Monday, May 07, 2007

ဒီနေ့တွင်...

ဒီနေ့..။

စိတ်တွေ ရှုပ်ထွေးနောက်ကျိလှသောနေ့ တနေ့..။ မိုးလင်းကတည်းက ဘာတခုမှ အဆင်မပြေ..။ အဆင်မပြေမှုတွေ များစွာကို သယ်ပိုးပြီး မနေချင်သော အရပ်မှာ ရှစ်နာရီ နေဖို့ အိမ်ကထွက်လာရသည်။

စောင့်နေရကျ မီးပွိုင့်ကလည်း ခါတိုင်းထက် ပိုကြာနေသလိုလို ထင်မိသည်။ ၀ူးကနဲ ဝေါကနဲ ဖြတ်မောင်းနေကြသော ကားတွေကို ကြည့်ပြီး စိတ်က အလိုလို တိုချင်လာသည်။ ဒီလိုနှင့် အလုပ်ကို စိတ်မသက်မသာနှင့် ရောက်လာသည်။ အလုပ်ဝင် ကဒ်ပြားမှာ အ၀င်ချိန်မှတ်လိုက်သည်။ ၆နာရီ ၅၇ မိနစ်။

အလုပ်လုပ်ရသည်မှာလည်း တနေကုန် အလွဲလွဲအချော်ချော်..။ လိုအပ်သည်ထက် အချိန်ပိုကြာလိုကြာ၊ မှားလိုမှား..။ စိတ်ကတခြား၊ လူကတခြားဖြစ်နေတော့ ရှစ်နာရီ ဆိုသည့်အချိန်ကို ရှစ်ကမ္ဘာအလား ထင်မှတ်မှားမိပြန်သည်။

အလုပ်သိမ်းချိန်…။

အလုပ် အထွက်လက်မှတ်ကို ဒေါက်ကနဲ ကမန်းကတန်း နှိပ်ပြီးသည်နှင့် ဘာဘာညာညာ မစဉ်းစားအားဘဲ လမ်းကလေးဆီကို ခပ်သွက်သွက် လှမ်းမိ၏။ မြစ်ကူး တံတားနားဆီရောက်တော့ တောလမ်းကလေးအတိုင်း ဖဲ့ဆင်း၊ မြစ်ကမ်းခြေနားမှာ ငူငူကြီး ထိုင်ပြီး စိတ်တွေကို လျော့ချပစ်နိုင်ဖို့ ကြိုးစားမိသည်။

ဟေးးးးးးးးးးးး ဟေးးးးးးးးးးးးးး ဟေးးးးးးးးးးးးးး

စိတ်ထဲ ရှိသလို အားရပါးရကြီး အော်ဟစ်ပစ်လိုက်တော့ ယုန်တကောင်က အလန့်တကြားဖြင့် တောအုပ်လေးထဲသို့ ခပ်သွက်သွက်လေး ပြေးဝင်သွားသည်။ သစ်ပင်ပေါ်မှ ရှဥ့်ညိုတကောင်က နားမလည်နိုင်သော မျက်လုံးများဖြင့် ကျနော့်ကို အကြောင်သား ငေးနေ၏။

မြစ်ရေပြင်ကို စူးစိုက်ကြည့်မိပြန်တော့ တဖျောဖျော စီးဆင်းနေတဲ့ မြစ်ရေနှင့်အတူ လှောင်ရယ်သံတွေကို တသောသော ကြားနေရသလိုလို..၊ မခိုးမခန့်ပုံရိပ်တွေက မြစ်ရေယာဉ်ကြောမှာ တစ္ဆေတကောင်ရဲ့ ကကွက်တွေကို ပုံဖော်နေကြသည့်အလား.။

မြစ်ရေပြင်ကို ကျောက်စရစ်ခဲတွေနှင့် တလုံးပြီး တလုံးအဆက်မပြတ် ပစ်ပေါက်လိုက်တော့ လှောင်ပြောင်နေသော ပုံရိပ်တွေ ကြောက်လန့်တကြား လွင့်ကွယ်သွားကုန်သည်။ မြစ်ရိုး အတိုင်း လမ်းကလေးဆီသို့ လျှောက်အလာ.. တနေရာမှာတော့..။

လိပ်တကောင်..။ အရွယ်က လက်ဝါးသာသာခန့်သာ ရှိမည်။ အကောင်ပေါက်လေး ထင်ပါရဲ့။ အရောင်ကလည်း ညိုဖျော့ဖျော့နဲ့။ အတန်ငယ် မတ်စောက်သော ကမ်းပါးကို ဘာအလိုရှိတယ် မသိ..။ ကုပ်ကပ်တက်နေသည်။ ကုပ်တက်လိုက်.. ခရီးအတန်ငယ်အရောက် အောက်ကို လျှောကနဲ ကျသွားလိုက်။ ထပ်တက်.. ထပ်ကျ..။ ထပ်တက်.. ထပ်ကျ.။ တခါမှာတော့ ပက်လက်များပင် လန်ကျသွားရှာသည်။ သို့သော် လိပ်ငယ်သည်ကား အားမလျှော့..။ ယက်ကန်ယက်ကန်ဖြင့် ရေထဲမှာ ကူးခတ် အားယူပြီး ကမ်းပါးပေါ်ကို ရောက်အောင် တက်သည်။

အချိန်အတော်ကြာတော့ သူအပေါ်သို့ ရောက်သွားသည်။ အပေါ်အရောက် ခေါင်းကလေး တယမ်းယမ်းဖြင့် ဟိုဟိုသည်သည် လိုက်ကြည့်ရင်း သူကျနော့်ကို မြင်သွားသည်။ သူ့ကိုကြည့်ရင်း စိတ်ထဲမှာ လိပ်ပြာမလုံသလို မ၀ံ့မရဲ့ ခံစားမိပြီး လိပ်ငယ်လေးဆီမှ အကြည့်ကို ဖြတ်ကနဲ လွှဲပစ်လိုက်သည်။ ကိုယ့်ကိုယ်ကိုလည်း စိတ်ထဲကနေ ကျိတ်ပြီး ကျိန်ဆဲပစ်လိုက်သည်။

လမ်းကလေးပေါ် ပြန်ရောက်လာတော့ သာယာသော ရာသီဥတု၏ ညနေခင်းတွင် သာယာသော စိတ်တို့ဖြင့် ကျန်းမာချင်ကြသော လူတချို့ အပြေးလေ့ကျင့်သူကျင့်၊ လမ်းလျှောက်သူ လျှောက်၊ စကိတ်စီးသူစီး၊ စက်ဘီးစီးသူစီး။ သူတို့မှာတော့ အေးချမ်းလှသည်။ ကျနော့်မှာသာ စိတ်က မသာမယာ၊ မကြည်မလင်ဖြင့် ဒေါသ၊ မောဟတို့၏ နှိပ်စက် ဖိစီးမှုဖြင့် ပူလောင်နေရပါပကောလား။

လမ်းကလေးဆီမှ ဖဲ့ဆင်းပြီး ကားရပ်ထားရာ အလုပ်ဆီသို့ ပြန်မသွားမီ နောက်ကြောင်းကို ပြန်ငဲ့ကြည့်မိတော့ လမ်းကလေးက ကျနော့်ကို နားလည်မှု အပြည့်ရှိသော အပြုံးဖြင့် ကြည့်နေသည်။ တချိန်က သူပြောခဲ့ဖူးသော စကားကို ပြန်လည်ကြားယောင်မိလာသည်။

`ခလုတ်ကို ကြောက်နေရင် ဘယ်လမ်းကိုမှ လျှောက်မနေနဲ့တော့´

စိတ်ထဲမှလည်း လမ်းနှင့် ခလုတ် ဟု အထပ်ထပ် ရွတ်မိသည်။

ကျနော် ခလုတ်တွေ အများကြီး ဖြတ်ကျော်ရပါအုံးမည်။ လောဘ ခလုတ်၊ ဒေါသခလုတ်၊ မောဟ ခလုတ် …။ ခလုတ်ပေါင်းများစွာ ပြည့်နှက်နေသော လမ်းကလေးမှာ ခြေလှမ်းပေါင်းများစွာ လျှောက်ရပါအုံးမည်။

စိတ်တွေ ကြည်လင်သလိုလို ပြန်ဖြစ်လာတော့မှ ရပ်ထားသော ကားဆီသို့ လှမ်းလာလိုက်သည်။ ကားထဲသို့ ၀င်ထိုင်ရင်း စီဒီသီချင်းကို ဖွင့်လိုက်တော့ ကိုလေးဖြူရဲ့ သီချင်းသံက အားပေးသံ တခုအလား လွင့်ပျံ့လာလေရဲ့.။

~~~ လက်တွေ့ဟာ ရင်ဘတ်မှာ~~~ လမ်းဆုံးဟာ ခဏလေးပါ~~~ အနမ်းများကို အသက်သွင်းကာ~~~ ခရီးများအဆုံးထိလျှောက်~~~

ကလိုစေးထူး

4 comments:

Anonymous said...

ကိုသံလွင် …
လျှောက်သောလမ်းတိုင်းမှာ
ခလုတ်မထိ ဆူးမငြိပါစေနဲ့ … ။
ထိခဲ့ ငြိခဲ့ပါလျှင်လည်း
ခံနိုင်ရည်ရှိပါစေကြောင်း
ဆုတောင်းလိုက်ပါရဲ့ … ။

Anonymous said...

ခလုတ်တိုက်တော့လဲ ဘာဖြစ်လဲအစ်ကိုရာ
"ဖွဖွ လူမလဲ ခွေးလဲတာ" ဆိုပြီးငယ်ငယ်ကရွတ်နေကြမျိုးရွတ်
အနားမှာလူရှိရင်လဲ ရယ်ပြလိုက်၊ လူမရှိတော့လဲ တယောက်ထဲ ပြုံးလိုက်
ပြီးရင် ဒဏ်ရာကို ဆေးလေးဘာလေးလိမ်းလိုက်
နောက်နေ့ကြတော့ ပျောက်သွားလိမ့်မပေါ့။
ထပ်လဲတော့လဲ ဒီလိုပဲပေါ့ဗျာ... လျှောက်နေသရွှေ့တော့ တစ်ခါမဟုတ်တစ်ခါ ခလုတ်ကတော့ တိုက်မိနေဦးမှာပဲ

Anonymous said...

When life gives you a hundred reasons to cry, show life that you have a thousand reasons to smile.

Thet Htoo@Myat Lone said...

သဘောထားများအပြည့်နဲ့ ဆူးလမ်းများနင်းဖြတ်
ဘာဖြစ်ဖြစ်ပါကွယ် ခရီးများအဆုံးထိလျှောက်

အဆိုးများကြုံကြိုက်တုန်းမှာ ဒုက္ခတွေဟာ ခဏပါ
အနမ်းများကို အသက်သွင်းကာ ခရီးများအဆုံးထိလျှောက်

လက်တွေ့ဟာ ရင်ဘတ်မှာ လမ်းဆုံးဟာ ခဏလေးပါ
အနမ်းများကို အသက်သွင်းကာ ခရီးများအဆုံးထိလျှောက်

အစ်ကိုရေ ကျွန်တော်ကိုယ်တိုင်လည်း ဒီသီချင်းနဲ့ပဲ အားတင်းနေရတဲ့အချိန်မို့လို့ စာသားလေးတွေ ရေးတင်လိုက်တယ်ဗျာ။