Thursday, December 13, 2007

စပ်မိစပ်ရာ…(၁၆)

မြန်မာ အမျိုးသားဘောလုံး အသင်းဟာ ၁၉၉၅ ခုနှစ် အရှေ့တောင် အာရှ ဆီမီးဖိုင်နယ်တုန်းက ဗီယက်နမ်ကို ရှုံးခဲ့တဲ့ အကြွေးကို ဒီနှစ်မှာ ဆပ်နိုင်ခဲ့ပါပြီ။ ပြိုင်ပွဲရဲ့ အစပိုင်း ရလဒ်တွေက အားရစရာ မကောင်းခဲ့ပေမယ့် ဗီယက်နမ်ကို နိုင်လိုက်တဲ့ ဒီအနိုင်ကိုတော့ တော်တော်လေး အားရမိပါတယ်။ မချင့်မရဲ ဖြစ်ရတာက အဲဒီပြိုင်ပွဲရဲ့ High light ကို လိုက်ရှာတာ ဘယ်မှာမှ ရှာမရတာပါပဲ။ မြန်မာက ထိုင်းကို သုံးဂိုး နှစ်ဂိုးနဲ့ ရှုံးနိမ့်တဲ့ High Light တော့ ယူကျုမှာ တွေ့လိုက်ပါတယ်။

အရှေ့တောင် အာရှ အားကစားပွဲမှာ မြန်မာအသင်း ဆုတံဆိပ်ရရှိမှု အခြေအနေကို (ဘယ်ပြိုင်ပွဲမှာ ဘာဆုတွေ ရတယ်ဆိုတာ) လိုက်ရှာတော့လည်း ကျနော်ကပဲ အရှာညံ့တာလားတော့ မသိ၊ တိပစွာ စာရင်းပြုစုပေးထားတဲ့ ၀က်ဘ်ဆိုက် ရှာမတွေ့ခဲ့ပါဘူး။ ဒီတကြိမ်မှာတော့ မြန်မာဂိုးလ် လို့ နာမည်ပေးထားပြီးတော့ မြန်မာဘောလုံးအသင်းရဲ့ သတင်းအတိုအထွာလေးတောင် တစိုးတစိမှ မပါဝင်တဲ့ www.myanmargoal.com ကိုလည်း အူပွမိပါတယ်။ ခေတ်ပြိုင်လို နိုင်ငံရေးရာ သတင်းဦးစားပေး တင်တဲ့ သတင်း ၀က်ဘ်ဆိုက်မှာတောင် မြန်မာက ဗီယက်နမ်ကို နိုင်တဲ့သတင်းကို ဦးဦးဖျားဖျား တင်ပေးပါသေးတယ်။

မြန်မာအသင်းက ဘယ်လောက်ပဲ အားနည်းချက်တွေ ရှိနေပါစေ ဗိုလ်လုပွဲမှာ ထိုင်းနဲ့ ကန်တဲ့အခါ နိုင်စေချင်မိပါတယ်။ နိုင်သည် ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကိုယ့်နိုင်ငံ အသင်းဆိုတော့လည်း အားပေးရမှာပါပဲ။ ဒီပို့စ်တင်ပြီး နောက်နေ့မှာ အဲဒီသတင်းသိသူများ ရှယ်ယာ လုပ်ကြပါအုံး။ :)

မြန်မာနိုင်ငံမှာ ရွှေဈေးတွေ အဆမတန် တက်လာတာကို ပါးနပ်စွာနဲ့ တင်ပြတဲ့ ပြည်တွင်းဂျာနယ် တစောင်ရဲ့ သတင်းရေးဟန်ကို ဖတ်လိုက်ရပါတယ်။ အဲဒီ သတင်းရေးပုံကို ဖတ်မိတော့ လွန်ခဲ့တဲ့ တနှစ်နီးပါးလောက်က ကျနော်တို့တွေ မြန်မာဘလော့ဂါ စာအုပ်ထွက်ဖို့ ၀ိုင်းဝန်း စဉ်းစားကြတုန်းက ဘလော့ဂါ မိတ်ဆွေကြီးတယောက်က ပြောခဲ့ဖူးတာလေးကို သတိရမိပါတယ်။ သူက…

`သတင်းရေးရာမှာ အကိုရာ၊ ဥပမာ ကြက်သွန်တွေ ဈေးတက်နေပြီ လို့ ရေးရင် သေချာတယ်၊ ဆင်ဆာထိမှာပဲ အဲဒီတော့ ကြက်သွန်တွေ ဈေးမြောက်တယ်ပေါ့´

အခုဖတ်မိတဲ့ သတင်းမှာကတော့ `၂၀၀၇ ခုနှစ် တနှစ်ကာလအတွင်း ရွှေဈေးနှုန်းများ သိသာစွာ ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့´ လို့ တင်ပြထားပြီးတော့ ပြောင်းလဲသွားတဲ့ လစဉ် အလိုက် ရွှေဈေးနှုန်း ဇယားကိုပါ ဖတ်လိုက်ရပါတယ်။ ဇန်န၀ါရီလတုန်းက တကျပ်သားကို ၄၁၇၀၀၀ ကျပ် ရှိရာက ဒီဇင်ဘာလ ရောက်တော့ ၅၁၅၀၀၀ ကျပ်အထိ ပြောင်းသွားတဲ့ ဈေးနှုန်းက ကြောက်ခမန်းလိလိပါပဲ။ ဧရာဝတီ သတင်းဌာနက သတင်းတပုဒ်မှာတော့ အာဏာပိုင်တွေက အဲဒီ ရွှေဈေးနှုန်းတွေကို ချပေးဖို့ ရွှေလုပ်ငန်းရှင်များကို အစည်းအဝေး ဆင့်ခေါ် ဖိအားပေးတယ်လို့ ဖတ်လိုက်ရပါတယ်။

၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်ရဲ့ ပထမခြောက်လပတ် အတွင်းမှာတင် တရုတ်-မြန်မာ ကုန်သွယ်မှု တန်ဘိုး အမေရိကန် ဒေါ်လာ သန်း ၉၂၀ ရှိပါပြီတဲ့။ ဒါကြောင့်လဲ တရုတ်ကြီးက မြန်မာစစ်ဘိုချုပ်ကြီးများ ဘာလုပ်လုပ် အပြစ်တော် မမြင်တော်မူအားဘဲ မြန်မာ့သယံဇာတတွေကို တဖက်လှည့်နဲ့ ကောင်းကောင်းကြီး ဈေးနှိမ်နေသလားလို့ တွေးမိပါတယ်။ မြန်မာပြည်ထွက် သဘာဝဓာတ်ငွေ့ အများအပြားကိုလည်း တရုတ်ကြီးက ၀ယ်ယူခွင့်ရနေလေတော့ …။

လူအများက မေတ္တာဝိုင်းထားကြလို့ `စိတ်ရောဂါ ဖြစ်နေပြီ´ လို့ ကောလဟလ သတင်းတွေ ပျံ့နေတဲ့ ဘိုချုပ်မှူးကြီး သန်းရွှေရဲ့ ပုံတွေ နေ့စဉ်ဆိုသလိုပဲ သတင်းစာတွေမှာ ဖော်ပြပါရှိနေတာကတော့ `အေးဆေးပါပဲကွ´ လို့ သွယ်ဝိုက် ပြောနေသလားပါပဲ။ မတရားတာ လုပ်တဲ့လူများ တယ်လဲ အသက်ရှည်တာကိုး လို့ စိတ်အချဉ်ပေါက်စွာ တွေးမိပါတယ်။

ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က ကုလသမဂ္ဂကို မြန်မာ့အရေး ၀င်မစွက်ဖို့ ပြောဆိုပြီး မြန်မာပြည် စစ်အာဏာပိုင်တွေကို ချီးကျူးလိုက်ပါတယ်။ ဒါဟာ မြန်မာဝန်ကြီးချုပ် ဘိုချုပ်ကြီး သိန်းစိန်ရဲ့ ချစ်ကြည်ရေး ခရီးနောက်ပိုင်း မြန်မာ စစ်အာဏာပိုင်တွေကို ပထမဆုံး အကြိမ် လူသိရှင်ကြား ထုတ်ဖော် ချီးကျူးလိုက်တာ ဖြစ်ပါတယ်။

ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည် စခန်းတခုကို မကြာသေးမီကာလက စပြီးတော့ ရိက္ခာတွေ လျှော့ချခဲ့ပါတယ်။ ဒါနဲ့ အဲဒီ စခန်းကတဆင့် အမေရိကန်ကို ရောက်လာကြတဲ့ လူတချို့က နီးစပ်ရာအလိုက် ငွေစကလေးတွေ စုပြီး ဟိုမှာ ကျန်ခဲ့တဲ့ သူတို့ လက်လှမ်းမှီရာ မိသားစုတွေကို ကူပံ့ပေးဖို့ စီစဉ်ပါတယ်။ အဲဒီအလှူမှာ ကျနော်လည်း တတ်အားသရွေ့ ထည့်ဝင်ပြီးတော့ ထိုင်းကို ငွေပို့တဲ့ ကိစ္စကိုပါ စီစဉ်ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။

ငွေပို့ရာမှာ Western Union စနစ်ကို သုံးပြီး ပို့ပါတယ်။ ထိုင်းနိုင်ငံမှာ ငွေထုတ်မယ့်လူက တရားဝင် အိုင်ဒီ တခုခု ရှိရမှာမို့ အဲဒီက ထိုင်းနိုင်ငံသား တယောက်ကို အငှားသဘောမျိုး သုံးရတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ ပို့ဖြစ်လိုက်ရော ဆိုပါတော့…၊ စုစုပေါင်း ၁၁၂၀ ဒေါ်လာ။ ဒီဘက်က ငွေပို့ခကတင် ၈၅ ဒေါ်လာ ပေးလိုက်ရပါတယ်။ ဟိုဘက်က ရမယ့် ငွေပမာဏကို ကြည့်လိုက်တော့ ထိုင်းဘတ်ငွေ ၃၄၀၀၀ ကျော်။ မဆိုးဘူးပေါ့…။

ပို့ပြီး နှစ်ရက်ကြာတော့ သူတို့အချင်းချင်း ဖုန်းချင်းချိတ်ကြပါတယ်။ ငွေရောက်ပြီလား…ပေါ့။ ဟိုကလည်း ရောက်ပြီပေါ့။ ဒါပေမယ့် ကြားထဲက အိုင်ဒီ အငှားသုံးခွင့်ပေးတဲ့ ထိုင်းလူမျိုး ငနဲက ၀န်ဆောင်စရိတ် တဆယ်ရာခိုင်နှုန်းတောင် ဖြတ်ယူလိုက်ပါသတဲ့။ စုစုပေါင်း ဘတ် ၃၄၀၀ ကို ငွေလွှဲခအဖြစ် သူက ယူလိုက်တယ်လို့ သိရတော့ စိတ်ထဲမှာ ထောင်းခနဲ ဖြစ်သွားပါတယ်။ ဒါပေမယ့် ခံရပါများနေလို့လားတော့ မသိ၊ အဲဒီ စခန်းထဲက ထွက်လာတဲ့ လူတွေကတော့ ဒါကို မထူးဆန်းတော့သလို ခပ်ပြုံးပြုံးပါပဲ။ တခွန်းပဲ ပြောပါတယ်။ `ကျနော်တို့က ထိုင်းနိုင်ငံသား မဟုတ်ဘူးလေ´ တဲ့…။

သြော်…၊ ခေတ်သစ် ချစ်တီးပါလား လို့သာ မသက်မသာ တွေးရင်း ဒီတပတ် စပ်မိစပ်ရာကတော့ ဒီမျှပါပဲ။ နောက်တပတ်မှာ ပြန်ဆုံကြပါစို့။

ကလိုစေးထူး

4 comments:

Yaw Han Aung said...

ကိုစေးထူး
Western Union ထက်စာရင် Moneygram နဲ့ ထိုင်းကို ငွေလွှဲတာက ဈေးပိုသက်သာပါတယ်။ ဒေါ်လာ ၅၀၀ လောက်လွှဲမှ ၁၀ ကျော်ပဲ ကျပါတယ်။ အချက်အလက် တခု ပေးတာပါ။ ထိုင်းမှာ ဘဏ်အတော်များများက (ဥပမာ siam commercial, Bangkok Bank, Thai Military စသဖြင့်) Moneygram နဲ့ ချိတ်ထားကြ တယ်။
ဒီဖက်က ဂဏန်း ၁၀ လုံဒ? ပေးလိုက်ရင် ဟိုဘက်က အိုင်ဒီတခုခုပြ ထုတ်လို့ရတယ်။ ပိုသက်သာပါတယ်။ ဒီမှာတော့ Moneygram နေရာတွေက အင်တာနက်မှာ ရှာကြည့်ရင် ရပါတယ်။

ကလိုစေးထူး said...

ဟုတ်ကဲ့ အကို…။ ကျနော် အဲဒီ Money gram ကို တခါသုံးဖူးသေးတယ်။ ဈေးလဲ တော်ပါတယ်။ ဒါပေမယ့် ဟိုဘက်က ငွေလက်ခံမယ့် ပုဂ္ဂိုလ်က Money gram ရှိတဲ့ နေရာက သူသွားရတာ သိပ်ဝေးပါသတဲ့။ အဲဒါနဲ့ပဲ Western Union ကို သုံးပေးလိုက်တာပါ။

MELODYMAUNG said...

ကိုကြီးစေးထူးရေ မြန်မာက ရှုံးတယ် 2ဂိုး-ဂိုးမရှိနဲ့ ဟွန့်
http://futbol24.com/stat_team_4113_12999/1.html
အဲဒီမှာတော့ ရှေ့ရှေ့ကပွဲတွေရဲ့ high light ပါတွေ့ရတယ်ဗျ

အာဏာပိုင်တွေက တက်တဲ့ ရွှေဈေးနှုန်းတွေကို ချပေးဖို့ ရွှေလုပ်ငန်းရှင်များကို အစည်းအဝေး ဆင့်ခေါ် ဖိအားပေးတယ်ဆိုတာကတော့ ရှေးရှေးကတည်းကဗျို
ဒါဆို ဟုတ်ပါပီ ဈေးနှုန်းချပေးရမယ်ဆိုရင် အဲဒီချတဲ့ ဈေးနှုံးကို အစိုးရက ရောင်းပေးမှာလားလို့ ပြန်မေးဖူးတဲ့ အတွေ့အကြုံရှိတယ်
ဘာပြန်ပြောလဲဆိုတော့ ရေပါတာပဲ လိုချင်ပါတယ် ရေဗူးပေါက်တာမပြောပါနဲ့တဲ့ (မိုက်ရိုင်းတယ်နော်)
အဲဒါနဲ့ပဲ ရွှေဆိုင်တွေကလဲ ရွှေဈေးတော့ ချပေးတယ် အလျော့ တွက်လက်ခကို ပြန်ကိုက်အောင် တွက်ယူရတာဆိုတော့လဲ ရွှေဝယ်သူတွေဖက်က ဘာထူးပါလဲဗျ
တရုတ်ကြီးသွားရောင်းသလို နားလှည့် ပါးရိုက်သလိုပါတဲ့ (စကားပုံပါ)
အော်..နောက်ပိုင်းခဏလောက်တော့ ၀င်းသူဇာကနေ ရွှေတစ်ကျပ်သား ဒင်္ဂါးပြားတွေကို တစ်ဦးချင်းစီ ဦးရာလူစနစ်နဲ့ ရောင်းပေးသေးတယ်လို့တော့ ကြားမိသေးတယ်(ကိုယ့်အနီးအနားမှာတော့ အဲလို ၀ယ်လို့ ရဖူးသူတော့ မကြုံတွေ့လိုက်ဘူးဗျ)

ကိုကြီးစေးထူးရေ အနော်လဲ စပ်မိစပ်ရာ ၀င်ပြောသွားသဗျို

Winkabar said...

ကိုစေးထူးရဲ့ ဒီတစ်ပတ်စပ်မိစပ်ရာကတော့ဖတ်ရင်း အသံစုံထွက်သွားရတယ်။ ဟာ ဟင် ဟို ဟဲ ပေါ့။ ကောင်းပါတယ်။ စုံနေတာပဲ။