Sunday, September 30, 2007

ရင်ထဲရှိတာ...

ကိုပုရဲ့ မက်ဆေ့ကြောင့် သူ့ဘလော့ဂ်မှာ တင်ထားတဲ့ ကိုဝင်းမင်းနဲ့ ဒီဗွီဘီရဲ့ ဆက်သွယ်မေးမြန်းခန်းနဲ့ အတူ စိတ်ထိန်းနိုင်မှု ကုန်ခန်းခြင်းနဲ့ အတူ ရှိုက်ကြီးတငင် ငိုသံပါနဲ့ တပ်မတော်အပေါ် တိုးလျှိုးတောင်းပန်သွားတဲ့ အသံကိုပါ ရင်နင့်ဖွယ်ရာ နားထောင်လိုက်ရပါတယ်။

ဒီရက်ပိုင်းတွေမှာ လူစိတ်ရှိတဲ့ မြန်မာဘလော့ဂါတွေ အားလုံးရဲ့ ဘလော့ဂ်မှန်သမျှမှာ သာသနာတော်ကို ဖျက်ဆီးခံရတဲ့အတွက် ၀မ်းနည်းခြင်း၊ ပြည်သူတွေ သတ်ဖြတ်ခံရတာအတွက် ထိခိုက်နာကျင်ခြင်း အစရှိတဲ့ ပို့စ်တွေကိုသာ တင်ကြတာ တွေ့ရပါတယ်။ တချို့လည်း လက်ရှိအခြေအနေကို စိုးရိမ်သောကကြီးစွာ၊ စိတ်ဆင်းရဲစွာ၊ ခံပြင်းနာကျင်စွာနဲ့ ဘာစာမှ မရေးနိုင်ကြပါဘူး။

အထက်မှာ တင်ပြခဲ့တဲ့ လူစိတ်ရှိတဲ့ မြန်မာဘလော့ဂါတွေ အပါအ၀င် ပြည်သူတွေက အဲဒီလို ခံစားနေရသလောက် တဘက်မှာလည်း အဲဒီ ခံစားချက်တွေကို ယိမ်းယိုင်သွားအောင်၊ တန့်သွားအောင် အရင်ပုံစံအတိုင်း တဖက်လှည့်နဲ့ (ဆန္ဒပြသူတွေကို ထောက်ခံသလိုလိုနဲ့) လုပ်မြဲလုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း စိတ်ပျက်လှစွာ တွေ့နေရပြန်ပါတယ်။

`ဆန္ဒပြပွဲ ကျဆုံးတော့မယ်´ တဲ့…။

ရုပ်ပိုင်းဆိုင်ရာ အနေအထားအရ လူထုဆန္ဒပြပွဲတွေ အရင်ရက်တွေထက်စာရင် တန့်သွားတာကို ကြည့်ပြီး အဲဒီလို သုံးသပ်လေရော့သလား မသိနိုင်ပေမယ့် လူတွေရဲ့ စိတ်ထဲမှာ စစ်တပ်ကို နာကျည်းမုန်းတီးသွားတဲ့ စိတ်ဓာတ်တွေ၊ သာသနာကို စော်ကားတဲ့ အာဏာပိုင်ကို မလိုလားတဲ့ စိတ်တွေက ဘယ်သောအခါမှ ကျဆုံးသွားတော့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုတော့ ထည့်မပြောတာကတော့ တက်ကြွနေတဲ့ လူတွေရဲ့ စိတ်ကို တွေဝေသွားအောင် လုပ်ခြင်း တမျိုးပဲလို့ မြင်ပါတယ်။

`အစိုးရ တခုအနေနဲ့ နအဖ လုပ်ရပ်က ရက်စက်တယ်လို့ မသတ်မှတ်နိုင်သေးဘူး လို့ ထင်ပါတယ်´ တဲ့…။

ဘယ်လောက်များ ကိုယ်ချင်းစာတရား ကင်းလိုက်ပါတဲ့ မှတ်ချက်ပါလဲ။ ရက်စက်တယ်လို့ သတ်မှတ်ခံနိုင်လောက်တဲ့ အဆင့်ထိရောက်အောင် သံဃာ ဘယ်နှစ်ပါး၊ ပြည်သူ ဘယ်နှစ်ယောက်က သေပြရပါမလဲ။ လူကိုးယောက် (ဒါဟာ နအဖက တရားဝင်ထုတ်ပြန်တဲ့ စာရင်းတခုပါ၊ ဒီ့ထက်ပိုကောင်းလဲ ပိုပါလိ့မ်မယ်) သေတာက နည်းပါသေးတယ်။ ဒီမိုကရေစီ နိုင်ငံတချို့မှာဆိုရင် ဘယ်လောက်တောင်သေတာ၊ ဒီတော့ အဲဒီနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဒီအစိုးရက တော်သေးတာပေါ့ဆိုပြီး သူများနိုင်ငံနဲ့ သွားသွားပြီး ယှဉ်တွေး အကဲဖြတ်တာဟာ တော်တော်အံ့သြစရာကောင်းတဲ့ ကိုယ်ချင်းစာတရား ကင်းမဲ့မှုရှိသော၊ အာဏာပိုင်တွေကို တဖက်လှည့်နဲ့ အကာအကွယ်ပေးနေသော မှတ်ချက်ပါပဲ။

နောက်တခု…။

အရင့်အရင်ကတော့ ထစ်ခနဲရှိရင် လူတွေအားလုံးက သတင်းဌာနတွေကိုပဲ အားကိုးရပါတယ်။ သတင်းအချက်အလက်တွေ ရဖို့အတွက်၊ တနည်းအားဖြင့် သတင်းမှန်ကို သိရဖို့အတွက် ပြည်တွင်းရော ပြည်ပသတင်းဌာနတွေကိုရော နှစ်ဖက်လုံးက ပြောသမျှကို ဖတ်ရှု နားဆင်ရပါတယ်။ ဒီတော့ အာဏာပိုင်တွေနဲ့ သူတို့ကို လိုလားသူတွေက ပြည်ပသတင်းဌာနတွေကို ကောင်းကောင်းကြီး ပုတ်ခတ်နိုင်ပါတယ်။ `ဘယ်နိုင်ငံရဲ့ အထောက်အပံ့ကို ယူပြီး မြန်မာပြည်သူတွေကို ဘယ်လို သွေးခွဲနေပါတယ်´ ဆိုတာမျိုး၊ `ချဲ့ကားပြောတာပါ´ ဆိုတာမျိုး၊ နောက်ဆုံး သတင်းဌာနတွေဟာ မြန်မာပြည်သူတွေကြားကို သွေးခွဲနေတာလို့တောင် စွပ်စွဲပြောဆိုတာတွေ တွေ့ခဲ့ရဖူးပါတယ်။

ဒါပေမယ့် အခုလက်ရှိအခြေအနေမှာ အရင်ကနဲ့ လုံးဝ မတူတော့တဲ့ အချက်ကတော့ အာဏာပိုင်တွေက ဖုံးကွယ်ထားတဲ့ သတင်းအချက်အလက် အမှန်တွေကို သတင်းဌာနတွေထက် လက်ဦးပြီး အချိန်နဲ့ တပြေးညီတင်ပြနေတာကတော့ ပြည်သူတွေထဲက ပြည်သူတွေ ဖြစ်တဲ့ မြန်မာဘလော့ဂါတွေပါပဲ။ ပြီးတော့ အဲဒီ ဘလော့ဂါတွေကို သတင်းအချက်အလက်တွေ ကူညီပေးပို့နေတဲ့ မြန်မာပြည်ထဲက ပြည်သူများရဲ့ စိတ်ဓာတ်ကိုလည်း လေးစားမှတ်တမ်းတင်ရပါတယ်။ ဘာအခွင့်အရေးမှ မရ၊ အချိန်မရွေး ဖမ်းဆီးနှိပ်စက်ခံရနိုင်တဲ့ အန္တရာယ်ကြားကနေ မြန်မာပြည်ထဲမှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာကသိအောင် ကြိုးစားကြတဲ့ လူတွေဟာ `အာဏာလုချင်လို့´ မဟုတ်တာတော့ သေချာပါတယ်။

ဆန္ဒပြနေတဲ့လူတွေဟာ ဒီမိုကရေစီ လိုချင်လို့ မဟုတ်ဘူး။ စားဝတ်နေရေးကျပ်တည်းလို့သာ ဆန္ဒပြတာ ဖြစ်တယ်လို့ ပြောတာကိုလဲ တွေ့လိုက်မိပါတယ်။ စားဝတ်နေရေး ကျပ်တည်းတဲ့အတွက် ဒါကို ဖြေရှင်းပေးဖို့ အစိုးရကို ငြိမ်းချမ်းစွာတောင်းဆိုတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေထဲက တခုဖြစ်တဲ့အတွက် အဲဒီလို တင်ပြခွင့်၊ တောင်းဆိုခွင့် ရှိတယ်လို့ ယုံကြည်လို့ ပြည်သူတွေ အခုလိုမျိုး အသက်အသေခံပြီး လမ်းပေါ်ထွက် ဆန္ဒပြတာဟာ ဒီမိုကရေစီ လိုချင်တာ မဟုတ်ဘူးလို့ ပြောလို့ မရပါဘူး။ အခုလက်ရှိ ကျနော့်စီဘောက်စ်အပေါ်မှာ တင်ထားတဲ့ ရုပ်သံမှတ်တမ်းထဲမှာ ‘We want democracy’ လို့ သတင်းထောက်ကို ပြောသွားတဲ့ ပြည်သူကရော ဘယ်သူ့တိုက်တွန်းချက်ကြောင့် အဲဒီစကားကို ပြောလိုက်တယ် ထင်ပါသလဲ။ အာဏာရှင်စနစ်ကို မုန်းတီးနာကျည်းမှုနဲ့အတူ ရင်ထဲမှာ နှစ်ပေါင်းရှည်ကြာ မျိုသိပ်ထားရတဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို အဲဒီရုပ်သံမှာ ထင်ဟပ်နေတဲ့ မျက်နှာသွင်ပြင်တွေက ဖော်ပြနေတာကို အသေအချာ သတိထားမိရင် တွေ့နိုင်ပါလိမ့်မယ်။

အခုအချိန်မှာ လူတော်တော်များများရဲ့ ဖြစ်ချင်မှု ဆန္ဒတခုကတော့ `စစ်တပ်ကို ပြည်သူနဲ့ ပူးပေါင်းလာစေချင်တဲ့ ဆန္ဒ´ ပါပဲ။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ `တပ်မ ၃၃ က ဘုန်းကြီးတွေကို ထိုင်ကန်တော့တောင်းပန်တယ်´ `ဗိုလ်ချုပ်ကြီး မောင်အေးက ပစ်မိန့်မပေးဘူး´ အစရှိတဲ့ သတင်းတွေရဲ့ အကြားနဲ့တင် အဲဒီ တပ်မတော်သားတွေအပေါ် မေတ္တာတွေပို့ကြတဲ့ ပြည်သူတွေရဲ့ စိတ်ထားက အင်မတန် ချစ်စရာကောင်းပါတယ်။ တကယ်သာ ပူးပေါင်းလာကြရင် ဘယ်လောက်တောင် နွေးထွေးစွာ ကြိုဆိုကြမလဲ…။

အတန်ငယ် အားရစရာကောင်းတဲ့ အချက်တခုကတော့ အွန်လိုင်းပေါ်က စစ်သားတချို့ သဘောထားအမြင်တွေ ပြောင်းလာဟန် ရှိတာပါ။ ပြည်သူတွေရဲ့ ခံစားချက်တွေ၊ လိုလားချက်တွေကို နားလည်သူ တပ်မတော်သားတွေ ရှိနေပြီဆိုတာကို ဒီပို့စ်က သက်သေခံနေပါတယ်။ `ပြည်သူ့ စစ်သား´ ဆိုတဲ့ စကားရပ် ဒီထက်ပို ရုပ်လုံးပေါ်ဖို့အတွက်တော့ ကျနော်တို့ ပါးနပ်လိမ္မာစွာ စည်းရုံးဖို့ ပိုလိုအပ်နေပါသေးတယ်။

`ပြည်ပက သွေးထိုးမှုတွေကြောင့် အခုလို ဖြစ်ရတယ်´ ဆိုတဲ့ စကားအသုံးကို တွေ့လိုက်တိုင်း ကျနော် အင်မတန် သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာလောကကို အပိုင်စီးထားတဲ့ အာဏာပိုင်တွေက သူတို့ ပြောစကားထက် ပြည်ပက လူတွေပြောစကားကို လူထုက ပိုယုံတယ်ဆိုတာကို အဲဒီလို တကြိမ်ပြောတိုင်း တခါ ၀န်ခံနေသလို ဖြစ်လို့ပါပဲ။ ဘာဖြစ်လို့ လူထုက သူတို့စကားကို မယုံရတာလဲဆိုတာကတော့ မေးခွန်းထုတ်စရာတောင် မလိုတော့ပါဘူး။

ညနေကျရင် ကျနော်တို့ မြို့က မြန်မာတွေစုပေါင်းပြီး ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေအတွက် ဆန္ဒပြပွဲတခု လုပ်ကြပါမယ်။ မြန်မာ့အရေးကို ဒီနိုင်ငံက လူတွေ ပိုသတိထားမိလာစေဖို့နဲ့၊ မြန်မာပြည်ထဲမှာ လက်ရှိ ဖြစ်နေတာတွေအတွက် ပြည်သူတွေရဲ့ ဆန္ဒနဲ့ ထပ်တူ ရှိနေတယ်ဆိုတာကို ပြသဖို့ ရည်ရွယ်ချက်နဲ့ လုပ်ကြပါမယ်။ ကျနော်တို့ရဲ့ မေတ္တာအဟုန်က တစိတ်တဒေသလေးပဲဖြစ်ဖြစ် အကျိုးသက်ရောက်သွားမယ်ဆိုရင်ပဲ အဲဒီ ဆန္ဒပြပွဲကို လုပ်ရကျိုးနပ်တယ်လို့ ယုံကြည်ပါတယ်။


ကလိုစေးထူး


Wednesday, September 26, 2007

သစ္စာ...



တို့ရွှေဌာနာ ပြည်မြန်မာဝယ်
အုပ်ချုပ်ချယ်လှယ် ဆိုးချက်ရယ်ကြောင့်
သံဃာများပြား ဘုရားသားကား
မြို့ရွာအနှံ့ စကြာဖြန့်လျက်
မေတ္တာပေးဝေ တောင်းဆုခြွေ၏…။


မိုးရေသွန်းရွှဲ ချမ်းရှာလွန်းလဲ
လှမ်းမြဲခြေလှမ်း မေတ္တာလွှမ်းကြောင့်
ဒကာကျောင်းသား တွဲလက်များမှာ
ချိတ်ဆက်ကာသာ ၀န်းရံကာ၏…။


မျက်ရည်ရွှဲစို အမယ်အိုလည်း
လက်အုပ်ချီကာ ဖူးမျှော်ရှာ၏
သူ့မျက်နှာထက် ခံစားချက်ကား
ပြည့်မျှော်လင့်ချက် တိုင်းပြည်တွက်တည့်…။


စစ်မြေပြင်နှယ် ပြင်ဆင်ရွယ်လျက်
ပစ်တော့မည့်လား ပြည့်စစ်သားကား
မဲ့စွာနှလုံး အပြုံးကွယ်လျက်
အမုန်းဖက်ကာ လက်နက်ကိုင်စွဲ
အားမာန်ခဲ၏…။



ပြည်သူ့ရင်ဖွား ရဲသားများလည်း
လူဆိုးမဖမ်း မိုက်မှောင်လွှမ်းလျက်
အတ္တအာဏာ ခိုင်းသည့်ဟာကြောင့်
အပါယ်မြန်းရာ လှမ်းမြန်စွာ၏…။



ရွှေပွင့်ဖျတ်မြူး ထိုတပ်မှူးလည်း
ဟိုဒီဆက်သွယ် အမိန့်လှယ်လျက်
တပ်သားအများ သူ့ငယ်သားအား
ညွှန်ကြားမပျက် အရှက်မဲ့၏…။





ဘုရားကားအောက် မျောက်များအထက်
ရှက်လိုက်ပါဘိ…။
ဒိဋ္ဌိအလား
သဘောက်များကား မတုန်မလှုပ်
ကျောက်ရုပ်များလား ထင်မှတ်မှားကာ
ကန်တော့သူများ ဘုရားသားအား
ရိုက်ပုတ်ကန်ကျောက် မိုက်ဂုဏ်မောက်၏…။



မေတ္တာအတွက် ထိုသွေးစက်ကား
တို့တိုင်းပြည်တွက် သက်သေချက်တည့်
အို… ကမ္ဘာမြေ၊ ကမ္ဘာမြေဟု
ကြွေးဟစ်ခေါ်ကာ သက်သေတိုင်အံ့
လူကိုလူချင်း နှိပ်စက်ခြင်း
ကင်းရှင်းကြစေသား…။
မေတ္တာအစွမ်း ကမ္ဘာလွှမ်း
ငြိမ်းအေးကြစေသား…။
မိစ္ဆာအများ အပယ်လား
သစ္စာစူးစေသား…။


ကလိုစေးထူး


Tuesday, September 25, 2007

ချိန်တန်ပြီ...

`အဲဒီတုန်းကများကွာ၊ ငါ့ရှေ့မှာ ရှိတဲ့ လူအုပ်ကြီးက လက်ညှိုးနဲ့ လူတယောက်ကို တချက်နှုန်းပဲ တို့သွားကြအုံး၊ ငါတို့ သေသွားလောက်တယ်၊ တချို့ကလည်း ငိုသံပါကြီးနဲ့ ငါတို့ကို အော်ပြောတယ် `ကျနော်တို့မှာ ဖောင်တိန်တွေ၊ ဘောလ်ပင်တွေပဲ ပါတယ်၊ အကိုတို့က သေနတ်ကြီးတွေနဲ့ ပစ်ရက်ရင်လဲ ပစ်ကြပါဗျာ´ တဲ့၊ အင်းစိန်လမ်းနဲ့ ပြည်လမ်းတလျှောက် ဆိုတာ လူတွေကို ဖွေးနေတာပဲ´

၁၉၉၉ ခုနှစ်၊ ဘားအံမြို့ရဲ့ ညတည…။ လူတယောက်က သူတွေ့ကြုံခဲ့ရတဲ့ ၁၉၉၆ ခုနှစ်၊ ကျောင်းသား အရေးအခင်းရဲ့ မြင်ကွင်း တစိတ်တဒေသကို ပြောပြခဲ့စဉ်ကပါ…။ တိတ်ဆိတ်နေတဲ့ ညချမ်းအောက်က လက်ဖက်ရည်ဆိုင်တခုရဲ့ အမှောင်ရိပ်ထဲက ကျနော်တို့ကို ခပ်လှမ်းလှမ်းက ကောလိပ်ကျောင်းတော်ကြီးက စိုးရိမ်မကင်းတဲ့ဟန်နဲ့ လှမ်းမျှော်ကြည့်နေခဲ့ဖူးတယ်။

`ငါတို့ တပ်က လှည်းတန်းလမ်းက အထက်တန်းကျောင်း တခုမှာ နေရတယ်။ ညဘက်တွေဆိုရင် ဆယ်ယောက်တစု နဲ့ ရပ်ကွက်ထဲ လှည့်ကင်းထွက်ရသေးတယ်။ လှည့်ကင်းတွေထွက်တိုင်း သံခမောက်တွေ ဆောင်းရတယ်။ အထပ်မြင့် တိုက်တွေပေါ်ကနေ ခွေးခြေခုံတွေနဲ့ ခဏခဏ ပစ်ချ ခံရလို့လေ´

ဘေးဘီကို ငဲ့ကြည့်လိုက် မြိုသိပ်ထားရတာတွေကို ဖွင့်ချလိုက်နဲ့ ပြောပြခဲ့တဲ့ အဲဒီသူငယ်ချင်းက ပြောနေရင်းနဲ့ တချက် နားလိုက်ပါတယ်။ အားလုံးကလည်း သူ့စကားသံကိုပဲ နားစွင့်လို့ပေါ့…

`တညမှာတော့ကွာ၊ လှည်းတန်း ဘူတာနားက မီးရထားခုံးကျော် တံတားနားမှာ ငါက ကင်းကျတယ်၊ အဲဒီအချိန်မှာ ဒိုင်နာကားတွေ ငါ့နားက တစီးပြီး တစီး ဖြတ်သွားတယ်။ ကားပေါ်မှာ ငါနဲ့ ရွယ်တူတွေ အများကြီး ပါသွားတယ်။ ကျောင်းသားတွေကို နေရပ် ပြန်ပို့တာတဲ့…။ အဲဒီကားတွေပေါ်က တချက်တချက်မှာ ဘောလ်ပင်လေးတွေ အဲဒီ ကားတွေပေါ်က ပစ်ချသွားကြတယ်။ မနက်ကျတော့ ပိတ်ထားတဲ့ လမ်းဝတွေမှာ ငါတို့ အလှည့်ကျ ကင်းစောင့်ရတယ်။ နံပါတ်တုတ် တဖက်၊ သေနတ်တဖက်နဲ့ ငါ့ကို လူတိုင်းလိုလိုက မြွှေတကောင်ကို ကြည့်သလို ကြည့်ပြီး ဖြတ်သွားကြတာကို င့ါမျက်စိထဲက မထွက်ဘူး´

ပြောနေရင်းနဲ့ သူ့အသံက တုန်ယင်လာသလိုလို…။

`လှည်းတန်းဈေးနားမှာ ညတည ငါတို့ ကင်းသွားစောင့်ရတော့ အဲဒီနားက အိမ်တအိမ်က ငါတို့အတွက် လက်ဖက်ရည်နဲ့ အီကြာကွေးတွေ လာပို့တယ်။ အားလုံးလိုလိုပါပဲ၊ ရုတ်တရက်တော့ မစားရဲကြဘူးကွ။ ဆေးတခုခုများ ခပ်ထားမလားပေါ့။ လာပို့တဲ့ အဒေါ်ကြီးက `မင်းတို့ကြည့်ရတာ ပင်ပန်းနေပုံရတယ်၊ စိတ်သန့်သန့်နဲ့သာ စားကြပါ´ လို့ ပြောတော့ ငါ့စိတ်ထဲ နင့်သွားတာပဲ´

အဲဒီညက စကားဝိုင်းမှာ ငါးမျှားချိတ် အစူးခံနေရတာနဲ့ တူတဲ့ ခံစားချက်တွေနဲ့ လူတယောက်ရဲ့ ရင်ထဲက ဖွင့်အံချက်တွေကို ကျနော်တို့ နားလည် ဆိတ်ငြိမ်စွာ ခံစားကြားခဲ့ရဖူးတယ်။

***

`အေးကွ၊ ဟိုတနေ့က မိုးတွေ အရမ်းရွာတဲ့နေ့က ငါကိုယ်ချင်းစာမိတယ်´

လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက အွန်လိုင်းပေါ်မှာ သိကျွမ်းခဲ့ရတဲ့ ကျနော်နဲ့ ဆန့်ကျင်ဘက် ပြဒါးတလမ်း သံတလမ်း သူငယ်ချင်း တယောက်ရဲ့ အဲဒီစကား…

`ငါ ပထမ သမိုင်းလမ်းဆုံကို သွားမလို့ ပဲခူးကလပ်ကနေ ကားစောင့်တာ ညနေကြီး။ ထီးပါတယ်။ ကားတွေက မလာဘူးကွာ၊ လာတဲ့ ကားတိုင်းကလည်း မရတော့ဘူး ဆိုတာချည်းပဲ။ ဒါနဲ့ ၄၈ မီနီဘတ်စ်လေး အပေါက်က တွယ်လိုက်တာ တကိုယ်လုံး မိုးပက်လို့ စိုကုန်ရော။ နှစ်မှတ်တိုင်ပေါ့၊ မြေနီကုန်းအထိ ဆိုတော့။ ငါ မြေနီကုန်းလဲ ရောက်ရော ဘယ်လိုမှ မခံနိုင်တော့ဘူး။ လေကတိုက်တာ စိမ့်ပြီး အေးနေတာပဲ။ ပြန်လာဖို့ကျလဲ အပြန်ကားက မရှိပြန်ဘူး။ ဒါနဲ့ တီးဆိုင် ၀င်ထိုင်တာ လေကွယ်တဲ့ နေရာ ပြောင်းထိုင်ပြီး ရေနွေးကြမ်း ငါးခွက်လောက်ကို မမှုတ်ဘဲ သောက်လိုက်ရတယ်။ အဲဒါ ငါစဉ်းစားမိတယ်။ အပြန်ကျတော့ ဘုန်းကြီးတချို့ လမ်းမှာတွေ့တယ်။ သေချာတယ် ဝေးတဲ့ ဘုန်းကြီးဆို ဖျားမှာပဲ။ ကားတွေက မရှိဘူးကွ။ ဘာအကြောင်းကြောင့်မှ မရှိတာ မဟုတ်ဘူး။ လမ်းတွေရေကျော်နေလို့ ကားတွေပြတ်ပြီး ခရီးသည်တွေ ပုံသွားတာ။ ငါ ရန်ကုန်ရောက်တာ ဒီလောက် မိုးများတာ မတွေ့ဖူးဘူး´

ကျနော်က စကားတခွန်း ၀င်ထောက်လိုက်တယ်…

`အဲဒီနေ့ ဘုန်းဘုန်းတွေ သိပ်ပင်ပန်းမှာပဲ´

သူက…

`အင်း၊ ဖျားဖို့များတယ်။ ငါထင်တာတော့…။ တော်တော်ကြီးအေးတာကွ။ မိုးလဲ ရွာပြီးရော`

ဆို့နင့်လာတဲ့ ၀မ်းနည်းစိတ်နဲ့အတူ အဝေးက ဘုန်းဘုန်းတို့ကို စိတ်ထဲကနေ လက်စုံမိုးလို့ ရှိခိုးမိရင်း ကြည်ညိုစိတ်တွေ တဖွားဖွား ဖြစ်လာမိတယ်။ သူ့ကိုလည်း…

`မင်းကွာ၊ တကယ်တမ်း အရေးကြုံလာရင်တော့ ဘုန်းဘုန်းတွေကို ၀င်ရိုက်တဲ့အထဲတော့ ၀င်မပါပါနဲ့ကွာ´

သူက…

`မပူပါနဲ့ကွာ၊ လုပ်မှာ မဟုတ်ပါဘူး။ အဲလို အကြမ်းပတမ်းနည်းတော့…´

သူက အဲလို ပြောခဲ့ပေမယ့် ကျနော်ကတော့ အပြည့်အ၀ စိတ်မအေးနိုင်ခဲ့ပါဘူး။

***

ကျနော် တွေ့ကြုံသိကျွမ်းခဲ့ရတဲ့ သူတို့…။ အများက မုန်းတဲ့ စစ်တပ်ထဲကို အကြောင်းအမျိုးမျိုးကြောင့် ရောက်သွား၊ အဲဒီအဖွဲ့ ယူနီဖောင်းကို ၀တ်ဆင်ထားပြီး အထက်က ခိုင်းသမျှ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ `အမိန့်နာခံတတ်မှု´ ဆိုတဲ့ အချက်ကြောင့် တသွေမတိမ်း လိုက်နာရရှာတဲ့ သူတို့…။ စစ်တပ်ရဲ့ တည်ကြည် ဖြောင့်မတ်မှုကို လူတစုက ကိုယ်ကျိုးအတွက် အသုံးချနေရာမှာ ဓားစာခံ ဖြစ်နေကြရတဲ့ သူတို့…။ သူတို့အားလုံးရဲ့ ရင်ထဲမှာ ရက်စက်တတ်တဲ့ နှလုံးသားတွေချည်းပဲ ရှိကြတာ မဟုတ်တာကတော့ အထက်ပါ ရင်ဖွင့်စကားတွေက သက်သေခံနေခဲ့ပါတယ်။

`ငါ့သားများ စစ်ထဲဝင်ရင်လေ၊ သူ့ကို ပြောလိုက်စမ်းပါကွာ။ စစ်တပ်ဆိုတာ ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းကြီးပေါ့´

စစ်တပ်ထဲကို ၀င်ကြသူတိုင်း အဲဒီ စစ်သည်တော်ဟောင်းကြီးရဲ့ စကားကို သိကြပါသတဲ့။ ဘယ်ခေတ်ဘယ်အခါက အဲဒီစကားကို ပြောခဲ့တယ်ဆိုတာ မသိရပေမယ့် အဲဒီ စစ်သည်တော်ဟောင်းကြီးရဲ့ အဲဒီအချိန်က သူဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ်အပေါ် အမြင်က နောင်လာနောင်သား စစ်သည်တွေအတွက် အတုယူဖွယ် စကားအဖြစ် မော်ကွန်းတွင်ခဲ့ဟန် ရှိပါတယ်။ အဲဒီလို ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်တဲ့ စစ်တပ်ကို လူတစုက ကိုယ်ကျိုးအတွက် အသုံးချလိုက်တော့ အခုတော့လဲ စစ်တပ်ဆိုတာ ပြည်သူနဲ့ တခြားစီဖြစ်လို့ …။

ကိုယ်ကျိုးရှာ လူတစုကြောင့် စစ်တပ်ကို လူတွေက မုန်းနေကြပေမယ့် တကယ်တော့ အောက်ခြေအဆင့် စစ်သားတွေမှာ သူတို့အထက်က လူကြီးတွေ ခိုင်းတာ လုပ်ရုံမှတပါး အခြားမရှိ ဖြစ်နေပြီး လူထုရဲ့ အမုန်းကို တိုက်ရိုက်ခံနေရတာလည်း သူတို့ပဲ ဖြစ်နေတာပါ။ သူတို့ကို လိုရာခိုင်းနေတဲ့ အထက်လူကြီးတွေကတော့ ဘေးရန်ကင်းရှင်းစွာနဲ့ပဲ စစ်တပ်ကို သူတို့ရဲ့ အသုံးချစရာ လက်ကိုင်ဒုတ် သဖွယ် လုပ်ချင်ရာလုပ်ပြီး ပျော်ပျော်ကြီး စံစား ခံစားနေကြတာပါ။

အဲဒီ အောက်ခြေက ပြည်သူ့ရင်သွေး စစ်သည်တော်တွေက ပြည်သူတွေ လက်ရှိ ဖြစ်ပေါ် ခံစားနေရတဲ့ ဆိုးကျိုးဒုက္ခတွေကို စာနာနားလည်ပြီး ပြည်သူနဲ့ အတူ ပူးပေါင်းလာနိုင်ခြေ မရှိလောက်ဘူးလား လို့ ကျနော် မေးခွန်းတွေ အပြန်ပြန် အလှန်လှန် ထုတ်နေခဲ့မိပါတယ်။

***

`ဒိုင်နာကားတွေ တစီးပြီး တစီး ဖြတ်သွားပြီးတော့ ကားတွေလည်း ကုန်ရော၊ လမ်းမတ၀ိုက်မှာ ငါတို့ပဲ ကျန်ခဲ့တာပေါ။ ငါ့စိတ်ထဲမှာ သူတို့ကို ပြောနေမိတယ်။ ငါလဲ ကျောင်းသား တယောက်ပါပဲကွာ လို့´

ကောလိပ်ကျောင်းတော်ကြီးကတော့ သွေးခွဲခံရတဲ့ သူ့ရဲ့ ရောင်စုံ ကျောင်းတော်သားတွေကို ည အမှောင်အောက်မှာပဲ စိတ်မသက်မသာနဲ့ ငေးမောကြည့်နေခဲ့လေရဲ့…။ စာမေးပွဲတွေ ပြီးတော့ သူနဲ့ ကျနော်တို့ တနေရာစီ လမ်းခွဲလို့ အခုတော့ တနေရာစီ…။

`ဘယ်သူတက်တက် ငါတို့အတွက်ကတော့ မထူးပါဘူးကွာ။ အုပ်ချုပ်လာတဲ့ လူရဲ့ အမိန့်ကို နာခံလိုက်ရုံပဲ´

စိတ်လျှော့ထားဟန် စည်းတဖက်ခြားက သူငယ်ချင်းရဲ့ စကား…။ သူ့စကားက လက်ရှိ စစ်တပ်က အောက်ခြေ စစ်သားတွေရဲ့ ခံစားချက်ကို တစွန်းတစ လှစ်ဟဖော်ပြသွားခဲ့လေရော့သလား…။

***

`တပ်နဲ့ ပြည်သူ လက်တွဲကူ၊ စိတ်တူ ကိုယ်တူ အောင်ပွဲယူ´ ….တဲ့။

မြန်မာဘလော့ဂ် တချို့မှာ တွေ့လိုက်တဲ့ လိုဂိုလေးက စာတန်းလေးပါ။ အဲဒါက ပြည်သူတွေရဲ့ ခံစားချက်တွေကို ကိုယ်စားပြုမှု တခု…။

ပြည်သူတွေရဲ့ ခံစားချက်၊ ပြည်သူ့ တပ်မတော်သားတွေရဲ့ ခံစားချက်…။

အဲဒီ ခံစားချက်တွေကို ပေါင်းစပ်လိုက်ရင်…။


ကလိုစေးထူး

Sunday, September 23, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၁)

ရးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်တွင်း တရားစီရင်ရေး (ဒုတိယပိုင်း)

န၀တ၊ နအဖ ထောင်တွင်း တရားစီရင်ရေးနဲ့ ပတ်သက်လို့ ချို့ယွင်းချက် သုံးချက် ထင်ထင်ရှားရှား တွေ့ရပါတယ်။

ပထမ ချို့ယွင်းချက်က အမှုတခု ဖြစ်လာရင် အမှုမှန်ပေါ်အောင်၊ အမှု ထင်ရှားအောင် တရားဥပဒေ နည်းလမ်းကျကျမှန်မှန်ကန်ကန်၊ စုံစမ်းစစ်ဆေးမှု မရှိတာပါ။ အကျဉ်းသား ကရင်လေးရဲ့ သံချွန်ကိစ္စကို စစ်ဆေးပုံမျိုး ဖြစ်ပါတယ်။ အကျဉ်းသားတွေဟာ ထောင်အရာရှိတွေ ခန့်ထားတဲ့ လူဆိုးတွေနဲ့ တည့်အောင်ပေါင်းရ၊ လက်ဆောင်ငွေကြေး ပေးရ၊ လာဘ်ထိုးရပါတယ်။ တကယ်လို့ အဲဒီလူဆိုးတွေကို ပိုက်ဆံပေး လာဘ်ထိုးမထားဘူး။ သူတို့နဲ့ မတည့်ဘူးဆိုရင်တော့ အပြစ်မရှိ အပြစ်ရှာတာမျိုးတွေ၊ လုပ်ကြံတီထွင်ပြီး ထောင်အာဏာပိုင်တွေကို တိုင်တန်းတာမျိုးတွေ ဖြစ်လာပါတယ်။

ထောင်ထဲမှာက ကရင်လေးကိစ္စမှာလိုပဲ အမှုကို စနစ်တကျ မစစ်ဆေးဘဲ ရိုက်နှက်ညှဉ်းပန်း အပြစ်ပေးတတ်တော့ ကိုယ်နဲ့ မတည့်တဲ့ အခြားအကျဉ်းသားတဦး အရိုက်နှက် အညှဉ်းပန်းခံရအောင်၊ ဒုက္ခရောက်အောင် တမင် လုပ်ကြံတိုင်တန်းတတ်တာမျိုးတွေ ရှိပါတယ်။ (အဲဒီလိုမျိုး ထောင်အာဏာပိုင်တွေကို သွားချွန်သူကို ထောင်စကားနဲ့ `ငချွန်´ လို့ ခေါ်ကြပါတယ်)။

ဥပမာ `သံချွန်ဖွက်ထားတယ်´ `ထောင်ဖောက်ပြေးဖို့ ကြံစည်နေတယ်´ `ထောင်ထဲကို ပိုက်ဆံခိုးသွင်းတယ်´ `ထောင်ဆူပူမှု ဖြစ်အောင် လှုံ့ဆော်နေတယ်´ `ထောင်အာဏာပိုင်တွေကို နောက်ကွယ်မှာ သိက္ခာကျအောင် ပြောတယ်´ စသဖြင့် အကျဉ်းသား အချင်းချင်း ခြေထိုးတတ်၊ ချွန်တတ်ပါတယ်။ အဲဒီလိုပဲ ထောင်အရာရှိ တဦးကလည်း သူနဲ့ အကျဉ်းသားတဦး မတည့်ရင် ဖော်ပြခဲ့သလိုမျိုး အမျိုးမျိုးလုပ်ကြံ စွပ်စွဲတတ်ပါတယ်။ ဒါတင်မက `လိုအပ်ရင် သက်သေရှိပါတယ်´ ဆိုပြီး သက်သေတွေကို လုပ်ကြံဖန်တီးပြီး တင်ပြတတ်ပါသေးတယ်။ ထောင်ထဲမှာက ထောင်အရာရှိတွေကို ကြောက်ကြတော့ မဟုတ်မတရား သက်သေ လုပ်ခိုင်းဖို့ လူ မရှားပါဘူး။ အဲဒီလို စနစ်ကျပြီး တရားမျှတတဲ့ စစ်ဆေးမှုမျိုး မလုပ်တော့ဘဲ `ပြစ်မှု ကျူးလွန်တယ်´ ဆိုပြီး ပြီးစလွယ် ဆုံးဖြတ်ချက်ချ၊ ပြစ်ဒဏ်ပေးလိုက်ပါတော့တယ်။ အပြစ်မရှိဘဲ လူတယောက် နစ်နာသွားမှာကို ထည့်သွင်း စဉ်းစားစာနာကြတာ မဟုတ်ပါဘူး။

ထောင်တွင်းတရားစီရင်ရေး ဒုတိယချို့ယွင်းချက်က ဘက်လိုက်တာပါ။

ထောင်အုပ်ချုပ်ရေးပိုင်းမှာ ခန့်ထားတဲ့ အကျဉ်းသားလူဆိုးနဲ့ ရိုးရိုးအကျဉ်းသား ပြဿနာဖြစ်တဲ့အခါမျိုး၊ ထောင်အာဏာပိုင်တွေနဲ့ ရင်းနှီးသူနဲ့ မရင်းနှီးသူနဲ့ ပြဿနာဖြစ်တဲ့ အခါမျိုးတွေမှာ ပြဿနာကို သေသေချာချာ မစစ်ဆေးဘဲ သူတို့ခန့်ထားတဲ့ လူဆိုးတွေ၊ သူတို့နဲ့ ရင်းနှီးသူတွေဘက်က ဘက်လိုက်တာမျိုးပါ။ ထောင်အာဏာပိုင်တွေနဲ့ ရင်းနှီးရင်၊ ဒါမှမဟုတ် ထောင်အာဏာပိုင်တွေကို ပိုက်ဆံပေး လာဘ်ထိုးထားရင် အဲဒီအကျဉ်းသားမျိုး အမှုဖြစ်တဲ့အခါ ထောင်အာဏာပိုင်တွေက အမှုကို ဖုံးကွယ်ပေးတာ၊ ဘက်လိုက်တာ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတာမျိုးတွေလည်း ရှိပါတယ်။ ထောင်အာဏာပိုင်တွေနဲ့ မတည့်ရင်တော့ အမှုကို သေသေချာချာ မစစ်ဆေးတော့ဘဲ အပြစ်ပေးတာ၊ အပြစ်ပေးရင်လဲ မတရားတဲ့၊ ကြီးလေးတဲ့ ပြစ်ဒဏ်မျိုး ပေးတော့တာပါ။

ဥပမာ… တခါက နာမည်ကြီး ရာဇ၀တ် အကျဉ်းသားတဦးဖြစ်တဲ့ ကျော်သူ အခြားအကျဉ်းသားတဦးနဲ့ ရန်ဖြစ်ပါတယ်။ ကျော်သူက ထောင်အာဏာပိုင်တွေနဲ့ မတည့်တော့ သူ့ကို အပြစ်ပေးတဲ့ အနေနဲ့ ထောင်ဝါဒါတွေက ၀ိုင်းရိုက်တာ ကျော်သူ အောက်ပိုင်း သေသွားပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်နဲ့ ရင်းနှီးတဲ့ မူဆာ ဆိုတဲ့သူ ရန်ဖြစ်တော့ သူ့ကို အရေးမယူဘဲ အခြား အဆောင်တဆောင်ကိုသာ ရွှေ့ပြောင်းပစ်ပါတယ်။

ထောင်တွင်း တရားစီရင်ရေး တတိယ ချို့ယွင်းချက်က ပြစ်မှုတခုအတွက် ပြစ်ဒဏ်ပေးပုံ မမျှတတာ၊ မတရားတာပါ။ တရားဥပဒေမှာ `ပြစ်မှု ဖြစ်လာရင် အဲဒီပြစ်မှုကို ထင်ရှားအောင် စစ်ဆေးရမယ်။ ပြစ်မှု ထင်ရှားရင် ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်သာပေးရမယ်။ ပို မပေးရဘူး။ ဘယ်ပြစ်မှုမျိုးကိုပဲ ကျူးလွန်ကျူးလွန် အပြစ်ပေးတဲ့နေရာမှာ တရားဥပဒေနဲ့ နိုင်ငံတော်ကို စိတ်ထိခိုက် နာကျည်းသွားစေနိုင်သော ပြစ်ဒဏ်မျိုး မဖြစ်စေရ´ လို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ ဖော်ပြခဲ့တဲ့ ကရင်လေးနဲ့ ကျော်သူကို အပြစ်ပေးပုံမျိုးဟာ ပေးရမယ့် ပြစ်ဒဏ်ထက် ပိုပြီး ပေးတာမျိုးပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ဇာနည်ဆိုရင်လည်း ထောင်အာဏာပိုင်တွေ မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်လို့ အောက်ပိုင်း သေသွားဖူးပါတယ်။

တခါတုန်းကလဲ အကျဉ်းသားနှစ်ယောက်ကို ရန်ဖြစ်လို့ဆိုပြီး အပြစ်ပေးပါတယ်။ အပြစ်ပေးပုံ ပေးနည်းက သူတို့ နှစ်ယောက်ကို ကိုယ်တုံးလုံးချွတ်၊ မြေကြီးပေါ်မှာ ၀မ်းလျားမှောက်၊ နှစ်ပေလောက်မြင့်တဲ့ ၀ရန်တာကို လက်နှစ်ဖက်နဲ့ထောက်၊ ဒိုက်ထိုးခိုင်းထားပါတယ်။ အဲဒီအချိန် ထောင်ဝါဒါက ၀ရန်တာ အမြင့်ပေါ်ကနေ သုံးပင်လိမ် ကြိမ်လုံးနဲ့ ဆီးပြီး အားကုန် လွှဲလွှဲရိုက်ပါတယ်။ အကျဉ်းသား နှစ်ဦးဟာ ၀ရန်တာပေါ် လက်ထောက်ထားရာကနေ အောက်ကို ပြုတ်ပြုတ် ကျသွားပါတယ်။ အဲဒါကို လက်ပြန်ထောက်ခိုင်းပြီး ဆက် ရိုက်ပါတယ်။ ရိုက်တာကလည်း ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ချက်မှန်း မရေတွက်နိုင်တော့ပါဘူး။ အကျဉ်းသားနှစ်ဦးလုံး တကိုယ်လုံး သွေးချင်းချင်း နီရဲနေပါတော့တယ်။ ဒီကြားထဲက အကျဉ်းသား နှစ်ဦးကို ၀ရန်တာပေါ်က ထောင်ဝါဒါက ဆဲဆိုပြီး စီးထားတဲ့ စစ်ဖိနပ်နဲ့ မျက်နှာကို ပိတ်ပိတ်ကန်ပါသေးတယ်။ သွေးသံရဲရဲ အကျဉ်းသား နှစ်ဦးရဲ့ ငိုယိုတောင်းပန်သံ၊ သနားညှာတာမှု လုံးဝမရှိတဲ့ ထောင်ဝါဒါရဲ့ ရိုက်နှက်သံ၊ စစ်ဖိနပ်နဲ့ ပိတ်ပိတ်ကန်သံတွေကို တခြားအကျဉ်းသားတွေက မကြည့်ရက်လို့ မျက်နှာလွှဲလွှဲသွားကြပါတယ်။

အဲဒီလို တရားလက်လွတ် အားရအောင် ရိုက်နှက်ပြီးတော့ အဲဒီ အကျဉ်းသားနှစ်ဦးကို တိုက်ပိတ်ပြစ်ဒဏ် ပေးလိုက်ပါတော့တယ်။ အမှန်က ထောင်ထဲမှာ ရန်ဖြစ်ရင် ထောင်ဥပဒေအရ အလွန်ဆုံးပေးရမယ့် ပြစ်ဒဏ်က ရိုးရိုးတိုက်ပိတ် အပြစ်ဒဏ်ပါ။ ထောင်တွင်းမှာ အဲဒီလို မတရားတဲ့ တရားစီရင်ရေးပုံစံကြောင့် နောက်ဆက်တွဲ ဘာအကျိုးဆက်တွေ ဖြစ်ပေါ်လာပါသလဲ။ ထောင်ထဲမှာ မတရားမှုတွေ၊ ရက်စက်မှုတွေ ပိုများလာပါတယ်။ ထောင်ကို နာကျည်းစိတ်၊ တရားဥပဒေကို နာကျည်းတဲ့စိတ်၊ အားလုံးကို နာကျည်းတဲ့စိတ်နဲ့ ပက်ပက်စက်စက် လူသတ်မှုတွေ ထောင်ထဲမှာ ဖြစ်ပေါ်လာရတာပါ။

ဥပမာ ပြောရရင် တခါက အကျဉ်းသား သားသားနဲ့ ခင်သန်းတို့ နှစ်ဦးကို ဘာမဟုတ်တဲ့ အပြစ်လေးတခု ကျူးလွန်တာကို အထက်က ဖော်ပြခဲ့သလို ရက်ရက်စက်စက် ရိုက်နှက်ပြီး တိုက်ပိတ်ပြစ်ဒဏ်ပေးလိုက်ပါတယ်။

ပြစ်ဒဏ်တိုက်လို့ ခေါ်တဲ့ စစ်ခွေးတိုက်ရဲ့ အခန်းတခန်းမှာ သူတို့နှစ်ယောက်ကို အခြားအကျဉ်းသားနှစ်ယောက်နဲ့ လေးဦး အတူထားပါတယ်။ တညလည်းကျရော၊ သားသားနဲ့ ခင်သန်းက အခြားအကျဉ်းသားနှစ်ယောက်ကို အိပ်ပျော်နေတုန်း အုတ်ခဲနဲ့ ခေါင်းကို စိစိညက်ညက်ကြေအောင် ထုရိုက်ပြီး သတ်ပစ်လိုက်ပါတယ်။ တထောင်လုံး အဲဒီ ရက်ရက်စက်စက် လူသတ်မှုကြောင့် အထိတ်တလန့်နဲ့ သွေးပျက်သွားကြပါတယ်။ အမှန်က လူသတ်မှု မဖြစ်ခင် ညနေကပဲ သူတို့လေးဦး စကားတပြောပြောနဲ့ ညနေစာထမင်း အတူ စားခဲ့ကြသေးတာပါ။ အဲဒီ ပက်ပက်စက်စက် လူသတ်မှုနဲ့ ပတ်သက်ပြီး `ဘာလို့ အခုလို သတ်ရသလဲ´ လို့ စစ်ဆေးမေးမြန်းတော့ သားသားနဲ့ ခင်သန်းက အခုလို ဖြေပါတယ်။

`ဘာအကြောင်းမှ မရှိဘူး။ သေသွားတဲ့ လူတွေနဲ့လည်း ပြဿနာမရှိဘူး။ ထောင်က ကျုပ်တို့ကို အပြစ်ပေးပုံကို မကျေနပ်လို့´

ဆက်ရန်…

Friday, September 21, 2007

နီးနီးလေးနဲ့ မဝေးစေချင်…

ကျနော်တို့ မြို့လေးမှာ ၁၉၉၂ ခုနှစ်ဝန်းကျင်ကာလ ပေါ်တာတွေ အရမ်းဆွဲကြတုန်းက ရပ်ကွက်လူကြီးတွေ တော်တော်လေး ခေတ်ကောင်းလိုက်ပါတယ်။ အကြောင်းက ဒီလိုပါ…။

စစ်တပ်တခု စစ်ဆင်ရေးသွားဖို့အတွက် ကျနော်တို့ မြို့မှာ တထောက် နားကြပြီဆိုရင် မြို့နယ် မ၀တ၊ ရ၀တ တွေကို ဆင့်ခေါ်ပြီး သူတို့ စစ်ဆင်ရေးအတွက် ပေါ်တာ ဘယ်ရွေ့ဘယ်မျှလိုကြောင်း ဘယ်ရပ်ကွက်က ဘယ်နှစ်ယောက် လိုက်ပါ စသဖြင့် ခေါ်ပြောလေ့ ရှိပါတယ်။ အဲဒီလို ခေါ်ပြောလိုက်တိုင်း ဖိုးကျိုင်းတုတ် ဖြစ်ရတာက ရပ်ကွက်လူကြီးတွေပါပဲ။

ရက်ကွက်လူကြီးတွေ အစည်းအဝေးက ပြန်လာပလားဆိုရင် ဆယ်အိမ်ခေါင်းတွေကို တခါ ဆင့်ခေါ်ပြီး အိမ်တွေကို ငွေလိုက်အကောက်ခိုင်းပါတယ်။ ဥပမာ တရပ်ကွက်ကို ပေါ်တာ ဆယ်ယောက် တာဝန်ကျတယ်ဆိုရင် အိမ်တွေကို တအိမ် တရာ၊ နှစ်ရာ စသဖြင့် သတ်မှတ်ကောက်ခံတာမျိုးပါ။ အဲဒီလို ကောက်လို့ ရတဲ့ ငွေနဲ့ စစ်သားလူထွက် ပေါ်တာ အငှားလိုက်စားနေတဲ့ လူတွေကို ငှားရမ်းပါတယ်။ တချို့လည်း ၀မ်းရေးအတွက် ပေါ်တာ အငှားလိုက်စားကြတဲ့ အရပ်သားတွေတောင် ရှိပါတယ်။ ဒီလိုနဲ့ ရပ်ကွက်လူကြီးရဲ့ ပါးစပ်ဖျားက ပေါ်တာကြေးကို ရပ်ကွက်နေ လူထုက တပူပေါ် နှစ်ပူဆင့် ပေးကြရပါတယ်။ အဲဒီခေတ်ကဆိုရင် ခြောက်လလောက် ရပ်ကွက်လူကြီး လုပ်လိုက်တယ် ဆိုရင်ပဲ ရပ်ကွက်လူကြီးက အရင်နဲ့ မတူ ပြောင်ပြောင်ရောင်ရောင်နဲ့ ဗြောင်ကျကျကို လူလုံးလှလာပါတော့တယ်။

တခါတော့ ကျနော်တို့ ရပ်ကွက်က ရပ်ကွက်လူကြီး ဖျံကျလွန်းမက ကျနေတာကို သည်းမခံနိုင်တဲ့ ရပ်ကွက်သားတွေက တခြား ရပ်ကွက်လူကြီးကို ပြောင်းတင်ဖို့ တိုင်ပင်ကြပါတယ်။ အဲဒီလို တိုင်ပင်တဲ့ အခါတိုင်းမှာ လူတယောက်က…

`ခင်ဗျားတို့ ပြောင်းပြီး ရပ်ကွက်လူကြီးတင်မယ့်လူကလဲ ဘာကောင်းလို့တုန်း၊ ကျနော်ကတော့ သူ့ကို တင်လိုက်ရင် ပိုတောင် ဆိုးလာမယ်လို့ ပြောရဲတယ်´

ဒီလိုနဲ့ တခြားတယောက်ကို ထပ်စဉ်းစားကြပြန်တော့လဲ အဲဒီလူကပဲ အဲဒီတယောက်ကလည်း မထူးကြောင်း၊ ဘယ်လိုဘယ်ပုံ မကောင်းကြောင်း ပြောပြန်ပါရော…။ အဲဒီလိုနဲ့ပဲ ပေါ်တာခေတ်တလျှောက်လုံး အရင်လူကြီး အဟောင်းကပဲ ပျော်ပျော်ကြီး ဖျံကျခွင့်ရသွားပါတော့တယ်။

***

တနေ့က…။

ပန်ဒိုရာရဲ့ ဘလော့ဂ်က အခြေခံ ယုတ္တိဗေဒအလွဲ ဆိုတဲ့ ပို့စ်ကို ဖတ်မိပါတယ်။ ပို့စ်က ခပ်တိုတိုပါပဲ။ ရှုပါ…။

အခြေခံယုတ္တိဗေဒ အလွဲ

အဆို = မောင်ဖြူ၏ လုပ်ရပ်သည် မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ ထို့ကြောင့် မောင်ဖြူ၏ လုပ်ရပ်သည် သင့်တော်၏။
လေ့လာသူ = ဟင်.. ဘာမှလည်းမဆိုင်ဘူး။

အဆို = မောင်ဖြူ၏ လုပ်ရပ်သည် မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ ထို့ကြောင့် သင့်တော်သောလုပ်ရပ် ဟူသည် လောက၌မရှိ။
လေ့လာသူ = ဘုရား ဘုရား။

အဆို = မောင်ဖြူ၏ လုပ်ရပ်သည်မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ လူတိုင်း မသင့်တော်တာ လုပ်ကြစို့။
လေ့လာသူ = ကယ်တော်မူကြပါ။

***

ပန်ဒိုရာရဲ့ ပို့စ်က ပထမအပိုဒ်မှာ…

မောင်ဖြူရဲ့ လုပ်ရပ်က မသင့်တော်ဘူး။ မောင်ဖြူနေရာမှာ ကျနော်တို့မြို့က ရပ်ကွက်လူကြီးကို မြင်ယောင်လာမိတယ်။ အင်း…၊ ဟုတ်တယ် ဒီလူ မကောင်းဘူး။ ဒါပေမယ့် မောင်မဲနဲ့ မောင်နီတို့ရဲ့ လုပ်ရပ်တွေမှာလည်း အပြစ်က မကင်းပြန်ဘူး။ ဒါကြောင့် ဖျံကျနေတဲ့ မောင်ဖြူနဲ့ တူတဲ့ ရက်ကွက်လူကြီး လုပ်နေတာ မှန်ပါတယ်လေ။ သေသေချာချာ စဉ်းစားကြည့်တော့ ဘာမှမဆိုင်ပါလား။ စဉ်းစားလေလေ ဘာမှ မဆိုင်လေလေ။

အဲဒီသုံးယောက်လုံးရဲ့ လုပ်ရပ်တွေ မသင့်တော်တာနဲ့ပဲ တခြားသော သင့်တော် ကောင်းမွန်တဲ့၊ လက်ရှိ အခြေအနေထက် ပိုမိုသာလွန်မယ့် လုပ်ရပ်ဆိုတာ ဘာမှကို မရှိတော့ဘူးလား။ သူတို့ သုံးယောက်လုံးရပ် လုပ်ရပ်တွေ မသင့်တော်တဲ့ အတွက် တခြားလူတွေလဲ သူတို့လိုပဲ မသင့်တော်တာတွေ လိုက်လုပ်ကြမယ် ဆိုရင်ရော…။ အကုန်လုံး ကိုယ်ကျိုးနည်းတော့မယ် ထင်တယ်။

***

အမှန်တကယ် ဖြစ်သင့်တာကို ချဉ်းကပ် ဆွေးနွေးကြည့်ကြပါစို့…။

မောင်ဖြူက မကောင်းဘူး ဆိုရင် မောင်ဖြူ မကောင်းတာကိုပဲ အရင် အဓိကထား မပြောသင့်ပေဘူးလား။ ဒါမှမဟုတ် မောင်ဖြူကို ကောင်းတယ်လို့ ထင်နေတဲ့လူတွေက မောင်ဖြူက ဘယ်လိုဘယ်ပုံကောင်းကြောင်း အကျိုးအကြောင်း ခိုင်လုံစွာနဲ့ အရင် မပြောသင့်ပေဘူးလား။ မောင်ဖြူနဲ့ ဆိုင်တာတွေကို အရင်ဦးစားပေး မပြောသင့်ပေဘူးလား။

မောင်မဲနဲ့ မောင်နီလည်း ကောင်းတာမှ မဟုတ်တာ၊ ဒီတော့ မောင်ဖြူ မကောင်းတာက ဘာဆန်းတာလိုက်လို့ ဆိုပြီး မောင်ဖြူကို မကောင်းခွင့်တွေ ဘယ်လောက်ကြာကြာ ထပ်ပေးကြမလဲ။ သူများမကောင်းတဲ့ အတွက် ကိုယ်မကောင်းတာလဲ မဆန်းပါဘူးလေလို့ တွေးတာက အပြုသဘောဆန်ပါတော့မလား။

ဟုတ်ပြီ…။ မောင်ဖြူကတော့ မကောင်းတာ သေချာပြီ။ ဒါပေမယ့် မောင်မဲနဲ့ မောင်နီမှာလည်း အပြစ်က မကင်းပြန်ဘူး။ အဲဒီတော့ မောင်မဲနဲ့ မောင်နီမှာ ရှိတဲ့ အပြစ်တွေလို မဖြစ်အောင် ရှောင်ပြီး မကောင်းတဲ့ မောင်ဖြူကို ကောင်းလာအောင် တွန်းအားပေးဖို့ ကြိုးစားကြတာက ပိုပြီး အပြုသဘော မဆောင်ဘူးလား။

***

ဆက်စပ်ပြီး ဆက်တွေးကြည့်ချင်ပါသေးတယ်။

ကျနော်တို့ နိုင်ငံမှာ…။

လက်ရှိတပ်မတော်ကို ပြည်သူက ရွံရှာ မုန်းတီးနေပါတယ်။ လာဘ်စားပြီး သူတို့အကျိုးကိုသာ ကြည့်တဲ့ လက်ရှိတပ်မတော်က အာဏာကို ရယူထားတာကိုလည်း ပြည်သူက မနှစ်မြို့ပါဘူး။ ဒါဟာ အမှန်တရားပါပဲ။ ဒါဆို အဲဒီတပ်မတော် မဟုတ်တာလုပ်နေတာကို ရပ်တန်းက ရပ်အောင် ကျနော်တို့ အရင် ကြိုးစားရတော့မှာပေါ့။

ကျနော်တို့…။ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းချင်ကြတယ်။ ကိုယ့်ကို အုပ်ချုပ်မယ့်လူကို ကိုယ်တိုင်ကိုယ်က ရွေးချယ်ခွင့် ရှိတဲ့ စနစ်၊ ကိုယ်ဖြစ်ချင်တာ၊ လိုလားတာကို လွတ်လပ်စွာ ထုတ်ဖော်တင်ပြခွင့် ရတဲ့ စနစ်…။ ဒီစနစ်ကို ကျနော်တို့ သက်ဝင် ယုံကြည်ကြပါတယ်။ ဒါပေမယ့် အဲဒီ ဒီမိုကရေစီ စနစ်မှာကလည်း အားနည်းချက်တချို့က ရှိနေသေးပြန်တယ်။ အဲဒီ အားနည်းချက်ရဲ့ သာဓက အဖြစ် ဒီမိုကရေစီ နိုင်ငံကြီး တချို့က ဖြစ်ရပ်လေးတွေကလည်း လက်ညှိုးထိုးချင်စရာ ကောင်းနေပြန်တယ်။ ဒါဖြင့် အဲဒီချွင်းချက်တွေကြောင့် ဒီမိုကရေစီ ဆိုတာ တကယ်မရှိတော့ဘူးလား။ မရှိတော့ဘူး ဆိုရင် အဲဒီနိုင်ငံတွေကရော ဘာလို့ သူတကာထက် ရှေ့တန်းကို ရောက်နေပြန်တာလဲ။

ချွင်းချက်ဆိုတာတွေကြောင့် ဒီမိုကရေစီဆိုတာ စာရွက်ပေါ်မှာသာ ရှိတယ်ဆိုတာကို ကျနော်ကတော့ လက်မခံပါဘူး။ လူတိုင်းမှာ ဒီမိုကရေစီဆိုတာ မရှိဘူး၊ ဒီတော့ ငါတို့တတွေ ဒီမိုကရေစီ လိုချင်နေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူး ဆိုတဲ့ အယူအဆကတော့ ပိုကြောက်စရာ ကောင်းသွားပါပြီ။ ဒါဟာ လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာရှင်ကို တဖက်တလမ်းက ထောက်ခံနည်း တမျိုးဖြစ်စေပါတယ်။

အဲဒီလိုလူမျိုးကို အာဏာရှင်က သူ့တိုင်းပြည်မှာ များများရှိဖို့ ပိုလိုလားပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် အဲဒီလိုလူမျိုးက သူ့ကို ဝေဖန်ရင်တောင် အာဏာရှင်က ပြုံးပြုံးကြီး မျက်နှာပြောင်တိုက်ပြီး ခံနေပါလိမ့်မယ်။ တခြားတဖက်မှာ ဒီမိုကရေစီကို ဒီထက့်ပိုပြီး စေ့စေ့ပေါက်ပေါက် အပြစ်ရှာ ထောက်ပြပြီး ဒီမိုကရေစီကို မယုံကြည်သူတွေ များသထက် များလာအောင် လုပ်ပေးမယ့် အဲဒီလို လူမျိုးကို အာဏာရှင်က ပိုလို့တောင် နေရာပေးပါလိမ့်မယ်။

`သခင်လုပ်မှာလား၊ ကျွန်လုပ်မှာလား´ လို့ တွေ့တဲ့လူတိုင်းကို မေးလိုက်ပါ။ `ကျွန်လုပ်မယ်´ လို့ ဖြေတဲ့လူ တယောက်မှ မရှိပါဘူး။ `သခင်လုပ်မယ်´ ဆိုတဲ့ အဖြေက သိပ်ဖြေလို့ကောင်းတာကိုး။ ငါးနှစ်သားကလေးကို သွားမေးရင်တောင် `အနော်လဲ သခင်ပဲ လုပ်မှာ´ လို့ ဖြေပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အခုလောလောဆယ် အနေအထားက သခင်ဖြစ်နေတာလား၊ ကျွန်ဖြစ်နေတာလား။

အမေရိကန်မှာ ရဲက ခါးပတ်မပတ်တဲ့လူကို ရိုက်တာထက် မြန်မာပြည်မှာ ပြည်သူတွေရဲ့ အကျပ်အတည်းကို မျက်ကွယ်ပြုပြီး လုပ်ချင်ရာ လုပ်နေတဲ့ လက်ရှိ အာဏာပိုင်တွေ လူစိတ်ရှိလာအောင် ကြိုးစားဖို့က ပိုအရေးပါပါတယ်။ အဲဒါကမှ ပိုပြီး အပြုသဘောဆန်ပါလိမ့်မယ်လို့ ယုံကြည်မိပါတယ်။


ကလိုစေးထူး

Thursday, September 20, 2007

စည်းမဟုတ်သော စည်းကို...

အတွေးစများ… ဆိုတဲ့ ပို့စ်မှာတုန်းက ကျနော် `မမြင်နိုင်တဲ့ စည်း´ ဆိုတာလေးကို ထည့်ရေးခဲ့မိဖူးတယ်။

ကျနော်တို့…။

ကျနော်တို့ ဆိုတာထက် မြန်မာပြည် နိုင်ငံရေးအကြောင်း ရေးလေ့ရှိတဲ့ ကျနော်အပါအ၀င် ကျနော်တို့…။ ပြည်ပရောက် ကျနော်တို့…။ လက်ရှိအနေအထားနဲ့ အမိမြန်မာပြည်ကို အိမ်ပြန်ဖို့ အခြေအနေမပေးသေးတဲ့ ကျနော်တို့…။

အဲဒီ ကျနော်တို့နဲ့ မြန်မာပြည်တွင်း ဘလော့ဂါတွေကြားမှာ `မမြင်နိုင်တဲ့ စည်း´ ခြားနေသလို ခံစားလိုက်ရတယ်လို့ ကျနော် ရေးခဲ့မိပါတယ်။ လူတယောက်နဲ့ တယောက် ခင်မင်ကြတဲ့ ခင်မင်မှုစည်း မဟုတ်တဲ့ `အခြေအနေစည်း´ `အကန့်အသတ် စည်း´ တနည်းအားဖြင့် `မမြင်နိုင်တဲ့ စည်း´ …။

***

ဒီညနေမှာ ကျနော် အလုပ်က ပြန်လာတော့ မြန်မာဘလော့ဂ် အတော်များများကို လိုက်ဖတ်ဖြစ်ပါတယ်။ တခါမှ မဖတ်ဖူးသေးတဲ့ ဘလော့ဂ်အသစ်တွေ၊ ဖတ်နေကြ ဘလော့ဂ်တွေ၊ မရောက်တာ ကြာတဲ့ ဘလော့ဂ်တွေ လက်လှမ်းမီသလောက် လိုက်ဖတ်ဖြစ်ပါတယ်။ အဲဒီအပြင် ကျနော်လိုက်ဖတ်ဖြစ်သေးတာက အထက်က တင်ပြခဲ့တဲ့ `ကျနော်တို့´ တွေရဲ့ ဘလော့ဂ်တွေ။

လိုက်ဖတ်နေရင်းနဲ့ တစုံတခုကို သတိထားမိလာသလိုလို ခံစားလာရတယ်။ ဟုတ်တယ်။ တခုခု…။ အဲဒီတခုခုက ဘာလဲ…။

အို…၊ ဟုတ်ချင်မှ ဟုတ်မှာပါလေ… ဆက်ဖတ်…။ ဒီလိုနဲ့ တနေရာအရောက်…၊ စီဘောက်စ် တခုကို အရောက်…။

`နိုင်ငံရေးငှက်များ မိုးခိုရန် နေရာ မဟုတ်ပါ´

***

`လက်ရှိ မြန်မာဘလော့ဂ် လောကမှာ လူတန်းစား သုံးရပ်ရှိတယ်။ ပြည်တွင်းနေ၊ ပြည်ပနေ(အိမ်ပြန်ရ)၊ ပြည်ပနေ (အိမ်ပြန်မရ) ဆိုပြီး လူတန်းစား သုံးရပ်ရှိတယ်´

မိတ်ဆွေ ဘလော့ဂါတယောက် မှတ်ချက်ပေးခဲ့တဲ့ စကားတခု…။

`အဲဒီလို ကွဲပြားမှုနောက်ကွယ်မှာ အခြေအနေတွေ၊ ကန့်သတ်ချက်တွေ ဆိုတာ ရှိလာတယ်၊ ဒီတော့ အပြန်အလှန် နားလည်မှုက အရင်ထက် ပိုလိုအပ်လာပြီ´

ဆွေးနွေးရင်းနဲ့ အခြေအနေတခုကို ရင်လေးစွာ တွေ့ရှိခဲ့ကြဖူးပါတယ်။ ဒီလိုနဲ့ပဲ အသက်ဝင်လာတဲ့ စည်းက ရင်းနှီးနွေးထွေးမှုဆိုတဲ့ အရာကိုပါ တတိတတိနဲ့ စိမ့်ဝင်လာခဲ့ပြီလား…။ ကွဲပြားနေတဲ့ လူတန်းစား သုံးရပ်အကြားမှာ အေးတိအေးစက်၊ ဘာသိဘာသာ နေကြတာဟာ ပုံစံတခု ဖြစ်မှန်းမသိ ဖြစ်နေပြီလား။

***

ကျနော် ဆောင်းပါးတွေမှာ မကြာခဏဆိုသလို ရေးခဲ့မိဖူးတယ်။ `တသားတည်း ဖြစ်ချင်မှု´ ဆိုတဲ့ စကားပါ။ ကျနော်တို့ဟာ ပြည်သူတွေ၊ ဒီတော့ ကျနော်တို့နဲ့ ပြည်တွင်း၊ ပြည်ပက ဘလော့ဂါတွေနဲ့ တသီးတသန့်ကြီး ဖြစ်နေတယ် ဆိုတာမျိုး ကျနော် မဖြစ်ချင်ဆုံးပါပဲ။

ကျနော် ပို့စ်ပေါင်း ၂၀၀ ကျော် ရေးခဲ့ပါတယ်။ အစုစုအစုံစုံ၊ ရောထွေးသောင်းပြောင်းနေတဲ့ စာတွေ…။ ပြီးတော့ `နိုင်ငံရေး´ လို့ အများက သတ်မှတ်ကြတဲ့ နိုင်ငံ့အရေးနဲ့ ဆိုင်တဲ့ စာတချို့…။

ကျနော်တို့ နိုင်ငံအတွက်၊ ကျနော်တို့ ဖြစ်စေချင်တဲ့ စနစ်တခုအတွက်၊ ကျနော်တို့ ယုံကြည်တဲ့ အရာတခုအတွက် ရေးခဲ့မိတဲ့ စာတွေက ကျနော်တို့ကို တံဆိပ်တခု ကပ်နှိပ်ခြင်း ခံလိုက်ရပြီလား။

ကျနော့်ကိုယ်ကျနော် မှန်ထဲကို ပြန်ကြည့်မိတယ်။ ပိန်ညောင်ညောင်၊ ထောင့်မကျိုးတဲ့ မျက်နှာနဲ့ လူတယောက်…၊ ပေကပ်ကပ်ဟန်နဲ့ ကျနော့်ကို ပြန်ကြည့်နေတယ်။ အဲဒါ `နိုင်ငံရေးသမား´ တဲ့လား။ အဲဒီကောင်က ဘာတွေ လိုချင်နေလို့ ဒီစာတွေ ရေးနေတာလဲ။ အာဏာလား၊ ငွေလား၊ စည်းစိမ်လား။ လက်ရှိအနေအထားကနေ မြန်မာပြည်ကြီး ပြောင်းလဲသွားရင် အဲဒီကောင်အတွက် ပုဂ္ဂလိက အခွင့်အရေးတွေ ဘာတွေရလာနိုင်သလဲ။ လဲပေါင်းများစွာ၊ လားပေါင်းများစွာက ကျနော်နဲ့ ကျနော့်အကြားမှာ `နိုင်ငံရေး´ ဆိုတဲ့ စကားသံတွေနဲ့အတူ ရောထွေး ပဲ့တင်ထပ်လာတယ်။

လူတွေ၊ လူတွေ…၊ အဲဒီလူတွေက ကျနော်နဲ့ အတူတူပဲလား၊ မတူဘူးလား၊ သူတို့က သူတို့လား၊ ကျနော်တို့က ကျနော်တို့လား သူတို့နဲ့ ကျနော်တို့ အတူတူ မဟုတ်ဘူးလား။ အတူတူမဟုတ်တာက ပိုကောင်းလား။ အတူတူဖြစ်နေရင် ဘာတွေ ဖြစ်လာမလဲ။ အတူတူ မရှိချင်တာတော့ မဟုတ်လောက်ပါဘူး။ ဟုတ်မှာပါ။ သူတို့ အတူတူတော့ ရှိချင်မှာပါ။ စိတ်တွေက နောက်ကျိ ရှုပ်ထွေးသလိုလို ခံစားလာတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျသွားတာတော့ မဟုတ်ဘူး။ တခုခုကို မခံချင် ဖြစ်နေတာ။

***

`ကျနော်က တသီးတခြားကြီး ဖြစ်နေပြီလား´

ကျနော့်အပေါ် နားလည်မှု အရှိဆုံးလူဆီမှာ ဒီမေးခွန်းကို အငမ်းမရနဲ့ မေးလိုက်မိဖူးတယ်။ သူက…

`အခုထိတော့ မဖြစ်သေးပါဘူး´

တော်ပါသေးရဲ့… လို့ တွေးလိုက်မိတယ်။

`မြန်မာ ဘလော့ဂါတွေ အားလုံးရဲ့ တူညီတဲ့ ခံယူချက်တွေနဲ့ တူညီတဲ့ ပန်းတိုင်ကတော့ ရှိနေပါတယ်၊ အားလုံး ညီညီညာညာ လက်တွဲပြီး ရောက်သွားကြဖို့ မျှော်လင့်ပါတယ်´

မိတ်ဆွေ ဘလော့ဂါ တယောက်ရဲ့ မှတ်ချက်စကားကို ပြန်ဖတ်မိပြန်တယ်။ နောက်တော့ ဘလော့ဂ်တွေ ရှိရာကို တခုပြီး တခု လိုက်ဖတ်မိပြန်ရော…။ ဖတ်ရင်းနဲ့ပဲ အတွေးတခု ရသွားတယ်။ `ငါ ဘာလို့ သူတို့ ဘလော့ဂ်တွေကို လိုက်ဖတ်နေမိတာလဲ´။

…………………………………………
…………………………………………
…………………………………………

နောက်ဆုံးမှာတော့ အဖြေတခု ရသွားတယ်။ `မမြင်နိုင်တဲ့ စည်း´ ဆိုတာက ကျနော်တို့တွေရဲ့ `စိတ်´ တွေကိုတော့ စည်းမခြားနိုင်ဘူး။ သူတို့ ရေးနေတာတွေကို လိုလိုလားလား ဖတ်ချင်နေတဲ့ စိတ်ကို ဘယ်စည်းကမှ လာခြားလို့ မရဘူး။ ဒါဖြင့် သူတို့ကရော ကျနော်တို့ ရေးနေတာတွေကို ဖတ်ချင်စိတ် ရှိမှာလား…။ လာဖတ်ကြလား…။

ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့ `စိတ်´ တွေတော့ `စည်း´ မခြားလောက်သေးပါဘူး…။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မခြားလောက်သေးတာ မဟုတ်ဘူး။ ဘယ်တော့မှ မခြားတာ။


ကလိုစေးထူး

Wednesday, September 19, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၀)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်တွင်း တရားစီရင်ရေး

(ပထမပိုင်း)

ပြစ်မှုကျူးလွန်သူတဦးကို ပြစ်ဒဏ်ပေးရာမှာ အယူအဆနှစ်မျိုးကို အခြေခံတယ်လို့ တရားဥပဒေမှာ ဖွင့်ဆိုထားပါတယ်။

ပထမ အယူအဆကတော့ ကျူးလွန်တဲ့ ပြစ်မှုနဲ့ ညီမျှတဲ့ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အယူအဆ Retributive View of Punishment ဖြစ်ပါတယ်။ အဲဒီ အယူအဆက `မျက်လုံးအတွက် မျက်လုံး၊ သွားအတွက် သွား´ ဆိုတဲ့ သူတပါးကို နစ်နာ ဆုံးရှုံးစေခဲ့တဲ့အတိုင်း ကျူးလွန်သူက ပြန် အလျော်ပေးရတဲ့ သဘော၊ ပြစ်ဒဏ်ခံယူရတဲ့ သဘော ဖြစ်ပါတယ်။

ဒုတိယ အယူအဆကတော့ အကျိုးဖြစ်ထွန်းမှုဆိုင်ရာ ပြစ်ဒဏ်ခတ်ခြင်း အယူအဆ Utilitarian View of Punishment ဖြစ်ပါတယ်။ အဲဒီအယူအဆက ပြစ်မှုကျူးလွန်သူရဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးဖို့နဲ့ အခြားသူတွေ အလားတူ အဖြစ်မျိုး မကျူးလွန်အောင် ဟန့်တားဖို့ ဆိုတဲ့ အချက်တွေကိုပါ ထည့်သွင်း စဉ်းစားပြီး ပြစ်ဒဏ်ပေးတဲ့ အယူအဆ ဖြစ်ပါတယ်။ အဲဒီ ဒုတိယ အယူအဆဟာ လူတွေကို တန်ဘိုးထားပြီး အမျှော်အမြင် ရှိရှိနဲ့ ရေရှည်မှာ ရာဇ၀တ်မှုတွေ လျော့ပါးပျောက်ကွယ်သွားအောင် ဆိုတဲ့ ရည်ရွယ်ချက်ကို အခြေခံထားတာပါ။

န၀တခေတ် အကျဉ်းထောင်ထဲမှာတော့ အကျဉ်းသားတဦး ပြစ်မှုကျူးလွန်လို့ အပြစ်ဒဏ်ပေးတဲ့အခါ ဖော်ပြခဲ့တဲ့ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ဘယ် အယူအဆမျိုးကို လိုက်နာပါသလဲ။

တခါတုန်းက အင်းစိန်ထောင် အမှတ်(၄) အဆောင်မှာ ရာဇ၀တ် အကျဉ်းသားတဦး ဖြစ်သူ `ကရင်လေး´ သံချွန်ဖွက်ထားတယ်လို့ တခြား အကျဉ်းသားတယောက်က သတင်းပို့တာနဲ့ ထောင်အာဏာပိုင်တွေက ကရင်လေးကို သံချွန် ရှိမရှိ စစ်ဆေးပါတယ်။

သံချွန် ဆိုတာက ထောင်ထဲမှာ ရန်ဖြစ်တဲ့အခါ၊ လူသတ်တဲ့အခါ သုံးတဲ့လက်နက်ပါ။ များသောအားဖြင့် လုံးပတ်လက်မ၊ ဒါမှမဟုတ် လက်မ သာသာ၊ အရှည် တပေလောက် ရှိပြီး အဖျားကို ချွန်ထက်နေအောင် သွေးထားတဲ့ သံချောင်း ဖြစ်ပါတယ်။ ပြောခဲ့တဲ့ သံချွန်ကိစ္စ စစ်ဆေးပုံကတော့ အခုလို ဖြစ်ပါတယ်။

ထောင်အာဏာပိုင်တွေက ကရင်လေး သံချွန်ဖွက်ထားလား၊ မဖွက်ထားလား အမှု ထင်ရှားအောင် အချက်အလက်တွေကို စ မစစ်ဆေးပါဘူး။ `သံချွန် ဘယ်မှာ ဖွက်ထားလဲ´ ဆိုပြီး သံချွန်ဖွက်ထားတဲ့ နေရာ တန်း ပြခိုင်းတာပါ။ ကရင်လေးက `သူ့မှာ သံချွန် မရှိပါဘူး´ လို့ ပြောတော့ ရိုက်ပါတယ်။ ရိုက်တာကလည်း အချက်ပေါင်းများစွာ တကိုယ်လုံး သွေးချင်းချင်းနီအောင် ရက်ရက်စက်စက် ရိုက်တာပါ။ ဒါနဲ့ ကရင်လေးက `သံချွန် ဖွက်ထားတဲ့ နေရာ ပြပါတော့မယ်´ ဆိုပြီး လိုက်ပြပါတယ်။ ဒါပေမယ့် အဲဒီနေရာရောက်တော့ သံချွန် မရှိပါဘူး။ ဒီတော့ တခါ ရက်ရက်စက်စက် ရိုက်ပြန်ပါရော။ ကရင်လေးက `တကယ်က သူ့မှာ သံချွန်မရှိပါဘူး။ ရိုက်တာ မခံနိုင်လွန်းလို့ ရှိတယ်လို့ လိမ်ပြောရတာပါ´ လို့ ငိုယိုပြီး ပြောပြပါတယ်။ ထောင်အာဏာပိုင်တွေက လက်မခံဘဲ သံချွန်ပဲ ဇွတ်အတင်း အပြခိုင်းပါတယ်။ ကရင်လေးလည်း ဒဏ်မခံနိုင်တဲ့အဆုံး ဘယ်နေရာမှာ ဖွက်ထားတယ်ဆိုတာ ပြောပြန်ပါတယ်။ သွားရှာကြည့်တော့ အဲဒီနေရာမှာ သံချွန် မတွေ့ရပြန်ပါဘူး။

နောက်ဆုံးတော့ အရိုက်ခံရလို့ ကရင်လေး သတိလစ် မေ့မျောသွားတော့မှပဲ စစ်တာဆေးတာ ရပ်လိုက်ပြီး `ကရင်လေးမှာ သံချွန် တကယ်မရှိဘူး´ လို့ ထောင်အာဏာပိုင်တွေ အတည်ပြု ဆုံးဖြတ်လိုက်ပါတော့တယ်။ ထောင်တွင်း တရားစီရင်ပုံက အဲဒီလိုမျိုး။ အမှန်တကယ်လည်း ကရင်လေးမှာ သံချွန် မရှိပါဘူး။ ထောင်အာဏာပိုင်တွေနဲ့ ရင်းနှီးပြီး ကရင်လေးနဲ့ မတည့်တဲ့ အခြား အကျဉ်းသားတဦးက ထောင်အာဏာပိုင်တွေကို သွားပြီး လုပ်ကြံ တိုင်တန်းလိုက်တာပါ။ ဒါကို နောက်ပိုင်းတော့ ထောင်အာဏာပိုင်တွေ သိသွားကြပါတယ်။ အဲဒီလို လုပ်ကြံ သွားတိုင်တာမျိုးကို ထောင်ထဲမှာ `ချွန်တယ်´ လို့ ခေါ်ကြပါတယ်။ ထောင်တွင်း တရားစီရင်ရေး အမှားအယွင်းတွေကြောင့် ကရင်လေးလို တဖက်သတ် အချွန်ခံလိုက်ရလို့ နစ်နာသွားရတဲ့ ဖြစ်ရပ်မျိုးတွေ၊ တချို့ဆိုရင် အသက်တောင် ဆုံးရှုံးသွားရတဲ့ အဖြစ်မျိုးတွေ ထောင်ထဲမှာ တပုံကြီးပါပဲ။

ထောင်ထဲမှာ ရာဇ၀တ် အကျဉ်းသားတွေကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါတယ်။

တမျိုးက ထောင်အာဏာပိုင်တွေက ထောင်အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ပေး ခန့်အပ်ထားတဲ့ ရာဇ၀တ် အကျဉ်းသားတွေပါ။ သူတို့ကို `အကျဉ်းသား အရာရှိ´ လို့ ထောင်ထဲမှာ ခေါ်ကြပါတယ်။ များသောအားဖြင့် ထောင်ထဲမှာ ၀င်လိုက်ထွက်လိုက်နဲ့ ထောင်ခဏခဏ ကျနေတဲ့၊ `လူဆိုးအလုပ်´ နဲ့ အသက်မွေး ၀မ်းကျောင်းနေတဲ့ လူဆိုးတွေပါ။ နောက်တမျိုးက အအုပ်ချုပ်ခံ ရိုးရိုး ရာဇ၀တ် အကျဉ်းသားတွေ ဖြစ်ပါတယ်။

ထောင်ထဲမှာ အုပ်ချုပ်ပုံ အုပ်ချုပ်နည်းက ထောင်ဥပဒေ၊ စည်းကမ်းတွေက စာအုပ်ထဲမှာပဲ ရှိပြီး အုပ်ချုပ်သူတွေရဲ့ `စိတ်သဘောထား´ ကသာ အဓိက ကျနေပါတယ်။ သူတို့ စိတ်ထားက ဥပဒေ၊ စည်းကမ်း ဖြစ်နေပါတယ်။ သူတို့ စိတ်ကောင်းဝင်တဲ့အခါ ဥပဒေတွေ၊ ဘာတွေ ဘေးချိတ်ထားပြီး သူတို့ မကြည်သာတဲ့ အချိန်မှာတော့ နဂိုမူလ ဥပဒေတွေအပြင် အကျဉ်းသားတွေ အသက်ရှူပေါက် မရှိတော့လောက်အောင် ဥပဒေအသစ်တွေ ထပ် ထုတ်ပါတော့တယ်။ သူတို့ လက်သုံး စကားတခွန်း ရှိပါတယ်။ အကျဉ်းသားတဦး အိပ်ပျော်နေရင်တောင် ထောင်ဥပဒေ (၁၀)ချက် ချိုးဖောက်တယ်တဲ့။ ဆိုလိုတာက ဘယ် အကျဉ်းသားကို မဆို လိုအပ်ရင် ထောင်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး စွဲချက်တင်နိုင်တယ် ဆိုတဲ့ သဘောပါ။

ထောင်ထဲမှာ ရာဇ၀တ်အကျဉ်းသားတွေရဲ့ လက်သုံးစကား တခွန်းလည်း ရှိပါတယ်။ `ထောင်ထဲမှာ ပိုက်ဆံ ရှိရင်ရှိ၊ မရှိရင် ကျောရှိ´ ဆိုတဲ့ စကားပါ။ အဓိပ္ပာယ်က `ထောင်ထဲမှာ အာဏာပိုင်တွေ၊ အကျဉ်းသား အရာရှိလို့ ခေါ်တဲ့ ထောင်လူဆိုးတွေကို လာဘ်ထိုးဖို့ ပိုက်ဆံရှိရမယ်။ ဒါမှ ထောင်ထဲမှာ အနေချောင်မယ်။ တကယ်လို့ ပိုက်ဆံ မရှိရင် သတ္တိရှိရမယ်။ သဘောက အရိုက်နှက် အညှဉ်းဆဲ ခံနိုင်ရမယ်။ ဒါမှ ထောင်ထဲမှာ နေနိုင်မယ် လို့ ဆိုလိုတာပါ။

ထောင်ထုံးစံအရ အကျဉ်းသားတဦးက ဒီ့ပြင် အကျဉ်းသားတဦးကို ရိုက်ရင်၊ သတ်ရင် ထောင်ထဲမှာ ထောင်အာဏာပိုင်တွေက အဲဒီ အကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ပြစ်ဒဏ် ပေးပါတယ်။ အဲဒီလို ရိုက်နှက်၊ တိုက်ပိတ် ပြစ်ဒဏ်ပေးတာ ခံရပြီး ပြန်ထွက်လာတဲ့အခါ အဲဒီ အကျဉ်းသားကို တခြား အကျဉ်းသားတွေက ၀ိုင်းပြီး ကြောက်ကြ၊ အရိုအသေပေးကြတာ ထောင်ထုံးစံပါပဲ။ အဲဒီအပြင် ထောင်အာဏာပိုင်တွေကလည်း အဲဒီ အကျဉ်းသားမျိုးကို ထောင်အုပ်ချုပ်ရေးပိုင်းမှာ နေရာပေး ခန့်ထားလိုက်ပါတယ်။ ထောင်အုပ်ချုပ်ရေးပိုင်း ရောက်သွားရင် အဲဒီ အကျဉ်းသားအဖို့ စားစရာ သောက်စရာ မပူရတော့ပါဘူး။ ဒါ့အပြင် သူ့ကို တခြားလူတွေကလည်း မစော်ကားရဲ မထိပါးရဲပါဘူး။

ဒါကြောင့်ပဲ တချို့ အကျဉ်းသားတွေဟာ ရိုးရိုးအကျဉ်းသားဘ၀မှာ ဟိုလူကရိုက်သွားလိုက်၊ ဒီလူက ရိုက်သွားလိုက် လုပ်နေတာကို ခံနေရတဲ့ ဘ၀၊ အနေဆင်းရဲ အစားဆင်းရဲတဲ့ဘ၀၊ ထောင်စကား `သာတီးဒီ´ ဘ၀၊ `အချဉ်ဘ၀´ က လွတ်မြောက်ချင်ရင်၊ ထောင်အာဏာပိုင်တွေကို လာဘ်ထိုးဖို့ ပိုက်ဆံလည်း မရှိဘူးဆိုရင်၊ `လူရိုက် လူသတ် ဆိုတဲ့ နည်းကိုသုံး´ လို့ ထောင်ထဲမှာ ရာဇ၀တ် အကျဉ်းသားတွေ ပြောကြတာပါ။ အဲဒီနည်းကို `ကျောရင်းတဲ့နည်း´ လို့ ခေါ်ပါတယ်။

အဲဒီလို ကျောရင်းတဲ့နည်းဟာ ထောင်ထဲမှာ လက်တွေ့ကျင့်သုံးရင် တကယ် အကျိုးရှိတဲ့ နည်း ဖြစ်လာပါတယ်။ အဲဒီလို ထောင်အာဏာပိုင်တွေရဲ့ အကျဉ်းထောင် အုပ်ချုပ်ပုံ နည်းစနစ်တွေ၊ သဘောထားတွေကြောင့် ဖော်ပြခဲ့သလို ၀မ်းနည်းစရာ အဖြစ်အပျက်တွေ၊ လူသတ်မှုတွေ ထောင်ထဲမှာ ဒလစပ် ဖြစ်လာနေတာပါ။



ဆက်ရန်…

Tuesday, September 18, 2007

အတွေးစများ(၂)...

ဒီနေ့မနက် အိပ်ရာက နိုးတာနဲ့ ကြားလိုက်ရတဲ့ သတင်းကတော့ မြန်မာပြည်မှာ သံဃာတော်တွေက အာဏာပိုင်တွေကို စီတန်းလှည့်လှည် ဆန္ဒပြကြတဲ့ သတင်းပါ။ တည်ငြိမ်တဲ့ သွင်ပြင်နဲ့ စီတန်းလှည့်လည်ကြတဲ့ သံဃာတော်တွေရဲ့ ပုံရိပ်တွေဟာ ငြိမ်းချမ်းခြင်းရဲ့ လက္ခဏာ အသွင်ဆောင်နေပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာ သံဃာတော်တွေကို အကြမ်းဖက် ဖြိုခွင်းတယ်လို့ သိရတော့ တော်တော်လေး စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ဆရာတော် သံဃာတော်တွေ ဘေးရန်ကင်းရှင်းစွာနဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ အဝေးကနေ ဦးခိုက် ဆုတောင်းလိုက်ပါတယ်။

ညနေ အလုပ်က ပြန်ရောက်လာတော့ ကျနော့် ဘလော့ဂ်မှာ ရေးထားကြတဲ့ ကွန်မန့်တွေထဲက ကိုနေမိုးရဲ့ ကွန်မန့်ကို ဖတ်ရင်း အတွေးစတွေ ချဲ့မိပါတယ်။ တွေးမိတာကတော့ တခြားတော့ မဟုတ်ပါဘူး။ `ကြမ်းကြုတ် ရိုင်းစိုင်းနေသောသူများ´ ဆိုတဲ့ စကားရပ်ကို တွေးနေမိတာပါ။

လူတယောက်က လူတယောက်ကို ကြမ်းကြုတ်နိုင်တာ၊ ရိုင်းစိုင်းနိုင်တာဟာ ဘယ်လို အကြောင်းခြင်းရာ၊ ဘယ်လို တွန်းပို့အားတွေကြောင့်ပါလဲ။ အဲဒီ ကြမ်းကြုတ်ရိုင်းစိုင်းနေကြတဲ့ လူတွေဆီမှာ ကြင်နာတတ်တဲ့ အသည်းနှလုံးက တစိုးတစိမှတောင် မရှိတော့ဘူးလား။ အဲဒီလို စိတ်နဲ့ပဲ သူတို့ရဲ့ ချစ်သူတွေ၊ ဇနီးသားသမီးတွေ၊ မိဘဆွေမျိုး မောင်နှမတွေကို ဆက်ဆံလေ့ရှိလား။ သူတို့ မိဘဆွေမျိုး၊ ချစ်သူခင်သူတွေကို တခြားသောသူတွေက ကြမ်းကြုတ်ရိုင်းစိုင်းလာရင်ရော သူတို့ ဘယ်လို ခံစားမလဲ။

`လုပ်ပိုင်ခွင့်´ ဆိုတဲ့ သတ်မှတ်ပေးမှုဟာလည်း လက်ရှိမြန်မာပြည်မှာ လူတွေကို သွေးခွဲ အရောင်ဆိုးပေးနေတယ်လို့ မြင်မိပါတယ်။ `ငါက ဘယ်က၊ ဘာအဆင့်၊ ဘာရာထူး´ အစရှိတာတွေ `ငါ့မှာ ဒီလို လုပ်ခွင့်ရှိတယ်၊ ဒီလို လုပ်လိုက်လို့ ငါ့ကို ဘယ်သူကမှ မတုံ့ပြန်ရဲဘူး´ ဆိုတဲ့ အတွေးတွေဟာ `လုပ်ပိုင်ခွင့်´ အနည်းအများပေါ်ကို အခြေခံလို့ ဖြစ်ပေါ်လာရင်းနဲ့ အခုတော့ ခေတ်သစ်ဟင်္သာကိုးသောင်း ဇာတ်ကို ပြန်ကြည့်နေရသလို ဖြစ်လာပါပြီ။

အရပ်ထဲမှာ `ချောင်းရိုက်တယ်´ ဆိုတဲ့ အဖြစ်အပျက်တွေကို မကြာခဏ ကြားဖူးကြမှာပါ။ တကယ်တော့ ချောင်းရိုက်တယ် ဆိုတာက သေသေချာချာ ပြန်စဉ်းစားရင် ပေါ်ပေါ်ထင်ထင် မရင်ဆိုင်ဝံ့လို့၊ လူကြီးလူကောင်း ဆန်ဆန် မဖြေရှင်းဝံ့လို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းပါပဲ။ ကျနော်တို့ ဘလော့ဂ် လောကမှာလည်း ချောင်းရိုက်တာတွေက တဖြည်းဖြည်းနဲ့ များလာတာကို တွေ့နေရတာဟာ စိတ်မသက်သာစရာကြီးပါ။ ကွန်မန့်တွေကတဆင့် ချောင်းရိုက်၊ စီဘောက်စ်တွေကတဆင့် ချောင်းရိုက်နဲ့ …။

ဂျာနယ်တစောင်ထဲမှာ စာသားတပိုဒ်ကို ဖတ်လိုက်မိပါတယ်။ အဲဒါကတော့…

`အမြင်မတူတာတွေကို လိုက်ရှင်းနေရင်လည်း အလုပ်ဖြစ်မှာမဟုတ်ဘူး။ ပရိသတ်ကပဲ ဆုံးဖြတ်လိမ့်မယ်´ …တဲ့။

ခက်တာက ပရိသတ်က မကြိုက်တာ သိသိကြီးနဲ့လည်း မကြိုက်ဘူးဆိုတာကို လက်မခံတဲ့ ကိစ္စပါ။

ဘလော့ဂါအသစ်ကလေး ကိုလူသစ် (အမှန်ကတော့ ၀ါရင့်ဖိုရမ်မာကြီးပါ) ရဲ့ ဘလော့ဂ်က ဒီဆောင်းပါး ကို ဖတ်ပြီးတော့ စိတ်ထဲမှာ အတော်လေးကို အားတက်သွားသလို ခံစားလိုက်ရပါတယ်။ အဲဒီဆောင်းပါးကို ဖတ်ပြီးတော့ အခုတလော ရေပန်းစားနေတဲ့ စကား `မီဒီယာကို မီဒီယာနဲ့ တိုက်ရမယ်´ ဆိုတာနဲ့ လက်ရှိ တိုက်နေကြတဲ့ ပုံစံကို ယှဉ်တွေးပြီးတော့ တခုခုကို သဘောတကျနဲ့ ပြုံးမိပါတယ်။ အင်း…၊ ဒါလဲ ချောင်းရိုက်ခြင်း တမျိုးပဲ ထင်ပါရဲ့။

တွေးရင်းနဲ့ မောသလိုလို ဖြစ်လာတော့ စိတ်ပြေလက်ပျောက် သဘောနဲ့ သီချင်းနားထောင်မိပါတယ်။

`ငါပြောမယ့် စကားတွေကို နည်းနည်းလေးတော့ နားထောင်ကွယ် ~~~ မော်ဒန်တွေ ကာရန်တွေနဲ့ ငါမပြောတတ်တော့ သိပ်ခက်တယ် ~~~ နင်လိုတဲ့ အဆောင်အယောင်တွေလည်း ငါမပေးနိုင်တော့ စိတ်ညစ်တယ် ~~~ ငါမင်းကို ပေးနိုင်တာ အချစ်တခုပဲ ချမ်းသာပါတယ်

…………………………….
………………………………….
………………………………………

`နားလည်ပါ ကိုယ့်ဘ၀ကို သေချာစဉ်းစား နားလည်ပါ ~~~ ငွေကြေးရဲ့ နောက်ကွယ်မှာ ဆိုးကျိုးတွေက အများကြီးပါ ~~~ အချိန်မလွန်ခင် ပြင်ဆင်နိုင်ဖို့ ငါမင်းကို ပြောချင်တာ ~~~ အခုအချိန်မှာ မင်းဘ၀အတွက် အကောင်းဆုံးက င့ါအချစ်ပါ´

မိန်းကလေးတယောက်က သူ့ကို မချစ်တာနဲ့ဘဲ ငွေမက်နေသလိုလို၊ သူ့ဆီမှာကျတော့လည်း ဘာမဆို ဘာမှမရှိ၊ ရှိတဲ့လူကို ကောင်မလေးက ရွေးလိုက်ရင်လည်း အခုပဲ ဘ၀ပျက်တော့မလိုလို သီချင်းစာသားတွေကို နားထောင်ရတော့ ရယ်ရမလိုလို၊ ပြုံးရမလိုလို…။

သီချင်းနားထောင်လိုက်၊ စဉ်းစားလိုက် စိတ်ထဲပေါ်လာတာ ချရေးလိုက်နဲ့ နာရီကို ကြည့်လိုက်တော့ အိပ်ချိန်ကို ရောက်လုပြီ။ အိပ်မှပါပဲ…။ မနက်ကျရင် အလုပ်သွားခါနီး သတင်းတွေ ဖတ်ရအုံးမယ်။ ရေးပြီးတာတွေကို ပြန်ဖတ်ကြည့်တော့ အတွေးစတွေက တပြန့်တကျဲ…။

ကလိုစေးထူး

Monday, September 17, 2007

ကောက်သင်း...

အားလုံး သိကြတဲ့ အတိုင်းပါပဲ။ ကျနော်တို့ နိုင်ငံမှာ စစ်တပ်နဲ့ရဲ ဆိုတာက လူတော်တော်များများရဲ့ မေတ္တာထားခြင်း အတော်လေး ခံရပါတယ်။ မေတ္တာပရပွနဲ့ အရပ်စကားများတောင် တွင်ခဲ့ပါသေးတယ်။ `စစ်ဆိုရင် ရေတောင် စစ်မသောက်ဘူး´ `ရဲကျင့်ရဲကြံ မကြံနဲ့´ အစရှိတဲ့ စကားတွေဟာ အဲဒီအဖွဲ့တွေအပေါ် လူထုက ထားတဲ့ သဘောထား အစစ်အမှန်တွေက တဆင့် မြစ်ဖျားခံလာတဲ့ စကားတွေပါ။

တကယ်ဆိုရင် စစ်တပ်တို့၊ ရဲတို့ ဆိုတာက တိုင်းပြည်ကို ကာကွယ်ဖို့၊ လူဆိုးတွေကို နှိမ်နင်းဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီးတော့ အဲဒီ အဖွဲ့အစည်းတွေထဲမှာ ပါဝင်နေကြသူတွေဟာလည်း ပြည်သူ့ရင်သွေးတွေပဲ မဟုတ်ပါလား။ ဒါပေမယ့် အဲဒီ အဖွဲ့အစည်းတွေကိုပဲ လူတွေက အမြင်မကြည်မလင် ဖြစ်နေရတာ ဘာကြောင့်ပါလဲ။

***

ကျနော် အဝေးသင်တက္ကသိုလ် စာမေးပွဲတွေ ဖြေခဲ့ရစဉ်မှာတုန်းက အလွှာစုံ၊ လူစုံက သူငယ်ချင်းတွေနဲ့ အသိအကျွမ်း ဖြစ်ခဲ့ရပါတယ်။ အဝေးသင် ဆိုတာမျိုးက အလုပ်တဖက်နဲ့ ဘွဲ့ရဖို့ ကြိုးစားနေကြသူတို့ရဲ့ အားထားရာ ဆိုတော့လည်း ကျောင်းဆရာ၊ စစ်သား၊ ရဲ၊ ၀န်ထမ်း၊ အရပ်သား စသဖြင့် လူအတော်စုံပါတယ်။

ဌာနစုံက လူစုံနဲ့ ခင်မင်မိတော့ သူတို့ရဲ့ လုပ်ငန်းခွင့် အတွေ့အကြုံ၊ အဲဒီအလုပ်နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ခံစားချက်တွေကို သိလာရပါတယ်။ ဒီလိုနဲ့…။

***

ကိုအောင်မြင့်…။

သူနဲ့ သိကျွမ်းခွင့်ရခဲ့တာကတော့ ကျနော် ဒုတိယနှစ် အဝေးသင် သွားရောက် ဖြေဆိုတုန်းကပါ။ ကျနော်တို့ထက် သုံးလေးနှစ်ခန့် အသက်ကြီးပုံရတဲ့ အဲဒီ အကိုကြီးဟာ ရဲတပ်သား တယောက်ဖြစ်ပြီးတော့ ဒုရဲအုပ်သင်တန်း တက်ရောက်ခွင့်ရဖို့ ဘွဲ့တခု ရရှိရေး ကြိုးစားနေတာပါ။

သူ့ကို `ရဲ´ တယောက်အဖြစ် သိထားကြတော့ ကျနော်တို့ စိတ်ထဲမှာ တခုခုလိုလို ခံစားချက်တမျိုး ၀င်နေကြပြီးတော့ တခြားသော သူငယ်ချင်းတွေလို သိပ်ဟက်ဟက်ပက်ပက် မရှိလှပါဘူး။ နောက်တော့မှ တဖြည်းဖြည်းနဲ့ ရင်းနှီးသွားတော့ သူ့စိတ်ရင်းကို သိလာရပါတယ်။ အဲဒီအပြင် သူ့ရဲ့ အလုပ်အပေါ် သူ ခံစားနေရတဲ့ ခံစားချက်ကိုပါ သိလာရပါတယ်။

သူက…

`မြန်မာပြည်မှာ ငါတို့ ရဲတပ်ဖွဲ့ဆိုတာက ဘာနဲ့ တူနေလဲ ဆိုတော့ အနံ့အသက်တွေ ဆိုးဝါးပြီးတော့ ထရံအကာက တိုးယိုပေါက်၊ ယင်တွေက တလောင်းလောင်းနဲ့ မစင်တွင်းပြည့်လျှံနေတဲ့ အိမ်သာပျက်ကြီး တလုံးနဲ့ တူတယ်´

သူ အဲဒီစကားကို စ ပြောလိုက်တုန်းကတော့ အားလုံးက အံ့အားတသင့်ပေါ့…။ သူက ဆက်ပြီး…

`စဉ်းစားကြည့်လေ၊ အဲဒီ အိမ်သာပျက်ကြီးနားက ဖြတ်သွားသမျှ လူတွေက တံတွေးတပျစ်ပျစ်၊ နှာခေါင်း တရှုံ့ရှုံ့ပေါ့ကွာ။ အဲဒီလိုနဲ့ တခါမှာတော့ ဝေဒနာကို မလွယ်နိုင်တော့တဲ့ လူတယောက်ဟာ အဲဒီ အိမ်သာပျက်နားကို ရောက်လာပါလေရော ဆိုပါတော့ကွာ၊ အနီးအနားမှာ တခြား အိမ်သာကောင်းလဲ မရှိ၊ ဝေဒနာကလည်း မအောင့်မအီးနိုင်လောက်အောင် ဆိုးနေပြီဆိုတော့ ဒီအိမ်သာပျက်ကြီးမှာပဲ ကိစ္စပြီးရတာပေါ့။ သူ့ကိစ္စ၊ ၀ိစ္စတွေပြီးလို့ ဝေဒနာလဲ သက်သာရော စောစောက သူတက်သွားတဲ့ အိမ်သာကို ပြန်ကြည့်ပြီး `ထွီ၊ နံလိုက်တဲ့ အိမ်သာ၊ ဘယ်သူမှ ဒါကို မပြင်တော့ဘူးလား မသိဘူး´ လို့ ပြောပြီး ပြန်လှည့်ထွက်သွားပါလေရော။ အဲဒါဟာ ငါတို့ ရဲတွေနဲ့ ပြည်သူတွေကြားထဲက လက်ရှိ အခြေအနေပဲကွ´

***

တခါတလေကျတော့ ဘာမှ သုံးမရတဲ့ ကျောက်ဖြုံးပုံထဲမှာ အဖိုးတန် ကျောက်မျက်ရတနာ တလုံးတလေ ပါကောင်း ပါတတ်လေမလား…။ ဒါပေမယ့် အဲဒီ ကျောက်မျက် ရတနာကို ဘယ်ပုံဘယ်နည်း ရှာဖွေ ကောက်သင်းကောက်ရပါ့။


ကလိုစေးထူး

Friday, September 14, 2007

တနှစ်ပြည့်မြောက်ခဲ့ပြီ…

ဒီနေ့…။

ကျနော့်ဘလော့ဂ်လေးရဲ့ သက်တမ်း တနှစ်ပြည့်ခဲ့ပါပြီ။ ခံစားချက်လေးတွေ ရင်ဖွင့်လိုက်၊ ရသလေးတွေ ရေးခြစ်လိုက်၊ ယုံကြည်ချက်တွေ ချခင်းပြလိုက်နဲ့ ပို့စ်ပေါင်း ၂၀၀ ကျော်ကိုလည်း ရေးဖြစ်ခဲ့ပါတယ်။ ပျော်ရွှင်ရင်း၊ ငြင်းခုန်ရင်း၊ ၀မ်းနည်းရင်းနဲ့ပေါ့။

မနှစ်က ဒီအချိန် မတိုင်ခင်တုန်းကတော့ ကျနော့် အချိန်တွေ တော်တော်များများက Chatting နဲ့ပဲ ကုန်လွန်ခဲ့တာ များပါတယ်။ ဟိုးအရင်ကတော့ စာစောင်တချို့တလေမှာ ဟိုရေး၊ ဒီခြစ် အတန်အသင့် လုပ်ခဲ့ဖူးပေမယ့် Chatting ၀င်ဖြစ်ခဲ့တဲ့ ကာလတွေ အတွင်းမှာတော့ ဘာမှကို မရေးဖြစ်ခဲ့ပါဘူး။

ဘလော့ဂ် မရေးခင်က Zanga ဆိုတာကို ကျနော် လုပ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ဘလော့ဂ် ရေးပြီးနောက်ပိုင်းမှာတော့ ဘလော့ဂ်ရဲ့ ဆွဲဆောင်မှုက Zanga ထက် ကျနော့်အပေါ် သာလွန်ခဲ့ပါတယ်။

ကျနော် ဘလော့ဂ် တခု စရေးဖြစ်ဖို့ အဓိက အကျဆုံး ကူညီပေးခဲ့သူကတော့ ငွေလမင်း ဆိုတဲ့ ကောင်မလေးပါ။ ကျနော့်ထက် အသက် ၁၁ နှစ်လောက် ငယ်သော်လည်း နင်နဲ့ငါနဲ့သာ အမြဲပြောသူ၊ အဆူအဆဲထူထဲသူ၊ ပျော်ပျော်နေတတ်သူ၊ စိတ်ရင်းကောင်းသူ အဲဒီကောင်မလေးဟာ ကျနော့်ကို အတော်လေး နားလည်မှု ရှိပါတယ်။ ကျနော်က ဘလော့ဂ်သာ ရေးချင်တယ်၊ နည်းပညာနဲ့ ပတ်သက်ပြီး ဘာမှ နားမလည်၊ မသိတဲ့လူ ဆိုတော့ သူကပဲ ကျနော့်ဘလော့ဂ်ကို မြန်မာလို တင်နိုင်တဲ့ အထိ အကောင်အထည်ဖော်ပေးခဲ့ပါတယ်။

ဘလော့ဂ် စရေးခါစကဆိုရင် ပို့စ်တောင် ကိုယ့်ဘာသာကိုယ် မတင်တတ်ပါဘူး။ သုံးလေးခုလောက်အထိ ငွေလမင်းကပဲ တင်ပေးခဲ့ရပါတယ်။ ရေးခါစမို့လို့လားမသိ၊ ကျနော့်အကြောင်းတချို့လဲ ရေးပြီးရော ဘာဆက်ရေးရမှန်း မသိ ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ ရေးပါများရင်းနဲ့ တစတစနဲ့ ဘလော့ဂ်ရေးရတဲ့ အရသာကို ကောင်းကောင်း ခံစားတတ်သွားပါတယ်။

ကျနော့် ဘလော့ဂ်ကို ပုံမှန် အသက်သွင်းပေးဖို့ တစိုက်မတ်မတ် အားပေးခဲ့သူ၊ ကျနော့် စိတ်ဓာတ်တွေ လဲပြိုကျလုမတတ် အချိန်တွေမှာ နားလည်မှု အပြည့်နဲ့ ကျနော့်ဘက်က ရပ်ခဲ့သူ၊ ခက်ထန်တဲ့ ကျနော့်စိတ်တွေကို ထိန်းမတ်ပေးခဲ့သူကတော့ မမေဓာဝီပါပဲ။ ဒါပေမယ့် ဒီနေ့ ကျနော့် ဘလော့ဂ် တနှစ်ပြည့်မှာ မမေက ဘလော့ဂ် မရေးဘဲ ရပ်နားနေရတာကို တော်တော် ၀မ်းနည်းပါတယ်။ မမေနဲ့ ကျနော် အပြန်အလှန် အားပေးကူညီရင်း၊ တယောက်ရေးတဲ့ စာကို တယောက်က ကူပံ့အားပေးရင်း တက်ညီလက်ညီ ဘလော့ဂ်ရေးခဲ့ရတဲ့ အချိန်ကို အရမ်းသတိရမိသလို အဲဒီနေ့ ပြန်ရောက်ရမယ်လို့လည်း ယုံကြည်ထားပါတယ်။

ကျနော့်အတွက် အဓိကကျတဲ့ နောက်ထပ် အားဆေးကတော့ ကျနော့်ဆီကို လာလည်ပြီး ကျနော့်စာတွေကို အရေးတယူလုပ် ဖတ်ရှုပေးကြတဲ့ ချစ်လှစွာသော မိတ်ဆွေများပါပဲ။ သူတို့ရဲ့ မှတ်ချက်စကားများ၊ ဝေဖန် ထောက်ပြချက်များဟာ ကျနော့်အတွက် အင်မတန် အကျိုးရှိခဲ့ပါတယ်။ ဒီအတွက် ဘယ်တော့မှ မမေ့နိုင်စွာ အမှတ်ရရနဲ့ ကျေးဇူးတင်ရှိပါတယ်။

***

သင် ဘလော့ဂ် ဘာကြောင့် ရေးရပါသလဲ… တဲ့။

ဒီအကြောင်းက မြန်မာ ဘလော့ဂါတွေ အတော်များများ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အကြောင်းပြချက်အမျိုးမျိုး၊ ရည်ရွယ်ချက် အစုံစုံနဲ့ ဘလော့ဂ်ရေးနေကြတဲ့ မိတ်ဆွေ ဘလော့ဂါတွေရဲ့ အတွေးတွေနဲ့ အတူ ကျနော် ဘလော့ဂ် ဘာကြောင့် ဘလော့ဂ် ရေးနေရသလဲဆိုတာ တင်ပြချင်ပါတယ်။

ဘလော့ဂ်ရေးရတာဟာ ကျနော့်အတွက် `စိတ်ထွက်ပေါက်´ ပါပဲ။ ကျနော် ပြောချင်တာ၊ ကျနော်ခံစားနေရတာ၊ ကျနော် ဖြစ်ချင်မိတာတွေကို ချခင်းပြစရာ ထွက်ပေါက်တခုပါပဲ။ ကျနော့် ဘလော့ဂ် စာမျက်နှာပေါ်ကနေ နေ့စဉ် ဖြစ်ပျက်နေတဲ့ ကျနော့် အတွေ့အကြုံက အစ၊ ကျနော့် ယုံကြည် ရပ်တည်ချက်တွေအထိ အဆုံး ဘယ်သူ့ တည်းဖြတ်မှုမှ မခံရဘဲ တင်ပြခွင့် ရပါတယ်။ ဒီအချက်တွေကြောင့် ကျနော် ဘလော့ဂ် ရေးပါတယ်။

ဘလော့ဂ်မှာ ပို့စ်တခုတင်လိုက်တဲ့ အခါ ကျနော်နဲ့ စိတ်တူကိုယ်တူတွေက ကျနော်ခံစားရသလို ခံစားပြီး သူတို့ရဲ့ အတွေးတွေကို မှတ်ချက်အဖြစ် ပေးလေ့ရှိသလို ကျနော်နဲ့ မတူညီသူတွေကလည်း သူတို့ အမြင်ကို ပြန်တုံ့ပြန်လေ့ရှိတာကလည်း ဘလော့ဂ်ရဲ့ ဆွဲဆောင်မှု တခုပါပဲ။ သာမန်အားဖြင့် စာစောင်၊ မဂ္ဂဇင်းတွေမှာ စာရေးတယ်ဆိုတာကတော့ ကိုယ့်စာကို ဘယ်သူက ကြိုက်လဲ၊ ဘယ်သူက မကြိုက်ဘူးလဲဆိုတာ ဘလော့ဂ်လောက် လျင်မြန်စွာ အလွယ်တကူ မသိနိုင်ပါဘူး။ ဒီအချက်မှာ ဘလော့ဂ်က သာလွန်ပါတယ်။ စာဖတ်သူ ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ခွင့် ရပါတယ်။

ဘလော့ဂ်ရေးရတဲ့ အတွက် စာလဲ ပိုဖတ်ဖြစ်လာပါတယ်။ ကိုယ်တင်ပြချင်တဲ့ အချက်အလက်ကို ကိုးကားချင်တာပဲဖြစ်ဖြစ်၊ တွေးမိတဲ့ အတွေးကို အထောက်အကူဖြစ်စေလိုတာပဲ ဖြစ်ဖြစ် စာတွေ ပိုဖတ်ရပါတော့တယ်။ နောက်ဆုံး…၊ ဘာစာအုပ်မှ မဖတ်ဖြစ်သည့် တိုင်အောင် တခြားသော မိတ်ဆွေ ဘလော့ဂါတွေရဲ့ အရေးအသား၊ တင်ပြချက်တွေကို ဖတ်မှတ်လေ့လာရင်း၊ နည်းနာယူရင်းနဲ့ စာတွေ ပိုဖတ်ဖြစ်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးပါပဲ။

ဘလော့ဂ်တွေကို လိုက်ဖတ်ရင်းနဲ့ သိပ်တော်တဲ့ လူတွေကို တွေ့လာရပါတယ်။ စိတ်ထား မွန်မြတ်တဲ့ လူတွေကိုလည်း တွေ့လာရပါတယ်။ အပြောင်းအလဲ တခုခုကို ပြင်းပြစွာ လိုလားတောင့်တနေတဲ့ လူငယ် အများအပြားကိုလည်း တွေ့လာရပါတယ်။ အဲဒီကြားထဲမှာပဲ… …………… ……………..။ အဲဒီလူတွေကိုလည်း တွေ့လာရပါတယ်။

တခါတရံမှာ ကိုယ်ရေးကိုယ်တာ ခံစားချက်အရပဲ ဖြစ်ဖြစ်၊ တခြားသော အကြောင်းအရာတွေကြောင့်ပဲ ဖြစ်ဖြစ် ဘလော့ဂ်လောကကို ကျောခိုင်းပစ်ချင်စိတ်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မိတ်ဆွေ သူငယ်ချင်းများရဲ့ နားလည်စွာ ဖေးမမှုတွေနဲ့ပဲ စိတ်ကူးတွေကို အသက်ဆက်ဖြစ်ရင်း ဆက်ရေးမိပြန်တာပါပဲ။ တချို့ကတော့ ဒါကို `ဘလော့ဂ်နာကျတယ်´ လို့ ချစ်စနိုး ကျီစယ် သတ်မှတ်ကြပါတယ်။

ဘလော့ဂ်ရေးတာနဲ့ ပတ်သက်ပြီး ကဗျာလေး တပုဒ် ကျနော် ခံစားရေးခဲ့ဖူးပါတယ်။ ဖတ်ဖူးသူများ ရှိပေမယ့် ဒီနေ့ ပို့စ်မှာ အမှတ်တရ အနေနဲ့ ထပ်မံ တင်ပြချင်ပါတယ်။

ဘလော့ဂ်ရေးသူ…

ကျနော်တို့ ဘလော့ဂ်ရေးတယ်
ယုံကြည်ချက်၊ ခံစားချက်…
ကျေနပ်ချက်၊ မကျေနပ်ချက်…
စိတ်ကူးချက်၊ မျှော်မှန်းချက်…
ဝေမျှရင်း၊ ခံယူရင်း
သင်ယူရင်းနဲ့…
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။

အားပေးနေမယ်နော်၊ ဆက်ရေးပါ
ကျေးဇူးပါနော်၊ အတွေးအမြင်တွေ ရစေတယ်
ကြိုးစားနော်၊ ဖတ်လို့ကောင်းတယ်
စာများများရေးပါ၊ စာရေးတာ ကောင်းတယ်
…………………………….
…………………………….
ချီးမွမ်းမှုတွေကို နေ့စဉ်စားသုံးရင်း
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။
မင်းက ဒါမျိုးလေးတွေ ရေးမှ ထမင်းစားရမယ်ဆိုတာ ငါသိတယ်
ဘာမဟုတ်တာလေးကို ဇာချဲ့တယ်
အလကားပါ၊ ဘာတွေ ရေးထားမှန်း မသိဘူး
အင်တာနက်ပေါ်မှာ အတင်းတုတ်တယ်
………………………………..
………………………………..
ဝေဖန်စကားလုံးတွေနဲ့ လုံးထွေးသတ်ပုတ်ရင်းနဲ့လည်း
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။

ဟင်းတခွက်ချက်လိုက်တာ
တယောက်က ပြောတယ်
`အစပ်အဟပ် မတည့်ဘူး´ တဲ့
နောက်တယောက်ကတော့
`စားလို့ ကောင်းသားပဲကွ´ တဲ့
နောက်တော့လည်း သူတို့တတွေ
အဲဒီဟင်းရဲ့ အာဟာရကို အတူတူစားကြပြီး
နောက်တခွက် ထပ်ချက်ခိုင်းကြပြန်တော့
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။

မိသားစုနဲ့ အတူတူနေချင်တဲ့ ကလေးငယ်
သားပြန်အလာကို မျှော်နေတဲ့ အမေ
ဘောင်းဘီချွတ်ပြတဲ့ ပြည်သူ့စစ်သား
ခိုးရာပါ စိန်တွေနဲ့ မင်္ဂလာပွဲ
နယ်မြေပျောက်သူ၊ ကျောင်းပျောက်သူတွေ
………………………………..
………………………………..
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။

အခန်းထဲက ကွန်ပြူတာထဲမှာ
နေ့စဉ်ရောက်နေကျ မြန်မာပြည် ရှိတယ်
ဟိုးခပ်ဝေးဝေးမှာ ပန်းတိုင်ရှိတယ်
မျှော်လင့်ခြင်းတွေ ရှိတယ်
အဲဒီအတွက်…
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။

ဘလော့ဂ်ကို လာလည်ကြသူ အားလုံးကို အထူးကျေးဇူးတင်ရှိလျက်ပါခင်ဗျာ။


ကလိုစေးထူး

Thursday, September 13, 2007

ဖြေရှင်းချက်(၂)…

ဒီနေ့တော့ စာရေးချင်စိတ် မရှိတာနဲ့ ဘာပို့စ်မှ မတင်ဘဲ နေမလို့ပါပဲ။ ဒါပေမယ့် မမေရဲ့ ကွန်မန့်ဝင်လာတော့ အားလုံး မြင်လွယ်ထင်လွယ် ဖြစ်အောင် ပို့စ်အဖြစ် တင်ပေးဖို့ စိတ်ကူးရတာနဲ့ သူ့ကွန်မန့်အတိုင်း ကူးယူဖော်ပြလိုက်ပါတယ်။ မမေအတွက် စိတ်ပူနေကြသူတွေ ယုံကြည် စိတ်အေးလောက်ပြီထင်ပါရဲ့။

Maydarwii said...

ကိုစေးထူးရှင့် …
ကျမ ကိုယ်စားဖြေရှင်းချက် တင်ပေးတာ ကျေးဇူးတင်ပါတယ်။
ကျမကို စိတ်ပူနေကြတဲ့ စာဖတ်သူများနှင့် မိတ်ဆွေများကို … ကျမကိုယ်တိုင် ဒီကွန်မန့်ထဲမှာပဲ ပြောခဲ့ပါရစေရှင်။
ကျမနဲ့ ပတ်သက်ပြီး အမျိုးမျိုးထွက်ပေါ်နေတဲ့ သတင်းတွေအတွက် ကျမ ကိုယ်တိုင်ရဲ့ ဖြေရှင်းချက်ပဲဆိုပါတော့။

ပထမဆုံးပြောချင်တာကတော့ ကျမဘလော့ကို ပိတ်ထားတဲ့ကိစ္စပါ။
တော်တော်များများ သိပြီးဖြစ်တဲ့အတိုင်းပါပဲ … ကျမဘလော့ မပိတ်ခင် ရက်ပိုင်းက ကွန်မန့်တွေထဲမှာ ကျမကို ခြိမ်းခြောက်၊ စော်ကားတဲ့အပြင် ကျမအဖေကိုပါ စော်ကားထားတာတွေ ရေးထားပါတယ်။ ကျမကို ခြိမ်းခြောက်မှုအတွက် ခံနိုင်ပေမယ့် ကျမအဖေကိုပါ ထိခိုက်လာတဲ့အတွက် ကျမစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျမရဲ့ မလိမ္မာမှုအတွက်လည်း နောင်တရခဲ့မိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ထိ ဘလော့ကိုပိတ်ဖို့ စိတ်မကူးခဲ့မိ သေးပါဘူး။

တနေ့တော့ အကြောင်းကြောင်းကြောင့် ကျမဘလော့မှာ ဖြစ်ပျက်နေတာကို အဖေနဲ့ အမေ အပါအ၀င် အိမ်သားတွေ သိသွားခဲ့ပါတယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ ဆဲဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေရေးထားတဲ့ စာတွေကို ဖတ်ရတော့ ကျမကို ဘလော့ဆက်မရေးဖို့ အားလုံးက တားမြစ်ခဲ့ပါတယ်။ ဘလော့ကိုပါ ဖျက်လိုက်ဖို့လည်း အဖေရော အမေပါ တိုက်တွန်းခဲ့ကြပါတယ်။ ကျမ ကြောက်လို့ ရပ်လိုက်တယ်လို့ ထင်နေကြသူများအတွက် … ဟုတ်ကဲ့ … ကျမ ကြောက်တယ်လို့ပဲ ပြောပါရစေတော့ … ။ ကျမ ပယောဂကြောင့် ကျမ ချစ်တဲ့ မိဘနှစ်ပါး စိတ်မချမ်းမသာဖြစ်မှာ အလွန်ကြောက်ပါတယ်။ ဒါကြောင့် ကျမ သိပ်မြတ်နိုးတဲ့ ဘလော့ကို ကျမ ကိုယ်တိုင် အဖေနဲ့ အမေ ရှေ့မှာပဲ အဲဒီညက ပိတ်ခဲ့လိုက်ပါတယ်။ (ပိတ်ပြီးတဲ့အချိန်မှာ ဂျီတော့ခ်မှာ ရှိနေတဲ့ ညီမလေး တယောက်ကို ပိတ်လိုက်ကြောင်း ပြောပြခဲ့ပါသေးတယ်။)

နောက်တခုက … ကျမရဲ့ အင်တာနက်သုံးစွဲခွင့်ကို အိမ်က ကန့်သတ်လိုက်ပါတယ်။ အွန်လိုင်းပေါ်မှာနေနေရင် ဘလော့တွေဖတ်မိမယ်၊ ပြန်ရေးချင်မယ်၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆယ်သွယ်မိနေမယ်၊ ကိုယ်တိုင် ဘလော့မရေးတောင် သူများဘလော့မှာ ကွန်မန့်တွေ ရေးနေလိမ့်ဦးမယ်ဆိုပြီး အင်တာနက်ပေးမသုံးတော့ပါဘူး။ ကျမဟာ ခုချိန်ထိ မိဘအုပ်ထိန်းမှုအောက်မှာ နေနေရတဲ့အတွက် မိဘစီမံသမျှ နာခံရပါတယ်။ ကျမ မိဘတွေကလည်း အကြောင်းတစုံတရာမရှိဘဲ ဇွတ်အတင်း အမိန့်ပေး စေခိုင်းလေ့မရှိပါဘူး။ ဒါကြောင့် ကျမလည်း ကျမရဲ့ စိတ်ခံစားချက် ဘယ်လိုရှိနေရှိနေ အဖေနဲ့ အမေ ကျေနပ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

တနေ့ကတော့ ဘီဘီစီသတင်းထဲပါတဲ့ကိစ္စနဲ့ပတ်သက်ပြီး မိတ်ဆွေတွေက ကျမကို မေးမြန်းလာကြပါတယ်။ ကျမလည်း ဘာမှန်းညာမှန်း သေသေချာချာမသိလို့ ဖြေရှင်းတာတွေ လုပ်မနေခဲ့ပါဘူး။ ကြာရင် ပြီးသွားမှာပဲလို့ ထင်နေခဲ့မိပါတယ်။ ဒါပေမဲ့ ခုထက်ထိ ကျမနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောကြဆိုကြ ထင်မြင်နေကြတာတွေ မပြီးသေးဘူးဆိုတာသိရလို့ ဒီစာကိုရေးလိုက်ရခြင်းပါပဲ။ ကျမရဲ့ လုပ်ရပ်ဟာ အားလုံးကို စိတ်ပူအောင် လုပ်မိသလိုဖြစ်သွားခဲ့ရင် ဒီစာနဲ့ အနူးအညွတ် တောင်းပန်ပါရစေ … ။

ကျမအိမ်မှာပဲနေနေပေမဲ့ အားလုံးနဲ့ အဝေးကြီးရောက်နေသလို ခံစားရပါတယ်။ တပြိုင်တည်းမှာပဲ … အားလုံးနဲ့ သိပ်နွေးထွေးသလိုလည်း ခံစားနေရပါတယ်။ လောလောဆယ်တော့ ဒွိဟခံစားချက်တွေကို တချိန်တည်း ခံစားနေရင်း … ကျမရဲ့ အဖြူရောင်မျက်နှာပြင်အတွက်မဟုတ်တဲ့ စာတွေကို စိတ်ကူးထဲမှာပဲ ပုံဖော်ရေးသား နေမိပါတယ်။

ကျမဘလော့ကို အရေးတယူဖတ်ရှုခဲ့ကြသူများ၊ အစဉ်တစိုက် ရေးဖြစ်အောင် အားပေးကြသူများ၊ ဘလော့ရေးဖော် မောင်နှမများ၊ မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်စွာ အမြဲသတိရနေမှာပါ။
တချိန်ချိန်တော့ ကျမတို့ ပြန်ဆုံကြကောင်းပါရဲ့ … ။

မေဓာဝီ
14th Sept, 2007
9:15 am

Wednesday, September 12, 2007

ဘလော့ဂ်& ယုံကြည်ချက်၊ ခံစားချက်၊ ရပ်တည်ချက်…

လူတိုင်းမှာ ခံစားချက်ကိုယ်စီ၊ ယုံကြည်ချက်ကိုယ်စီ၊ ရပ်တည်ချက်ကိုယ်စီ ရှိကြပါတယ်။ မတူညီတဲ့ ရှင်သန်ကြီးပြင်းမှု၊ ကွဲပြားတဲ့ နေရာဒေသ အခြေအနေ၊ လေ့လာသိရှိခွင့်ရတဲ့ ပညာရပ် စတာတွေကို အခြေခံပြီးတော့ ခံစားယုံကြည် ရပ်တည်ချက် အမျိုးမျိုး ရှိကြပါတယ်။

ဟိုးအရင့်အရင် ကျနော်တို့ ဘိုးဘေးများလက်ထက်ကတော့ ပေကညစ်၊ ကျောက်စာတွေမှာ မှတ်တမ်းတင်လို့ ခံစားရတာတွေ၊ ယုံကြည်မိတာတွေကို ရေးဖွဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ ကာလာရွေ့လျောလာတော့ စာအုပ်စာပေများ အဲဒီကမှတဆင့် အင်တာနက် ၀က်ဘ်ဆိုက် စာမျက်နှာများ…။ အခုများတော့ ဘလော့ဂ်။

***

ဘလော့ဂ်ရေးတယ်ဆိုတာကို လူတွေက ပုံစံအမျိုးမျိုး ယူဆခံစားကြပါတယ်။ ကျနော်ကတော့ ဘလော့ဂ်ရေးခြင်းဟာ `မိမိယုံကြည်ချက်၊ မိမိခံစားချက်ကို မိမိဘာသာ စီစဉ်တည်းဖြတ် တင်ပြခြင်း´ လို့ ခံယူပါတယ်။

ဘလော့ဂ်တခုဟာ အဲဒီဘလော့ဂ်ကို စီစဉ်တင်ဆက်နေတဲ့ အုပ်စု၊ လူပုဂ္ဂိုလ်ရဲ့ အာဘော်၊ ခံစားချက်ပါပဲ။ အဲဒီဘလော့ဂ်ကို တင်ဆက်သူနဲ့ ခံစားချက်ခြင်း၊ ယုံကြည်ချက်ခြင်း ထပ်တူကျတဲ့ စာဖတ်သူတွေက အဲဒီဘလော့ဂါကို အားပေးကြပါတယ်။ ဒီလိုနဲ့ ဘလော့ဂါတွေကို လူကြိုက်များခြင်း၊ မများခြင်းက ပုံစံမျိုးစုံနဲ့ ကွဲပြားလာပါတော့တယ်။

***

ကျနော် ဘလော့ဂ် စတင်ရေးသားစဉ်တုန်းက မြန်မာဘလော့ဂါတွေရဲ့ အရေအတွက်က လက်ချိုးရေတွက်လို့ ရတဲ့ အနေအထားမှာ ရှိပါသေးတယ်။ အဲဒီအထဲကမှ ဘလော့ဂ်ကို ပုံမှန်ရေးသားတင်ဆက်သူ အရေအတွက်က ပိုလို့တောင် နည်းခဲ့ပါသေးတယ်။

မှတ်မှတ်ရရ…၊ ကျနော်သတိထားမိသလောက် အဲဒီတုန်းက ဘလော့ဂါတွေထဲမှာ အာဏာပိုင်ကို ဆန့်ကျင်သူနဲ့ ဆန့်ကျင်တယ်လဲ မပြော၊ ထောက်ခံတယ်လဲ မပြောတဲ့ ဘလော့ဂါ ဆိုပြီး နှစ်မျိုးနှစ်စားတည်းပဲ ရှိခဲ့ပါတယ်။ အာဏာပိုင်တွေကို ထောက်ခံသူ ဘလော့ဂါ မရှိခဲ့ပါဘူး။

အာဏာပိုင်တွေကို ထောက်ခံလိုလားတဲ့ ဘလော့ဂါတချို့ ပေါ်လာတာကတော့ ၂၀၀၇ခုနှစ်၊ နောက်ပိုင်းကာလတွေမှာပါပဲ။ သတိထားမိသလောက် ၈၈၈၈ နေ့ နောက်ပိုင်းမှာမှ တစိုက်မတ်မတ် စတင်ရေးသားကြတာ များပါတယ်။

သူတို့ကလည်း သူတို့အမြင်၊ သူတို့အထင်တွေကို တချို့ကလည်း အကိုးအကား အထောက်အထား၊ တချို့ကလည်း ထင်ရာမြင်ရာနဲ့ တင်ဆက်လာကြပါတယ်။ ဆိုလိုချင်တာကတော့ ၂၀၀၇ ခုနှစ်၊ ဒီဘက်လများမှာ နအဖ လိုလားသူ ဘလော့ဂါတွေ ထီးထီးကြီး ပေါ်ထွက်လာကြပါတယ်။

***

ယနေ့ မြန်မာဘလော့ဂ်လောကကို လေ့လာကြည့်ပါ။ ကျနော် တဦးတည်း အမြင်အရ ရဲရဲကြီး ပြောရဲတာ တခုရှိပါတယ်။ လက်ရှိ အာဏာပိုင်ကို ထောက်ခံရေးသားနေသူတွေ နေရာမရပါဘူး။ မြန်မာဘလော့ဂါတွေ အချင်းချင်း အားပေးမှုနဲ့ပဲ ယှဉ်ယှဉ်၊ စာဖတ်သူတွေရဲ့ ထင်မြင်မှု မှတ်ချက်တွေကိုပဲ လေ့လာလေ့လာ ဘယ်လို ရှုထောင့်က ကြည့်ကြည့် အာဏာပိုင်တွေဘက်က ထောက်ခံရေးသားသူတွေကို လိုလားကြသူ ရာခိုင်နှုန်း အင်မတန်နည်းပါတယ်။

ဒါတောင် မိမိဆန္ဒအမြင်တွေကို ထင်ထင်ပေါ်ပေါ် ထုတ်ပြောကြသူတွေကိုသာ အကဲခတ်မိတာပဲ ရှိပါသေးတယ်။ ဆန္ဒအမြင်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဖို့သာ အခြေအနေပေးရင် လက်ရှိ အာဏာပိုင်တွေကို မလိုလားသူတွေ ဘယ်လောက်အထိ ထွက်ပေါ်လာအုံးမယ်ဆိုတာ မသိနိုင်ပါဘူး။

သေချာတာကတော့ မြန်မာဘလော့ဂါနဲ့ ဘလော့ဂ်ဖတ် ပရိသတ်တွေအကြားမှာ အာဏာပိုင်တွေကို ထောက်ခံလိုလားသူ အင်အားနဲ့ ဆန့်ကျင်သူ အင်အားက အကွာကြီး ကွာပါတယ်။

ဒီနေရာမှာ အာဏာပိုင်တွေဘက်က ထောက်ခံရေးသားနေသူတွေလည်း မရေးသင့်ဘူး၊ ရေးခွင့်မရှိဘူးလို့ မဆိုလိုပါဘူး။ မိမိသဘောထားကို လွတ်လပ်စွာ ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ ကွဲပြားတာနဲ့ ရန်စတာနဲ့ကတော့ မတူဘူးဆိုတာ စာဖတ်တတ်ကြသူအားလုံး ထင်ထင်ရှားရှား သိနိုင်ပါတယ်။

***

အာဏာပိုင်တွေကို လိုလားထောက်ခံသူတွေရဲ့ ဘလော့ဂ်တွေ အလျှိုလျှို ပေါ်ထွက်လာပြီးနောက်ပိုင်းမှာ တိုက်ဆိုင်တယ်ပဲ ပြောရမလား မသိ၊ တစတစနဲ့ ကျယ်ပြန့်လာတာကတော့ `အနှောက်အယှက်ပေးမှု နဲ့ ခြိမ်းခြောက်မှု´ တွေပါပဲ။

အထက်ပါ အနှောက်အယှက်ပေးမှုနဲ့ ခြိမ်းခြောက်မှုတွေရဲ့ ဒဏ်ကို အဓိက ခံရတာကတော့ စာဖတ်သူတွေရဲ့ ထောက်ခံအားပေးမှု အများစု ရလေ့ရှိနေတဲ့ ဘလော့ဂ်တွေပါပဲ။ စီဘောက်စ်များက တဆင့် မထိတထိ ရန်စခြင်း၊ အပြန်အလှန်ဆဲဆိုခြင်း၊ အမည်မဲ့ကွန်မန့်များနဲ့ စော်ကားရိုင်းပျခြင်း အစရှိတဲ့ နည်းမျိုးစုံကို အသုံးပြုကြပါတယ်။ အုပ်စုဖွဲ့ပြီး စနစ်တကျ လုပ်ဆောင်နေတယ်လို့ ထင်ရတဲ့ အနေအထားအထိကို တစိုက်မတ်မတ်နဲ့ အချိန်ယူကြတာကို တွေ့ရပါတယ်။

ဘလော့ဂ်တွေက ဆီပုံးတွေမှာ ဟိုဘက်က ဒီဘက်ကို တိုက်ခိုက်သလိုလို၊ ဒီဘက်က ဟိုဘက်ကို တိုက်ခိုက်သလိုလို ရေးသားနေကြတာတွေဟာလည်း မျက်စိလည်စရာကောင်းလောက်အောင်ကို အပြန်အလှန် ချေပတိုက်ခိုက်မှုတွေ ဖြစ်စေတဲ့အတွက် ပြဿနာဖြစ်စေချင်သူတွေက တမင်လိုက်လံ ဖန်တီးနေကြသလားလို့တောင် ထင်ရပါတယ်။

အထက်ပါ လုပ်ဆောင်ချက်တွေအပြင် မြန်မာဘလော့ဂါအချင်းချင်း သပ်လျှိုသွေးခွဲတဲ့ အနေအထားတွေ၊ ရန်ကုန်နဲ့ မန္တလေးသား ဘလော့ဂါတွေ အကြား အထင်အမြင်လွဲအောင် လုပ်ဆောင်ချက်တွေ၊ ပြည်တွင်းနဲ့ ပြည်ပ ဘလော့ဂါတွေအကြား အဆက်အဆံနည်းသထက် နည်းအောင် ဖန်တီးမှုတွေက တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့တာကိုလည်း သတိထားမိလာရပါတယ်။

***

လူတိုင်းမှာ ကိုယ့်အယူအဆကို တင်ပြခွင့် ရှိပါတယ်။ လက်ခံတာ လက်မခံတာက လူ့အဖွဲ့အစည်းရဲ့ ဆုံးဖြတ်မှုပါပဲ။ အဓိကကတော့ ကိုယ့်အယူအဆ၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လိုလားချက် နီးစပ်နိုင်သမျှ နီးစပ်ဖို့ပါပဲ။ လူတွေရဲ့ သဘောကတော့ ရှင်းပါတယ်။ ကြိုက်ရင် ထောက်ခံမယ်၊ မကြိုက်ရင် ကန့်ကွက်မယ်။ ဒါပါပဲ။

မိမိအယူအဆကို မိမိ ကြိုက်သလို မှတ်ကျောက်တင်လို့ ရပါတယ်။ စာဖတ်တဲ့လူက သုံးသပ်ဆုံးဖြတ်သွားမှာပါပဲ။

မိမိအယူအဆနဲ့ မတူရကောင်းလားဆိုပြီး တဖက်သားကို ခြိမ်းခြောက်တာဟာ အင်မတန် အောက်တန်းကျတဲ့ လူသိမ်လူမွှားတွေရဲ့ စိတ်ဓာတ်ပါပဲ။ လူတယောက်ကို ဘယ်လို ဒုက္ခပေးရပါ့မလဲလို့ စနစ်တကျ အကွက်ချ လုပ်ဆောင်ပြီ ဆိုရင်တော့ အဲဒီလူကို `လူ´ လို့တောင် သတ်မှတ်ဖို့ အတော်ခဲယဉ်းသွားပါပြီ။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာကတော့ ဒီနေ့ခေတ် မြန်မာပြည်မှာက လူမဟုတ်တဲ့ လူတွေရဲ့ ဒဏ်ကို လူပီသတဲ့ လူတွေက ခါးစည်းခံရတာပါ။

ခေတ္တ ပိတ်သိမ်းထားရတာပဲ ဖြစ်ဖြစ်၊ အမြဲတမ်း ပိတ်သိမ်းတာပဲ ဖြစ်ဖြစ် ဆဲဆိုခြိမ်းခြောက်မှုတွေရဲ့ နောက်ဆက်တွဲကြောင့် လူတယောက်ရဲ့ ခံစားချက်၊ ယုံကြည်ချက်၊ ရပ်တည်ချက်တွေကို ကိုယ်စားပြုတဲ့ အထင်ကရ ဘလော့ဂ်တခုကတော့ ၀မ်းနည်းစရာ ကောင်းလှစွာ `အဖြူရောင် မျက်နှာပြင်´ အဖြစ် အသွင် ပြောင်းသွားရပါပြီ။ နောက်ထပ် ဒီလို အဖြစ်နဲ့ ဘလော့ဂ် ဘယ်နှစ်ခု ထပ်ပျောက်သွားကြအုံးမလဲ။ ရင်လေးစရာ အနေအထား တခုကတော့ မြန်မာဘလော့ဂ် လောကကို ရိုက်ခတ်နေပြီဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

***

`တကယ်က ကျနော်တို့တွေလည်း သူတို့လို ပြန်ယုတ်မာလို့ ရတယ်၊ သူတို့လို စိတ်မျိုး မွေးလို့ မရလို့ ဒီလိုဖြစ်ရတာ´ လို့ ညီငယ် ဘလော့ဂါတယောက်က ခံပြင်းစွာ ရင်ဖွင့်ပါတယ်။ `တို့တွေ အရင်ထက် စည်းလုံးဖို့ လိုအပ်လာပြီ´ လို့ သူငယ်ချင်း ဘလော့ဂါတယောက်က မှတ်ချက်ချပါတယ်။ `ကိုယ့်တရား ကိုယ်စီရင်ကြပါလိမ့်မယ်´ လို့ ပရိတ်သတ် တယောက်က ဖြေသိမ့်ပါတယ်။ `ဘလော့ဂ် ရေးရတာ အရင်လို မဟုတ်တော့ဘူး´ လို့ ၀ါရင့် စာရေးသူ တယောက်က ညည်းတွားပါတယ်။

ဒါပေမယ့် ကျနော်တို့ ခြေလှမ်းတွေကိုတော့ ရပ်ပစ်လို့ မဖြစ်နိုင်ပါဘူး။ ဆက်လျှောက်ရမှာပါပဲ။ ကျနော်တို့ ယုံကြည်ချက်တွေကို ချခင်းပြနေရအုံးမှာပါပဲ။ ကျနော်တို့ ချစ်တဲ့ ပြည်သူနဲ့ တသားတည်း ရှိနေဖို့ ကြိုးစားနေရအုံးမှာပါပဲ။ ရန်စတိုက်ခိုက်သူတွေကိုလည်း တွန်းလှန်ရအုံးမှာပါပဲ။

ဒါပေမယ့် ကျနော်တို့ `စည်းလုံးမှု´ ရှိဖို့တော့ အရင်ထက် ပိုလိုအပ်နေပါပြီလို့ ထင်မိကြောင်း တင်ပြအပ်ပါတယ်။

မြန်မာဘလော့ဂ် လောကကြီး အဓွန့်ရှည်တည်တံ့ပါစေ….။


ကလိုစေးထူး