်မိတာကတော့ တော်တော်ဆိုးပါတယ်။ ထူးလဲ ထူးဆန်းပါတယ်။ အံ့လဲ အံ့သြမိပါတယ်။ နာမည်ကြီး စုံထောက်ဝတ္ထုရေးဆရာ တယောက်က ကိုယ့်စာ ကိုယ်ပြန်ခိုးတာကို ဆောင်းပါးရှင် စစ်မင်းလျှံ(ရှမ်းမြေ) က ၂၀၀၆ခုနှစ်၊ မေလထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ `လူလိမ်တယောက်၏ စွန့်စားခန်း´ ဆိုပြီး ဖော်ထုတ်ရေးသားပါတယ်။ အဲဒီ နာမည်ကြီး စာရေးဆရာကတော့ တခြားလူ မဟုတ်ပါဘူး။ စာရေးဆရာ တက္ကသိုလ်တင်မြင့်ပါ..တဲ့။

တက္ကသိုလ်တင်မြင့်ဟာ သူရေးခဲ့တဲ့ `ပုခုံးပြောင်း၍ ထမ်းလိုက်သည်´ ၀ထ္ထုက စာသားတချို့ကို သူကိုယ်တိုင်ရေးတဲ့ `သူဌေးသား တယောက်၏ စွန့်စားခန်း´ ဆိုတဲ့ ၀ထ္ထုမှာ ပုံတူ ပြန်လည်ကူးချပြန်ပါတယ်။ စစ်မင်းလျှံ(ရှမ်းမြေ)ဟာ မြင်လဲ မြင်တတ်ပါပေတယ်။ သူ အဲဒီလို ဖော်ထုတ်တင်ပြတော့မှ ကျနော်ဖတ်ခဲ့ဖူးတဲ့ အဲဒီ နာမည်ကြီး စာရေးဆရာ တက္ကသိုလ်တင်မြင့်ဟာ ဒီလိုပါလား ဆိုတာ သိရပါတယ်။

ကဲ..။ ဒီလူတွေ ဘာဖြစ်လို့ အဲဒီ အဒိန္နဒါနာကံကို ကျူးလွန်နေကြပါသလဲ။ ဖော်ထုတ်တင်ပြသူတွေကတော့ ဒီလို ရေးထားကြပါတယ်။

ဥက္ကာကျော်က….

“လိမ်လည်မှုနှင့် ခိုးယူခြင်း၊ ကိုယ့်မှာ မရှိတဲ့ အရည်အချင်းကို ရှိလေဟန်၊ မိမိ၌အသိဉာဏ်၊ ခံစားဖန်တီးနိုင်စွမ်း၊ တီထွင်နိုင်စွမ်း မရှိသည်ကို ရှိလေဟန်၊ ဟန်လုပ်ကြွားဝါ လိမ်လည်ခြင်း။ ထိုသို့ လိမ်လည်ရာ၌ သူတထူး၏ အနုပညာ ပစ္စည်းတရပ်အား မိမိအနုပညာ ပစ္စည်းတရပ် အဖြစ် ခိုးယူကြွားဝါခြင်း။ ထိုခိုးယူမှုသည် ကံနှစ်ပါးကို တစ်ပြိုင်တည်း ချိုးဖောက်ရုံတင်မဟုတ်၊ ကိုယ့်မရှိသော ဂုဏ်ကို အထင်ကြီးခံလိုမှု၊ အလေးစားခံလိုမှု၊ အရိုသေခံလိုမှု၊ ထိုမှ အဆင့်ဆင့် လိမ်စားလိုမှုအထိ အဆင့်ဆင့် စိတ်အညစ်အကြေးတွေ ပါနေသည်။”

မီးအိမ်သစ်ကတော့ ဒီလိုပြောပါတယ်…

“ငါးပါးသီလတွင် ဒုတိယ သီလကျိုးတာနှင့် အတူတူပါပဲ။ ရှက်ဖို့ကောင်းပါသည်။ ………………….။ ဤမရိုးမသားမှုဖြင့် မလုံမလဲစိတ်ကို ဟန်လုပ်ပြီး ပုဆိုးပြဲနှင့် ဇွတ်အတင်း ကာနေမည်ဆိုလျှင် ကိုယ့်ကြောင့် စင်သွားတဲ့ တံတွေးစက် ဘယ်သူရှက်ဖို့လဲ ဟုသာ မေးလိုက်ချင်ပါသည်။”

စစ်မင်းလျှံ (ရှမ်းမြေ)ကတော့…

“ဒီလို တောင်ကူး၊ မြောက်ကူး ကိစ္စတွေကို နောက်ထပ်မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ စာပေအသိုင်းအ၀ိုင်းမှ စာရေးဆရာကြီးများကရော ဘယ်လို သဘောရကြလဲ မသိဘူးခင်ဗျ။ ဒီလို လူလိမ်လူကောက်တွေကို ထိရောက်စွာ ဟန့်တားအရေးမယူရင် တစ်ယောက်ပြီး တစ်ယောက် ပွားများလာမယ့် အန္တရာယ်ကိုရော ကျွန်တော်တော့ တွေးရင်း တွေးရင်းကို ချမ်းလာပြီ။ `အို…၊ မင်းကလည်း ကိုယ်မဟုတ်ရင်ပြီးတာပဲ၊´ လို့ မနေကြဘဲ အားလုံးမှာ တာဝန်ရှိတယ်၊ ဖြေရှင်းသင့်တယ်လို့ ထင်မိတာပဲ ခင်ဗျာ။”

အထက်ပါ စာတွေကို ဖတ်ပြီးတော့ ကျနော် တခုတွေးမိပါတယ်။ ကျနော်တို့ တတွေ အဲဒီလိုမျိုး ခိုးရာပါ စာတွေကို မသိခင်က ဖတ်မိနေရင် ထားပါတော့။ သိသိကြီးနဲ့ ဖတ်ရင်၊ အားပေးနေရင် ဒါဟာ အဆိပ်ပင်ခပ်ကြီးကြီးကို ရေလောင်းရုံတင်မက မြေသြဇာပါ ထည့်ပေးနေသလို ဖြစ်နေပါရောလား။

ပလေးဘွိုင် သန်းနိုင် သီဆိုခဲ့ပြီး လူကြိုက်အင်မတန်များခဲ့တဲ့ `ညမွှေးပန်း´ သီချင်းဟာ လမ်းပေါ်က ကောက်ရခဲ့တာပါတဲ့။ အဲဒီသီချင်းကို ထုတ်ဝေခဲ့သူကရော၊ သီဆိုသူကပါ ဒါဟာ သူတို့ပဲ ဖန်တီးသယောင်ယောင် ဘယ်သူကမှ ငြိမ်မနေခဲ့ကြပါဘူး။ ဒါဟာ လမ်းပေါ်က ကောက်ရတဲ့ သီချင်းစာသားပါ။ မူရင်းရေးသူကို ဂုဏ်ပြုပါမယ်လို့ လူကြီးလူကောင်းပီသစွာ (လူမသိခင်ကတည်းက)ဖော်ပြခဲ့ကြပါတယ်။ အလွန်ကို လေးစားစရာ ရိုးသားတဲ့ ဂုဏ်ပါ။

ကျနော့်ကို လူတယောက်က အရသာ ထူးကဲလှတဲ့ စားဖွယ်တခုခုကို လာကျွေးနေရင် ကျနော်ကတော့ အရင်ဆုံးတော့ စားလိုက်မိမှာပါပဲ။ တခုပါပဲ။ ကျနော် ခိုးရာပါကိုတော့ ဘယ်လောက် အရသာကောင်းပါစေ မစားချင်ပါဘူး။ ထမင်းကြမ်းခဲကိုသာ စိတ်သန့်သန့်နဲ့ ယပ်ခပ်စားရင်း ကျေနပ်နေချင်ပါတယ်။

ကလိုစေးထူး

2 comments:

စိုးဇေယျထွန်း said...

နောက်ခိုးမှုတစ်ခုက ခင်မောင်ညို (ဘောဂဗေဒ) ကနေ ရတီမဂ္ဂဇင်းတိုက်ကိုပေးတဲ့ စာမူကို အဲဒီတိုက်ရဲ့ အယ်ဒီတာချုပ် ဟိန်းလဒ်က စားရေးသူနာမည်ကို ကော်ရက်ရှင်နဲ့ ဖျက် သူကလောင်တပ် ပြီး ပိတောက်မြေ မဂ္ဂဇင်း မှာ ဖော်ပြခဲ့လို့ ပြသနာဖြစ်တယ်။
ဂျာနယ်လောကမှာ သတင်းခိုးတာကတော့ ပလူပျံလို့ . . .

soezeya.blogspot.com

မေဓာဝီ said...

ဟုတ်တယ်၊ ဆရာဟိန်းလတ် ကိစ္စတုန်းက တော်တော်ကို ဟိုးလေးတကျော် ဖြစ်လိုက်သေးတယ်။
သူ့လို လူတယောက် အဲဒီလို လုပ်တာ အံ့လည်း အံ့သြတယ်။ ကျမ အထင်တော့ ခင်မောင်ညို (ဘောဂဗေဒ) စာ မဟုတ်ဖူးထင်တယ်။ ဒေါက်တာခင်မောင်ညို များလားလို့။
ခိုးတဲ့သူတွေလည်း စီးပွားရေးအရ ခိုးကြတာရှိသလို ၀ါသနာအရ ခိုးကြတာလဲ ရှိမယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ခိုးတဲ့သူရော … ခိုးရာပါပစ္စည်း လက်ခံတဲ့သူရော .. အပြစ်မကင်းဘူး ထင်တာပဲ။