Wednesday, May 02, 2007

လမ်းကလေးသို့.. တခေါက်အပြန်..

နွေရက်တွေကြာလာလေလေ အအေးဓာတ်က လျော့လာလေလေ …


အလုပ်က ပြန်ရောက်တော့ ရေမိုးချိုး၊ အောက်ထပ်ကို ဆင်းပြီး စတိုခန်းကို ဖွင့်လိုက်တော့ ကျနော့်ကို တနှစ်ကျော်ကြာ အဖော်လုပ်၊ အကျိုးပြုပေးခဲ့တဲ့ စီးတော်ယာဉ် စက်ဘီးလေးကို ကဒ်ထူပုံးတွေကြားမှာ ညှိုးငယ်စွာနဲ့ တွေ့လိုက်ရပါတယ်။ စက်ဘီးလေးက မစီးတာကြာတော့ လေတွေတောင် လျော့လို့ ကျနော့်ကိုလည်း `ပစ်ထားရက်ပါပေ့ သခင်ရယ်´ လို့ ပြောနေသယောင်ယောင်..





ကျနော့်ရဲ့ လမ်းကလေးကိုရောက်တော့ ဆောင်းတွင်းတုန်းက ရိုးတံကျဲကျဲ၊ ခြောက်သယောင်းနေတဲ့ ပင်စည်လက်တံတွေနဲ့ အကျည်းတန်ခဲ့ရတဲ့ အပင်တွေက အခုတော့ စိမ်းစိုစပြုလို့..။ ဒီလိုနဲ့ လမ်းကလေးက ပြုံးနေတဲ့ မိန်းမပျိုလေးနဲ့ တူလာပါပြီ။




လမ်းကလေးရဲ့ နဘေး တောစပ်မှာတော့ ဆောင်းလက်ကျန် ကိုင်းခြောက်ညိုညိုတွေရဲ့ နှောက်ယှက်မှုတွေကြားကနေ အတင်းရုန်းထွက်ပြီး လောကကို အလှဆင်နေတဲ့ တောပန်းကလေးတွေ..။ အဖိုးထိုက်တဲ့ တော်ဝင်ပန်း မဟုတ်ပေမယ့် သူ့အဆင်းနဲ့သူတော့ မြင်သူဘ၀င်တင့်အောင် ရူပါဖွင့်နေကြလေရဲ့..။


လမ်းကလေးရဲ့ ခရီးတထောက် မြစ်ကိုရောက်တော့ အစိမ်းရောင် အနားသတ်ထားတဲ့ မြစ်ငယ်ထဲမှာ တလောက ရွာထားတဲ့ မိုးရေတွေ တိုးနေပေလို့လားတော့ မသိ၊ ခါတိုင်းတွေ့နေကြ လိပ်၊ငါးနဲ့ ရေစပ်က ဘဲငန်းလေးတွေကိုတောင် မတွေ့ရဘူး။ ဒါပေမယ့် ဘာပင်မှန်း မသိတဲ့ အပင်တွေက သူ့ရဲ့ အဖူးထွက်ခါစ လက်တံတွေနဲ့ မြစ်ပြင်ပေါ်မှာ လေတိုက်တိုင်း ယိမ်းနွဲ့နေတာကတော့ စည်းချက်ညီ ကကွက်တခု အလားပါပဲ။

ဇာတိမြေမှာတုန်းကဆိုရင် ချောင်းထဲမှာ ရေကူးလိုက်၊ ငါးရှာလိုက်၊ ခရုငုပ်လိုက်နဲ့ ပျော်ခဲ့ရတာကို မှတ်မိလာတော့ ဒီချောင်းစပ်လေးနားကို ဆင်းမိပြန်တယ်။ မကြည့်တကြည် ရေတွေ တဖျောဖျောနဲ့ စီးဆင်းသံက ကျနော့်အတွက်တော့ တစိမ်းဆန်လွန်းနေသလိုလို။ ချောင်းစပ်အထိ ဆင်းပြီး ထိခတ်ကြည့်မိတော့ ရေတွေက ပိုလို့တောင် အေးစက်စက်နိုင်နေသေးတယ်။


ကျနော့် အလုပ်ရုံရှေ့မှာတော့ မရိတ်တာကြာပြီ ဖြစ်တဲ့ မြက်ပင်ရှည်ရှည်တွေအကြားကနေ အားယူပွင့်လန်းနေတဲ့ အမျိုးအမည်မသိ ပန်းပင်ဝါ၀ါလေးတွေက မြေပေါ် ပန်းချီကားတချပ်အလား အလှဆင်နေကြလိုက်တာ ဟိုးရှေ့က မာန်ဖီနေတဲ့ အလုပ်ရုံတောင် ငြိမ်ဝပ်နေရတယ်။ မြက်ပင်တွေကို ရိတ်သိမ်းရင်တော့ တဂျိန်းဂျိန်းနဲ့ မြည်ဟီးတဲ့ မြက်ဖြတ်စက်ရဲ့ ၀ါးမျိုမှုအောက်မှာ အဲဒီ ပန်းကလေးတွေလဲ အဆစ်ပါလို့ ဖယ်ရှားခံရအုံးတော့မယ်။ ဇွဲကောင်းတဲ့ ပန်းဝါ၀ါတွေကတော့ ဖြတ်တောက်ခံရလည်း ပြန်ပွင့်လန်းကြအုံးမှာ သေချာပါတယ်။ အမြင်လှတဲ့ နှင်းဖတ်အေးခဲခဲတွေရဲ့ ဖိသိပ်ခြင်း မခံရသရွေ့ပေါ့။



အလုပ်ရုံဘေးမှာ ပေါက်နေတဲ့ ဒီအပင်ကိုလည်း ဘာပင်မှန်းမသိပေမယ့် မြန်မာပြည်က စက္ကူပန်းရုံတွေ အလားပါပဲ။ ဒီလို အလှပန်းလေးတွေ ဆင်ပြီးမှ အရွက်တွေဝေလာတတ်တာကလည်း ဒီအပင်ရဲ့ ထူးခြားမှု တခုပါပဲ။


အိမ်ကိုပြန်ဖို့ နောက်ကြောင်းပြန်အလှည့် ဖြတ်ကနဲ ကျော်တက်သွားတဲ့ စက်ဘီးကို တွေ့လိုက်တော့ သူတို့ နိုင်ငံသားတွေမှာတော့ အပူအပင်ကင်းပါပေ့ လို့ တွေးမိတယ်။

နောက်နေ့တွေကျရင်တော့ တ၀ူးဝူးတဝေါဝေါနဲ့ ဆူညံပွက်လောရိုက်နေပြီး အခါမလပ် သတိထားနေရတဲ့ လမ်းမှာ ယဉ်ပါးရပေအုံးမယ်။ ရန်လိုတဲ့ လမ်းသွားသူတွေ၊ စည်းကမ်းမရှိတဲ့ လမ်းသွားသူတွေကြောင့် တချက်မှားရင် ပေးဆပ်မှု အကြီးကြီးပေးရဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အဲဒီလမ်းနဲ့ အခု ဒီလမ်းကလေး.။ ကွာခြားလှပါဘိ.။

ခွဲရပြန်ပေါ့ လမ်းကလေးရေ..။ အင်မတန်လှပြီး အင်မတန်အပြစ်ကင်းလှတဲ့ မင်းဆီကိုတော့ ဘယ်တော့များမှ နောက်ထပ် တခေါက်ပြန်ရောက်အုံးမယ် မသိဘူး။

ကလိုစေးထူး


4 comments:

မေဓာဝီ said...

ကိုသံလွင်ရဲ့ လမ်းကလေးကို ကျမလည်း လွမ်းနေမိတာ ….
ခုလို စိမ်းစိမ်းစိုစို လှလှပပ ပြန်မြင်ရတာ ၀မ်းသာပါရဲ့ရှင်။
ရာသီအလိုက် ပြောင်းလဲသွားတဲ့ လမ်းကလေးရဲ့ အသွင်သဏ္ဌာန်ကို ပုံလေးတွေနဲ့ ဝေေ၀ဆာဆာ ဖော်ညွန်း ရေးဖွဲ့ထားတာ ဖတ်လို့လဲ-ကောင်း ကြည့်လို့လဲ ကောင်းပါပေ့။
မြက်ပင်တွေကြားက ပန်းဝါ၀ါလေးတွေက ကျမတို့ ၉ တန်းမှာ သင်ခဲ့ရတဲ့ အင်္ဂလိပ်ကဗျာထဲက daffodil ပန်းကလေးတွေများလား လို့ ကျမတွေးနေမိတယ်။
နောက်တခေါက် … ကိုသံလွင် လမ်းကလေးဆီ ပြန်ရောက်ရင် နောက်ထပ် ပုံစံတမျိုးနဲ့ လှနေမယ့် လမ်းကလေးကို ပုံစံတမျိုးနဲ့ သရုပ်ဖော်ဦးမယ့် ကိုသံလွင်ရဲ့ စာကို စောင့်မျှော် နေပါမယ်ရှင်။

Thet said...

ကိုသံလွင်လည်း သူတို့နိုင်ငံသားပဲမဟုတ်လား။ မဟုတ်သေးရင်လည်း မဖြစ်သေးတာပဲရှိတာ ဖြစ်လာမှာပဲ မဟုတ်လား။ လောကကြီးမှာ စိတ်အေးလက်အေးနေနိုင်ဖို့အတွက် စားဝတ်နေရေး ဖူလုံဖို့လိုတာပါပဲ။ ဒါကြောင့်လဲ ပြီးပြည့်စုံပြီးသားနိုင်ငံကလူတွေကိုကြည့်ရတာ အေးအေးချမ်းချမ်းဖြစ်နေတာ ဖြစ်မှာပေါ့ဗျာ။ ခင်ဗျားတို့ ကျနော်တို့လို နောက်မှရောက်တဲ့သူတွေက သူတို့လိုမြေပေါက်တွေကိုတော့ မယှဉ်နိုင်ဘူးလေဗျာ။ ခင်ဗျားတို့ ကျနော်တို့မှာ တလစာရဲ့ တ၀က်ကို အိမ်လခပေးနေရဆိုတော့ (ကိုစေးထူးပြောသလို ဒိုင်စားတဲ့အပတ်) အစစအရာရာ ချိန်ဆကာမှ တော်ကာကျတာကိုးဗျ။ ။
Thet Oo

ကလိုစေးထူး said...

မမေဓာဝီ.. ကျနော့်လမ်းကလေးကို ကျနော်နဲ့ထပ်တူ ခံစားပေးတာကို ၀မ်းသာပါတယ်။
နောက်တခေါက် ပြန်ရောက်ရင်လည်း အခုလိုပဲ ထပ်ရေးဖြစ်အုံးမှာပါ။
ကိုသက်ဦး.. ကျနော် ဒီနိုင်ငံမှာ နိုင်ငံသား ခံယူဖို့ အစီအစဉ်မရှိပါဘူး.. အိမ်ပြန်မှာပါ..။ ဒီနိုင်ငံကို ကျနော့်ရဲ့ ဘ၀တထောက် ခေတ္တနားခိုရာလို့ပဲ သတ်မှတ်ပါတယ်ခင်ဗျာ။ အားပေးတာ ကျေးဇူး။

ဂျစ်တူး - gyit_tu said...

ကိုကလိုစေထူးရဲ့ လမ်းကလေးက အရမ်းလှတာပဲ ။ အဲဒီကို အမြဲတိုင်းရောက်အောင်သွားပေါ့ ကိုကလိုစေထူးရ ။ ကိုယ်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားရင် မကြာခင်ရောက်ဦးမှာပါး)