Saturday, May 19, 2007

နေ့လယ်...

တဖျောဖျောကျနေသော ရေပန်းမှုန်များကို ရပ်တန့်ပစ်ရင်း ရေချိုးခန်းအတွင်းမှ နံရံကပ်နာရီကို လှမ်းကြည့်မိတော့ နေ့လည် ၁၂ နာရီထိုးလုပါပြီ။

ပြင်ဆင်စရာရှိသည်များ ပြင်ဆင်၊ ကွန်ပြူတာကို ပိတ်၊ အိမ်ထဲမှ လှမ်းထွက်လိုက်ချိန်တွင်မတော့ တ၀ူးဝူးတိုက်ခတ်နေသော နွေလေက ကျနော့်ကို ခပ်ကြမ်းကြမ်း နှုတ်ဆက်လိုက်ပါသည်။ ခပ်လှမ်းလှမ်းမှာတော့ မာနတခွဲသားနှင့် ကျနော့်စီးတော်ယာဉ်က ကျနော့်ကို မှုန်ကုပ်ကုပ်နှင့် အလိုမကျဟန် ကြည့်နေလေ၏။

ကားထဲသို့ ၀င်လိုက်တော့ ပေါင်းအိုးငယ်ထဲသို့ ၀င်လိုက်ရသည့်အလား လုံနေသောလေက ပူခြစ်နေ၏။ စီဒီတချပ်ကို ထိုးထည့်ဖွင့်လိုက်တော့ ဗဒင်၏ `အဟောင်းဆိုင်´ သီချင်းသံက ခပ်ရှရှ ပေါ်ထွက်လာသည်။ ကားပြတင်းကို ဖွင့်ရင်း အသာမောင်းထွက်လိုက်တော့ ကားထဲမှ တေးသွားများက အပြင်ကိုခုန်ပေါက်ထွက်သွားသလို ကားပြင်မှ လေက လူကြမ်းတယောက်နှယ် ၀ူးဝူးဝါးဝါးဖြင့် ကားထဲသို့ ကဆုန်ပေါက် တိုးဝှေ့ဝင်လာသည်။

သီချင်းကို လိုက်ညည်းမိတော့ တခုခုကို သတိရမိရင်း ပြုံးချင်ချင် ဖြစ်သွားသည်။

`သိပ်ခက်တယ်~~~ စိတ်ပျက်တယ်~~~ ကိုယ့်ဘ၀~~ ဇာတ်ဆရာရယ်~~~ စိတ်ဓာတ်တွေ~~~ အဟောင်းဆိုင်တန်းထဲ´

***

လွန်ခဲ့သော ၁၃နှစ်..။ ဗဒင်သီချင်းခွေ နာမည်အလွန်ကြီးခါစ..။ ဘားအံမြို့က နေ့လည်ခင်းများစွာကို သတိရမိသည်။ ထိုစဉ်က ကျနော်က ဆယ်တန်းအောင်ထားသော်လည်း တက္ကသိုလ်ဆက်တက်ရန် စောင့်နေရဆဲ။ မေမေက ကျနော့်ကို `Nursing´ ၀င်ခွင့်အတွက် အလျှောက်ခိုင်းသည်။ `Male Nurse´ ပေါ့။ စတိုင်လ်ဘောင်းဘီနှင့် ကုတ်အကျီင်္ဖြူဖြူ ဆရာဝန်လိုလို ဘာလိုလို အမျိုးသား သူနာပြုတွေက ခပ်နွဲ့နွဲ့ဟန်တွေ များသည်။ မေမေကတော့ ဘာသဘောနှင့် အလျှောက်ခိုင်းသည် မသိ၊ ကျနော်ကတော့ သိပ်မကြိုက်လှ..။ သို့သော်.. ဘားအံကို သွားလည်ချင်စိတ်ကြောင့် မေမေလျှောက်ခိုင်းသည်ကို လူလိမ္မာယောင်ဆာင်ပြီး အသာတကြည် လက်ခံကာ လျှောက်ခဲ့သည်။

ဘားအံမှာ ကျနော်အနှစ်သက်ဆုံးနေရာသည်ကား ကန်သာယာ ဖြစ်၏။ ထိုစဉ်က လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်များတွင် ပုံမှန်အားဖြင့် ကက်ဆက်ခွေသာ ဖွင့်လေ့ရှိသော အစဉ်အလာကို ခွဲထွက်၍ တချို့ဆိုင်များက တီဗွီ၊ ဗွီဒီယို ဖွင့်ပေးပြီး စားသောက်သူများကို ဆွဲဆောင်သည့် အလေ့အထ အစပျိုးချိန်။

ဇွဲကပင် ခန်းမ အနောက်ဘက်ခပ်ကျကျ ပန်းခြံ၏ ကုန်းမို့မို့ပေါ်တွင် ဖွင့်ထားသော လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ဖွင့်ပေးထားသော တီဗွီကို ငေးလိုက်၊ သီချင်းနားထောင်လိုက် ဖြတ်သွားသမျှ ကားတွေကို လိုက်ကြည့်လိုက်၊ ဆိုင်ထိုင်ရတာ အတန်ငယ်ကြာလာလျှင် ကန်သာယာ တံတားပေါ်ကို နေပူပူအောက်မှာ ဖြတ်လျှောက်လို့ ဇွဲကပင်တောင်ကို မျှော်ငေးလိုက်နှင့် အရသာ ခံဖူးသည်။ ညနေစောင်းတော့ `ချစ်သူလမ်းကြား´ သို့ ချစ်သူမပါဘဲ လျှောက်၏။ ခပ်ကြောင်ကြောင်တော့ အနိုင်သား။

***

ပူခြစ်နေသော နွေလယ်န့ခင်းတခုတွင် ကျနော့်ပထမဆုံး ရည်းစားက မိုးပေါ်က အပူနှင့် နင်လားငါလား ထပ်တူထပ်မျှ ပူလောင်သည့် စကားတခွန်းဖြင့် ကျနော့်ကို လမ်းခွဲသွားခဲ့သည်။ သူပြောခဲ့သော စကားက မှတ်သားလောက်စရာ၊ မမေ့လောက်စရာ။

`တောတိုးရင် ပုဆိုးစုတ်တယ် မောင်၊ ငါ တောမတိုးချင်ဘူး´ တဲ့..။

ပုဆိုးစုတ်မှာကြောက်လို့ တောမတိုးခဲ့သော သူမက သူမထက် အသက်များစွာကြီးသော အရာရှိတယောက်ကို ရွေးချယ်လက်ထပ်သွားချိန်မှာတော့ ကျနော်တယောက် နေ့တွေ ညတွေမသိသော ကာလတို့က အတန်ငယ်ကြာခဲ့ဖူးသည်။ အသည်းကွဲရသော အရသာက ခံရတော့ အခက်သား။

***



ဒါကတော့ ကျနော့် အလုပ်ထဲက နေ့လယ်ခေတ္တနားချိန်တွင် မြန်မာတဖက်၊ မက္ကဆီကန်တဖက် ကစားကြသော ဘောလုံးပွဲလေး ဖြစ်သည်။

တရက်မှာ အလုပ်နားခိုက် မက္ကဆီကန် အလုပ်သမားများက ကျနော်တို့ (မြန်မာများ) ကို ကျီစယ်၏။ ငါတို့ဆီက မားကွက်စ်က ကမ္ဘာကျော်တယ်ကွ၊ ဘာစီလိုနာမှာ ကစားနေတာ တဲ့။ မားကွက်စ်ကို မသိပေမယ့် ကျနော့်ရောင်းရင်း ကရင်များက `မက္ကဆီကိုနဲ့ မြန်မာ ဘယ်သူသာလဲ ကန်ကြမလား´ ဟု ချဲလင့်လုပ်တော့ အအေးပေါ့သော နေ့တိုင်းတွင် မြန်မာ Vs မက္ကဆီကို ဖိတ်ခေါ်ဘောလုံးပွဲက ဖြစ်တတ်လာသည်။ တခါတခါတော့လဲ မြန်မာက နိုင်လိုက်၊ တခါတခါတော့လဲ မက္ကဆီကိုက နိုင်လိုက်။ ပျော်စရာတော့ အကောင်းသား။

***

`ကားဆီချိန်းတာ အားလုံး ပြီးပါပြီ´

အထက်ပါ စကားသံကြောင့် စောင့်ဆိုင်းအခန်းထဲတွင် ဖွင့်ထားပေးသော တီဗွီကို ပျင်းရိလှစွာ စိတ်မပါလက်မပါ ကြည့်နေရင်း ဟိုဟိုဒီဒီပြေးလွှားနေသော အတွေးအာရုံက ပစ္စုပ္ပန်ဆီကို အလန့်တကြားဖြင့် ပြန်ရောက်လာ၏။

ဆီချိန်းပြီးခါစ၊ ရေဆေးပြီးခါစ ကျနော့် ကားပြာလေးက နေ့လယ်နရောင်အောက်တွင် ဖိတ်ဖိတ်လက်သော အပြုံးဖြင့် ၀င့်ကြွားလျက်။

အိမ်အပြန်လမ်းမှာတော့ မဆုံးသေးသော ဗဒင်သီချင်းသံက ပျံ့လွင့်နေ၏။

`ဆုံးဖြတ်ချက်တွေ ပြီးမြောက်တော့မှ ပြန်လာမယ် ~~~ လက်တွေ့ဘ၀က လွတ်မြောက်တော့မှ ပြန်ခဲ့မယ်´


ကလိုစေးထူး



8 comments:

yeelin said...

ko ' sayhtoo

u r unlucky man about LOVE. one day , u will meet the real one for u . i think .

s0wha1 said...

ဩော်...တောတိုးရင် ပိုဆိုးစုတ်တယ်တဲ့လား...

ငယ် said...

မြိုင်ကလေးမှာ ဖေဖေ့အလုပ်ကိုသွားလည်ရင်းနဲ့ တလကျော်ကျော်လောက်နေဖူးတယ်။ ဘားအံကို ကားဆီထည့်ချင်ရင်သွားရတယ်။ ဈေးဝယ်ရတာ မိုက်တယ်။ ဓာတ်ဆီဈေးကတော့ တော်တော်ကြီးတာပဲ။ မှတ်မှတ်ရရ ကားနဲ့ လော်ရီကြီးနဲ့ ချိတ်မိလို့ workshopအပ်ပြီး လိုင်းကားနဲ့ပြန်ဖူးတယ်။ ကားခတွေက ရန်ကုန်လိုဟုတ်ဘူးနော်။ ဈေးကြီးတယ်။ အဲဒီကအဒေါ်ကြီးတယောက်က ရန်ကုန်မှာ ကားခ ၂၀(လွန်ခဲ့သော ၅နှစ်) ဆိုတော့ တန်လိုက်တာ ရန်ကုန်ရောက်ရင် ၃ပတ်လောက်စီးပလိုက်မယ်တဲ့။ ပြီးတော့တခါမှ ရန်ကုန်မရောက်ဖူးဘူးတဲ့။ အရမ်းချစ်ဖို့ကောင်းတာပဲ စကားပြောတာလေးတွေက။ ဟီး... commentမှာ ရေးချင်တာတွေလျှောက်ရေးနေမိတယ်။ ဆောရီးနော်။ မြန်မာပြည်ကို သတိရသွားလို့။

Anonymous said...

hey bro,
i guess, the singer BA DIN was famous about 1992. as i passed 10th std in 92 ,me and my friends went to bago with his songs. u make me missed old days...btw, how long did u suffer ur brokenheart? i have suffered this pain for 2 years and still aching..:P give me some good medicine
eighteen2

မေဓာဝီ said...

အဲ ..နေ့လည်ခင်း အကြောင်း ဘယ်တော့ရေးမလဲ စောင့်ကြည့်နေတာ … ဒီနေ့မှ တွေ့တော့တယ်။
“တောတိုးရင် ပုဆိုးစုတ်တယ်” လို့ပြောတဲ့ “သူမ”ကို မောင်က ဂျင်းဘောင်းဘီနဲ့ တိုးမှာပါ လို့ ပြောလိုက်တာမဟုတ်ဘူး။ :P
ဒါနဲ့ စကားမစပ် တစပ် ... ပန်ဒိုရာ ပြောသလို
“လင်းကြက်ဆော်ချိန်၊ ဆွမ်းခံပြန်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ မိုးချုပ်၊ သန်းခေါင်ကြက် တွန်ချိန်”တွေ အပြင် သက်ကြီးခေါင်းချချိန်၊ သူငယ်တိတ်ဆိတ်ချိန်၊ ခုနစ်စဉ်ကြယ်ပြောင် အမြီးထောင်ချိန် … အဲဒါတွေလည်း ရေးအုံးနော်။

Min Min said...

ိကိုစေး

တောတိုးရင် ပုဆိုးစုတ်တယ် ဆို
မင်းက ဘယ်တော ကို တိုးနေရလို့လဲလို့ မမေးလိုက်ဘူး ..

ဟီးး)မောင် နောက်တခါ တောတိုးတော့ဘူး..Hotel သွားမယ်ပေါ့..ဟုတ်လည်း ဟုတ်သားပဲ.. သူလည်း ဘယ်တောတိုးချင်တော့မှာလဲ..ဟားး) စတာပါဗျာ..

Tesla said...

.... ပျော်စရာတော့ အကောင်းသား။ ...
......`ချစ်သူလမ်းကြား´ သို့ ချစ်သူမပါဘဲ လျှောက်၏။ ခပ်ကြောင်ကြောင်တော့ အနိုင်သား။...
.......အသည်းကွဲရသော အရသာက ခံရတော့ အခက်သား။..
>>> တော်တော်ဖတ်လို့တော့ အကောင်းသားဗျ

ကလိုစေးထူး said...

နဂျိန်းတောင် ကွန်မန့်တွေ ဘာတွေ ရေးလာပြီ။ :)
နေ့လည်အကြောင်းကို လာအားပေးကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူး အားရပါးရ အစစ်ကြီးတင်တယ်ဗျို့။ ဒီလောက်တောင် ရေးစေချင်နေတာ မျက်စိတမှိတ်တို့ လျှပ်တပြက်တို့ အချိန်တွေပါ ရေးလိုက်မှထင်တယ်။ :D