Thursday, February 22, 2007

ခေတ်သစ် ကျီးပုံပြင်

တရံရော အခါက တောအုပ်ကလေး တခုတွင် ဒေါင်းတို့ ကျက်စားနေထိုင်ကြ၏။ အရောင်အသွေး လှပ ဝေဆာသော အတောင်များကို ပိုင်ဆိုင်ကြသော ထိုဒေါင်းတို့သည် သူတို့၏ အတောင်များကို ဖြန့်ကျက်ကပြကြသော အခါ မြင်ရသူအပေါင်းမှာ မျက်စိပသာဒ ဖြစ်လှစွာဖြင့် နှစ်ထောင်းအားရ ဖြစ်ကြကုန်၏။ ကကွက် အမျိုးမျိုးကို ဖော်ကျူးတတ်ပြီး အသံသာသော ဒေါင်းတို့ကိုလဲ ချီးမွမ်းကြလေသည်။

ဤသို့ဖြင့် စိမ်းလန်းသော တောအုပ်လေးမှာ ဒေါင်းတို့၏ အက၊ အလှဖြင့် ပနံတင့်နေပေတော့၏။

သို့သော်….

တနေ့တွင် ထူးဆန်းသော သတ္တ၀ါတကောင်သည် ယင်းတောအုပ်ကလေးသို့ ရောက်လာလေ၏။ အတောင်အလက်များက ဒေါင်းတောင်များကို ဆင်မြန်းထားသော်လည်း ယင်းသတ္တ၀ါမှာ ဒေါင်းကဲ့သို့ မကတတ်ရှာ။ တခါတရံတွင်လဲ သူ့ကိုယ်မှာ ဆင်မြန်းထားသော ဒေါင်းတောင်များက ကျွတ်ထွက်ကုန်လေ၏။ ယင်းသတ္တ၀ါကား ဒေါင်းယောင်ဆောင်ထားသော ကျီးပင်တည်း။


ဟိုဆရာ ရေးဟန်နည်းနည်း ဒီဆရာရေးဟန်နည်းနည်း စုတုကူး၊ အဲ စုတုပြုပြီးတော့ ငယ်ငယ်က သင်ရတဲ့ ဒေါင်းယောင်ဆောင်သောကျီး ပုံပြင်ကို စကားပြေရေးဟန်နဲ့ ရေးကြည့်မိတော့ ကိုယ့်ဘာသာ ကိုယ်တောင် ပြန်ဖတ်ရတာ အဆင်မပြေလှပါလား။ ကဲ.. မထူးပါဘူး။ စကားပြောဟန်နဲ့ပဲ ခေတ်သစ် ဒေါင်းယောင်ဆောင်သော ကျီး ပုံပြင်ကို ဆက်ပြောကြတာပေါ့။

အဲဒီလို ဒေါင်းတွေကြားထဲကို ကျီးကန်းတကောင် ရောက်လာတော့ ဒေါင်းတွေက သိတာပေါ့။
ဒါနဲ့`ဟာ…ဟေ့ ကျီးကန်း၊ မင်းကိုယ်က အတောင်တွေက အတုတွေပဲကွ၊ ဘယ်က ရလာတုန်း´ ဆိုတော့ `ကောက်ရလာတာလေ၊ မလှဘူးလား´ လို့ မခိုးမခန့် ပြန်ဖြေပါသတဲ့။

ဒီတော့ ဒေါင်းတွေက အချင်းချင်း တိုင်ပင်ကြရတော့တယ်။ ဒီကျီးကန်းတော့ ခက်ချေပြီ။ ကောက်ရပါတယ် ခပ်လွယ်လွယ်ပြောပြီး သူ့ကိုယ်မှာ ဒေါင်းတောင်တွေ ဆင်လာပေမယ့် သူက ဒေါင်းမှ မဟုတ်တာ။ ခက်တာက သူက ဒေါင်းက မကတတ်ဘဲ အတောင်တွေကို တဖျတ်ဖျတ်ခတ်တော့ သူ့ကိုယ်က ဒေါင်းတောင် အတုတွေက ကျွတ်ကျနေတာ မြင်မကောင်းတော့။ အင်း..ရှေးရှေးတုန်းက ပုံပြင်လို ၀ိုင်းထိုးဆိတ်လို့လဲ မဖြစ်ချေဘူး။ သံတမန်နည်းနဲ့ ဖြောင်းဖြမှလို့ တိုင်ပင်ကြရင်း ကျီးကန်းကို ဒီလိုပြောသတဲ့…။

`ကဲ..၊ ကိုရွှေကျီးလေးရေ၊ မင်းက လှမယ်ထင်ပြီး ကောက်ရတဲ့ ငါတို့ အတောင်တွေကို မင်းကိုယ်မှာ ဆင်မြန်းလာပေမယ့် မင်းအတောင် အစစ်မှမဟုတ်တာကွယ်၊ ဘယ်လိုမှ မလိုက်ပါဘူး၊ နောက်ပြီးတော့.. မင်းက ငါတို့ ဒေါင်းတွေလိုလဲ မကတတ်၊ ကဲကဲ.. ကျီးက ကျီးလို တော်ရာနေပါကွယ်´

ဒေါင်းတွေက ငြိမ်းချမ်းရေးနည်းကို သုံးပြီး ဖြောင်းဖြလိုက်တော့ ကျီးကန်းက ပြေလည်သွားရမယ့် အစား ဒီလိုတွေးပါသတဲ့..။

`ဟားဟား..၊ ဒေါင်းအို ဒေါင်းစုတ်တွေတော့ ငါ့အလှကို မနာလိုတွေဖြစ်ပြီး အချိုသတ်နေကြပြီ။ ဘယ်ရမလဲ၊ ဟိုရှေးက ပုံပြင်ထဲက ကျီးစုတ်က ငတုံး၊ ငါ့လို ၂၁ ရာစုကျီးကို ဒီလိုလာလုပ်လို့ မရဘူးဆိုတာ အကြောင်းပြမှ´

အဲဒီလိုတွေးပြီး တောအုပ်ထဲက အခြားသော သတ္တ၀ါတွေကို ဒီလို အော်ပြောလိုက်ပါတယ်…။

`အားလုံး..အားလုံး..။ သတ္တ၀ါကြီးငယ် အပေါင်းတို့ခင်ဗျာ။ ကျနော်ဟာ တကယ်တော့ ကျီးကန်းပါ၊ ဒေါင်းမဟုတ်ပါဘူး၊ ဒါဆို အားလုံး သိကြပါတယ်၊ ဒါပေမယ့် ကျနော်ဟာ ကောက်ရလာတဲ့ ဒေါင်းအတောင်များကို ကျနော့်ကိုယ်မှာ တန်ဆာဆင်ပြီးတော့ ကကွက်ဆန်းကို ဖော်ကျူးသူဖြစ်ပါတယ်၊ အမြင်သစ်အောင် ဆန်းထွင်သူဖြစ်ပါတယ်၊ ဒါကို ဟိုဒေါင်းအိုတွေက သူတို့အတောင်တွေကို ခိုးပြီး အယောင်ဆောင်နေပါတယ်လို့ မတရား စွပ်စွဲနေပါတယ်´

ကျီးကန်းရဲ့ အဲဒီစကားအဆုံးမှာ သူနဲ့ အမျိုးတူကျီးကန်းတွေရဲ့ သြဘာပေးသံ တအာအာက တတောလုံး ဟိန်းထွက်လာပါတယ်။ ထောက်ခံတဲ့ လင်းတတွေက အတောင်ပံ တဖျပ်ဖျပ်ခပ်ရင်း ခုန်ဆွခုန်ဆွလုပ်ပါတယ်။

အဲဒီမှာတင် ဒေါင်းတွေဟာ အံ့သြတကြီး ဖြစ်ကုန်ပါတော့တယ်။ ဟာ.. ဘယ်လို ဖြစ်ရတာပါလိမ့်။ သူ… ငါတို့အတောင်တွေကို ငါတို့မသိဘဲ ယူတာလေ..။ ငါတို့အယောင်ဆောင်တာလေ။ ဒေါင်းယောင်ဆောင်နေတာလေ..။

ဒေါင်းတွေက အံ့သြနေတဲ့ အချိန်မှာပဲ အနှီ ကျီးကန်းကတော့ ဒေါင်းတောင် အတုတွေကို သူ့ကိုယ်မှာ ဆင်ရင်း၊ တချက်တချက်မှာ သူ့အတောင် အစစ်မည်းညစ်ညစ်ကို လှစ်ဟာပြရင်းနဲ့ပဲ ကျီးမကျ ဒေါင်းမကျ အကကို ဖော်ကျူးလို့ နေပါတော့တယ်။ တားမယ့်သူ မရှိ၊ ဆူညံစွာ အာတတ်တဲ့ ကျီးအုပ်ရဲ့ စူးရှတဲ့ အသံကို ကြောက်ရွံ့နေလေရော့သလား။ ကျီးကန်းပြောတဲ့ ခေတ်သစ်မော်ဒန် အကမှာပဲ နစ်မျောနေလေရော့သလား။ ကျီးကန်းကတော့ ဒေါင်းတောင် အတုတခု ကျွတ်ကျလိုက်၊ နောက်အတောင်သစ်တွေ (ဘယ်ကမှန်းမသိ) သူ့ကိုယ်မှာ ဆင်လာလိုက်..။ သူပြောတဲ့ ကကွက်ဆန်းတွေကို ကိုးရို့ကားယားကလိုက်။

ဒီလိုနဲ့ပဲ..၊ တောအုပ်လေးထဲမှာ ဒေါင်းတွေက ဒေါင်းအကကရင်း၊ ကျီးတွေကလဲ ဒေါင်းအကကရင်း …။

ကလိုစေးထူး

No comments: