ကျနော့်မှာ ပြဿနာတခု ရနေပါတယ်။ ပြဿနာတွေအားလုံးမှာ ကျနော့်အတွက်တော့ ဒီပြဿနာက တော်တော်ဆိုးဝါးတယ်လို့ ဆိုရမလိုပါပဲ။ တခြားတော့ မဟုတ်ပါဘူး။ အငတ် ပြဿနာပါ။ အစားအစာ ငတ်တာထက် ဆိုးတဲ့ စာအငတ် ပြဿနာပါ။
တခါတခါကျတော့ မိမိဖတ်ချင်သမျှစာတွေကို အိမ်က စာကြည့်တိုက်ကနေ စိတ်ကြိုက်ယူငင်ဖတ်ရှုပြီး ကုန်ကြမ်းရှာခွင့် ရနေတဲ့ လူတွေကို တကယ်ကို မနာလိုဖြစ်ပါတယ်။ (စောင်းပြောသလိုလိုနဲ့ တည့်တည့်ပြောနေတာ :D) ကျနော့်မှာတော့ ဒီကိုလာတုန်းက ပါလာတဲ့ စာအုပ်တချို့ရယ်၊ ခဲရာခဲဆစ်မှာယူရတဲ့ လစဉ်ထုတ် မဂ္ဂဇင်းတချို့ (အခု အဲဒီမဂ္ဂဇင်းတွေ မရောက်တာလဲ သုံးလလောက်တောင် ရှိပါပြီ) ဒါတွေကိုပဲ ဖတ်စရာ ရှိပါတယ်။ အင်တာနက်က စာတွေကို ဖတ်ရတာကလဲ စာအုပ်တအုပ်ကို ကိုင်ပြီး အိပ်ရာထဲမှာ ဇိမ်နဲ့ကွေးပြီး ဖတ်ရတာလောက် အရသာကမရှိဆိုတော့ ခက်တော့ ခက်နေတော့တာပါပဲ။
လေကြောရှည်နေလို့ မထူးပါဘူး၊ ရှိတာလေး ရှာကြံဖတ်မှလို့ တွေးရင်း စာအုပ်ပုံကို မွှေနှောက်မိတော့ ဒေါက်တာ သန်းထွန်းရဲ့ `ငါပြောချင်သမျှ ငါ့အကြောင်း´ ဆိုတဲ့ စာအုပ်ငယ်လေး ထွက်လာပါတယ်။ ဒီစာအုပ်က ဖတ်ပြီးသားပေမယ့် နောက်တခါ ထပ်ဖတ်မိပြန်ပါတယ်။
တကယ်တော့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စာအရေးအသားက ခေတ်စကားနဲ့ ပြောရရင် တော်တော်ကို ထောင့်မကျိုးတာပါ။ စာအုပ်တအုပ်ရဲ့ မျက်နှာဖုံးမှာဆိုရင် `ဒီစာအုပ် ဖတ်ကောင်းမည်ဟု အာမမခံ´လို့ ရေးထားတာကို တွေ့ရဖူးပါတယ်။ ဒါပေမယ့် သူ့စာထဲမှာ မှန်ကန်တဲ့ သမိုင်းအချက်အလက်နဲ့ သူ့စေတနာကို မြင်နိုင်တာမို့ လေးစားဖွယ်ကောင်းလှတဲ့ သမိုင်းပညာရှင်ကြီးပါ။ ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်ထဲက ကျနော် သဘောတွေ့မိတဲ့ စာသားတချို့ကို ကောက်နုတ်ဖော်ပြပါရစေ။
အမျိုးသားစိတ် ဦးဖိုးကျား (၁၀ဧပြီ ၁၉၂၄ကွယ်လွန်) ရေးတဲ့ မြန်မာ့ဂုဏ်ရည် ကို ဖတ်ပြီး ကြီးပြင်းခဲ့တာပါ။ သူရေးတာတွေ အကုန်မမှန်ဘူးဆိုတာ ခုမှ သိပါတယ်။ အခြေခံမမှန်တော့ အခုအနေအထိုင် ပုံစံလဲ မမှန်ကြဘူး ထင်ပါတယ်။ တို့ဘိုးဘွားတွေ ဘောင်းဘီပဲ ၀တ်တယ်၊ ဘောင်းဘီ ၀တ်ခဲ့တာ အနှစ် ၄၀၀၀ ဆိုရင် လုံချည်ဝတ်တာ အနှစ် ၆၀၀ လောက်ပဲ ရှိသေးတယ်။ ဘောင်းဘီဝတ်တာ ရိုးရာ၊ လုံချည်ဝတ်တာ ကုလား(tamil) စရိုက်၊ ရှပ်ဝတ်တာ ဥရောပစရိုက်၊ ဒါတော့ သိထားသင့်တယ်။
ကိုယ့်နိုင်ငံရေး
ကျားကြီး၊ ၀က်ကြီး၊ ငှက်ကြီး၊ ရှုးပျံကြီး ဆိုတာတွေဟာ ပုံပြင်မှန်းသိတယ်။ ထောင်ပေးလို့ ချုပ်၊ ရာပေးလို့ ဆုပ် ချစ်တဲ့လူအရိုး ဆံထိုးလုပ် ဆိုတာလဲ ဒဏ္ဍာရီမှန်း သိတယ်။ ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ပျက်စီးဖူးတဲ့ ငွေတာရီ ဒွေးမယ်နော်ဆိုတဲ့ ဇာတ်တွေက မှတ်စုအရ အမဲသားမစားတဲ့လူကို `ဒီကောင် ဇာတ်တူသား မစားဘူး´လို့ သင်ခန်းစာ အနေနဲ့ ၀င်ပြောတတ်ပါတယ်။ ကံရာဇာငယ်ကို လူလိမ်လို့ သိပါတယ်။ တကောင်းက ပြေအရောက် ဧရာဝတီလမ်းကို အကန်းတောင် သွားလို့ရတဲ့ ခရီးလို သိပါတယ်။ အစာပြတ်ပြီး မိန်းမောနေသူက `လိမ္မာရစ်ကြပါ´ လို့ မှာနိုင်မယ် မထင်ပါ။ ……….. …………………… ………….။
……………………………. ……………………………….. …………………………………….။
အဲဒီလိုနဲ့ ဆရာကြီး သန်းထွန်း စာအုပ်ကို ဖတ်အပြီးမှာတော့ ငတ်နေတာ နည်းနည်းပြေသလိုလို ရှိသွားပါတယ်။ ဒါနဲ့ မဂ္ဂဇင်း အဟောင်းတအုပ်ကို ကောက်လှန်မိပြန်ပါတယ်။ အဲဒီစာအုပ်ထဲမှာလဲ သဘောကျစရာ ဗဟုသုတ တခုကို ဖတ်မိပြန်ပါတယ်။ နှစ်ပတ်လည်တွေကို ငွေရတု၊ ရွှေရတု စသည်ဖြင့် ခေါ်ဆို သတ်မှတ်ကြတာကို တွေ့ဖူးကြမှာပါ။ တနှစ်၊ နှစ်နှစ်ဆိုရင်ရော ဘာရတုများပါလိမ့်။ စိတ်ဝင်စားသူများ အောက်မှာ ဆက်ဖတ်ပါခင်ဗျာ။
၁ နှစ်ပြည့်ကို paper (စက္ကူ)
၂ နှစ်ပြည့်ကို cotton (၀ါဂွမ်းချည်)
၃ နှစ်ပြည့်ကို leather (သားရေ)
၎ နှစ်ပြည့်ကို linen (လီနင်ချည်)
၅ နှစ်ပြည့်ကို wood (သစ်သား)
၆ နှစ်ပြည့်ကို iron (သံထည်)
၇ နှစ်ပြည့်ကို wool (သိုးမွှေးချည်)
၈ နှစ်ပြည့်ကို bronze (ကြေးညို)
၉ နှစ်ပြည့်ကို pottery (မြေထည်)
၁၀ နှစ်ပြည့်ကို tin (သံဖြူထည်)
၁၅ နှစ်ပြည့်ကို crystal (သလင်းကျောက်)
၂၀ နှစ်ပြည့်ကို china (ကြွေထည်)
၂၅ နှစ်ပြည့်ကို silver (ငွေထည်)
၃၀ နှစ်ပြည့်ကို pearls (ပုလဲ)
၃၅ နှစ်ပြည့်ကို coral (သန္တာ)
၄၀ နှစ်ပြည့်ကို rubies (ပတ္တမြား)
၄၅ နှစ်ပြည့်ကို sapphires (နီလာ)
၅၀ နှစ်ပြည့်ကို gold (ရွှေ)
၅၅ နှစ်ပြည့်ကို emerald (မြ)
၆၀ နှစ်ပြည့်ကို diamond (စိန်)
အဲဒါကတော့ ဖတ်ရတဲ့ စာအုပ်အထဲက အတိုင်းပါ။ ကျနော်တွေ့ဖူးတာ တခုကတော့ စိန်ရတုဟာ (၇၅)နှစ်ပြည့်လို့ တွေ့ဖူးပါတယ်။ ဘယ်ဟာ အမှန်လဲတော့ မသိနိုင်ပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီနေ့အဖို့ စာအုပ်အဟောင်းတွေ ကျေးဇူးကြောင့် အငတ်ပြဿနာတော့ နည်းနည်း ပြေလည်သွားခဲ့ပါတယ်။ နောက်နောင်လဲ အဟောင်းထဲက အကောင်းလေးတွေ တွေ့ရင် တင်ပေးပါအုံးမယ်။
ကလိုစေးထူး