Thursday, June 28, 2007

တညသောအခါ…

ည ၁၀ နာရီ…။

ည အတော်မှောင်နေပါပြီ။ ကောင်းကင်ကို မော့ကြည့်မိတော့ ဘယ်နှစ်ရက်မြောက်မှန်း မသိသော လဆန်းက တိမ်တိုက်ကြားမှ လွတ်လိုလွတ်ငြား တိုးထွက်နေသည်။ တိုးထွက်သော လရောင်အောက်တွင်ကား ပြန်ဆုံလုနီး မိဘနှင့်သားတို့ တဦးရှိရာ တဦးလာဖို့ ကြိုးစားနေကြသည်။ ကျနော်က သူတို့၏ ပြန်ဆုံခြင်းအတွက် ပါရမီဖြည့် ကူညီခွင့်ရသူ…။ တနည်းအားဖြင့် သူတို့နှင့်အတူ အပျော်တွေ မျှဝေခံစားမည့်သူ…။


လေဆိပ်ကိုရောက်တော့ မှောင်ရီသော ညချမ်း၏ အောက်တွင် ထွက်ခွာမည့်သူ၊ ရောက်လာသည့်သူတို့ကို ဟိုပို့ ဒီသယ် လုပ်နေသော လေယာဉ်တချို့က ပျင်းရိလေရော့သလားမသိ၊ အမှောင်နှင့်အပြိုင် ငြိမ်သက်လွန်းလှ၏။ ဒီထဲက လေယာဉ်တစီးစီးနဲ့ မြန်မာပြည်ကို အခုနေ ပြန်လိုက်ရရင် ဘယ်လောက်ကောင်းလိုက်ပါ့မလဲဟု ဟိုဟိုဒီဒီ တွေးမိသေးတော့…။


လေဆိပ်အတွင်းပိုင်းမှာလည်း လူတွေက ခြောက်ကပ်ကပ် ဟိုတစ၊ ဒီတယောက် စောင့်သူကစောင့်၊ လျှောက်သူက လျှောက်နဲ့…။ ဖွင့်ထားပေးသော တီဗွီအစီအစဉ် တခုရှေ့မှာ ကြောင်အမ်းအမ်းနဲ့ သွားရပ်ကြည့်မိတော့ အခုပင် အလကားပေးတော့မည့်အလား ကုန်ပစ္စည်းကြော်ငြာမျိုးစုံအတွက် ဖြူဖြူ၊ ၀ါဝါ၊ မည်းမည်း၊ ညိုညို ကောင်မလေးတွေ ဟန်ရေး အမျိုးမျိုးပြနေ၏။


အပင်ပန်းရဆုံးသော အရာများထဲတွင် စောင့်ဆိုင်းရခြင်းလည်း တမျိုးပါဝင်မည်လား မသိ…။ နာရီကို ကြည့်လိုက် လေယာဉ် အ၀င်အထွက် စာရင်းကိုကြည့်လိုက်၊ လက်ရှိ ပျံသန်းနေဆဲ လေကြောင်းပြ မြေပုံကို ကြည့်လိုက်နှင့် အချိန်တွေကို ဆွဲဆန့်ရသည်မှာ ခက်ခဲလှပါဘိ…။


ဟိုးရှေ့က လာနေကြတဲ့ လူတွေများလား မသိ…၊ ဟင့်အင်း…၊ မဟုတ်ပြန်ဘူး။ လေယာဉ်ဆိုက်ချိန်ခြင်း တူသည့် တခြား ဖလိုက်က လူတွေဖြစ်နေပြန်သည်။

ဒီလိုနဲ့…။

စောင့်…၊ စောင့်…၊ ဆက်စောင့်…၊ နာရီလက်တံတွေက တရွေ့ရွေ့…။


ဟော၊ လာကြပါပြီ။


အမိုး(((((
အပါး (((((((

သားအမိ၊ သားအဖ၊ မောင်နှမတွေရဲ့ ခွဲခွာခြင်း နိဂုံး…။ ပြန်ဆုံကြတော့လဲ မျက်ရည်တွေ ၀ဲ၊ အားရပါးရ ဖက်ယမ်းလိုက်ကြတာ အဖေလုပ်သူကလဲ တပြုံးပြုံး၊ အမေလုပ်သူက အသံတွေတောင် တုန်လို့..။

ဓာတ်ပုံက ၀ိုးတ၀ါး ဖြစ်သွားသည်။ ပုံကြည်ကြည်လင်လင်ရဖို့ လက်ကို ငြိမ်ငြိမ်လဲ မထားနိုင်တော့…။ အမျိုးအမည် မဖော်ပြတတ်သော ခံစားချက်တခုက ရင်ဝကို ခပ်ချွန်ချွန် အရာတခုနှင့် ကြိမ်ဖန်များစွာ လာဆွသလို ခံစားလာရသည်။

ထွင်းဖောက်မြင်နေရသော မှန်ချပ်ကြီးများရဲ့ ဟိုမှာဖက်ကို လှမ်းမျှော်ကြည့်တော့ ကျနော့်အမြင်အာရုံတွင် `ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်´ ဟူသော စာတန်းကို မြင်ယောင်သလိုလို ဖြစ်လာလိုက်၊ လက်ရှိပုံရိပ်တွေက ပြန်ပေါ်လာလိုက်…။

အိမ်အပြန်လမ်းမှာတော့ သားအမိ၊ သားအဖတွေရဲ့ တယောက်တပေါက် ပြောသံ ဆူဆူညံကြားတွင် ကျနော် သူတို့နဲ့ အတူ တကယ်ပျော်မိသလား မပျော်မိသလား မဝေခွဲမိတော့ပါ။ သေချာသည်ကတော့ ည ၂ နာရီ ထိုးလုနီးမှ အိမ်ပြန်ရောက်ခဲ့သော ကျနော်တယောက် တော်တော်နဲ့ အိပ်ပျော်ခြင်းကို မရရှိခဲ့ပါ…။


ကလိုစေးထူး

Wednesday, June 27, 2007

ကျနော့်အကြိုက် (၇)…


ယခုတပတ် ကျနော့်အကြိုက်အဖြစ် တင်ပြမှာကတော့ ၂၀၀၇ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ထုတ်၊ Weekly Eleven ဂျာနယ် No.32, Volume.2 မှာ ပါရှိတဲ့ ဆရာကြီး လူထုစိန်ဝင်းရဲ့ `လူနဲ့ လူ့ကျင့်ဝတ်´ ဆိုတဲ့ ဆောင်းပါးလေးပါ။

ဆရာကြီးဟာ ဒီဆောင်းပါးမှာ ဆိုလိုရင်းပေါင်း မြောက်မြားစွာကို အခြေခံရေးသားခဲ့တယ်လို့ မှန်းဆမိပါတယ်။ ဆရာကြီးအနေနဲ့ သူ့ကို မေးခွန်းထုတ်သူ လူငယ်ကိုလဲ ဖြေကြားရင်းနဲ့ သူပြောချင်တဲ့ အချက်အလက်တွေကိုပါ တိုတိုတုတ်တုတ်နဲ့ လိုရင်းတိုရှင်း ပြောသွားတာကို တွေ့ရပါတယ်။

ဆောင်းပါးရဲ့ Quote အဖြစ် ဖော်ပြတဲ့ စာသားလေးကလဲ ထိမိလွန်းလှလို့ ပုံအဖြစ် ကူးယူတင်ပြလိုက်ပါတယ်။

ဖတ်ရှုခံစားကြည့်ကြပါအုံး။


လူနဲ့ လူ့ကျင့်ဝတ်


ပညာသည်များ ပညာသည်ပီသဖို့၊ ကိုယ့်အလုပ် ကိုယ်တန်ဖိုးထားဖို့၊ ပညာသည် ကျင့်ဝတ်သိက္ခာကို လေးစားရိုသေဖို့ စတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး တော်တော်များများ ရေးခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါး တချို့ကို ဖတ်ခဲ့ဖူးတဲ့ လူငယ်တစ်ယောက်က ပညာသည်တွေမှပဲလား၊ လူသာမန်တွေမှာရော တန်ဖိုးထားရမဲ့ အရာ မရှိဘူးလားလို့ မေးခွန်းထုတ်လာပါတယ်။

ပညာနဲ့ အသက်မွေးသူ
`ပညာသည်´ ဆိုတဲ့ အသုံးအနှုန်းကို အရင်ဆုံး ရှင်းပြဖို့ လိုအပ်ပါတယ်။ မြန်မာစကားမှာ ဈေးရောင်းပြီး အသက်မွေးဝမ်းကျောင်း ပြုသူကို `ဈေးသည်´၊ ပဲပြုတ်ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုသူကို `ပဲပြုတ်သည်´၊ ဆံပင်ညှပ်ပြီး အသက်မွေးဝမ်းကျောင်းပြုသူကို `ဆတ္တာသည်´ စသဖြင့် ခေါ်ဝေါ်လေ့ ရှိပါတယ်။ အဲဒီသဘောအတိုင်း အတတ်ပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းပြုသူ အားလုံးကို `ပညာသည်´ (Professional) လို့ သုံးလိုက်တာ ဖြစ်ပါတယ်။

ကြေးစားက ရင့်သီးပါတယ်
အားကစားနယ်ပယ်မှာတော့ `အပျော်တမ်း´ (Amateur) နဲ့ ကြေးစား (Professional) လို့ သုံးတတ်ကြပါတယ်။ အပျော်တမ်း ဂေါက်သီးသမား၊ ကြေးစား ဂေါက်သီးသမား စသဖြင့် ခေါ်လေ့ရှိပါတယ်။ (Professional) ကို `ကြေးစား´ လို့ သုံးတာ နည်းနည်း ရင့်သီးတယ် ယူဆလို့ `ပညာသည်´ လို့ သုံးထားတာ ဖြစ်ပါတယ်။ အတတ် (ဒါမှမဟုတ်) ပညာတစ်ခုခုနဲ့ `အသက်မွေး ၀မ်းကျောင်းပြုသူ´ လို့ ဆိုလိုတာပါ။ ဒီတော့ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း တစ်ခုခု လုပ်ကိုင်နေသူ အားလုံး အကျုံးဝင်ပါတယ်။

ပညာရှင်
အတတ် ဒါမှမဟုတ် ပညာတစ်ခုခုကို အသက်မွေးဝမ်းကျောင်း ပြုရုံတင် မကဘဲ `ထုံးလိုချေ ရေလိုနှောက်´ တစ်ဖက်ကမ်းခတ် ကျွမ်းကျင် တတ်မြောက်သူများကိုတော့ အသက်မွေးဝမ်းကျောင်း ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ `ပညာရှင်´ လို့ ခေါ်ချင်ပါတယ်။ ပညာရှင်ကျတော့ ဒိတ်ဒိတ်ကြဲ (ထိပ်ထိပ်ကြဲ) ထူးချွန်တတ်မြောက်သူများသာ အကျုံးဝင်ပါတယ်။ ဒါကြောင့် ဘယ်အတတ်ပညာ နယ်ပယ်မှာ မဆို ဦးရေ အနည်းငယ်သာ ရှိနိုင်ပါတယ်။ အနုပညာသည်တိုင်း အနုပညာရှင် မဖြစ်နိုင်သလို စာရေးဆရာတိုင်း စာပေပညာရှင် မဖြစ်နိုင်ပါဘူး။

အလုပ်တိုင်းမှာ ကျင့်ဝတ်ရှိ
ပညာရှင်စ်ြစေ၊ ပညာသည်ဖြစ်စေ ကိုယ့်ပညာကိုယ် လေးစားတန်ဖိုးထားရပါတယ်။ အတတ်ပညာတိုင်း၊ အသက်မွေး ၀မ်းကျောင်း အလုပ်အကိုင်တိုင်းမှာ ဆိုင်ရာဆိုင်ရာ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ ရှိပါတယ်။ ဆရာဝန်က ဆရာဝန်နဲ့ ဆိုင်တဲ့ ကျင့်ဝတ်စည်းကမ်း၊ ဘတ်စ်ကား မောင်းသမားမှာလည်း သူနဲ့ ဆိုင်တဲ့ ကျင့်ဝတ်စည်းကမ်း၊ စပယ်ရာမှာလည်း သူလိုက်နာရမဲ့ ကျင့်ဝတ်စည်းကမ်း စသဖြင့် အသီးသီး ရှိကြပါတယ်။ ပုဂ္ဂိုလ်အသီးသီးက ကိုယ့်ခွင် ကိုယ့်နယ်ပယ်ရဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာ စောင့်ထိန်းကြမယ် ဆိုရင် ပြီးတာပါပဲ။ ဘာပြဿနာမှ မရှိနိုင်တော့ပါဘူး။

ပြဿနာများရဲ့ အခြေခံ
လူ့ဘောင် လူ့လောကမှာ ပြဿနာပေါင်းစုံနဲ့ သပွတ်အူလိုက် ရှုပ်ထွေးနေတာ၊ ပဋိပက္ခတွေ ဖြစ်ပွားနေတာ လူသူလေးပါးရဲ့ ရိုသေလေးစားမှု မခံရတာ၊ ယုံကြည်မှု ကင်းမဲ့တာ၊ မုန်းတီးရွံရှာတာ စတဲ့ ကိစ္စအားလုံး ဖြစ်ပွားပေါ်ပေါက်လာရခြင်းရဲ့ အဓိက အကြောင်းတရားဟာ ကျင့်ဝတ် သိက္ခာ စောင့်စည်းမှု ပျက်ယွင်းလာခြင်းပင် ဖြစ်တယ်။ ကျောင်းဆရာက ကျောင်းဆရာရဲ့ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းမယ်ဆိုရင် လူကြည်ညိုတဲ့ ဆရာကောင်း ဖြစ်မှာပဲ။ ဆရာဝန်ကလည်း ဆရာဝန် ကျင့်ဝတ်အတိုင်း လိုက်နာကျင့်ကြံရင် သမားကောင်း၊ ဆရာဝန်ကောင်း ဖြစ်မှာပဲ။

ခက်ခက်ခဲခဲကြီးလား
ကျင့်ဝတ်၊ ကျင့်ဝတ်နဲ့ ပြောတော့၊ ကြီးကြီးကျယ်ကျယ် ခက်ခက်ခဲခဲ လုပ်ရမယ့် ကိစ္စကြီးလို့ ထင်စရာရှိတယ်။ ထွေပြား ရှုပ်ထွေးပြီး အပန်းတကြီး နာယူမှတ်သားရမဲ့ ကိစ္စလို့လည်း ယူဆသွားနိုင်တယ်။ တကယ်တော့ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး။ ဆရာဝန် ကျင့်ဝတ်ပဲ ဖြစ်ဖြစ်၊ ကျောင်းဆရာ ကျင့်ဝတ်ပဲ ဖြစ်ဖြစ်၊ တရားသူကြီးနဲ့ ရှေ့နေတို့ ကျင့်ဝတ်ပဲ ဖြစ်ဖြစ်၊ စစ်သည်တော် ကျင့်ဝတ်ပဲ ဖြစ်ဖြစ်၊ စာနယ်ဇင်း ကျင့်ဝတ်ပဲ ဖြစ်ဖြစ်၊ အားလုံး အခြေခံအဖြစ် ထားရှိကြတာက `လူ့ကျင့်ဝတ်´ ပဲ ဖြစ်ပါတယ်။

လူနဲ့ တိရစ္ဆာန် ဘာကွာသလဲ
လူ့ကျင့်ဝတ်ဆိုတာ ဘာတွေလဲလို့ အကျယ်ချဲ့စဉ်းစားရင် နံပါတ်စဉ်တိုးလို့ ကုန်နိုင်ဖွယ် မရှိပါဘူး။ အကျဉ်းဆုံး ဖြစ်အောင် ချုပ်ပြီး စဉ်းစားလိုက်ရင် တစ်ချက်တည်းနဲ့တင် လုံလောက်ပါတယ်။ ပထမဆုံး လူဆိုတာ ဘာလဲ ဆိုတဲ့အချက်ကို စဉ်းစားကြည့်ရအောင်၊ လူဟာစားတယ်၊ အိပ်တယ်၊ မျိုးဆက်ပြန့်ပွားရေး ကိစ္စဆောင်ရွက်တယ်။ တောတွင်းက သားရဲတိရစ္ဆာန်များလည်း စားခြင်း၊ အိပ်ခြင်း၊ မျိုးဆက်ပြန့်ပွားရေး ဆောင်ရွက်ခြင်းတို့ကို လုပ်ကြတယ်။ ဒီနေရာမှာ လူနဲ့ တိရစ္ဆာန်အားလုံး တူကြတယ်။ ခြားနားချက် မရှိဘူး။

ကိုယ်ကျိုးမကြည့်တာ လူ
လူနဲ့ တိရစ္ဆာန်မှာ ခြားနားချက် တစ်ချက်တည်းပဲ ရှိတယ်။ တိရစ္ဆာန်က သူ့အလိုဆန္ဒအတိုင်းသာ လုပ်တယ်။ တခြား ဘာမှ မကြည့်ဘူး။ လူကတော့ သူ့အလိုဆန္ဒရှိတိုင်း မလုပ်ဘူး။ သူများအတွက် ငဲ့ကွက်စဉ်းစားတယ်။ ကိုယ်ကျိုးကို စွန့်နိုင်တယ်။ ရှင်းအောင်သာ ပြောရရရင်၊ ကိုယ်ကျိုးတစ်ခုတည်းသာ ကြည့်တတ်တာ တိရစ္ဆာန်။ အများအကျိုးကို သယ်ပိုးဆောင်ရွက်တာ လူ။ လွယ်လွယ်လေးပါပဲ။

လူ့တိရစ္ဆာန်
လူ့ကျင့်ဝတ်ဆိုတာ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အများအကျိုးကို မကြည့်ဘဲ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်ပြီး `ဘယ်သူတေတေ ငတေမာ ပြီးရော´ လုပ်တတ်သူများကိုတော့ လူ လို့ မသတ်မှတ်နိုင်ဘူး။ အင်္ဂလိပ်စကားမှာတော့ ဒီလိုလူစားတွေကို Manimal လို့ ခေါ်တယ်။ Man နဲ့ animal နှစ်ခုကို ရောပြီး စကားလုံးသစ် ထွင်လိုက်တာ ဖြစ်တယ်။ မြန်မာလိုတော့ လူ့တိရစ္ဆာန် ခေါ်သင့်တယ် ထင်တာပါပဲ။


လူထုစိန်ဝင်း

Tuesday, June 26, 2007

မွေးကျေးဇူး…သို့

ဒီနေ့…။

အလုပ်က ခါတိုင်းထက် ပို၍အတန်ငယ် ပင်ပန်းလှသည်။ ခါတိုင်း လုပ်နေကျထက် ပိုမိုအာရုံစိုက်ရသောကြောင့် ထင့်၊ အလုပ်ချိန်ပြီး၍ အိမ်ပြန်ရောက်သောအခါ စိတ်ရော လူပါ အတော်ပန်းနေ၏။

အိမ်ပြန်ရောက်တော့…။

ကျောပိုးအိတ်ငယ်ကို အခန်းထောင့်သို့ `ဘုန်း´ ခနဲ ပစ်လိုက်ပြီး ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် လှဲချပစ်လိုက်မိသည်။ တစစ်စစ် ကိုက်ချင်ချင် ဖြစ်နေသော ခေါင်းက ဝေဒနာ အတန်ငယ်သက်သာသည် အထိ မှိန်းနေလိုက်သည်။ တချက် မှေးခနဲ အိပ်ပျော်သွားပြီး ပြန်နိုးလာတော့ လူက နုံးချိချိလို ဖြစ်နေ၏။

ခဏနေတော့…၊ တီဗွီကို ဖွင့်ကြည့်ပြီး Channel တွေကို ဟိုဟိုဒီဒီ လိုက်ပြောင်းကြည့်နေလိုက်သည်။ Discovery Health Channel အရောက်…၊ `မွေးဖွားရန် ခက်ခဲသော ကလေးများ´ အမည်ဖြင့် အစီအစဉ်တခု လာနေသည်။ သာမန်မဟုတ်သော သို့တည်းမဟုတ် ထွားလွန်းသော သန္ဓေသားများကို ဆေးရုံတွင် ဆရာဝန်၊ သူနာပြုများ အကူအညီဖြင့် ခက်ခဲစွာ မွေးဖွားကြရသော အစီအစဉ် ကို လွှင့်ထုတ်ပေးနေသည်။

ကလေးမွေးသည် ဆိုခြင်းက ကျနော်တို့ မြန်မာလူမှု နယ်ပယ်တွင်တော့ ယောက်ျားများ၊ ကြည့်အပ် မြင်အပ်သည်ဟု မခံယူကြ။ ဒီနိုင်ငံမှာကတာ့ မွေးခန်းထဲအထိ သူတို့၏ ခင်ပွန်းသည်များက ဇနီးသည်များကို လိုက်လံ အားပေးကြသည်။ အားပေးခွင့်လဲ ပြုထားကြသည်။ ထို့အပြင် အများပြည်သူထံသို့လဲ ကြည့်သာ၊ မြင်သာနိုင်သည့် အနေအထားများ အထိ ရိုက်ကူးပြီး ရုပ်သံမှတဆင့် ပြသသည်။

`အခု ရောက်လာတဲ့ ကိုယ်ဝန်ဆောင်သည်ဟာ အရင်ကလေးတုန်းကလဲ ၄၈ နာရီကြာအောင် ဗိုက်နာပြီးမှ ခက်ခဲစွာ မွေးဖွားခဲ့ရပါတယ်´

ဆရာဝန် ရော်ဂျာက ပြောလည်းပြော၊ လိုအပ်သည်များကိုလဲ ပြင်ဆင်နေသည်။ ဘေးနားတ၀ိုက်တွင်တော့ သူနာပြုတချို့က လိုအပ်သည်များကို ကူညီပံ့ပိုးရင်း အလုပ်များနေကြ၏။ ခဏနေတော့ ကိုယ်ဝန်ဆောင် မိခင်၏ ခါးကို ဆေးတမျိုး ထိုးသည်။ ဆေးထိုးမည့် နေရာတ၀ိုက်ကိုသာ အပေါက်ငယ်ဖြင့် ဖော်ထားပြီးဘေးပတ်ပတ်လည်တွင် အ၀တ်များဖြင့်ကာရံထား၏။

`အား´

ဆေးက အတော်နာသည် ဖြစ်မည်၊ မိခင်၏ အံကြိတ်အော်သံ တချက်ထွက်လာသည်။ ဘေးမှ သူ့ခင်ပွန်းက ဗွီဒီယိုရိုက်ကူးစက်ငယ်လေးဖြင့် မှတ်တမ်းလိုက်တင်နေ၏။ ဒီကလေးငယ် ကြီးလာရင် အမှတ်တရ ဖြစ်ရန် ရိုက်ကူးလေသလားတော့ မသိ။ ပါးစပ်မှလဲ ဟန်နီခြင်း ထပ်နေအောင် ခေါ်ပြီး သူ့ဇနီးသည်ကို တတွတ်တွတ်ဖြင့် အားပေးနေသည်။

`ငါ့အရင် ကလေးတုန်းကလဲ ဒီလိုပဲ၊ သိပ်နာတာပဲ၊ အခုလဲ နာနေတယ်၊ ဒါပေမယ့် ငါအားမလျှော့ဘူး။ မကြာခင်မှာ ငါ့သားလေးကို အပြင်ရောက်အောင် ငါမွေးထုတ်ပြမယ်´

စောစောက ထိုးဆေးက နာကျင်တာ သက်သာစေသည့် ဆေးလားဘာလားတော့ မသိ၊ မိခင်က စကားတတွတ်တွတ်ပြောနေသည်။ နာကျင်သည်ဟု ပြောနေသော်လည်း ဆိုးဝါးစွာတော့ မညည်းတွားလှ။ ဆရာဝန်များ၊ သူနာပြုများနှင့် သူ့ခင်ပွန်းကလဲ ဝေဒနာကို မေ့လျော့စေရန် အာရုံပြောင်းသည့် အနေဖြင့် စကားပြောပေးနေကြသည်။ ဒီလိုနှင့်…။

Push ((((((((

1 2 3 4 5 6 7 8 9 10

ဘေးမှ သူနာပြု ဆရာမကြီးက အထက်ပါအတိုင်း အော်လိုက်၊ မိခင်ဖြစ်သူက အင့်ခနဲ အားယူလိုက်နှင့် ကလေးငယ် အပြင်သို့ ရောက်စေရန် စည်းချက်ညီညီ အားထုတ်နေကြသည်။ ကလေးက အတော်ထွားဟန် ရှိသောကြောင့် မိခင်ဖြစ်သူမှာ သူနာပြုဆရာမကြီးက Push ဟု တခါအော်လိုက်တိုင်း ချွေးသီးချွေးပေါက်ကြီးများ ပြိုက်ပြိုက်ကျအောင် အားယူ ညှစ်ထုတ်နေရသည်မှာ ကရုဏာသက်ဖွယ် ကောင်းလှ၏။ နောက်တော့…။

Ok Ok, this is the last time, we get it now.

ဆရာဝန်၏ စကားသံနှင့်အတူ မိခင်၏ ခန္ဓာကိုယ် အောက်ပိုင်းမှ မည်းမည်းသဏ္ဍာန်တခုက ဖန်သားပြင်တွင် ပေါ်လာသည်။ ကလေးငယ်၏ ဦးခေါင်း အပြင်သို့ ထွက်စပြုလာပီကော…။

Push ((((((((((((

သူနာပြုဆရာမကြီး၏ အားတက်သရော အအော်…၊ မိခင်၏ အားရပါးရ ညှစ်ထုတ်ဟန် မျက်နှာ၊ ဆရာဝန်က ကလေး၏ ဦးခေါင်းကို လက်ဖြင့်ထိန်းကိုင်ရင်း ဆွဲအထုတ်…။

ကလေးငယ်က အပြင်သို့ ရောက်သည်နှင့် `အဲ့´ ခနဲ အသံထွက်လာသည်။ အချင်းတထွေးကြီးက ကလေးကို ရစ်ပတ်လျက် အပြင်သို့ ထွက်လာသည်။ ကလေး အပြင်သို့ ရောက်သည်နှင့် ဘေးမှ အဆင်သင့် စောင့်နေကြသည့် သူနာပြုတွေက အ၀တ်စများဖြင့် ချက်ချင်း ထွေးပွေ့၏။

`ငါ့သား၊ ငါ့သား၊ ငါမွေးလိုက်နိုင်ပြီ။ ငါ့သားလေး၊ ငါ့သားလေးကို အမြန်လာပြပါ´

မိခင်က အမောဖြေမအား…၊ သူ့အသက်နှင့် ရင်း၍ မွေးထုတ်လိုက်သော သူ့သားငယ်ကို ကြည့်ချင်ဇောဖြင့် တတွတ်တွတ် ဆက်ပြောနေသည်။ ထိုအခိုက်…။

ဘေးမှ မှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးနေသော ခင်ပွန်းဖြစ်သူ၏ ရှိုက်သံတချက် ထွက်လာသည်။ နောက်တော့ စိတ်မထိန်းနိုင်သည်ထင့်၊ ကင်မရာကို ဘေးသို့ချပြီး သူ့ဇနီးသည်ပေါ်တွင် မျက်နှာအပ်လျက် ရှိုက်ကြီးတငင်ဖြင့် အားရပါးရ ငိုချပစ်လိုက်တော့သည်။ ပါးစပ်မှလည်း-

`သားလေး၊ ငါတို့ရဲ့သားလေး၊ မင်းမွေးပေးတာ၊ ဟန်နီ၊ မင်းမွေးလိုက်တဲ့ ငါတို့ရဲ့သားလေး´

***

ထိုအခိုက်အတန့်လေးတွင်…။

တီဗွီဖန်သားပြင်မှ တဆင့် ကြည့်နေသော ကျနော်…၊ မျက်ရည် စို့ခနဲ ဖြစ်လာသည်။ မေမေ…၊ ငါ့မေမေလဲ ငါ့ကို မွေးတုန်းက ဒီလိုပဲ ခက်ခဲစွာ မွေးခဲ့ရလေသလား…။

သေချာသည်ကတော့ ကျနော့်မေမေ ကျနော့်ကို မွေးတုန်းက အခု ကျနော်တီဗွီမှာ ကြည့်ရသည့် မိခင်လို အထောက်အကူပစ္စည်း စုံစုံလင်လင်၊ ဆရာဝန်၊ သူနာပြုတွေ တလှေကြီး အကူအညီဖြင့် မွေးခဲ့ရသည်မှာတော့ မဟုတ်နိုင်။ ဖေဖေက ပြန်ပြောပြခဲ့သည်မှာ မေမေသည် ကျနော်တို့ မောင်နှမသုံးယောက်လုံးကို ညည်းညူခြင်း မရှိ၊ အော်သံ တစက်ကလေးမှ မထွက်ဘဲ မွေးခဲ့သည်တဲ့။

ဟုတ်သည်…။ ညီမလေးကို မွေးစဉ်က ကျနော့်အသက် ဆယ့်လေးနှစ်၊ စတင် ဗိုက်နာသည်မှ မွေးဖွားသည်အထိ မေမေ့ညည်းသံ တချက်ကလေးမှ မကြားခဲ့…။ ဒီလောက် ခက်ခဲ ပင်ပန်းလှသည့် အလုပ်ကို မေမေက တချက်ကလေးမှ မညည်းဘဲ ကျနော်တို့ကို လူ့လောကထဲ ရောက်ခွင့်ပေးခဲ့တာပါလား…။

တီဗွီရှေ့တွင် ငူငူကြီးထိုင်ရင်း ကျနော်တယောက် ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ မေမေရှိမည် ထင်သော အရပ်သို့ လက်အုပ်ချီရင်း ရေရွတ်မိသည်။

`မေမေ…၊ သားတို့ကို လူဖြစ်ခွင့်ပေးခဲ့တဲ့ ကျေးဇူးအတွက် အမြဲ သတိရဦးညွှတ်လျက်ပါ မေမေ၊ တချိန်ချိန်မှာ မေမေနဲ့ ပြန်ဆုံပါရစေ´

***

တီဗွီထဲတွင်တော့ နောက်ထပ် ကလေးပေါင်းများစွာကို မိခင်တွေက မွေးနေကြဆဲ။ အောင်မြင်စွာ မွေးထုတ်လိုက်သော သားသမီးငယ်လေးများကို ကြည့်ရင်း ပြုံးနေသော မိခင်များစွာ၏ အပြုံးက လူဖြူ၊လူမည်း မဟူ ကြည်လင်စွာ တောက်ပနေ၏။

တီဗွီအပြင်ဘက်မှာတော့…။

လူငယ်တယောက်…၊ ဟိုး..ကမ္ဘာတဖက်ခြမ်းက သူ့မိခင်ကို လွမ်းဆွတ်လျက်…။

(ကမ္ဘာပေါ်မှ မိခင်ပေါင်းများစွာသို့ ဦးညွှတ် လေးစားစွာဖြင့်…)


ကလိုစေးထူး

Monday, June 25, 2007

စပ်မိစပ်ရာ (၈) …

မြန်မာနိုင်ငံမှာ မေလ ၁၅ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တန်ဖိုးက ကျပ်ငွေ သန်း ၂၀၀ ကျော် တန်ဖိုးရှိပါတယ်တဲ့။ သေသေချာချာ သတိထားကြည့်ရင် ဒီမူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ် အထူးသဖြင့် တရုတ်နယ်စပ်တ၀ိုက်မှာ ဖမ်းဆီးရမိတာ ပိုမိုများပြားတာကို တွေ့နိုင်ပါတယ်။ တရုတ်နယ်စပ်ရောက် မြန်မာလူငယ် တယောက်က အဲဒီက မြန်မာလူငယ်တွေနဲ့ မူးယစ်ဆေးဝါး အနေအထားကို ရှင်းပြတာကို နားထောင်မိတော့ ရင်မောရပြန်ပါတယ်။ ဒီပြဿနာက ဘာနဲ့ တူနေလဲ ဆိုတော့ ကျနော့်အမြင်ပြောရရင် အပေါ်ပိုင်းမှာ တောက်တောက်ပြောင်ပြောင်နဲ့ တိုက်ပုံကြီးတကားကား၊ သေသေသပ်သပ် ၀တ်ထားပေမယ့် အောက်ပိုင်းမှာတော့ ဘောင်းဘီတို ၀တ်ထားတဲ့ လူတယောက်နဲ့ တူတယ်လို့ မြင်မိပါတယ်။

ထိုင်းဝန်ကြီးချုပ်ပြုတ် ထပ်ဆင်တယောက် အင်္ဂလန်နိုင်ငံ၊ ပရီးမီယားလိဂ် ကလပ်အသင်းတခုဖြစ်တဲ့ မန်ချက်စတာစီးတီး အသင်းကို စတာလင်ပေါင် ၈၆.၁ သန်း နဲ့ ၀ယ်ယူလိုက်ပါပြီ။ ကျနော် မဆီမဆိုင် စဉ်းစားမိတာက ကျနော်သာ အဲဒီလောက် ငွေတွေပိုင်ဆိုင်ခဲ့ရင် အဲဒီလိုမျိုး ဘောလုံးအသင်းကို ၀ယ်ဖြစ်မလား ဆိုတာပါ။ ဦးကျော်ဟိန်းပြောဖူးသလို အလကားရတဲ့ စိတ်ကူးကို အားရပါးရကြီး ယဉ်ပစ်ကြည့်မိတာ ဘာရယ်မဟုတ်၊ အချိန်တော်တော်ကုန်သွားတယ်။

မြန်မာပြည် စာနယ်ဇင်းလောကရဲ့ ဗန်းစကား တခုလေလားမသိ…။ ကျနော် တခါမှ မကြားဖူးတဲ့ အသုံး တခုကို သတိပြုမိပါတယ်။ အဲဒါကတော့ ထုတ်ဝေသူကို `ဖား´ လို့ ခေါ်တာပါ။ ဘာကြောင့်လဲဆိုတာ သိသူရှိရင် ရှင်းပြရင် ကောင်းမှာပါပဲ။ ဆောင်းပါးရှင် တယောက်ရဲ့ အပြောကို ထပ်ဆင့် ဖော်ပြပါရစေ။

`ကျနော်တို့ အယ်ဒီတာလောကမှာ အယ်ဒီတာတွေ၊ တဆင့်ခံ စီစဉ်သူတွေ အမြဲတမ်း ရင်မောရတာ ဖား(ထုတ်ဝေသူ) ရှာရတဲ့ ပြဿနာပါပဲ။ ဖား ကောင်းကောင်း ရလာပြီဆိုရင် အချင်းချင်း အကွက်ထွင်ပေးရတယ်။ ဖားယုံပြီဆိုတော့ ကျလာတဲ့ ရေကို ခပ်မဲ့သူကလည်း အများသားပဲ။ ဖားက တနှစ်၊ နှစ်နှစ်လောက် လုပ်လို့ ရှုံးပြီး ဖားပူကြီးဖြစ်လာရင် ဖားပြောင်းရတော့တာပါ´

မြန်မာပြည်မှာ အင်တာနက် မြန်နှုန်းတွေ ကျဆင်းနေပါတယ်တဲ့။ `အများသုံး အင်တာနက်ဆိုင်တွေမှာ လိုင်းတခုတည်းကို စက်တွေအများကြီး Sharing လုပ်ပြီး သုံးကြတယ်။ ဒီတော့ သုံးစွဲတဲ့အခါ မြန်နှုန်းက ပုံမှန်မနေနထား မရှိတော့ဘူး။ သုံးစွဲမှု နှုန်းလဲ များလာတယ်´ လို့ သုံးသပ်တာကို တွေ့ရပါတယ်။ အင်တာနက် ကွန်ယက် သုံးစွဲမှုကို ထိန်းချုပ်လိုတာလားကြောင့် မသိ…။ မြန်မာနိုင်ငံ တခုလုံးရဲ့ အင်တာနက် ၀န်ဆောင်မှု ပေးတဲ့ အဖွဲ့အစည်းက နှစ်ခုတည်းရှိတာကလည်း အတော်ဆိုးဝါးလွန်းပါတယ်။

၂၀၀၈ ခုနှစ်မှာ ဖိလစ်ပိုင် နိုင်ငံတ၀န်းလုံး လျှပ်စစ်ဓာတ်အား အပြည့်အ၀ ရပါတော့မယ်။ ယခုလက်ရှိမှာ ကျေးလက် စုစုပေါင်း ၃၉၉၅၅ ရွာ လျှပ်စစ်ဓာတ်အား ရရှိနေပြီးတော့ နောက်ထပ် ကျေးရွာ ၁၉၉၀ ကိုသာ လျှပ်စစ်ဖြန့်ဖြူးပေးဖို့ လိုပါတော့တယ်လို့ ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အားကျစရာ ကောင်းလှပါပေ့။

မြန်မာပြည်မှာ မနှစ်က ၉ တန်းကျခဲ့တဲ့ ကျောင်းသူ/ ကျောင်းသားများကို ပြန်လည်ဖြေဆိုစေပြီး အအောင်ပေးကာ ၁၀ တန်းသို့ တက်ရောက် သင်ကြားစေဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါသတဲ့။ စာကောင်းစွာ မတတ်သူကို အတန်းတက်ခိုင်းခြင်းဟာ မသင့်တော်လို့ ဆိုပြီး ပညာရေးဝန်ကြီးဌာနရဲ့ ဒုတိယ၀န်ကြီး ဘိုမှူးကြီး အောင်မျိုးမင်းရဲ့ ညွှန်ကြားချက်အရ အမှန်တကယ် ကျရှုံးစနစ်ကို ပြန်လည် ကျင့်သုံးခဲ့တာက ၂၀၀၅-၂၀၀၆ စာသင်နှစ်မှာပါ။ အခုနှစ်မှာ တခါပြန်ပြောင်းဆိုတော့…။


အထက်ပါ သတင်းထဲမှာပါရှိတဲ့ နိုင်ငံရေး အဖွဲ့ဆိုတာတွေကို ဘယ်လို ဥပဒေတွေနဲ့ တရားဝင်အောင် ဖွဲ့စည်းပေးခဲ့တာပါလိမ့်…။ သေချာတာကတော့ သူတို့တတွေ ဒီသတင်းအရဆိုရင် အခြေအနေကောင်းရင် ကောင်းသလို ပါတီဖွဲ့ပါမယ်။ ၂၅%သော စစ်ဘိုအရာရှိ အုပ်ချုပ်သူတွေကို လက်ညှိုးထောင် ခေါင်းငြိမ့်ပေးရမယ့် ၇၅%သော ရုပ်သေးရုပ်တွေအဖြစ် ပါဝင်ကပြဖို့ အဆင်သင့် ပြင်ဆင်နေကြပါပြီ။ စိတ်ဝင်စားစရာနဲ့ အော့နှလုံးနာစရာ အကောင်းဆုံး စကားလုံးကတော့ `အမျိုးသား နိုင်ငံရေး အင်အားစု´ ဆိုတဲ့ စကားလုံးပါ။ ကျနော်တို့ ငယ်စဉ်က ခေတ်စားခဲ့တဲ့ စကားလုံးက `ပြည်သူ´ ပါ။ ပြည်သူ့ရဲ၊ ပြည်သူ့ဆေးရုံ၊ ပြည်သူ့စစ်သား၊ ပြည်သူ့သမ၀ါယမဆိုင် စသဖြင့်ပေါ့။ အခုခေတ်မှာတော့ `အမျိုးသား´ ဖြစ်သွားပါပြီ။ စကားလုံး ရွေးချယ်နိုင်မှုကိုတော့ မချီးကျူးဘဲ မနေနိုင်တာ အမှန်ပါ။


ဆရာမ မေငြိမ်း သိချင်တဲ့ ပန်းချီဆရာရဲ့ နာမည်ကို သိလိုတာရယ်၊ အဲဒီပန်းချီကား (မက္ကဆီကန် နွေရာသီ ပွဲတော်လေး ပို့စ်က တတိယမြောက် ပန်းချီကား) ကို အနီးကပ်ဓာတ်ပုံ ထပ်ရိုက်ချင်တာရယ်ကြောင့် အဲဒီပန်းချီပြခန်း အရောင်းဆိုင်လေးကို နောက်တခေါက်သွားခဲ့တော့ အဲဒီကား ကို ဒေါ်လာ ၄၆၀၀ နဲ့ ရောင်းလိုက်ပါပြီတဲ့။ အဲဒါနဲ့ပဲ သူ့ဆိုင်ထဲမှာ လက်ကျန် ပန်းချီကားတွေထဲက ကျနော့်မိတ်ဆွေများ အကြိုက်တွေ့မယ်လို့ မျှော်လင့်ရတဲ့၊ ကျနော်လဲ ကြိုက်နှစ်သက်ခဲ့တဲ့ ပန်းချီကားကို ဓာတ်ပုံ ထပ်မံ ရိုက်ကူးလာပါတယ်။ အဲဒီကား တန်ဖိုးကတော့ ဒေါ်လာ ၃၅၀၀ ပါ။

ဒီရက်ပိုင်းအတွင်း တင်တဲ့စာတွေအတွက် စိတ်တိုင်းမကျခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ရင်းနဲ့ပဲ၊ စပ်မိစပ်ရာ အမှတ်စဉ်(၈)ကို တင်လိုက်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ…။


ကလိုစေးထူး


Friday, June 22, 2007

မက္ကဆီကန် နွေရာသီပွဲတော်လေး…

ဒီညနေ အလုပ်က အပြန် ရေမိုးချိုးပြီးတော့ ဘဏ်ကိုသွားရင်းနဲ့ တခါက ကျနော်ရောက်ခဲ့ဖူးတဲ့ ပန်းခြံလေးထဲမှာ ကျင်းပနေတဲ့ မက္ကဆီကန်များရဲ့ နွေရာသီ ပွဲတော်လေးကို အမှတ်မထင် ရောက်သွားခဲ့ပါတယ်။ အဲဒါနဲ့ပဲ ပါလာတဲ့ ကင်မရာလေးနဲ့ မှတ်တမ်းတင်လို့ ကျနော့်မိတ်ဆွေများ အပျင်းပြေအောင် ပို့စ်တင်လိုက်ပါတယ်…။

ပွဲတော်လေးရဲ့ အ၀င်ဝ လမ်းလေးပါ။


ဒါကတော့ မက္ကဆီကန်တွေလိုပဲ စပိန်စကားပြောတဲ့ ဘိုလီးဗီးယားတွေရဲ့ လက်တင် တီးဝိုင်းငယ်လေးပါ။ ပလွေသံလေးတွေက သာယာလွန်းလို့ အတော်ကြာကြာ ရပ်နားထောင်ဖြစ်ခဲ့သေးတယ်။


မက္ကဆီကန် ကလေးငယ်တွေရဲ့ အကဖျော်ဖြေမှုပါ။ ဒီနေရာ မှာ ကြည့်ပါခင်ဗျာ။


ပူဖောင်းတွေကို မြားနဲ့ ပေါက်ကစားတဲ့ နေရာလေ…။ မြန်မာပြည်ကို သတိရပြီး မနေနိုင်မထိုင်နိုင်နဲ့ သွားပေါက်မိတာ ငါးဒေါ်လာကုန်လာတယ်။ ပြန်ရတာက အရုပ်ပိစိလေး၊ အနားက နီးရာကလေးလေး တယောက်ကို ပေးလိုက်တယ်။


ကစားကွင်းနဲ့ ချားရဟတ်တွေပါ။ တခါစီး ငါးဒေါ်လာတဲ့…။ ရပ်ကြည့်ပြီးတော့ပဲ ပြန်ခဲ့တယ်။


ပန်းချီပြခန်းလေးမှာ စိတ်ဝင်စားစရာ ပန်းချီကားတချို့ကိုတွေ့တော့ ပန်းချီဝါသနာပါတဲ့ ဘလော့ဂါ မိတ်ဆွေတွေကို ချက်ချင်းသတိရမိတယ်။ အဲဒါနဲ့ပဲ သူတို့တတွေအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးလို့ ယူဆရတဲ့ ဒီပန်းချီကား သုံးချပ်ကို ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။


ဒါကတော့ မက္ကဆီကန်တွေရဲ့ စတေ့ရှိုးအစီအစဉ်တခုပါ။ သူတို့ရဲ့ တေးသွားကို နမူနာ နားဆင်နိုင်အောင် ဗွီဒီယို ရိုက်ဖြစ်ခဲ့ပါသေးတယ်။ ဒီနေရာ မှာ နားဆင်ပါ။

ဒီတပတ် သောကြာအတွက်တော့ ဒီဓာတ်ပုံ ပို့စ်ပဲ တင်လိုက်ပါတယ်…။


ကလိုစေးထူး

Thursday, June 21, 2007

မရယ်ရသော ပြက်လုံး…

ကျနော်က မြန်မာဇာတ်ကားတွေကို နှစ်သက်လေ့ရှိပါတယ်။ မြန်မာကား ကြိုက်တဲ့အကြောင်းကို ပို့စ်တခုတောင် ရေးခဲ့ဖူးပါတယ်။ များသောအားဖြင့် ဇာတ်သိမ်းခန်းကို ကြိုသိနှင့်နေလဲ နားလည်ပေးစွာနဲ့ မြန်မာကားကိုသာ များသောအားဖြင့် အကြည့်များခဲ့ပါတယ်။ သို့သော်….။

***


မနေ့က ညနေစာစားပြီးတော့ တီဗွီရှေ့မှာ ခဏထိုင်ရင်းနဲ့ သူငယ်ချင်းတယောက်ဆီက ယူလာတဲ့ မြန်မာကားတခွေကို စက်ထဲ ထည့်ကြည့်မိပါတယ်။ ကားနာမည်က `အမုန်းကြွေး´ ပါ။ သူထူးစံ၊ ကြည်လဲ့လဲ့ဦး၊ ချိုပြုံးတို့ သရုပ်ဆောင်ထားတာပါ။

မိဘမေတ္တာကို သရုပ်ဖော်ထားတဲ့ အဲဒီကားက ဇာတ်လမ်း၊ ဇာတ်ကွက်အရ ဘာမှ မထူးခြားပါဘူး။ အမေအသက်ရှင်စဉ်က အမေ့စကားနားမထောင်တဲ့ သားဆိုးတယောက် အမေမရှိတော့မှ ဒုက္ခပေါင်းစုံ တွေ့ရတာကို မြန်မာကားပေါင်းများစွာရဲ့ ပုံသေနည်းအတိုင်း ရိုက်ပြထားတာပါပဲ။

ထူးခြားတာက အဲဒီဇာတ်လမ်းမလာမီက ကြော်ငြာပါ။ အဆိုတော်၊ သရုပ်ဆောင် ဇော်ဝမ်း ဦးစီးပြီး ခွန်းဆင့်နေခြည်က ခေါင်းဆောင် မင်းသမီးလုပ်တဲ့ `တို့သင်္ကြန်အငြိမ့်၊ 2007´ ကြော်ငြာက လူရွှင်တော်တွေရဲ့ ပြက်လုံး တချို့ကို အမြည်းသဘောတင်ဆက်ထားတာပါ။ လူရွှင်တော်တွေက ကောင်းကျော်၊ ထက်ထက်၊ ရှဲဒိုး တို့ အဖွဲ့ပါ။ သူတို့ရဲ့ ပြက်လုံး သီချင်းကို အောက်မှာ ရှုပါ။

(ဇော်ဝမ်း) `ဒေါ်လာတွေ လိုချင်တုန်း ~~~ သွားကြ သွားကြ ~~~ မြန်မာပြည် အလုပ်မရှား ~~~ ပြည်ပ သွားကြ ~~~ တို့ပြည်တွင်းမှာ စတိုင်လ်တွေထွား ~~~ နိုင်ငံခြားမှာ အလုပ်ကြမ်းသမား ~~~ စားပွဲထိုးနေတာ အောက်တန်းကျ ~~~ လူတကာ အနှိမ်ခံ လုပ်စားရ ~~~ မရှက်ဘူးလား မရှက်ဘူးလား ~~~ ရှိုးဂျော့သမား ဘ၀ ~~~ ချွေးဒီးဒီးကျ ပြေးရလွှားရ ~~~ ဒုက္ခ၊ သူ့ဘ၀ ဂုဏ်ငယ်လှ ~~~´

(ကောင်းထက်) `ဒေါ်လာ ဒေါ်လာ တဒေါ်လာတဲ့~~~ အော်ကာ မျှော်ကာ မက်နေကြတဲ့ ~~~ လူတွေအကြောင်း ပြောပြမယ်~~~ (ပြောပြစမ်းပါကွယ်) ~~~ ငါတို့ မြန်မာပြည်တွင်း တလွှား ~~~ အလုပ်အကိုင်တွေ များမှများ~~~ ပြည်တွင်း အလုပ်ကို အလုပ်မထင် ~~~ ရှိုးဂျော့သွားဖို့ပြင် ~~~ အရင်ပေးရမည် သိန်းဆယ်ချီ ~~~ ကြံဖန်ပေးကြသည် ~~~ ဟိုကိုရောက်တော့ အလုပ်ကြမ်းလုပ်ရ အောက်ကျ နောက်ကျ အနှိမ်ခံဘ၀~~~

***

မြန်မာ ဇာတ်ကားတော်တော်များများကို ကြည့်လိုက်ရင် နိုင်ငံခြားပြန် ဇာတ်ကောင်နေရာက အဓိက ဇာတ်ဆောင်မင်းသားဆိုရင်တော့ တော်ပါသေးရဲ့၊ ဇာတ်ပို့ဇာတ်ရံ ဟာသသရုပ်ဆောင် တယောက်ယောက်ကို နိုင်ငံခြားပြန် အဖြစ် သရုပ်ဆောင်စေပြီ ဆိုရင် အဲဒီနိုင်ငံခြားပြန်က အင်္ဂလိပ်စကားကို မပီမသ ကိုးယို့ကားယား ပြောပြလား ပြရဲ့၊ အ၀တ်အစားကိုးယို့ကားယား ၀တ်ပြလား ပြရဲ့ တွေ့ရလေ့ရှိပါတယ်။

ကျနော် စဉ်းစားကြည့်ပါတယ်။ အထက်က လူရွှင်တော်တွေ ပြက်လုံးထုတ်သလို နိုင်ငံခြားကို အလုပ်ထွက်လုပ်သူ မြန်မာတိုင်းဟာ ဒေါ်လာမက်လို့ပါလား။ သူတို့ပြောတဲ့ ရှိုးဂျော့ဆိုသူတိုင်းဟာ ပြည်တွင်းက အလုပ်ကို အလုပ်လို့ မထင်သူများပါလား။

ကျောင်းသာ ပြီးသွားတယ်၊ ဘယ်မှာမှ အလုပ်လျှောက်လို့ မရလို့ ဒီအတိုင်း ထိုင်နေရတဲ့ ဘွဲ့ရ အလုပ်လက်မဲ့တွေ၊ ဆိုက်ကားနင်းနေရတဲ့ ဘွဲ့ရတွေ၊ ပန်းရံလုပ်နေရတဲ့ ဘွဲ့ရတွေ၊ အဲဒီလူတွေ စတိုင်လ်ထွားနိုင်ဖို့အတွက် သူတို့သင်ထားတဲ့ ပညာနဲ့တန်တဲ့၊ တနည်းအားဖြင့် သူတို့နဲ့ ထိုက်တန်တဲ့ လစာငွေပေးနိုင်လောက်တဲ့ အလုပ်တွေ မြန်မာပြည်မှာ တကယ်ပဲ ပေါများပါရဲ့လား။

တကယ်တော့ နိုင်ငံခြားကို ထွက်လာကြတဲ့ မြန်မာလူငယ်တိုင်း ဘယ်သူကမှ ကိုယ့်အိုးကိုယ့်အိမ်၊ ကိုယ့်မိသားစု၊ ကိုယ့်တိုင်းပြည်ကို နေရင်းထိုင်ရင်းနဲ့ စွန့်ခွာချင်ကြမယ်လို့ ကျနော်မထင်ပါဘူး။ သူဌေးသူကြွယ်မဖြစ်နိုင်ရင်တောင် တော်ရုံတန်ရုံ တင့်တောင်းတင့်တယ်နဲ့ နေနိုင်စားနိုင်မယ့် အနေအထားမျိုး ရှိနိုင်တဲ့ အလုပ်ကလေးသာ ရှိနေရင် ဘယ်သူ့ဘယ်သူကမှ သူများနိုင်ငံမှာ တကူးတကနဲ့ မျက်နှာလာအငယ်ခံကြမှာ မဟုတ်ပါဘူး။

နိုင်ငံခြားကို ထွက်လာကြသူ သူတို့အခေါ် ရှိုးဂျော့သမားတိုင်းလဲ အလုပ်ကြမ်းချည်း လုပ်နေရတာ မဟုတ်ပါဘူး။ သင်ထားတဲ့ ပညာနဲ့ သက်တောင့်သက်သာလုပ်လို့ လစာကောင်းကောင်း ရနေကြတဲ့ ပြည်ပရောက် မြန်မာတွေ အများကြီးပါ။ အခုတော့ နိုင်ငံခြားထွက် အလုပ်လုပ်တာနဲ့ပဲ နေရင်းထိုင်ရင်းနဲ့ အောက်ကျနေသယောင်ယောင်…။

အောက်ခြေသိမ်း အလုပ်လုပ်ပြီး နိုင်ငံခြားမှာ ငွေရှာနေရတဲ့ မြန်မာတွေဟာလဲ ကိုယ့်တိုင်းပြည်က အလုပ်ကို အထင်မကြီးလို့ အဲဒီလို မျက်နှာငယ်ခံ လုပ်နေကြတယ်လို့ ကျနော်မထင်ပါဘူး။ အခြေအနေက မတတ်သာလွန်းလို့သာ သူများနိုင်ငံမှာ ကာလတခုတာဖြစ်ဖြစ်ဆိုပြီး မျက်နှာ လာအငယ်ခံနေရတာပါ။ သူများတိုင်းပြည် ဘယ်လောက်ပဲ တိုးတက်နေပါစေ၊ အချိန်တန်ရင် လူတိုင်း ကိုယ့်တိုင်းပြည်ပဲ ကိုယ်ပြန်ချင်ကြသူချည်းပါပဲ။

အခုတော့ ထစ်ခနဲရှိ ဒါတွေပဲ ပြက်၊ အင်မတန် စိတ်ပျက်စရာ ကောင်းလှပါတယ်။ ဆင်ဆာတွေ ရှိနေလို့ အကန့်အသတ်နဲ့ ပြက်ရတာကို နားလည်ပေမယ့် တကယ့်အခြေအနေမှန်ကို မျက်ကွယ်ပြုထားတော့ သူတို့ပြက်လုံးတွေက မရယ်ရတဲ့ အပြင် စိတ်ညစ်ညူးစရာတောင် ကောင်းလှပါတယ်။

တခါတခါကျတော့လဲ ကျနော်ကပဲ အတွေးချော်သလားမသိ…။ အဲဒီလို တကယ့်အခြေအနေမှန်ကို မျက်ကွယ်ပြုပြီး မရယ်ရတဲ့ ပြက်လုံးတွေ ထုတ်တဲ့ လူရွှင်တော်တွေက ပိုလို့တောင် အောင်မြင်နေသလားပါပဲ။ ဟိုပြဇာတ်ပြကွက်ထဲကလို `အကျအဆုံးတွေ များနေတယ်၊ ဖားတက်တက်၊ ဖားတက်တက်´ ဆိုတဲ့ ပုံစံကိုများ ကျင့်သုံးနေသလားတော့ မဆိုနိုင်။ သို့သော်…။

သို့သော်ပေါ့ဗျာ…။


ကလိုစေးထူး


Wednesday, June 20, 2007

မိုးနှင့်အတူ...

၁၉၈၂ ခုနှစ်၊ ဇွန်လ…။

ပတ်ဝန်းကျင် တခွင်မှာ မှုံ့မှိုင်းမှိုင်း…။ ကောင်ကင်ဆီက ပြာလဲ့လဲ့အရောင်က ဘယ်ဆီရောက်နေသည်မသိ၊ တခုခုကို အလိုမကျစိတ်ဖြင့် မျက်မှောင်များ ကုပ်နေရော့သလားထင့်…။

တစုံတခု အဝေးမှ ပြေးလာသလို အသံတခုက တိုးတိုးလေး ကြားနေရာမှ တဖြည်းဖြည်းနှင့် ကျယ်လောင်လာသည်။ တဝေါဝေါ တဖျောဖျော အသံနှင့်အတူ အမည်မဖော်ပြတတ်သော ရနံ့သင်းသင်းတခုကိုပါ ရလိုက်သည်။ အိမ်ခေါင်မိုးကို ရေစက်ရေပေါက်များ ထိခတ်သံ တဗြန်းဗြန်းကလဲ ငါတို့လာပြီဟေ့ ဟု တပ်လှန့်လိုက်သယောင်ယောင်။

မိုးရွာပေပြီ…။

ညီလေးက အခန်းထောင့်မှ ဘောလုံးလေးကို ပြေးယူသည်။ မေမေ့က ကျနော်တို့ ညီအကိုကို ပြုံးကြည့်နေ၏။

`မေမေ၊ သားတို့ မိုးရေထွက်ချိုးမယ်နော်´
`အေး၊အေး အကြာကြီးတော့ မရဘူးနော်´

`ဟုတ်ကဲ့´ ကို ဒရောသောပါး ပြောရင်း ညီအကိုနှစ်ယောက် မိုးရေထဲသို့ အပြေးလေး ထွက်လာခိုက် ခါတိုင်း ဘောလုံးကစားနေကျ မြေကွက်ကလေးက အပြုံးပရပွနှင့် ဆီးကြိုသည်။ မြေကွက်လေးမှာက ကျနော်တို့ ညီအကို နှစ်ယောက်တည်း…။

`ပယ်နယ်တီ ကန်တမ်း ဂဂျားမယ် ကိုကို´

ဒီလိုနဲ့ ညီလေးနှင့် ကျနော် တလှည့်စီ ကန်လိုက်တာ မိုးရေထဲမှာ ပျော်လိုက်သည့် ဖြစ်ခြင်း၊ ခါတိုင်းဆို ထစ်ခနဲရှိ အငိုသန်လှသည့် ညီလေးက အခုလို မိုးရေထဲမှာ ကစားရရင်တော့ တော်ရုံတန်ရုံ ဘိုင်းခနဲ လဲသွားရင်တောင် တဟီးဟီးနှင့် အလွန်ပျော်တတ်သည်။ မေမေက `သားတို့၊ လာကြတော့လေ´ ဟု ပြန်ခေါ်သည့် အချိန်တွင်တော့ နှုတ်ခမ်းတွေက ပြာနှမ်းနေပြီ။

***

၁၉၉၃ ခုနှစ်၊ ဇူလိုင်လ…။

ဆယ်တန်း အောင်စာရင်း ကြေညာမည့်ည…။ အောင်စာရင်းကို ည ၁၂ နာရီနောက်ပိုင်း ဖွင့်မည်အထင်ဖြင့် ကျောင်းသားတချို့က ညဦးကတည်းကပင် ကျနော်တို့ မြို့ကလေး၏ တခုတည်းသော အထက်တန်းကျောင်းရှေ့တွင် ဇွဲကောင်းနှင့်နေကြသည်။ အချိန်တွေက တရွေ့ရွေ့နှင့် ည တနာရီ ထိုးခါနီးတွင်မတော့ ကျောင်းထဲမှ အသံ တစုံတခုထွက်လာ၏။ ဟော…၊ အောင်စာရင်း ဖောက်ပြီထင်တယ်။

ကျောင်းခန်းမရှေ့ ကြေညာသင်ပုန်းရှေ့ရောက်တော့ ကျောင်းသားတချို့က စုစု စုစုနှင့်၊ တချို့ကလည်း ဓာတ်မီးလေး တ၀င်းဝင်း…။ ညစောစောပိုင်းကတည်းက ရောက်နှင့်နေကြသော ဆရာ/ဆရာမ တချို့ အကြားတွင် မေမေ့က အတက်ကြွဆုံး ဖြစ်နေ၏။ ကျောင်းအုပ်ဆရာကြီးက ချိတ်ပိတ်စာအိတ်ကလေးထဲမှ အောင်စာရင်းကို ထုတ်အယူလိုက်တွင် ဓာတ်မီးရောင်များက ဖြာကနဲ ဝေသွားသည်။

`အောင်တယ်၊ အောင်တယ်၊ သားကြီးအောင်တယ်´

ဝမ်းသာစိတ်၊ စိတ်လှုပ်ရှားစိတ်တို့ကြောင့် တုန်ယင်နေသော အသံဖြင့် အရင်ဆုံး ထအော်လိုက်သူက မေမေ…။ အတ္တကြီးတယ်ပဲ ဆိုကြလေမလား…၊ အောင်စာရင်း အလယ်နားခပ်ကျကျရှိ ကျနော့်နာမည်ကို မေမေအရင်မြင်၏။

တခြားလူ ဘယ်သူတွေများ အောင်သေးလဲ အတွေးဖြင့် လိုက်ရှာ၊ လိုက်မှတ်ပြီး အားရ၀မ်းသာဖြင့် ကျောင်းရှေ့သို့ ပြေးထွက်ခဲ့တော့ ဘယ်အချိန်က ရွာနှင့်နေမှန်းမသိသော မိုးက သည်းသည်းမည်းမည်းရွာလျက်သားဖြင့် ကျနော့်အောင်မြင်မှုကို ဂုဏ်ပြုဆီးကြို၏။

စက်ဘီးစုတ်လေးဖြင့် မိုးသည်းလေသည်း မှောင်မည်းမည်းထဲမှာပင် စာမေးပွဲအောင်သူ သူငယ်ချင်းများ၏ အိမ်သို့ မောရကောင်းမှန်းမသိ အပျော်တွေ ဖြန့်ဝေခဲ့ဖူးတာက မမေ့နိုင်စရာ…။ မိုးရွာသံ တ၀ုန်းဝုန်းအောက်တွင် ပျော်မဆုံးမော်မဆုံးသော ရယ်သံတအုန်းအုန်းများက မှိတ်တုတ်တုတ် မီးရောင်လေးကို အားပြု၍ ပျော်ခဲ့ကြပုံများ…။

***

၁၉၉၅ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့…။

`သားကြီး၊ လိမ်လိမ်မာမာနေခဲ့နော်၊ ညီလေးနဲ့ ညီမလေးကိုလဲ သေချာထိန်း´

တည်ငြိမ်အောင် မနည်းကြိုးစားထားရသော လေသံဖြင့် ဖေဖေ့မှာစကား…။ ဒီအိမ်ကလေးကို ဖေဖေခွဲသွားတော့မည်။ နောက်ထပ် ဘယ်တော့မှ လာတော့မည် မထင်တော့…။ မေမေနှင့် လမ်းခွဲခြင်းနှင့် အတူ ကျနော်တို့ကိုပါ ထားခဲ့တော့မည်။ မေမေ့ကို လှမ်းငဲ့ကြည့်တော့ ဖေဖေနှင့် အပြီးတိုင် လမ်းခွဲရခြင်း၏ ခံစားရချက်ကို ဖုံးဖိထားလေသလားမသိ၊ ကျနော် ပုံမဖော်တတ်သော မျက်နှာဖြင့် တုံဏိဘာဝေ ခပ်မဆိတ်နေလျက် …။

`ဖေဖေ့ကို သားလိုက်ပို့မယ်လေ´

ရွာနေသော မိုးသည်းထဲတွင် မလုံ့တလုံထီးလေးဖြင့် သားအဖနှစ်ယောက် နှုတ်ဆိတ်လှစွာ လေးလံသော ခြေလှမ်းများကို သယ်ဆောင်လျက်…။ သင်္ဘောဆိပ်သို့ရောက်တော့ ဖေဖေ့ကို တင်ဆောင်သွားတော့မည့် သင်္ဘောက မိုးရွာထဲတွင် ခပ်ငူငူကြီး စောင့်နေသည်။

`သားပြန်ရင် ဒီထီးလေး ဆောင်းပြန်သွားလေ´

ကျနော့်လက်ထဲသို့ ထီးကလေးကို ထည့်ပေးပြီး မိုးရေထဲသို့ တရွေ့ရွေ့ဖြင့် လျှောက်သွားသော ဖေဖေ့ကျောပြင်ကို ကြည့်ရင်း မိုးသည်းသည်းကြားမှာ မျက်ရည်တွေ ရွှဲခဲ့ရသော နေ့..။

***

၂၀၀၇ ခုနှစ်၊ ဇွန်လ(၁၉)ရက်…။

`ဒေါက်၊ ဒေါက်၊ ဒေါက်´

အခန်းတံခါးခေါက်သံ ခပ်ကျယ်ကျယ်ကြောင့် တံခါးဖွင့်ပေးလိုက်တော့ ဘေးအခန်းမှ ဇိုးသမား ပုဂ္ဂိုလ်ကြီးကို ပုလင်းခပ်ကြီးကြီးတခု ကိုင်လျက်သားဖြင့် တွေ့လိုက်ရသည်။

`မင်းမှာ ၀ိုင်ပုလင်း ဖောက်တံလေးရှိရင် ကူညီပါလား´
`အိုကေ´

မီးဖိုချောင်ထဲမှ ဖောက်တံကို ယူပေးလိုက်တော့ သူက-

`ကျေးဇူးပဲကွာ၊ ဒါနဲ့ ဒီနေ့ သိပ်ပူတယ်နော်´
`အင်း´
`မင်း၊ ဒီက ရာသီဥတုနဲ့ အဆင်ပြေရဲ့လား´
`မဆိုးပါဘူး၊ နေလို့အိုကေပါတယ်´
`ဒါဆို မင်းအနှစ်သက်ဆုံး ရာသီဥတုက…???´
`မိုးရာသီ´
`မနှစ်သက်ဆုံးကရော´
`မိုးရာသီပဲ´

နားမလည်သော အကြည့်ဖြင့် တချက်ကြည့်ရင်း ထိုပုဂ္ဂိုလ် ခေါင်းတယမ်းယမ်းဖြင့် ထွက်သွားတော့ ၈၂ ဒီဂရီ ဖာရင်ဟိုက် အပူရှိန်အောက်မှ ကျနော့်အခန်းလေးထဲတွင် သတိရမိုး၊ ၀မ်းနည်းမိုး၊ စိတ်ကူးမိုးတွေ ဖြိုင်ဖြိုင်ရွာနေလေတော့သည်။


ကလိုစေးထူး


(ညီမလေး ဂျစ်တူး၊ မယ်လိုဒီနဲ့ s0wha1 တို့ Tag ထားချက်အရ ကျနော့်ရဲ့ တကယ့်အဖြစ်အပျက်တချို့ကို အခြေခံရေးသားပါတယ်)

Tuesday, June 19, 2007

လမ်းခုလတ်…

ကျနော်… ထိုင်နေခဲ့တယ်
အကျည်းတန်မှု၊ အထီးကျန်မှု
ပက်စက်မှု၊ ဖယ်ကျဉ်မှု
မုန်းတီးမှု၊ ဟားတိုက်လှောင်ပြောင်မှု
……………………..
……………………..
……………………..
စကားလုံး လက်ညှိုးပေါင်းများစွာ
ငေါက်ငေါက် အထိုးခံလို့
ကျနော်… ထိုင်နေခဲ့ဖူးတယ်…။

ဟေ့… လာလေကွာ
အသိအမှတ်ပြုမှု တခုခုရဲ့ခေါ်သံလိုလိုပါလား
……………………..
……………………..
……………………..
အားရ၀မ်းသာနဲ့
`၀ုန်း´ ခနဲ ထရပ်မိတော့
အားပေးမှုတချို့က
ကျနော့်ကို…
ဖက်ယမ်းနှုတ်ဆက်ခဲ့တယ်…။

အေး…၊ ဟုတ်ပြီ…၊
ဆက်လှမ်း…
ဆက်လှမ်း…
……………………..
……………………..
ဖေးမမှုတွေကို စားသုံးရင်းနဲ့
မြိန်ယှက်စွာ လှမ်းခဲ့လိုက်ရတဲ့ ခြေလှမ်းတွေ…။

`ဝေါ´ခနဲ ဖြတ်သွားတဲ့ ရထားတစင်းပေါ်မှာ
အတ္တအစွယ်ငေါငေါနဲ့ ဘီလူးတွေက
အထူးတန်းမှာ မြိန့်မြိန့်ကြီးစီးလို့…။
တွဲစောင့် တစ္ဆေတကောင်က
လှမ်းအော်ပြောသွားလေရဲ့…၊
`၁% လောက်တောင် မထိရောက်ပါဘူးကွာ´ …တဲ့။
ခက်နေတာက
ဖွေးဖွေးလှုပ်နေတဲ့ ၁%တွေကို
သူ…၊ တကယ် မမြင်ဘူး။

ဆက်လှမ်းထား…၊
လှမ်း…
လှမ်း…
အားတင်းပြီး…၊ လှမ်း…
နေပါအုံး
ကျနော်က လမ်းလျှောက်နေတာလား
အပြေး သွားနေတာလား
လှမ်းတော့ လှမ်းနေတယ်ထင်တယ်…။

အား(((((((((((((
တချက်တချက်မှာ
ခံရခက်ပြီး စူးရှတဲ့ နာကျင်မှုက
ဘယ်ကလာတာလဲ…၊
ရှေ့တည့်တည့်ကလား…
ဘေးချင်းယှဉ်လျက်ကလား…
ဒါမှမဟုတ်
ဒါမှမဟုတ်၊
……………………..
……………………..
နောက်ကျောကလား…။

ခြေလှမ်းတွေကို တစုံတခုက
ဖြတ်ရိုက်နေခိုက်မှာ…၊
နားလည်မှု ရဲဘော်ရဲဘက်တွေ
သွေးအေးနေတယ်…။
အပျော်ခရီးထွက်နေတဲ့ ယုံကြည်မှုတွေက
မသိကျိုးကျွံနဲ့ ကြည်နူးနေကြတယ်…။
……………………..
……………………..
ဒီကြားထဲကမှ
၁% တချို့က
ဇာတ်တူသားချင်း စီးချင်းထိုးချင်ကြပြန်တယ်။

တကယ်တော့…
ခရီးကမဆုံးသေးပါဘူး…၊
ကျနော်က အဲဒီခရီးသွားနေသူပေါင်းများစွာထဲကမှ
အမှုံအမွှားပိစိလေး…။

တခါတလေကျတော့…
ရောထိုင်ချင်စရာ ချော်လဲမှုတွေကြောင့်
ခလုတ်တွေက ဟားတိုက်ရယ်မောနေကြလေရဲ့။


ကလိုစေးထူး

Monday, June 18, 2007

အမေ..သို့



စည်းရုံးရေး ခရီးစဉ် တခုမှာ တိုင်းရင်းသား ၀တ်စုံနဲ့ အမေဒေါ်အောင်ဆန်းစုကြည်။





ပိတောက်ပန်းတွေ ဝေနေအောင်ပန်လို့ ပြုံးနေတဲ့ အမေဒေါ်အောင်ဆန်းစုကြည်။




(တကယ့်) ပြည်သူတွေရဲ့ ဖြူစင်တဲ့ မေတ္တာကို ခံယူရင်း ပြည်သူအကြားမှာ ပြုံးပျော်နေတဲ့ အမေဒေါ်အောင်ဆန်းစုကြည်။





ခြိမ်းခြောက်မှုကို မကြောက်၊ ရဲရဲတောက်တဲ့ အားမာန်တွေနဲ့ မြဲမြဲလျှောက်နေဆဲ အမေဒေါ်အောင်ဆန်းစုကြည်။

ဒီနေ့ဟာ အမေ့ရဲ့ ၆၂ နှစ်မြောက် မွေးနေ့ကို ရောက်ခဲ့ပါပြီ။ အမေကတော့ အခုအချိန်ထိအောင် အကျဉ်းစံနေရဆဲ။ တကယ်တော့ ကျနော် ဘာမှ မတတ်နိုင်ပါဘူး။ ဘာမှလဲ မလုပ်ပေးနိုင်တဲ့ အခြေအနေပါ။

ဒါပေမယ့် ပြည်သူထဲက ပြည်သူတယောက်အနေနဲ့ အမေ့အပေါ်ထားတဲ့ ဖြူစင်တဲ့ မေတ္တာတွေနဲ့အတူ ဆုတောင်း မေတ္တာတော့ ပို့ချင်ပါတယ်အမေ။ အမေရဲ့ (၆၂)နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် သက်တော်ရာကျော် ရှည်ပါစေ။ ပြည်သူ့အကျိုးကို လွတ်လပ်စွာ သယ်ပိုးခွင့်ရတဲ့ တနေ့ကို အမြန်ဆုံး ရောက်နိုင်ပါစေ…။


ကလိုစေးထူး

Sunday, June 17, 2007

စပ်မိစပ်ရာ (၇)...

စာမရေးဖြစ်တာ နှစ်ရက်ရှိခဲ့ပါပြီ။ ဟိုဟာရေးရနိုးနိုး၊ ဒီဟာရေးရနိုးနိုးနဲ့ နောက်ဆုံးတော့ ဘာမှ မရေးဖြစ်၊ ယောင်ချာချာ အလုပ်အားရက်လို့ ဆိုရမလားတော့ မသိ။ သူငယ်ချင်းအိမ်မှာ ဘိလိယက်သွားကစားရင်း အချိန်ကုန်သွားတာက တရက်၊ သူငယ်ချင်းတယောက်က အိမ်ကိုလာလည်လို့ ဧည့်ခံနေရလို့ အချိန်ကုန်သွားတာက တရက်နဲ့ အချိန်တွေက ကျနော့်ကို မစောင့်ဘဲ စိတ်မရှည်စွာနဲ့ ကျော်ဖြတ်သွားလိုက်တာ အခု စာရေးစားပွဲကို ထိုင်တဲ့အချိန်မှာ တနင်္ဂနွေရဲ့ အမှောင်ညကိုတောင် အစပျိုးလို့ နေပါပြီ။

ကျနော်က သတိမထားလိုက်မိခင်မှာပဲ ဒိုရာရဲ့ ကောင်းမှုကြောင့် ကျနော်နဲ့ မွေးနေ့တူသူ တယောက်ကို သိခွင့်ရလိုက်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ အဲဒီကောင်လေးလို နိုင်ငံ့ဥသျှောင်ရဲ့ မြေးမဟုတ်သလို ဘောလုံးကန်လဲ ဘုန်းကံကြီးမားစွာ မတော်ပါဘူး။ ဧရာဝတီသတင်းဌာနက လူတွေ ဒီတခါသတင်းရေးတာ အတန်ငယ် ပေါ့လျော့တာကို သတိထားမိပါတယ်။ အဲဒါကတော့ သတင်းမှာ “သူကြိုက်တဲ့ မန်ချက်စတာတို့၊ ချဲလ်ဆီးတို့က အနီဝတ်တဲ့အသင်းတွေဆိုတော့ အခန်းတခန်းလုံးကိုလဲ အနီရောင်တွေ ဆင်ထားတယ်၊ သူကိုယ်တိုင်လဲ အနီဝတ်လိုက်တာ။ အနီရောင်နေ့လို့လဲ နာမည်ပေးထားတယ်” လို့ ရေးထားတာကို ဖတ်လိုက်မိပါတယ်။ တကယ်တော့ ချဲလ်ဆီးအသင်းဟာ ဘယ်တုန်းကမှ အနီရောင် မ၀တ်ခဲ့ဖူးပါဘူး။ အင်းလေ..၊ သတင်းရေးသူက ဘောလုံးပွဲတွေကြည့်တာ ၀ါသနာမပါလို့နဲ့ တူပါရဲ့…။

ဒီနိုင်ငံမှာတော့ ဒီနေ့ဟာ အဖေနေ့ပါ။ အဖေနေ့မှာမှ အဖေအကြောင်းရေးရမှာလားလို့ ကိုယ့်သဘောနဲ့ကိုယ် တွေးမိပေမယ့် ညီမလေး ဆိုးဝှက်ရဲ့ အဖေအကြောင်းပို့စ်ကို ဖတ်အပြီးမှာတော့ ကျနော်လဲ ကျနော့်ဖေဖေကို သတိရမိပါတယ်။ ဒေါသကြီးတတ်တဲ့ ဖေဖေ၊ သားနှစ်ယောက်မှာ ကျနော့်ကို ပိုချစ်တဲ့ ဖေဖေ၊ ကျနော်တို့ ညီအကိုတွေ အတုယူမှားမှာ စိုးရိမ်စိတ်နဲ့ ကျနော်တို့ လူမှန်းသိတတ်တဲ့ အရွယ်ကတည်းက ဆေးလိပ်/အရက် ဖြတ်ခဲ့တဲ့ ဖေဖေ၊ အဖေနေ့မဟုတ်ပေမဲ့လဲ တိုက်ဆိုင်မှုတွေ ရှိတိုင်း ဖေဖေ့ကို သတိရမိပါတယ်။ အဝေးမှ ဖေဖေ နေကောင်းပါစေလို့သာ တမ်းတတတ ဆုတောင်းမိလိုက်ပါတယ်။

သွေးသွင်းရာကနေ တဆင့် B ပိုးနဲ့ C ပိုး ကူးစက်မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းကို ဖတ်လိုက်မိပါတယ်။ တကယ်တော့ ဒါဟာ တိုင်းပြည်ရဲ့ ကျန်းမာရေ အသုံးစရိတ် နည်းပါးမှုကို သွယ်ဝိုက်ဖော်ပြတဲ့ သတင်းတပုဒ်ပါ။ ကျနော် မြန်မာပြည်မှာ နေခဲ့စဉ်က သွေး(၁၂)ကြိမ်လှူခဲ့ဖူးပါတယ်။ ကျနော့်သွေးမှာ ရောဂါပိုးရှိ/မရှိ ထိရောက်တဲ့ စစ်ဆေးမှု တခါမှ မရှိခဲ့ဖူးပါဘူး။ နယ်မြို့မှာကလဲ ဖြစ်တော့ သွေးလှူဘဏ်ကလဲ မရှိတော့ သွေးလိုပြီလားဆိုမှ အရေးပေါ်ပုံစံ ချက်ချင်းထုတ်ယူ၊ လူနာကို ချက်ချင်းသွင်းပေးရတော့ တကယ်တော့ လူနာတွေအတွက် သိပ်အန္တရာယ်ကြီးပါတယ်။ အဲဒီတုန်းက ဓာတ်ခွဲခန်းတာဝန်ခံ ပြောဖူးတဲ့ စကားကို မှတ်မိနေပါသေးတယ်။

`တကယ်တော့ မိမိခန္ဓာကိုယ်ထဲက သွေးနဲ့ တခြားလူကို အသက်ဆက်စေရတယ်ဆိုတာ အင်မတန်မွန်မြတ်လှတဲ့ အလှူဖြစ်ပေမယ့် လက်ရှိအနေအထားအရ ခင်ဗျားတို့ရဲ့ သွေးမှာ ရောဂါကင်းမကင်း စစ်ဆေးဖို့ကျတော့ အခြေအနေက မပေးဘူး၊ အဲဒီတော့ ခင်ဗျားတို့ရဲ့ ကိုယ်ကျင့်သိက္ခာကို အလောင်းအစားထပ် ယုံကြည်မှု ထားပြီး လက်ခံနေရတာပါပဲဗျာ၊ မိမိကိုယ်ကို စိတ်ချယုံကြည်မှသာ လှူစေချင်ပါတယ်´ …တဲ့။

မမေဓာဝီ လာပြတဲ့ လင့်ခ်တခုကနေ သီတဂူဆရာတော မွေးနေ့မှာ မိုးဒီနဲ့ မော့စ်တို့ရဲ့ ပြက်လုံးတွေကို ကြည့်ခွင့်ရလိုက်ပါတယ်။ အင်မတန်မှ အံ့အားသင့်စရာလဲကောင်း၊ စိတ်ပျက်စရာလဲ ကောင်းလှတဲ့ ညစ်ညမ်း ပြက်လုံးတွေကို ဆရာတော် မွေးနေ့ပွဲလိုမှာမှ ပြက်ရဲကြတာကို တွေ့ရတော့ လူတွေကို ရယ်အောင် လုပ်ဖို့ စကားလုံးက အဲဒီလောက်တောင် ရှားပါးနေပြီလားလို့ တွေးမိပါတယ်။

ဂျာနယ်တွေမှာ သတင်းဖော်ပြစရာ ရှားပါးလာလေသလားတော့ မသိ၊ သတင်းလို့ မယူဆနိုင်တဲ့ သာမန်အချက်တွေကိုလဲ သတင်းလုပ် ရေးသားနေတာကို တွေ့လာရပါတယ်။ ဥပမာ လဲ့မှိုပင်ကို ခြံစည်းရိုးအဖြစ် စိုက်ပျိုးတာလဲ သတင်းဖြစ်၊ ဆိုက်ကား လိုင်စင် သက်တမ်းတိုးပေးတာလဲ သတင်းဖြစ်၊ မြစ်ကမ်းဘေးမှာ ဈေးရောင်းတာလဲ သတင်းဖြစ်၊ အင်းလေ..၊ မြောင်းပုပ်ဖော်တာကို သွားရပ်ကြည့်တာတောင် သတင်းဖြစ်သေးတာပဲလေလို နားလည်စွာ ကြံဖန်တွေးလိုက်ပါတယ်။

သတင်းစာတွေထဲမှာလဲ NLD ပါတီဝင်တွေက နေ့စဉ်လိုလိုကို နှုတ်ထွက်နေကြတော့ စဉ်းစားမိတာက အဲဒီနှုတ်ထွက်တဲ့ လူဦးရေ စာရင်းကို လိုက်ရေတွက်ထားရင် ကောင်းမလားလို့ပါ။ နှစ်နဲ့ချီ နေ့စဉ်နှုတ်ထွက်နေတဲ့ ပါတီဝင် အင်အားက မြန်မာပြည် လူဦးရေထက်တောင် ကျော်လွန်နေပြီလားမသိ။ ဒါပေမယ့် အခုအချိန်ထိ အားရပါးရကြီး နှုတ်ထွက်နေကြဆဲပါပဲ။




လောကရဲ့ ရတနာက ကလေးတွေပါတဲ့။ မဲဆောက်မှာ မြန်မာ့ရတနာလေးတွေကို အဲဒီပုံစံနဲ့ မြင်လိုက်ရတာ ရင်ထဲမှာ ဆို့သွားပါတယ်။ သူတို့လေးတွေရဲ့ စာရိတ္တတွေကို ယိမ်းယိုင်သွားအောင် ဘယ်အရာတွေက တွန်းပို့နေတာလဲ၊ သူတို့ မိသားစု စားဝတ်နေရေး အခြေအနေကလား၊ သူတို့ ရှင်သန်ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်ကလား၊ ဘယ်သူ့မှာရော တာဝန်တွေရှိနေတာလဲ..။ လားပေါင်းများစွာ၊ လဲပေါင်းများစွာနဲ့ တယောက်တည်း မေးခွန်းတွေ ထုတ်နေမိပေမယ့် ကျေနပ်လောက်စရာ အကောင်းဆုံး အဖြေတခု မရခဲ့ပါဘူး။ တကယ်တော့ ကျနော် ဒီတပတ်မှာ Mall ကို သွားတဲ့ ပို့စ်တင်မလို့ပါပဲ။ Mall ကို ရောက်တော့ ဓာတ်ပုံ တကွက် ရိုက်လိုက်တိုင်းမှာ ဒီကလေးတွေရဲ့ ပုံရိပ်တွေ မြင်ယောင်လာမိတော့ စိတ်ထဲမှာ တစုံတရာကို တွေးမိပြီး အဲဒီပို့စ်ကို မတင်ချင်တော့တာနဲ့ ဘာပုံမှ ဟုတ်တိပတ်တိ မရိုက်ဖြစ်တော့ဘဲ လှည့်ပြန်လာခဲ့မိပါတယ်။

စပိန်လာလီဂါရဲ့ နောက်ဆုံးပွဲစဉ်တွေကို ဒီနေ့ကစားကြပါတယ်။ ဂိုးကွာခြားချက်အသာနဲ့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်း မာလော့ဂါတို့ကို ပထမပိုင်းမှာ ရှုံးနေပေမယ့် ဒုတိယပိုင်းအရောက်မှာမှ သုံးဂိုးကြီးများတောင် သွင်းလိုက်တော့ တဖက်မှာ ဂင်မ်နက်စတစ် အသင်းကို ငါးဂိုး တဂိုးနဲ့ အပြတ်အသတ်နိုင်ထားတဲ့ ဘာကာတို့ရဲ့ အနိုင်က အချည်းနှီး ဖြစ်သွားရပါတယ်။ ကျနော်စဉ်းစားမိတာက ကျနော်တို့တွေ ယှဉ်သန်ရုန်းကန်နေရတဲ့ ဘ၀ကြီးကလဲ အဲလိုပဲ ရှုံးလိုက်နိုင်လိုက်နဲ့ ရင်ခုန်စရာကောင်းတဲ့ ဘောလုံးပွဲနဲ့ တူနေမလားလို့ တွေးမိတာပါ။ လောလောဆယ် အခြေအနေကတော့ လွှဲချတယ်ပဲဆိုဆို၊ ဒိုင်အညစ်ခံနေရတယ်လို့ ထင်မိတယ်။

အပြင်ကို ငဲ့ကြည့်မိတော့ မှောင်ပိန်းနေပြန်ပါပြီ။ ဟိုနားတစ ဒီနားတစ အလင်းစက်လေးတွေတော့ တွေ့မိပါရဲ့..။ ကျနော် အခု ထိုင်နေတဲ့ အခန်းထဲမှာရော လင်းနေတာလား၊ မှောင်နေတာလား…။ မသဲကွဲတဲ့ အတွေးတွေနဲ့ မီးလုံးကို ပိတ်လိုက်ဖွင့်လိုက်နဲ့ လုပ်မိတော့ အလင်းက ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့..။ ဒါပေမယ့် သေချာကတော့ ကျနော် အမှောင်ကို မကြိုက်ပါဘူး။ မှောင်နေရင် ဘာမှမှ မမြင်ရတာ…။

ကလိုစေးထူး

Thursday, June 14, 2007

အပြုံး…

မနက်က အလုပ်သွားတော့ အလုပ်ရုံထဲကို ၀င်လိုက်တယ် ဆိုရင်ပဲ အလုပ်ရှင်က `ဂွတ်ဒ်မောနင်း´ လို့ နှုတ်ဆက်ပြီး ပြုံးပြပါတယ်။

နောက်တော့…။ အလုပ်လုပ်နေရင်းနဲ့ အလုပ်ရှင်က အနားမှာ ရစ်သီသီ လာလုပ်လိုက်၊ ကျနော် ပြီးစီးထားတဲ့ အော်ဒါတွေကို လာယူသွားလိုက်၊ ပါးစပ်ကလဲ `Good job´ ဆိုတဲ့ စကားကို ခဏခဏပြောလိုက် ပြုံးပြလိုက်၊ ပြန်ထွက် သွားလိုက်နဲ့…။

တော်ရုံနဲ့ ပြုံးပြလေ့ သိပ်မရှိတဲ့၊ တနည်းအားဖြင့် အပြုံးကပ်စေးနဲတဲ့ အလုပ်ရှင်က ဒီနေ့မှ ထူးထူးခြားခြားနဲ့ ဒီလောက်တောင် ဖောဖောသီသီနဲ့ အပြုံးတွေ တပုံတခေါင်းကြီး ပေးနေပါလိမ့်…။ သိပ်မသင်္ကာတာနဲ့ သူပြုံးတာက အပြုံးအစစ်လား၊ အတုလား ဟိုဟိုဒီဒီတွေးမိတော့ ဒီစာကို ရေးမိပါတယ်။

***

လူတွေ တော်တော်များများ ပြုံးဖူးကြပါတယ်။ ဒါပေမယ့် ပြုံးရတဲ့ အကြောင်းရင်းနဲ့ အဲဒီအပြုံးရဲ့ ပုံစံတွေတော့ တူမယ် မထင်ပါဘူး။ ကြည်ကြည်လင်လင် အပြုံး၊ ထေ့ပြုံး(ငေါ့ပြုံး)၊ မဲ့ပြုံး၊ မချိပြုံး၊ လှောင်ပြုံး၊ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ပြုံးကြပါတယ်။

အပြုံးပုံစံ မတူသလို ပြုံးရတဲ့ အကြောင်းရင်းတွေလဲ မြောက်များစွာ ရှိနေပါသေးတယ်။ မထီထရီ လုပ်ချင်လို့ ပြုံးတဲ့ အပြုံး၊ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ အပြုံး၊ ရက်စက်မယ့် နမိတ်ပြုံး၊ မကောင်းတတ်လို့ ၀တ်ကျေတန်းကျေ ပြုံးပြရတဲ့ အပြုံး၊ တခုခုကို သဘောကျလို့ ပြုံးမိတဲ့ အပြုံးများအပြင် တခြားသော အကြောင်းကြောင်းတွေကြောင့် လူတွေ နေ့စဉ်လိုလို ပြုံးဖြစ်ကြပါတယ်။

ငယ်ငယ်တုန်းကတော့ ကျနော်က ကလေးပိစိကွေးအရွယ် မေမေက ကျနော့်ကို ပြုံးပြပါလိမ့်မယ်။ သားကြီးသြရသ ကျနော့်ကို ချစ်မြတ်နိုးစိတ်နဲ့ `မေမေ့သားကြီး´ လို့ ခေါ်ကာ ကျနော်ပြုံးလာလေမလားလို့ မြူတဲ့ အခါ ကျနော် ပြုံးခဲ့မိလေမလား…။ ကျနော်မသိပါ။ ဒါပေမယ့် အဲဒီတုန်းက ပြုံးဖြစ်ခဲ့မယ့် အပြုံးလောက် အပြစ်ကင်းစင်တဲ့ အပြုံး ဒီတသက်မှာ ရှိမယ်မထင်ပါ။

တဖြည်းဖြည်းနှင့် အရွယ်ရောက်လာတော့ ပြုံးရတဲ့ အကြိမ်ရေက ပိုများလာသလို ပြုံးရသည့် အပြုံးတွေကလဲ အမျိုးများလာပါတယ်။

`ချစ်ခြင်းအစ အမုန်းက၊ ရယ်ခြင်းအစ အပြုံးက´ …တဲ့။ Office Management သင်တန်းတခု တက်ခဲ့ရစဉ်တုန်းက သင်တန်းဆရာ တဦးပြောဖူးတဲ့ စကားပါ။ အဲဒီဆရာကပဲ ပြုံးခြင်းနဲ့ ရယ်ခြင်းဆက်စပ်နေတဲ့ ဟာသပုံသေနည်း တခုကို ပြောပြခဲ့ဖူးပါတယ်။

နှစ်ပြုံး တရယ်
နှစ်ရယ် တမျက်ရည်
နှစ်မျက်ရည် တဗိုက်နှိပ်
နှစ်ဗိုက်နှိပ် တသေးထွက်
ဟုတ်ကဲ့..။ နှစ်သေးလဲ ထွက်ပြီးရော ပက်လက်လန်ပါရောတဲ့။

လူတချို့ဟာ မပြုံးချင်ပါဘဲနဲ့ အခြေအနေအရ ပြုံးနေကြရပါသတဲ့။ ဟုတ်မှာပါ။ ဥပမာ၊ မော်ဒယ်လ် လုပ်နေကြသူတွေအဖို့ သူတို့ကို ဓာတ်ပုံရိုက်နေတဲ့ ဓာတ်ပုံဆရာအများကြီးထဲမှာ တယောက်ယောက်က ကြည့်မရတဲ့ လူဖြစ်နေရင်တောင် ပြုံးနေရမှာပဲ ထင်တယ်။ ဟာသ သရုပ်ဆောင်တွေလဲ ထိုနည်းလည်းကောင်းပဲ ဖြစ်မှာပါ။

မပြုံးချင်ဘဲ အခြေအနေအရ ပြုံးရတဲ့ အပြုံးထက် ကြောက်ဖို့ကောင်းတာက ဟန်ဆောင် အပြုံးလို့ ထင်မိပါတယ်။ သူ့ကို ကြည့်လိုက်တော့ ပြုံးတော့ ပြုံးနေသား၊ ဒါပေမယ့် စိတ်ထဲကနေ ကိုယ့်ကို မုန်းနေတာဆိုရင် အခက်…။

ကျိုက်ထီးရိုး ဘုရားဖူးသွားတုန်းကတော့ ထူးဆန်းတဲ့ အပြုံးကို တွေ့ခဲ့ရဖူးပါတယ်။ ရေမြောင်ကြီးစခန်း အရောက်မှာ ကောင်မလေး ခပ်ချောချော သုံးလေးယောက်က ကျနော့်ကို သူတို့နဲ့ မိတ်ဟောင်းဆွေဟောင်းလိုလို၊ ငယ်ပေါင်းကြီးဖော်လိုလိုနဲ့ အားရပါးရ ပြုံးပြနေလို့ ကြောင်အမ်းအမ်းနဲ့ ပြန်ပြုံးပြမိတာ အနားရောက်မှသိရတယ်။ သူတို့ ဖွင့်ထားတဲ့ ထမင်းဆိုင်မှာ ထမင်းစားရအောင် ခေါ်တာကိုး…။ ကြော်ငြာအပြုံးလို့ ခေါ်ရမလားမသိ…။

မြန်မာပြည်မှာ ကျနော် ကြားဖူးလိုက်တဲ့ ပြိုင်ပွဲတခု ရှိပါသေးတယ်။ `ပြုံးအလှပိုင်ရှင်´ ပြိုင်ပွဲတဲ့။ အခုတော့ ရှိသေးလား မရှိတော့ဘူးလား မသိတော့ပါဘူး။

ကျနော့်စိတ်ထင်ပဲလားတော့ မဆိုနိုင်…။ ကျနော်တို့ မြန်မာလူမျိုးတွေ အပြုံးအင်မတန် ရှားပါးတဲ့ အခိုက်အတန့် တခုရှိပါတယ်။ အဲဒါကတော့ ဓာတ်ပုံအရိုက်ခံတဲ့ အချိန်ပါ။ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားတွေ ထွက်တဲ့အခါ တခြားအချိန်မှာ ဟေးဟေးဟားဟားနဲ့ ပြုံးရယ်နေကြသလောက် ဓာတ်ပုံရိုက်မယ်ဟေ့ဆိုပြီး ကင်မရာရှေ့ကို လူစုလိုက်ရင် ဘာရယ်ကြောင့်မသိ၊ လူဆယ်ယောက်မှာ ခုနှစ်ယောက်လောက်က ခပ်တည်တည်ကြီးတွေ ဖြစ်ကုန်ပါတယ်။ ကျနော်ကတော့ ရုပ်ဆိုးကာမှ ဆိုးရော ဆိုပြီး ဓာတ်ပုံရိုက်တိုင်း ရှိရှိသမျှသော သွား ၃၂ ချောင်းလုံး ပေါ်အောင် အားရပါးရကြီးကို ပြုံးပြီး ဓာတ်ပုံအရိုက်ခံပါတယ်။

မျက်နှာကို ပြုံးလျက်သား အနေအထားနဲ့ ဘယ်လောက်ကြာကြာနေနိုင်မလဲလို့ စမ်းကြည့်ချင်တာနဲ့ နှုတ်ခမ်းကို ပစောက်သဏ္ဍာန် ဖန်တီးပြီး နေကြည့်တာ ရှေ့က ဖြတ်လျှောက်သွားတဲ့ အလုပ်ရှင်က သူ့ကို ပြုံးပြနေတယ် အမှတ်နဲ့ ခေါင်းဆတ်ပြတဲ့အချိန် ကျနော်ကလဲ ပါးစပ်ညောင်းလာလို့ ပါးစပ်ပြန်အစေ့နဲ့ ဆုံသွားပါတယ်။ သူတော့ ဘာထင်သွားမလဲ မပြောတတ်ပါဘူး။ ကျနော်ကတော့ `မပြုံးချင်ဘဲ ပြုံးရတာ ပါးစပ်တယ်ညောင်းသကိုး´ လို့ အူကြောင်ကြောင် တွေးမိပါတယ်။

တခါတုန်းက အမေရိကန် အသိတယောက် ဖိတ်တာနဲ့ သူတို့ရဲ့ ပါတီကို ရောက်သွားခဲ့ဖူးပါတယ်။ ပေါများလိုက်တဲ့ အပြုံးတွေ၊ သူတို့ကလဲ ပြုံး၊ ကျနော်ကလဲ ပြုံး၊ ကြာတော့ ပြုံးရတာကို ညည်းငွေ့လာပါတယ်။ ခက်တာက မပြုံးချင်လဲ အသိတယောက်ယောက်ကို တွေ့ရင် ပြုံးပြနေရတာပါ။ ခပ်တည်တည်နေလို့မှ မကောင်းတာကိုး။ မပြုံးချင်ဘဲ ပြုံးရတဲ့ ၀ဋ်ဒုက္ခကလဲ အတော်ကြီးမားပါတယ်။

ဂရေဟမ်ကတော့ `အပြုံးတုလေးအား စွဲလမ်းမိတာ~~~ တကယ်ကို သိပ်မှားသွား~~~´ ဆိုပြီး အပြုံးအပေါ် ခံစားချက်ကို `အပြုံးတု´ သီချင်းနဲ့ ပုံဖော်ပါတယ်။ တကယ်တော့ အပြုံးတုဆိုတဲ့ အရာက လူတွေနဲ့ ယဉ်ပါးနေခဲ့တာ ကြာခဲ့ပါပြီ။ လူမှုရေးဆိုတဲ့ တံတိုင်းခတ်မှုရဲ့ အလယ်မှာ အပြုံးတုတွေကို လက်ခံလိုက်၊ ပေးဝေလိုက်နဲ့ ဘယ်ဟာက အပြုံးအစစ်လဲဆိုတာတောင် သိနိုင်ခဲလှပါပြီ။

လူတယောက် ကိုယ့်ကို ပြုံးပြတဲ့ အပြုံးဟာ ဘယ်အရာက အပြုံးတု၊ ဘယ်အရာက အပြုံးအစစ်လဲ ဆိုတာကို ခွဲခြားကြည့်ချင်ပါသလား။ ဒီနေရာ မှာ မိတ်ဆွေများရဲ့ လူကဲခတ် စွမ်းရည်ကို အကဲဖြတ်လိုက်ပါ။ တခုတော့ ရှိပါတယ်။ အဲဒီမှာ လူအယောက် ၂၀ က တယောက်ကို တကြိမ်စီသာ ပြုံးပြပါလိမ့်မယ်။ အဲဒီ အပြုံးဟာ တကယ့်အပြုံးအစစ်လား၊ အတုလားဆိုတာ အဖြေပေးရပါမယ်။ ပြီးရင်တော့ အဖြေမှန် ပေးပါလိမ့်မယ်။ ကျနော်ကတော့ လူ ၂၀ ကို ခန့်မှန်းတာ ၆ ယောက်သာ မှန်ပါတယ်။ ဒီလင့်ခ်ကို ကူညီတဲ့အနေနဲ့ ပေးခဲ့တဲ့ သူငယ်ချင်းက `ခင်ဗျားတော့ ရှေ့လျှောက် ခံရဖို့သာ ပြင်ထား´ လို့ ထောပနာပြုပါတယ်။ အချိန်ရရင်တော့ အပျင်းပြေဖြစ်ဖြစ် ဖြေကြည့်နိုင်ပါတယ်။

***

ညနေ အလုပ်သိမ်းချိန်ရောက်တော့ အလုပ်ရုံက အထွက်မှာ အလုပ်ရှင်က သူ့စားပွဲမှာ တကုပ်ကုပ်နဲ့ ဘာတွေ လုပ်နေတယ်မသိ။ မနက်ကလို အမှတ်နဲ့ လှမ်းနှုတ်ဆက်လိုက်မိတယ်။

‘Have a good night, Don’

‘Yea, you too’ လို့ ပြန်ပြောတဲ့ အလုပ်ရှင်က တချက်သာ လှမ်းကြည့်ပြီး သူ့အလုပ်သူဆက်လုပ်လို့ ကျန်ခဲ့ပါတယ်။ သူ မပြုံးပြပါဘူး။

သေချာတယ်၊ ဒီလူ မနက်ကရော နေ့လည်တုန်းကပါ ကျနော့်ကို ပြုံးပြခဲ့တဲ့ အပြုံးတွေ အားလုံး အတုတွေချည်းပဲ နေမှာ။

ကလိုစေးထူး

Tuesday, June 12, 2007

ပြစ်မှုကြွေးကို ... ???

လူမိုက်တွေရဲ့ လက်သုံးစကားလားတော့ မသိ…။ အရပ်ထဲမှာ ပြောကြတာကို ကျနော် ကြားဖူးတာ တခုရှိပါတယ်။ အဲဒါကတော့ `ထောင်အပြင် တန်းမရှိ´ တဲ့။

ထောင်ကျသွားပြီးမှတော့ ဘာများထူးအုံးမှာလဲ ဆိုတဲ့ သဘောသဘာဝကို ပြောချင်တာ ထင်ရဲ့။ ဒါပေမယ့်….။

***

၁၉၉၂ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ ကရင်ပြည်နယ်အနှံ့ ထိုးစစ်တွေ တရစပ်ဆင်ခဲ့ပါတယ်။ အဲဒီနှစ်ကုန်ပိုင်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ် အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက်မှာတော့ ထိုးစစ်တွေကို ငြိမ်းချမ်းရေး အလို့ငှာ အကြောင်းပြပြီး ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီထိုးစစ်တွေရဲ့ တန်ဆာခံ ဖြစ်ခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ ပေါ်တာအဖြစ် အသုံးချခံခဲ့ရတာတွေကို ကျနော့်ကိုယ်တွေ့နဲ့ ယှဉ်ပြီး အတန်အသင့် ရေးခဲ့ပြီးပါပြီ။

အလျဉ်းသင့်တုန်း တင်ပြချင်တာ တခုရှိပါတယ်။ မြန်မာစစ်တပ်တွေ ရှေ့တန်း စစ်ဆင်ရေး ထွက်ကြတဲ့ အခါ ဘာဖြစ်လို့ သူတို့ဝန်စည်တွေကို သူတို့ မသယ်ဘဲ အရပ်သားပြည်သူတွေကို အသယ်ခိုင်းရပါသလဲ ဆိုတာပါ။
ကျနော် မြင်မိသလောက် တင်ပြရရင်-

(၁) လက်နက်ကြီး/ လက်နက်ငယ် များရဲ့ ကျည်များကို သူတို့ချည်းသက်သက် သယ်ယူရန် မတတ်နိုင်ခြင်း။
(၂) စားရေ ရိက္ခာများကို သူတို့ချည်းသက်သက် သယ်ယူရန် မတတ်နိုင်ခြင်း။
(၃) တပ်တွင်း အခွင့်ထူးခံ အရာရှိကြီးငယ်များရဲ့ ၀န်စည် စလယ်များကို အခြားအဆင့် စစ်သည်များက သယ်ယူရန် မတတ်နိုင်ခြင်း။

အဲဒီအချက်တွေအပြင် ပိုဆိုးတာတခုကတော့ သူတို့မှာ ပါလာတဲ့ ဒုတိယကမ္ဘာစစ်လက်ထက်ကတည်းက မြေပုံက လက်ရှိမြေပြင် အနေအထားနဲ့ ကွာဟနေလို့ အသုံးမတည့်လှတာကြောင့် နယ်မြေကျွမ်းကျင်တဲ့ ဒေသခံတယောက်ယောက်ကို လမ်းပြ အလို့ငှာ အသုံးချခြင်းပါ။ အဲဒီလမ်းပြတွေက အသက် အန္တရာယ်နဲ့လဲ ပိုနီးစပ်ပါတယ်။ ရှေ့ဆုံးက သွားရတဲ့အပြင် မြေမြုပ်မိုင်းအန္တရာယ်ကလဲ ရှိပါသေးတယ်။

၁၉၉၅ ခုနှစ် နောက်ပိုင်းမှာ အရပ်ထဲက ပြည်သူတွေကို ပေါ်တာအဖြစ် အသုံးချတာ အတော်ကြီးကို နည်းသွားခဲ့ပါတယ်။ အိုင်အယ်လ်အို အဖွဲ့ရဲ့ ဖိအားကြောင့် ရပ်ကွက်/ ကျေးရွာ ရအဖ ရုံးတွေမှာဆိုရင်လဲ `အတင်းအကျပ် လုပ်အားပေး ဆင့်ခေါ် စေခိုင်းမှု´ နဲ့ ပတ်သက်တဲ့ အမိန့်စာလေးတွေကို ဟိုတစ ဒီတစ တွေ့လာရပါတယ်။ အဲဒီတုန်းကတော့ ဟုတ်တုတ်တုတ်တော့ ရှိလာပြီလားလို့ ထင်မိသား။ သို့သော်…။

၁၉၉၇ ခုနှစ်မှာ ကရင်ပြည်နယ် အနှံ့အပြားမှာ ထိုးစစ်တွေ ထပ်မံပြုလုပ်ပြန်ပါတယ်။ ကျနော်တို့ မြို့ကလေးမှာဆိုရင် ဘောလုံးကွင်းထဲမှာလဲ စစ်ကားတွေ အပြည့်၊ မြို့ထဲ လမ်းမပေါ်မှာလဲ စစ်ကားတွေ အစီအရီနဲ့ တမြို့လုံး အစိမ်းရောင်တွေနဲ့ အုံ့မှိုင်းနေခဲ့ပါတယ်။ ကရင်အကိုကြီး တယောက်ရဲ့ အဲဒါနဲ့ ပတ်သက်လို့ ပြောစကားကို အခုထိ မှတ်မိနေပါသေးတယ်။ `ရဲဘော်တွေ များတာတော့ လက်ကုန်ပဲဟေ့၊ ရဲဘော်စစ်ကြောင်းက ခေါင်းက ရှေ့တန်းရောက်ပေမယ့် အမြီးက တို့မြို့မှာ ရှိတုန်း..´ …တဲ့။

***

`ကျနော်တို့ကို ဒီအိမ်ဝင်းမှာ တည်းခွင့်ပြုပါ´

တည်းခွင့်ပြုပါ သာ ပြောတယ်။ အိမ်ဝိုင်းထဲကို ရောက်နှင့်နေကြပြီ ဖြစ်တဲ့ အစိမ်းရောင် လူတစုကို မေမေက ဘာမှ မတတ်နိုင်တဲ့ဟန်နဲ့ မေးအသာဆတ်ပြလိုက်ပါတယ်။ တပ်မနဲ့ ချီပြီး များပြားလှတဲ့ စစ်သားတွေရောက်နေတာကြောင့် နယ်ခံတပ်ရင်းမှာ နေရာမဆန့်ပေလို့လားတော့ မသိ..။ ကျနော်တို့ မြို့လေးရဲ့ စစ်တပ်နဲ့ အနီးဆုံးရပ်ကွက်က အိမ်တော်တော်များများမှာ အခုလိုပဲ စစ်သားတွေ ဟိုတစု ဒီတစု ၀င်တည်းကြပါတယ်။ တညတန်သည်၊ နှစ်ညတန်သည် တည်းပြီးရင်တော့ ရှေ့တန်းထွက်ကြပါတယ်။

`ကျနော်တို့ အိမ်အောက်မှာပဲ အိပ်ကြမှာပါ´

ခေါင်းဆောင် ဖြစ်ဟန်တူသူ သုံးရစ်နဲ့ ပုဂ္ဂိုလ်က ပြောပြောဆိုဆိုနဲ့ ပါလာတဲ့ သူ့လူတွေကို ခြံထောင့်မှာ နေရာချထားပေးပါတယ်။ တဆက်တည်းမှာ သူ့တပည့်တွေကို `ကင်းချဟေ့´ လို့ အမိန့်ပါ တခါတည်းပေးလိုက်တော့ ကျနော်တို့ အိမ်ဝင်းလေးလဲ နေရင်းထိုင်ရင်းနဲ့ အစောင့်နဲ့ ဘာနဲ့ လုံခြုံရေးအပြည့် ဖြစ်သွားသလိုလို…။ အဲဒီမှာတင် သတိထားမိတာကတော့….။

မီးသတ်ဝတ်စုံအရောင် အင်္ကျီအပြာ၊ ဘောင်းဘီအပြာနဲ့ လူတချို့..။ မျက်နှာထားတွေကလဲ စိုးရွံ့နေသလိုလို မျက်နှာငယ်လေးတွေနဲ့..။ နောက်တော့မှ သိရတာက အဲဒါ `ထောင်သားတွေ´ တဲ့..။

***

စစ်တပ်အကြီးအကဲ အုပ်ချုပ်သူများရဲ့ ရွှေဉာဏ်တော် စူးရောက်ချက်လားပဲ ပြောရမလား မသိ..။ အရပ်ထဲက ပြည်သူတွေကို လူမြင်သူမြင် ပေါ်တာဆွဲဖို့ အခြေအနေမပေးတော့တဲ့ အခါမှာ သူတို့ရဲ့ ၀န်စည်တွေကို သယ်ပိုးသမားအဖြစ် အသုံးချဖို့ သူတို့ မျက်စိကျတာကတော့ ထောင်တွေထဲမှာ အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေပါ။

`၀န်ဆောင် တပ်ရင်း´ လို့ အမည်ပေးပြီးတော့ ရဲဘက်စခန်းအချို့က အကျဉ်းသားတွေကို ပေါ်တာအလို့ငှာ အသုံးချတဲ့ စနစ်ကို (ကျနော်တွေ့ရှိ မှတ်သားမိသလောက်) အဲဒီနှစ်မှာ စတင် အသုံးပြုခဲ့ပါတယ်။ အစပထမပိုင်းမှာတော့ သူတို့ အများဆုံး အသုံးပြုလေ့ရှိတဲ့ အကျဉ်းသား အမျိုးအစားကတော့ စစ်ပြေးမှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု အစသဖြင့် ပြစ်မှုတွေနဲ့ စစ်တပ်မှ ထုတ်ပယ်ရန် အလို့ငှာ အရပ်ထောင် အချခံရတဲ့ အကျဉ်းသားတွေပါ။

စကားချပ်။ (စစ်သားတွေကို ထောင်ဒဏ်အပြစ်ပေးနည်း နှစ်နည်းရှိပါတယ်။ စစ်ထောင်နဲ့ အရပ်ထောင်ပါ။ စစ်ထောင်ကတော့ စစ်တပ်မှ နှုတ်ထွက်စရာ မလိုပါဘူး။ အများဆုံး စစ်ထောင်အပြစ်ဒဏ်ကလဲ တနှစ်အထိသာ ချလေ့ရှိပါတယ်။ အရပ်ထောင်ကတော့ စစ်တပ်ကနေပါ ထုတ်ပယ်တဲ့ အပြစ်ဒဏ်ကျူးလွန်ရင် ပေးတဲ့ အပြစ်ဒဏ်ပါ။ နှစ်မျိုးလုံးကို စစ်ခုံရုံးကနေ အမိန့်ချတာပါ။)

စစ်ဆင်ရေး ပမာဏက ကြီးလွန်းတော့ နောက်ပိုင်းမှာ စစ်ပြေး အကျဉ်းသားတွေနဲ့တင် မလုံလောက်တော့ပါဘူး။ အဲဒီမှာ တဆင့်တက်ပြီး လွတ်ရက်စေ့ နှစ်ရှည် အကျဉ်းသားတွေကို အသုံးချပြန်ပါတယ်။ ကျနော်တို့ အိမ်မှာ လာတည်းသွားကြတဲ့ စစ်သားတွေနဲ့ အတူ ပါလာတဲ့ အကျဉ်းသား ပေါ်တာ တယောက်ကို စပ်စုကြည့်မိတော့ သူက လူသတ်မှုနဲ့ ထောင်ဒဏ် ဆယ့်သုံးနှစ် ကျခဲ့တာ ထောင်ထဲမှာ ဆယ်နှစ်နေခဲ့ပြီးပါပြီတဲ့။ ကျန်တဲ့ သုံးနှစ်ကို အခု ပေါ်တာအဖြစ် လိုက်ရင် ပြန်ရောက်တာနဲ့ ထောင်ကနေ လွှတ်ပေးမယ်ဆိုလို့ စွန့်စားတဲ့ အနေနဲ့ လိုက်ခဲ့တာလို့ ပြောပါတယ်။ သူ့စိတ်ထင် တခေါက်ကို အလွန်ဆုံးကြာလှ လေးငါးလပေါ့လို့ ထင်ခဲ့မိပါတယ်တဲ့။

စစ်ပြေး အကျဉ်းသားတွေကိုတော့ စစ်သားလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိပြီးသားမို့လို့ အသုံးချတယ်လို့ သုံးသပ်မိပါတယ်။ ဒါပေမယ့် အရာရှိ ဘ၀ကနေ အရပ်ထောင်ကျသွားတဲ့ အကျဉ်းသားပေါ်တာတွေတော့ မတွေ့ခဲ့ရပါဘူး။ အခြားအဆင့်ကနေ ထောင်ကျတဲ့ စစ်သားဟောင်း အကျဉ်းသားတွေပဲ ပါလာတာ တွေ့ပါတယ်။

`၀န်ဆောင်တပ်သားများ´ လို့ ခေါ်ဝေါ်တဲ့ အဲဒီ အကျဉ်းသားတွေရဲ့ အသက်တန်ကြေးဟာ ရှေ့တန်း စစ်မြေပြင်ကို ထွက်လိုက်တာနဲ့ ဖက်ရွက် တခုလောက်တောင် တန်ဖိုးမရှိတော့ပါဘူး။ ခန္ဓာနဲ့ဝန် မျှသည် မမျှသည်ကိုလဲ လူသားချင်း စာနာတဲ့ အသိနဲ့ စစ်သားတွေက သူတို့ အတွက် ထည့်တွက်လေ့ မရှိပါဘူး။ ထွက်ပြေးရင်လဲ အသေသာ ပစ်သတ်လေ့ရှိပါတယ်။ သေသွားတော့လဲ ခွေးသေတကောင်လောက်တောင် တန်ဖိုးမထား ပစ်စလတ်ခတ် ပစ်ထားလိုက်တာပါပဲ။ `ခွေးကမှ ချက်စားလို့ ရသေးလို့ မင်းတို့ထက် အဖိုးတန်သေးတယ်´ လို့ စစ်သားတယောက်က ပြောတယ်လို့ အကျဉ်းသားပေါ်တာကြီးတယောက် ရင်ဖွင့်ခဲ့ဖူးပါတယ်။

တပ်ရင်းက ရှေ့တန်းကို ထွက်ကြတဲ့ အခါ အရာရှိလုပ်သူတွေက ပစ္စတိုလေး ခါးချိတ်လို့ ဘာဝန်စည်စလယ်မှ မပါ၊ အိုက်တင် အခန့်သား၊ တပ်မှူးဆိုရင် တုတ်ကောက်လေး တထောက်ထောက်နဲ့ ဟန်ပါပါသွားနိုင်ပေမယ့် သူတို့ရဲ့ ၀န်စည်စလယ်တွေကို ၀န်တင်လားများသဖွယ် မနိုင့်တနိုင် ထမ်းပိုးလိုက်ပါသွားရတဲ့ အကျဉ်းသား ပေါ်တာတွေရဲ့ ပုံရိပ်က ရင်ဆို့စရာ ကောင်းလှပါတယ်။ ဘယ်နှယောက် ရှေ့တန်း စစ်မြေပြင်မှာ သေဆုံးပြီး၊ ဘယ်နှယောက် အသက်မသေဘဲ လျှောလျှောရှူရှူနဲ့ နောက်တန်းကို ပြန်ရောက်တယ်၊ လွတ်မြောက်ခွင့်ရတယ် ဆိုတာကတော့ တွက်ချက်ဖို့ အတော်လေးကို ခဲယဉ်းတဲ့ ပုစ္ဆာတခုပါပဲ။

`ဘယ်တော့ ပြန်ရမယ်ထင်လဲ´

အိမ်မှာလာတည်းတဲ့ အကျဉ်းသားပေါ်တာတယောက်ကို လူလစ်တုန်း အဲဒီမေးခွန်းကို တိုးတိုးတိတ်တိတ် မေးကြည့်လိုက်တော့ သူ့မျက်လုံးမှာ မျက်ရည်တွေ စို့ခနဲ တက်လာပါတယ်။ ဟိုးအဝေးကြီးကို ခပ်ငေးငေးကြည့်ရင်း မျက်ရည်တွေ ပေါက်ခနဲ ကျလာတယ်။ ပြီးတော့ တိုးဖွဖွနဲ့ တခွန်းတည်း ပြန်ဖြေပါတယ်။

`မသိသေးဘူး´ ….. တဲ့။ ဒါပေမယ့် ကျနော်လဲ သူ့ကို ဘာမှ အကူအညီ မပေးနိုင်ခဲ့ပါဘူး..။

တကယ်တော့ တပ်ရင်းတရင်းရဲ့ စစ်ဆင်ရေးကာလဟာ များသောအားဖြင့် ခြောက်လခန့်သာ ကြာမြင့်လေ့ရှိပေမယ့် လှုပ်ရှားသွားလာနေတဲ့ အဲဒီခြောက်လအတွင်း ၀န်စည်တွေကို ထမ်းပိုးပြီး ဖြတ်သန်းရမယ့် အကျဉ်းသားပေါ်တာတွေရဲ့ ၀ဋ်ဒုက္ခကို ခြောက်ရက်တာမျှသာ ပေါ်တာငရဲခံဖူးတဲ့ ကျနော့်ကိုယ်တွေ့နဲ့ ယှဉ်ပြီး ကိုယ်ချင်းစာမိလှပါတယ်။ လူ့ခန္ဓာကိုယ်က ရှိသမျှ အားအင်အကုန်လုံးကို ထုတ်ယူပစ်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်လှပြီး ကိုယ့်အသက်ကိုလဲ တန်ဖိုးထားခြင်း တစက်ကလေးမှ မခံရတဲ့အထဲ တပ်ရင်းတရင်းက နောက်တန်းပြန်နားတဲ့ အခါ နောက်ထပ်ရှေ့တန်း တာဝန်ထမ်းဆောင်မယ့် တပ်ရင်းအတွက် အဲဒီအကျဉ်းသားတွေကို ထပ်မံလွှဲပြောင်းလို့ ထပ်ခါတလဲလဲ ခိုင်းစေကြပြန်တော့ စစ်သားတွေကမှ ခြောက်လတခါ နားရတယ်၊ သူတို့ခမျာမှာတော့ စစ်ဆင်ရေးကြီး မပြီးမချင်း ၀န်စည်တွေကို ထပ်တလဲလဲ ထမ်းပိုးနေရသလို ဖြစ်နေပါတယ်။

***

မုတ္တမ-ရန်ကုန် ကားလမ်းဘေးက ဇင်းကျိုက်အနီးမှာ ကျောက်ထု ရဲဘက် အကျဉ်းစခန်းတခုကို ခရီးသွားရတိုင်း ဖြတ်သွားခဲ့ရဖူးပါတယ်။ အဲဒီလို ဖြတ်သန်းရတိုင်းမှာ ဟိုးခပ်ဝေးဝေးက အဖြူရောင် ၀တ်စုံ ပေညစ်ညစ်နဲ့ ပင်ပန်းကြီးစွာ ကျောက်ထုနေတဲ့ အကျဉ်းသားတွေရဲ့ ဒီမှာဘက် လမ်းဘေးအနီးက ဆိုင်းဘုတ်လေးမှာ ရေးထားတဲ့ စာတန်းကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အဲဒါကတော့..

`ပြစ်မှုကြွေးကို ချွေးဖြင့်ဆပ်မည်´ …တဲ့။

လူ့ဘောင် လောကကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် ရာဇ၀တ်ပြစ်မှုတွေ ကျူးလွန်ပြီးလို့ အဲဒီအပြစ်အတွက် ထိုက်တန်တဲ့ ပြစ်မှုကို ခံယူရတယ်ဆိုတာက ဓမ္မတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အပြစ်ဒဏ်အတွက် မြန်မာနိုင်ငံက ပေါ်တာ အကျဉ်းသားတွေ ပေးဆပ်နေရတဲ့ ပြစ်ဒဏ်ကတော့ ကြီးမားလွန်းလှပါတယ်။ ဒီအခြေအနေကို ပပျောက်ဖို့ ဘယ်လိုလုပ်ရပါ့၊ အင်မတန်လဲ စဉ်းစားရခက်ပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ ဆိုတဲ့ မေးခွန်းကတော့ မေးစရာတောင် လိုတော့မယ်တောင် မထင်ပါ။

ဒါကြောင့်…

ပြစ်မှုကြွေးကို ချွေးနဲ့တင်မက၊ သွေး၊ အသက်နဲ့ပါ ပေးဆပ်နေရတဲ့ ပေါ်တာအကျဉ်းသားစနစ် မြန်မာပြည်ကနေ လွင့်ပျောက်ပါစေလို့ ဆုတောင်းရုံသာ တတ်နိုင်ရင်း….။

ကလိုစေးထူး

Monday, June 11, 2007

ပျင်းရိစရာ နေ့တွင်...

ဒီနေ့ တနင်္လာနေ့ ..။

ပို့စ်တခုမှာ ကျနော်ရေးဖူးပါတယ်။ `အမုန်းဆုံးနေ့မှာ တနင်္လာနေ့´ လို့..။ အမှန်ကတော့ ဘာရယ်မဟုတ်၊ အလုပ်ပြန်ဆင်းရတဲ့ ပထမဦးဆုံးနေ့ ဖြစ်တာကြောင့် ကိုယ့်သဘောနဲ့ကိုယ် အပျင်းထူတာကို ဖုံးကွယ်လိုတာနဲ့ပဲ တနင်္လာနေ့က နေရင်းထိုင်ရင်းနဲ့ အချောင် အမုန်းခံရရှာတာပါ။ ကျနော့်လို တနင်္လာနေ့ကို မုန်းကြသူတွေ နည်းမှာတော့ မဟုတ်ဘူးလို့ ဘာမဆိုင်ညာမဆိုင် တွေးမိရင်း ပျင်းရိလေးတွဲ့လှစွာနဲ့ အလုပ်ဝင်ပါတယ်။

လောကကြီးမှာ ကျနော် အားအကျဆုံး လူတန်းစား တရပ်ရှိပါတယ်။ အဲဒါကတော့ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တထပ်တည်း ကျနေတဲ့ လူတွေကိုပါ။ တနည်းအားဖြင့် သူတို့ရဲ့ အလုပ်က သူတို့ဝါသနာနဲ့ အကိုက်ဖြစ်နေတာမျိုးကိုပါ။ သူတို့တွေအတွက်ကတော့ အလုပ်ဆိုတာကြီးက ဖိစီးမှု ပေးနေတဲ့ အရာကြီးလို့ မြင်မှာ မဟုတ်ဘဲ ကိုယ်ဝါသနာပါတာကို လုပ်ချင်လို့ကို လုပ်နေရင်း အသက်မွေးဝမ်းကျောင်းနေရလို့ အားကျမိပါတယ်။

တခါတခါကျတော့လဲ တယောက်တည်း စိတ်ကူးယဉ်မိပါတယ်။ မြန်မာပြည် ပြန်ရောက်ခဲ့ရင် စာအုပ်ဆိုင်ကလေးဖွင့်၊ စာအုပ်ထုတ်တဲ့ လုပ်ငန်းလေးလုပ်ရရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲပေါ့..။ စာလဲဖတ်ရ၊ စီးပွားလဲ လုပ်ရ..။ ဖတ်ရတဲ့ စာတွေထဲကမှ တဆင့် မဖြစ်ညစ်ကျယ် စာလေးတွေလဲ ရေးနိုင်သေး…။

အလုပ်ထဲမှာ `မင်းက ဘယ်အလုပ်မျိုး ၀ါသနာပါလဲကွာ´ လို့ တယောက်ယောက်က မေးလာရင် ကျနော်ဖြေမယ့် အဖြေအတွက် ထရိုက်နိုင်ပါတယ်။ `အလုပ်´ ဆိုတဲ့ နာမည်ကြီးကိုက ကြားရတာ အဆင်မပြေသလိုလို..။ ငပျင်းလို့ ပြောရင်တော့လဲ ငြိမ်ခံရုံရှိပါတယ်။ ကျနော်က ဂစ်တာလေးတီးလိုက်၊ သီချင်းလေးရေးလိုက်၊ စာလေးဖတ်လိုက်၊ ဟိုဟိုဒီဒီ လျှောက်ရေးလိုက် နေချင်တာ..။ ဒါပေမယ့် အဲဒါတွေကို အမှီပြုပြီး ဘ၀ရပ်တည်ချက် ခိုင်မာလောက်အောင်လဲ မစွမ်းဆောင်နိုင်တော့ မလုပ်ချင်တဲ့ အလုပ်ကိုပဲ အားကြိုးမာန်တက် လုပ်ချင်ယောင်ဆောင်ပြီး လုပ်နေရတော့တာပါပဲ။

အလုပ်ခန်းထဲမှာ အဲယားကွန်း ဖွင့်ထားပေးလို့ နေရတာတော့ သက်သောင့်သက်သာ ရှိပါရဲ့..။ ခက်တာက ဆူညံလွန်းလှတဲ့ စက်သံ….။ ၀ူးဝူး ဝေါဝေါနဲ့ အလွန်နားညည်းပါတယ်။

အလုပ်ချိန်စလို့ တနာရီလောက် အကြာမှာတော့ အတန်ငယ် ညောင်းညာဟန် ရှိလာတာနဲ့ ခါးကို နည်းနည်းဆန့်၊ ဘေးဘီကို ငဲ့ကြည့်လိုက်တော့ လားလား၊ မက္ကဆီကန်တယောက် အပီကို အိပ်ငိုက်နေတယ်..။ အလုပ်ရှင် မြင်သွားမှာ စိုးတာနဲ့ သူ့ခါးကို အသာလှမ်းတို့လိုက်တော့ ဆတ်ခနဲ မျက်စိပွင့်လာပြီး ကျနော့်ကို ရယ်ကျဲကျဲနဲ့ ပြန်ကြည့်တယ်။ ပြီးတော့ `ငါ လေးနာရီလောက်ပဲ အိပ်ခဲ့ရတယ်ကွာ´ လို့ ညည်းပြောပြောပါတယ်။ သူက တနေ့ကို အလုပ်နှစ်ခု၊ ဆယ့်လေးနာရီ လုပ်တော့ ကြည့်ရတာ တော်တော်နွမ်းနယ်နေပုံပါပဲ။ မရှက်ခြင်းသုံးပါးထဲက ငိုက်မရှက်ကို အပီအပြင်ကို ပုံဖော်နေတော့တာပါပဲ။

နားညည်းသက်သာအောင် နားကျပ်တပ်ပြီး ရေဒီယိုနားထောင်လိုက်တော့ မကြာခဏ လွှင့်ပေးလေ့ရှိတဲ့ Akon ရဲ့ Don’t matter သီချင်းလာနေတယ်။ အဲဒီသီချင်း သံစဉ်ကို သဘောကျလို့ ရသလောက် လိုက်ညည်းမိတယ်။

~~~ Nobody wanna see us together but it don’t matter no~~~ (Cause I got u babe)
~~~ Cause we gonna fight, oh yes we gonna fight~~~ Believe we gonna fight, fight for our right to love yea~~~

ဒီက ရေဒီယိုအစီအစဉ်မှာလဲ ကြော်ငြာတွေက များလှပါတယ်။ ခရက်ဒစ်ကဒ် ကုမ္ပဏီကြော်ငြာ၊ ကားကြော်ငြာ၊ အိမ်ကြော်ငြာကနေ အ၀တ်လျှော် ဆပ်ပြာရည်ကြော်ငြာ အထိ ကြော်ငြာပါတယ်။ စက္ကန့်အပိုင်းအခြားနဲ့ ကြော်ငြာခပေးရလို့ ထင်ရဲ့..၊ တချို့ကြော်ငြာတွေမှာ စကားပြောသွားလိုက်တာ ပါးစပ်မှာ စက်သေနတ်တပ်ထားတဲ့ အတိုင်း ဘာမှတောင် နားမလည်လိုက်ပါဘူး။

လောကမှာ အမြန်ဆုံးအရာဟာ စိတ်…တဲ့။ ဟုတ်ပါ့..။ စိတ်ကို ဘယ်သူတားလို့ရတာမှတ်လို့..။ ခန္ဓာကိုယ်က အလုပ်လုပ်နေရပေမယ့် စိတ်နဲ့ မြန်မာပြည်ကို သွားနိုင်သေးတာပဲ..။ ကဲ.. သွားကြမယ်ကွာ၊ ရွှေတိဂုံ၊ ဆူးလေ၊ ချောင်းသာ၊ မဟာမြတ်မုနိ၊ ပုဂံ။ နေရာအနှံ့ကို စိတ်နဲ့ လျှောက်သွားပြီးတော့မှ တခုစဉ်းစားမိတယ်။ ဘယ်အချိန် မြန်မာပြည် ပြန်ဖြစ်မလဲ မသိ…။

အနားက ဖြတ်သွားလိုက် ဖြတ်လာလိုက် လုပ်နေတဲ့ အလုပ်ရှင်ကို ကြည့်ရတာ စကားပြောတတ်တဲ့ ငွေထုတ်လုပ်ရေး ယန္တရားငယ် တခု ရွေ့လျားနေတာလားလို့ ထင်မိတယ်။ အလုပ်၊ ငွေ၊ အချိန်…။ ဘယ်အချိန်ဆိုရင် ဘယ်အော်ဒါလာယူမယ်..။ မနက်ဖြန်မှာ ဘယ်မြို့ကို ပို့ပေးဖို့ရှိတယ်။ ဒါက ဘယ်နှဒီဂရီ၊ ဟိုဟာတွေက ဘယ်နှစ်လက်မ ချန်ဖြတ်ရမှာ…။ အလုပ်ရုံထဲမှာ ဟိုဘက်သွားလိုက်၊ ဒီဘက်လာလိုက်နဲ့ သူ့အစား မောမိပေမယ့် ပြန်စဉ်းစားကြည့်တော့လဲ သူဒီလိုလုပ်နေလို့သာ ဒီလောက်ချမ်းသာတာနေမှာ..။ တခါတုန်းက သူ ပြောဖူးပါတယ်။ သူဒီအလုပ်လုပ်နေတာ အနှစ်သုံးဆယ်ရှိပြီတဲ့။ တပတ်မှာ ၇၂ နာရီလောက် အလုပ်လုပ်တယ်တဲ့..။

နေ့လည်ပိုင်းရောက်လာတော့ အလုပ်လုပ်ရတာ ကိုယ့်အချိန်ဘက်ကို ပါလာသလို ခံစားလာရတယ်။ ဘေးက မက္ကဆီကန်ဆီက စပိန်စကား နည်းနည်းထပ်သင်မှ…။

ငပျင်း ကိုေ၀၀န်း
အများကြီးကို မူးချို
ကောင်းတယ် ဆိုရင် ဘွေးနို
မကောင်းဘူးဆိုရင် နိုးဘွေးနို
မိုက်မဲတဲ့ကောင် ဆိုရင် ပါဘိုးစို
အခြောက် (Gay) ကို ဖလာ့ကို
ဟုတ်တယ် (yes) ဆိုရင် စီး

အပင်ပန်းရဆုံးသော အရာဟာ စောင့်ဆိုင်းရခြင်း..တဲ့။ ကိုမောင်မောင်ဇော်လတ်ကတော့ `ရပ်စောင့်´
သီချင်းနဲ့ ခံစားဖွဲ့ဆိုပါတယ်။ အခုလဲ အလုပ်ချိန်ကုန်ဖို့ကို စောင့်လိုက်ရတာ တကမ္ဘာ…။

ဒီလိုနဲ့..။ ညနေသုံးနာရီခွဲတော့……။

ကလင်(((((((((((((((

နားဝင်အချိုဆုံး အသံ၊ စောင့်လိုက်ရတဲ့ အသံ၊ လုပ်လက်စတွေ အကုန်ရပ်၊ သန့်စင်ခန်းထဲဝင်၊ ကိုယ်လက်သန့်စင်ပြီးတော့ အထွက်ကဒ်ကို နှိပ်အပြီးမှာတော့….။

နွေးခနဲနေအောင် တိုက်ခတ်လိုက်တဲ့ လေနုနွေးနဲ့ အတူ…

`သက္ကရာဇ်များ ပြောင်းသွားလဲ ~~~ ကျနော်ကတော့ဖြင့် ရပ်စောင့်ဆဲ~~~~´

ရိပ်ခနဲ၊ ရိပ်ခနဲ ကျန်ခဲ့တဲ့ ကားတွေ လူတွေနဲ့အတူ သီချင်းသံတွေ လွင့်ပျံ့နေခဲ့လေရဲ့….။

ကလိုစေးထူး

Sunday, June 10, 2007

တိရိစ္ဆာန်ရုံသို့…

ဘာလိုလိုနဲ့ ကျနော်လဲ ပို့စ်အသစ်မတင်ဖြစ်တာ နှစ်ရက် ရှိသွားပါပြီ။

ဒီတပတ်မှာတော့ မတင်ဖြစ်တာ ကြာနေတဲ့ ဓာတ်ပုံပို့စ်လေး တင်ဖို့အတွက် ကျနော်တို့မြို့ကလေးက တိရိစ္ဆာန်ရုံကို သွားခဲ့ပါတယ်။ ရာသီဥတုကလဲ ၇၇ ဒီဂရီဖာရင်ဟိုက်၊ နေသာတယ်ဆိုတော့ ဒီပြည်နယ်ရဲ့ အကောင်းဆုံး ရာသီဥတုပေါ့။

ဒါကတော့ တိရိစ္ဆာန်ရုံကနေ ၀င်လိုက်ပြီး အနည်းငယ် လျှောက်သွားအပြီးမှာ မြင်ရတဲ့ မြင်ကွင်းပါ။ ပိုတယ်ဆိုချင်ဆို၊ ဒါကို မြင်တော့ ကျနော် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ချက်ချင်း သတိရမိပါတယ်။

အခု ကျနော်ရောက်ခဲ့တဲ့ တိရိစ္ဆာန်ဥယျာဉ်ရဲ့ ထူးခြားချက်ကတော့ ဒီပြည်နယ်ရဲ့ ရာသီဥတုအနေအထားနဲ့ လိုက်လျောညီထွေ မဖြစ်လှတဲ့ တိရိစ္ဆာန်တွေကို သူတို့ရဲ့ မူရင်းနေရပ် ရာသီဥတုနဲ့ အနီးစပ်ဆုံးဖြစ်အောင် တိရိစ္ဆာန်အမျိုးအစားအလိုက် တောအုပ်အတု၊ ရေကန်အတု၊ ကျောက်ဆောင် အတုတွေကို အလျဉ်းသင့်သလို မျက်စပသာဒ ဖြစ်အောင် ဖန်တီးပေးထားခြင်းပါ။ အရွယ်ရောက်သူ တဦးလျှင် ၁၀ ဒေါ်လာခွဲ ယူထားတဲ့ ၀င်ကြေးနဲ့ ထိုက်တန်တဲ့ စိတ်အပန်းပြေမှု ရအောင် အသေးစိတ်ဖန်တီးပေးထားတာကို တွေ့ရပါတယ်။


ဒါကတော့ အာဖရိကတိုက်က လာတဲ့ ဂေါ်ရီလာ မျိုးနွယ်စု သတ္တ၀ါ တကောင်ပါ။ ကျနော်ကတော့ ဒီကောင်ကြီးကို ကြည့်ရတာကို ရန်ကုန်တိရိစ္ဆာန် ဥယျာဉ်ထဲက လူဝံကြီးကို လှမ်းစနောက် အော်ဟစ်ခဲ့ရတဲ့ အရသာလောက် မခံစားမိခဲ့ပါဘူး။


အမေရိကန်ရောက် အာဖရိက မျောက်တချို့ပါ။ ၀က်နှုတ်ခမ်းပုံစံနဲ့ မျောက်ကို တခါမှ မမြင်ဘူးသေးဘူး။ အမြင်တော့ ဆန်းသား..။


ဒါကတော့ ငါးတချို့ပါ။ အနီရောင်နဲ့ ငါးရဲ့ မျက်စိက လူမျက်စိနဲ့ အတော်လေးကို ဆင်တယ်။



ကောင်းကင် ကုလားထိုင်ခေါ်မလား၊ ရွေ့လျား ခုံတန်းခေါ်မလားတော့ မသိ။ တရွေ့ရွေ့နဲ့ သွားနေတဲ့ ခုံတန်းလေးတွေက အသည်းယားစရာ ကောင်းလို့ သွားတော့ မစီးဖြစ်ဘူး။






သစ်ကုလားအုပ်တွေပါ။ သိပ်တော့ မထူးခြားလှပေမယ့် Zoo Member ဖြစ်မှ အခမဲ့ အစာကျွေးခွင့် ရှိတာကတော့ အတန်ငယ်ထူးခြားသလို သူတို့ကို ကျွေးတဲ့ အရွက်ကတော့ မေပယ်လ်ရွက်တွေပါ။ :D




မိုမိုရေ လို့ ဘယ်သူမှ သူ့ကို မခေါ်သလို သူကလဲ `၀ူး´ လို့ မထူးပါဘူး။ အမေရိကန်မှာ ရှားပါးလှတဲ့ ကြံချောင်းတွေလဲ မစားရရှာပါဘူး။ သူလဲ မေပယ်လ်ရွက်ပဲ စားပါတယ်။ :D








ကြောင်ကျားကျားနဲ့ ပြောင်၊ အိပ်ငိုက်နေတဲ့ ခြင်္သေ့၊ စိတ်ညစ်နေတဲ့ ကျား၊ ကလေးတွေက မကြောက်တဲ့ ကျားသစ် …။


ဒေါင်းငြင်သာလေး တကောင်လေ၊ ကများ ကမလားလို့ စောင့်နေတာ အကြာကြီး ကလဲ မကတော့။ မကဒေါင်းငြင်သာပေါ့။ :P


ရထားဥသြသံလေးများကြားရင် ~~~ အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး ~~~။ အပျော်စီးရထားလေးပါ။ တိရိစ္ဆာန်ရုံတပတ်အတွက် တယောက်ကို နှစ်ဒေါ်လာခွဲပါ။




အဲဒါက ပိုလာဝက်ဝံတွေပါ။ ကျောက်ဆောင်တွေ ဖန်တီးပြီး သူတို့အတွက် အိမ်လေးသဖွယ် ဖန်တီးပေးထားတာက စိတ်ဝင်စားစရာ..။




လိုက်လည်ရတာ ညောင်းလာပြီလား…။ ဒီမှာ အနှိပ်ခံလို့ရပါတယ်။ ၂၅ဆင့် ထည့်ပေးလိုက်တာနဲ့ ငါးမိနစ်တာ နှိပ်နယ်ပေးမယ့် စက်လေးတွေပါ။ စမ်းကြည့်တာ တ၀ူးဝူးတဝေါဝေါနဲ့ ဟိုက ယားကျိကျိ၊ ဒီကယားကျိကျိနဲ့ …။


အထွက်ပေါက်ကို ပြန်ရောက်တော့ ညနေ လေးနာရီခွဲပါပြီ။ အမှတ်တရအရောင်းဆိုင်လေးတွေ အစီအရီနဲ့ ထွက်ပေါက်က နောက်တခေါက်လာခဲ့ပါအုံးလို့ ဖိတ်ခေါ်နေသလားထင်မိတယ်။ အင်း..၊ ပြီးဆုံးသွားပြန်ပေါ့..၊ တပတ်တာ..။


ကလိုစေးထူး


Thursday, June 07, 2007

စပ်မိစပ်ရာ (၆)…

စပ်မိစပ်ရာကို ရေးဖို့ အစပျိုးလုဆဲမှာပဲ ကိုနတ္ထိတယောက် ဘလော့ဂ်လောကကနေ အနားယူတော့မယ် ဆိုတဲ့ သတင်းဆိုးကို ကြားလိုက်ရတယ်။ ကိုနတ္ထိဟာ ၂၀၀၇ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ကနေ စလို့ ဘလော့ဂ် စတင်ရေးသားခဲ့ပြီးတော့ ပါဠိနဲ့ စပ်လျဉ်းတဲ့ ပို့စ်များကို မှန်မှန် တင်ဆက်ခဲ့ပါတယ်။ ဘလော့ဂ်ရေးတာ သုံးလကျော်ကျော်၊ (၅၈) ခုမြောက် ပို့စ်မှာ အခုလို နှုတ်ဆက်တဲ့ ပို့စ်ကို ဖတ်ရတော့ ဘလော့ဂ်ရေးဖော် ညီအကိုတယောက် ခွဲရစ်ခဲ့သလို ခံစားရလို့ ၀မ်းနည်းမှတ်တမ်း တင်မိပါတယ်။ (ကိုနတ္ထိရေ..၊ ပြန်ရေးစေချင်တယ်ဗျာ)။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် တနှစ်သက်တမ်း တိုးမြှင့်ခဲ့ဖို့ကို အလွန် ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ချက် ချခဲ့ရတာဖြစ်ပါတယ်လို့ ဦးဉာဏ်ဝင်းက ဂျပန်နိုင်ငံခြားရေး ၀န်ကြီး တိုရိုအာဆိုကို ပြောခဲ့ပါသတဲ့။ မြန်မာ စစ်အုပ်ချုပ်သူများဟာ နိုင်ငံတည်ငြိမ်မှုအတွက် တဖက်က စိုးရိမ်နေရပြီး တဖက်မှာလဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ငြိုငြင်မှုအတွက် ပူပန်နေရတယ်လို့ အကြောင်းပြခဲ့ပါတယ်။ ကျနော်ကတော့ သူပြောတဲ့ နိုင်ငံတည်ငြိမ်မှုဆိုတဲ့ စကားရပ်ကို ဖြန့်ကျက်တွေးနေမိပါတယ်။ နိုင်ငံတည်ငြိမ်မှု= မည်သူကမှ မိမိဆန္ဒကို ထုတ်ဖော်မပြောရဲမှု = စစ်တပ်က ဒါဆိုဒါ လိုက်လုပ်ဖို့ = စစ်တပ်အလိုကျ နိုင်ငံသားများက လိုက်လုပ်ရဖို့…….။ အင်း.. ကျနော်ကိုယ်တိုင်ကိုက အဆိုးမြင်နေမိလေသလား မသိတော့ပါဘူး။

`ငါတို့ ရပ်ကွက်ထဲ မလာခဲ့နဲ့ကွ၊ ငါ @#$&တွေ၊ အကုန် ရိုက်သတ်ပစ်မယ်´

ဒီစကားကို ကြားလိုက်ရတဲ့ တခဏမှာ ကျနော် မင်သက်မိသွားပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူမိုက်ဆန်ဆန် ဆဲရေးခွင့် ပါမစ်တွေကို သူတို့ ဘယ်ကနေ ရယူခဲ့ပါလိမ့်..။ ဒါပေမယ့် အဲဒီစကားတွေနဲ့ အတူ ရုန့်ရင်းမှုတွေကို လက်တွေ့ရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တွေကတော့ `တယောက်တပေါက် ပြန်မပြောကြနဲ့၊ ကျနော်တို့ ဘက်က စည်းကမ်းရှိရမယ်´ ဆိုတဲ့ စကားကိုသာ တည်တည်ငြိမ်ငြိမ်ပြောလို့ ငြိမ်းချမ်းစွာတဲ့ သူတို့ရဲ့ သွင်ပြင်ကို ပြနိုင်ခဲ့ပါတယ်။


ဟိုတခါတုန်းက ဈေးထဲသွားပြီး ဆန်ဆိုင်ရှေ့ အိုက်တင်ပေးခဲ့တဲ့ ဒုတိယဘိုချုပ်ကြီး မြင့်ဆွေ တယောက် အခုတခါမှာတော့ ရေနုတ်မြောင်းဖော်တာကို သွားကြီးကြပ်နေပါတယ်။ ရေစီးရေလာ ကောင်းဖို့အတွက် ဒုတိယ ဘိုချုပ်ကြီး အဆင့်ကိုယ်တိုင် ကြီးကြပ်ပေးနေမှတော့ ကျနော်တို့ နိုင်ငံ မတိုးတက်စရာ အကြောင်း မရှိတော့ပါဘူး။ ဟုတ်ပြီကွ၊ ဖော်ထားပေးကွ၊ ဟိုကောင်.. ဘာလုပ်နေတာလဲ၊ ပုဆိုးပြင်လိုက် ရပ်ကြည့်လိုက် လုပ်မနေနဲ့လေ။ သေချာလေး လုပ်ကြကွာ..။ (ဘေးက အဖြူအစိမ်း ၀တ်စုံ တိုက်ပုံနဲ့ လူကြီး ပါးစပ်က ပြောမှာကို ရမ်းတုတ်ကြည့်တာ) :D

အဖြူရောင်သက်တန့် ကဗျာရွတ်ပွဲကို ပြန်လည်ကျင်းပခွင့် ရတာကို သိရလို့ ၀မ်းမြောက်မိပါတယ်။ ဒီလိုပွဲလေးတွေကိုတော့ မပိတ်ပင်တန်ကောင်းဘူးလို့ မြင်မိပေမယ့် ကဗျာတွေကို ဟိုကန့်သတ်၊ ဒီကန့်သတ်နဲ့ ပွဲစီစဉ်သူတွေမှာ အတော်လေး အကျပ်ရိုက်ရှာမှာပဲလို့ တွေးမိပါတယ်။

`မြန်မာနိုင်ငံက ကလေးတွေ စင်္ကာပူလာပြီး poly-tech လာတက်ကြတာဟာ တကယ်တော့ poly-tech ဆိုတာ သူ့နိုင်ငံအတွက်တော့ မြန်မာနိုင်ငံက GTI အဆင့်ပါပဲ။ ကျွန်တော်တို့ နိုင်ငံက ကလေးကို ဘယ်လောက်တော်တော် University အဆင့်ကို ပေးမတတ်ပါဘူး၊ ဒီမှာဆိုရင် YIT လို ကျောင်းမျိုးပေါ့၊ poly ပြီးတော့လည်း လုပ်အားခကို နှိမ်ပြီး ပြန်ခိုင်းတယ်၊ ပေးတဲ့ လုပ်အားခကလည်း နိုင်ငံသားကို တစ်မျိုး၊ နိုင်ငံခြားသားကို တစ်မျိုး ပေးတတ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ စင်္ကာပူဟာ အသားအရောင် ခွဲခြားမှုနဲ့ လူမျိုးရေး ခွဲခြားမှုတွေ ရှိနေလို့ပါပဲ´

အဲဒီ မှတ်ချက်ကို စကာင်္ပူရောက် မြန်မာအင်ဂျင်နီယာ တယောက် ပေးခဲ့တာပါ။ သူတို့ (စင်္ကာပူ) ဘက်ကနေ စံနှုန်းတွေကို အတိုင်းအတာ တရပ်အထိ တိုးမြှင့်ထားပေမယ့်လဲ မြန်မာလူငယ် အများစုကတော့ poly-tech ကို တက်ဖို့ အားသန်လျက် ရှိကြောင်းကိုပါ ဖတ်ရှုလိုက်ရပါတယ်။ ဒီသတင်းကို ဖတ်လိုက်ရတော့ ၂၀၀၅ခုနှစ်၊ စင်္ကာပူရောက် မြန်မာ poly-tech သင်္ကြန်ပွဲက `မြန်မာနိုင်ငံရဲ့ အများဆုံး ထုတ်ကုန်ဟာ ဘာလဲ၊ သိလား´ လို့ ကျောင်းသားတွေ ပြက်လုံးထုတ်ခဲ့ကြတာကိုပါ ပြန်လည် မြင်ယောင်မိပါတယ်။

အိန္ဒိယနိုင်ငံမှာ အသားမည်းလွန်းလို့ ဆိုပြီး ကောင်မလေးက လက်မထပ်နိုင်ကြောင်း ငြင်းဆန်ခဲ့တာကို ဇွဲကောင်းကောင်းနဲ့ နှစ်ရက်ကြာအောင် အဲဒီကောင်မလေး အိမ်ရှေ့မှာ အစာငတ်ခံ ဆန္ဒပြလိုက်တာ ကောင်မလေးက စိတ်ပြန်လည်ပြီး လက်ခံခဲ့ပါတယ်တဲ့။ အချစ်ကြီးပါပေ့..။

သတင်းတွေ လိုက်ဖတ်ရတာ ဟိုမှာလဲ နေပြည်တော်၊ ဒီမှာလဲ နေပြည်တော်နဲ့ တတော်ထဲ တော်နေရတာ ကြာတော့ လူက ဟိုးခေတ် မင်းညီမင်းသားများလို စကားပြောကြည့်ချင်စိတ်တောင် ပေါက်လာပါတယ်။ ပြောနေကြာတယ်။ စမ်းကြည့်မှ..။ :D အဟမ်း.. ယိစ်((((။ ဗျို့၊ နောင်တော်ကြီး ပုထုဇဉ်။ ကျန်းခန့်သာလို့ မာပါစ၊ ဟိုးမှာဘက် စင်္ကာပူမြေဘက်က နှမငယ် ဂျစ်တူးတို့လိုလဲ လွမ်းတော်မူလှတယ်။ ပေစာလေးဘာလေး ခွေလို့ စေဦးမှပါပဲ။ အစ်မတော် မေဓာဝီကတော့ ဝေါပုထု..အဲ..ဟုတ်ပေါင်..။ ဘယ်တွေရောက်ကုန်ပါလိမ့်။ ဟူးး.. အဆင်ကို မပြေလှပါလား..။ ဒါပေမယ့်..၊ ဒါပေမယ့်ပေါ့လေ၊ သြော်…. နေပြည်တော်… နေပြည်တော်..နေပြည်တော်..။

ကဲ.. ဒီတပတ်တော့ စပ်မိစပ်ရာကို ဒီလောက်နဲ့ပဲ ယိစ်((((((((။ အဲ… ဒါတော့ လွန်ပြီထင်တယ်နော…။ :D


ကလိုစေးထူး


ကိုးကား၊ ခေတ်ပြိုင်၊ ဧရာဝတီ၊ ဒီဗွီဘီ၊ Weekly Eleven ဂျာနယ်၊ ကြေးမုံသတင်းစာ။


Tuesday, June 05, 2007

ပေါက်ကြမယ်ဟေ့..ကောင်းကောင်း..

အလုပ်ထဲမှာ ဖြစ်ပါတယ်။

ဆူဆူညံညံနဲ့ စက်သံတွေကြား မကျဉ်းမကျယ် အခန်းလေး တခုထဲမှာ Tools တွေကို တဂျွီးဂျွီးနဲ့ ပုံဖော်သွေးနေတုန်း ဆိုးဝါးလှတဲ့ အနံ့တခုက နှာခေါင်းထဲကို တိုးဝင်လာပါတယ်။ နောက်..မိနစ် အနည်းငယ်အကြာမှာတော့ ဘယ်လိုမှ ဆက်နေလို့ မရလောက်အောင် အနံ့က ပိုဆိုးလာတော့ နှာခေါင်းကို ပိတ်ရင်း ဘေးဘီကို ကြည့်လိုက်တော့ မက္ကဆီကန်တွေ သူတို့အချင်းချင်း ကွိစိကွစနဲ့ ပြောလို့ တယောက်ကတော့ မျက်နှာနီအမ်းအမ်းနဲ့ ရှက်နေဟန်..။ စိတ်ထဲကတော့ အားရပါးရ ကျိန်ဆဲပစ်လိုက်တယ်။

***

`အီးအီး ဘယ်သူပေါက်၊ မောင်ပေါက်၊ ပေါက်တဲ့လူ မှန်မှန်ပြော၊ အီးဘွတ်တရားဟော၊ ဟောလို့ မကျေ သံပုရာရည်…..´

ငယ်ငယ်တုန်းကတော့ အခုလိုကဗျာနဲ့ လူကြားထဲ အနံ့ဆိုးလွှတ်တာကို ကလေးပီပီ ဖြူဖြူစင်စင်နဲ့ ထုတ်ဖော်ပါတယ်။ တကယ့်တရားခံအစစ်ကို အဲဒီနည်းနဲ့ ထုတ်ဖော်လို့ ရတာ မဟုတ်သော်ငြားလဲ ပျော်တော့ ပျော်စရာ..။

လေလည်တာကို အင်္ဂလိပ်လို fart လို့ ခေါ်ပါသတဲ့။ `အီး´ ကိုကျတော့ ရှာမတွေ့ပြန်ဘူး။ flatus ဆိုတာကျတော့လဲ လေချဉ်တက်တာရော၊ အီး (ကန်တော့ဗျို့) ပေါက်တာကိုပါ ဆိုလိုတယ်တဲ့.။ ထားပါတော့..။

ကျနော်ငယ်ငယ်က တချို့လူကြီးတွေ ပြောတာကို ကြားမိဖူးပါတယ်။

`ဆင်းရဲတဲ့ လူရဲ့သားသမီးများ လူကြားထဲ အီးပေါက်တော့ ဒီကလေးနှယ်၊ လူရှေ့မရှောင် သူရှေ့မရှောင် အီးပေါက်ရတယ် ရိုင်းပါပေ့လို့ ပြောပြီး အပြစ်တင်လေ့ရှိပေမယ့် ပိုက်ဆံဝါလားတွေရဲ့ သားသမီးများ အီးပေါက်တာကိုတော့ ကျန်းမာရေးနဲ့ ပြည်စုံတယ်၊ လေမှန်တယ်လို့ ပြောကြသတဲ့´

***

သူငယ်ချင်းတယောက်ရဲ့ ဖြစ်ရပ်မှန် အီးအသည်းကွဲ ပုံပြင်လေးကို ပြောပြပါရစေဦး။

သုံးနှစ်သုံးမိုး မရှိသော်ငြား ချစ်အဖြေရဖို့ စောင့်နေခဲ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းကို သူလိုက်နေတဲ့ ကောင်မလေးက တရက်မှာတော့ စကားပြောဖို့ ချိန်းပါသတဲ့..။ သကောင့်သားမှာလဲ ငါဟဲ့ယောက်ျား၊ ဇမ္ဗူမှာ ရှိပါ့တော့မလား လို့ မာန်တွေ ဘာတွေ တက်လို့ မောင်းတင်ပြီး သွားသတဲ့။

ဟိုရောက်တော့ မြစ်ဆိပ်က သစ်ပင်အောက်တခုမှာ ထိုင်လို့ မရိုးနိုင်တဲ့ ချစ်ခြင်းဖွဲ့လင်္ကာလေးတွေနဲ့ ကောင်မလေးကို ကျူးရင့်တယ်ဆိုပါတော့..။

`ကိုယ်စောင့်နေခဲ့ရတာလဲ ကြာခဲ့ပါပြီကွာ၊ ဒီတခါတော့ အချိန်မဆွဲပါနဲ့တော့နော်´
`…………..´

ကောင်မလေးက ရှက်သွေးတွေ ဖြာလို့ပေါ့….။ ခဏအကြာမှာတော့ ရှက်စိတ်ကို အားတင်းဖြေဖျောက်ပြီး ကောင်မလေးက..

`ဒို့လည်း သူ့ကို…..´

အဲဒီအခိုက်အတန့်လေးမှာတင်…

`ဘူ….၀ူ…၀ူ´

ဟိုကောင့်ရဲ့ ထိန်းချုပ်စွမ်းအားက အဲဒီအချိန်လေးမှာမှ သွားအစွမ်းပြတော့တာပဲကိုး..။

***

ကမ္ဘာမှာ ထင်ရှားလှတဲ့ အီးအကျော်အမော်ကြီး တယောက်ရှိပါသတဲ့..။ သူ့နာမည်က ဂျိုးဆက် ပိုဂျူး (Joseph Pojul) လို့ ခေါ်ပါသတဲ့။ ၁၈၉၂ ခုနှစ်တုန်းက ပြင်သစ်မှာ တင်ဆက်တဲ့ ဖျော်ဖြေပွဲ တခုမှာ သူက အဲဒီအချိန်က နာမည်ကျော်တွေရဲ့ အသံတုကို အောက်ပါးစပ်ကနေ လုပ်ပြသတဲ့။ နောက်ဆုံး… စအိုမှာ ပိုက်တပ်လို့ ပိုက်ထိပ်မှာ ပလွေစွပ်ပြီး ပြင်သစ်နိုင်ငံတော် သီချင်းတောင် မှုတ်ပြလိုက်သေးပါသတဲ့။ ထူးဆန်းပါပေ့..။

ပုရိသတွေအတွက် ဂုဏ်ယူစရာအချက်ကတော့ လူတရာမှာ ၉၆.၃ ရာခိုင်နှုန်းက လူကြားထဲ လေလည်တတ်တာကို ၀န်ခံပါသတဲ့။ ပျိုကညာတို့ အန်တီမမတို့မှာတော့ ရှက်ရှာကြလို့ ထင်ရဲ့ ၂.၁ ရာခိုင်နှုန်းကသာ ဖြောင့်ချက်ပေးပါတယ်တဲ့။ ဘယ်ရမလဲကွာ၊ ဒီနေရာမှာတော့ အမျိုးသမီးတွေ နောက်ကောက်ကျပြီကွ..။ :P

ကမ္ဘာ့အီးပေါက် ဘုရင် စံချိန်ရှင်ကတော့ ဘားနတ်ကလင်းမင် (Bernard Clemmens) ဆိုသူပါပဲ။ လန်ဒန်မြို့မှာ ၁၉၅၆ ခုနှစ်တုန်းက သူတင်ထားတဲ့ စံချိန်ဟာ နှစ်မိနစ်နဲ့ ၄၂ စက္ကန့်တိတိကြာပါသတဲ့..။ တတ်လဲ တတ်နိုင်ပါပေ့.။

စာအုပ်ထဲက ဖတ်မိထားတဲ့ အီးဗဟုသုတကို ခပ်တည်တည်ရွှီးပါရစေဦး..။ :D

ယောက်ျားတယောက်ဟာ ပျှမ်းမျှအားဖြင့် တနေ့ကို ၁၂ကြိမ် လေလည်ပါသတဲ့။ စုထားရင် ပူဖောင်းလုံးကို ကောင်းကောင်း ဖောင်းစေနိုင်တဲ့ ပမာဏ တလီတာခွဲကနေ နှစ်လီတာခန့် အထိ ရပါတယ်။ မိန်းမတွေကတော့ နည်းပါတယ်။ တနေ့ ပျှမ်းမျှ ခုနှစ်ကြိမ်နှုန်းနဲ့ အလွန်ဆုံး တလီတာခွဲလောက်သာ ရပါသတဲ့။ ဘယ်လိုများ စစ်တမ်းယူထားပါလိမ့်..နော်။

***

အလုပ်ခန်းထဲမှာ အနံ့အသက်တွေ ကင်းစင်အောင် ပန်ကာတွေနဲ့ မှုတ်ထုတ်၊ အီးပိုင်ရှင် ဟိုသကောင့်သားလဲ စပ်ဖြီးဖြီးနဲ့၊ အားလုံးလဲ ငြိမ်ကုပ်သွားကြ အပြီးမှာတော့ အားလုံး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြပါတယ်။ အဲဒီမှာတင်…

ဗိုက်ထဲက သရိုးသရီနဲ့ လေလုံးတလုံးက အောက်ကို ပြေးဆင်းလာလိုက်၊ ကမန်းကတန်း ထိန်းချုပ်လိုက်တော့ အင့်ခနဲ ငြိမ်သွားလိုက်၊ ဒါပေမယ့် ခဏပဲ ခံတယ်။ မဖြစ်ဘူး…။ ထိန်းထားမှ..။ သေချာအောင် နေရာပြင်ထိုင်မှ ဆိုပြီး ကိုယ်ခန္ဓာကို အနေအထား နည်းနည်းပြင်လိုက်တယ်။ ပိတ်လိုပိတ်ငြားပေါ့…။

အတော်လေးကြာတော့ ဘယ်လိုမှ မတတ်နိုင်တော့တဲ့ အနေအထားရောက်လာတယ်..။ မဖြစ်တော့ဘူး..။ အပြင်ကို ရောက်အောင်ထွက်မှ။ အဲဒီလိုနဲ့ ထိုင်ခုံကနေ ဆတ်ကနဲ ကသုတ်ကရက် ထလိုက်တယ် ဆိုရင်ပဲ…

`ဘူ..၀ူ..၀ူ..၀ူ´


ကလိုစေးထူး


(၀န်ခံချက်၊ ဆရာဒေါက်တာ အောင်ကျော်မြင့်၏ `အာလူးလာမပေးနှင့် လေနည်းနည်းလျှော့´ ဆောင်းပါးမှ အချက်အလက်တချို့အား ယူငင်သုံးစွဲထားပါသည်)