Thursday, May 24, 2007

သို့သော်..

`နေ့လယ်´ ပို့စ်ကို ရေးဖြစ်တုန်းက ဖြစ်ပါတယ်။

အဲဒီပို့စ်ကို ဖတ်မိတဲ့ ဆရာမ မေငြိမ်းက ကျနော် ဆင်ခြင်သင့်တဲ့၊ ထည့်မရေးသင့်တဲ့ အချက်အလက် တချို့ကို ထောက်ပြခဲ့ပါတယ်။ စာဖတ်သူက တခြားနည်းနဲ့ စဉ်းစားနိုင်စရာ ရှိတာကိုပါ သတိပေးခဲ့ပါတယ်။

ထိုနည်းတူစွာပဲ…

မမေဓာဝီက `ပထမ စာပိုဒ်မှာ …တော့ ဆိုတဲ့ အသုံးတွေ တော်တော် ထပ်နေတယ်နော်´ လို့ သူမြင်တာကို ဝေဖန်ထောက်ပြ ခဲ့ပါတယ်။ မမေဓာဝီပြောတော့မှ ကျနော်ရေးခဲ့တာကို သေသေချာချာ ပြန်ဖတ်ကြည့်လိုက်တာ လားလား၊ ဟုတ်ပါ့၊ နည်းတဲ့ ….တော့ တွေ မဟုတ်ဘူး။ ပထမ တပိုဒ်မှာ-
လှမ်းကြည့်မိတော့၊
လှမ်းထွက်လိုက်ချိန်တွင်မတော့၊ ခပ်လှမ်းလှမ်းမှာတော့၊ ၀င်လိုက်တော့၊ စီဒီတချပ်ကို ထိုးထည့်ဖွင့်လိုက်တော့၊ အသာမောင်းထွက်လိုက်တော့၊ လိုက်ညည်းမိတော့

အစရှိတဲ့ ….တော့ ပေါင်း (၇) တော့ကြီးများတောင် ဖြစ်နေပါပေါ့လား။

***

တခါတခါကျရင် လူက ရေးချင်တဲ့ စိတ် များနေတော့ ကိုယ်ရေးတာ ဘာတွေဟာနေတယ်၊ ဘာတွေ လိုနေတယ်ဆိုတာ သတိမမူမိဘဲ ရှိတတ်ပါတယ်။ ကိုယ်ရေးတဲ့စာ ကိုယ့်ဘာသာကိုယ် ပြန်ဖတ်နေတာကတော့ အဟုတ်သား၊ ဒါပေမယ့် တခြားသော စာဖတ်သူရဲ့ အမြင်မှာတော့ တမျိုးတမည် ဖြစ်လေ့ ရှိသွားတတ်ပါတယ်။

အဲဒီအခါမျိုးမှာ အထက်မှာ တင်ပြခဲ့တဲ့ စာဖတ်သူတွေရဲ့ ထောက်ပြ၊ ပြောဆိုပေးမှုကို အားပြုပြီး နောက်ရေးမယ့် စာတွေမှာ မမှားတန်တာ မမှားရအောင်၊ ဒီနေ့ ရေးတာထက် နောက်နေ့ ရေးတာက ပိုဖတ်လို့ အဆင်ပြေအောင် ကြိုးစားသွားရမှာပါပဲ။

သို့သော်..။

***

အလကား အန်တီကြီး ဒေါ်မေငြိမ်း၊ ငါ့ဘာသာသာငါ ရေးတတ်သလို ရေးတာကို ဆရာကြီး လာလုပ်နေသေးတယ်။ ငါရေးထားတာက ဒီလောက်လဲ မဟုတ်ဘဲနဲ့ သူကိုက ငါ့ကို မနာလိုလို့ လျှောက်မြင်နေတာ နေမယ်။ သက်သက် ဆရာလာလုပ်တာ။

ဟို.. မေဓာဝီဆိုတဲ့ တယောက်ကရော ဘာထူးသေးလဲ။ အလုပ်မရှိအကိုင်မရှိ ….တော့ တွေ များတာ လိုက်ရေကြည့်နေရတယ်လို့။ …တော့ ပေါင်း (၇)တော့ မကလို့ တပုဒ်လုံးကို တော့တော့တော့တော့ ဆိုပြီး တတော့တည်း တော့တော့ရော သူ့ထမင်းအိုးကို ငါက တုတ်နဲ့ ထိုးနေမှာမို့လို့လား။ ငါ့ကို တော်တော်လေးကို ပြောချင်နေပုံရတယ်။ သူရေးတာတွေကရော ဘယ်လောက်များ ကောင်းနေလို့တုန်း။

ကျနော့်ကို ထောက်ပြ ပြောဆိုချက်တွေကို အဲဒီလို အဖျက်သဘောနဲ့ ပြန်စဉ်းစားကြည့်လိုက်တော့ တော်တော် ပူလောင်တဲ့ အတွေးတွေ ဖြစ်လာပါတယ်။

သို့သော်..။

***

ဘောလုံးပွဲ တခုမှာ ဖြစ်ပါတယ်။

တက်သစ်စ ဖြစ်ဟန်တူသူ ကစားသမားလေး တယောက်က ကြိုးစားပမ်းစားနဲ့ ကစားပေမယ့် တခြားကစားဖော်တွေနဲ့ နားလည်မှုကလည်း မရသေး၊ ကစားကွက်နဲ့လည်း အံမ၀င်သေးတော့ သူကစားပုံက အဆင်မပြေလှဘူး ဖြစ်နေပါတယ်။

အဲဒီမှာတင် တချို့က-

`ညီလေး၊ ဟိုမှာ မင်းကပ်ရမယ့်လူကွ၊ အဲဒီလူကို မလွတ်စေနဲ့ ကပ်ထား၊ ဘောလုံးကို ရပ်မစောင့်နဲ့၊ ဆင်းကြိုပေး၊ ကိုယ့်ခြေထဲမှာလဲ အကြာကြီး မဆိုင်းထားနဲ့၊ အေးဟုတ်ပြီကွ၊ ဟုတ်ပြီ´

စသဖြင့် အားပေးစကားနဲ့အတူ အော်ဟစ် အကြံဉာဏ်ပေးကြတော့ ကစားသမားလေးအတွက် အားဆေး တခွက်သဖွယ် ဖြစ်စေပြီး ကစားဟန်လဲ သွက်လာပါတယ်။

သို့သော်..။

***

`ဟေ့ကောင်၊ ဘယ်လိုလုပ် ကစားနေတာလဲကွ၊ ဟိုပြေး ဒီပြေးနဲ့၊ ဘောလုံး မကစားတတ်ရင် ကွင်းထဲ မလာနဲ့ကွ´

`ထွက်ကွာ၊ အခုထွက်၊ လူလဲပါတော့ဗျို့၊ ဒီကောင်လုပ်တာနဲ့ အသင်းပါ ရှုံးတော့မယ်၊ တခြားလူတွေ ကစားနေတာပါ ထိခိုက်ကုန်ပြီ´

အဲဒီလို ၀ိုင်းအော်ကြသူ တချို့လည်း ရှိပြန်တော့ ဘောလုံးသမားလေး ခမျာမှာ ခြေလှမ်းတွေကလည်း အမှားမှားအယွင်းယွင်းတွေဖြစ်၊ ဟိုဘက်ပြေးရမလို ဒီဘက်ပြေးရမလို ဖြစ်ကုန်တော့ နဂိုရှိရင်းစွဲ ကစားနိုင်တဲ့ စွမ်းရည်လေးပါ ပျောက်နေပါတော့တယ်။ တခါမှာတော့ သူ့ကို ၀ိုင်းအော်ဟစ် ရှုံ့ချနေတဲ့ အသံတွေကို မခံနိုင်တော့လို့ထင့် ကွင်းလယ်မှာ ငူငူကြီး ရပ်လို့ ငိုင်နေပါတော့တယ်။

အဲဒီမှာတင် ကွင်းဘေးက အသံတွေက ပိုမို ကျယ်လောင်စွာ ထွက်လာပါတော့တယ်။

`သူ့ကို ထုတ်ပစ်ပါတော့ဗျို့´

`ထွက်၊ ထွက်၊ ဟေ့ကောင်၊ အခုထွက်´

သို့သော်…။

***

ကောင်းကင်က မိုးတွေ ရွာချပေးပါတယ်။

အဲဒီမိုးရေတွေကို ကျနော်တို့ ဘယ်ပုံဘယ်နည်း ခံယူကြပါမည်နည်း။ ညစ်ပတ်ပေရေနေသော ခွက်စုတ်ဖြင့် ခံယူပါမည်လား၊ သန့်ရှင်းသော ခွက်ဖြင့် ခံယူပါမည်လား။

သို့သော်..။

အက်ဆစ်မိုးတွေကိုရော….???။ ဘယ်လို ခံယူရပါ့။


ကလိုစေးထူး


(ဆရာမရေ၊ ကန်တော့နော်။ မမေ.. နည်းနည်းခွင့်လွှတ်နော်..ဟဲဟဲ)


မှတ်ချက်။ ဒီစာကို ဆရာမ မေငြိမ်းကို ပြရင်းနဲ့ ခွင့်လွှတ်ဖို့ တောင်းပန်တော့၊ ဆရာမက `နေ့လည်´ လို့ မှားယွင်းစွာ သုံးထားတဲ့ ကျနော့်ရဲ့ သတ်ပုံအမှားကိုပါ ထောက်ပြပေးခဲ့ပါတယ်။ တကယ်တော့ နေ့ရဲ့ အလယ်ဖြစ်လို့ `နေ့လယ်´ လို့ သုံးသင့်ကြောင်းကိုပါ ရှင်းပြပေးခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာမ ခင်ဗျာ။

7 comments:

Yan said...

ကိုစေးထူးရဲ့ ဒီပို့စ်လေးကို ဖတ်ပြီးတော့ ကော်မန့်ဝင်ရေးချင်စိတ်တွေ တစ်ဖွားဖွားဖြစ်လာပါတယ်. လူဆိုတာကလည်း အမြင်အမျိုးမျိုးရှိကြသကိုးလားဗျ...

သို့သော်....

:D

Thet Htoo@Myat Lone said...

ကိုကလိုစေးထူးခင်ဗျာ။ အစ်ကိုက ရေးချင်စိတ်နဲ့ ကိုယ်ရေးတာကိုယ်ဖတ်တာတော့ အဟုတ်သားဆိုလို့၊ စာရေးတာက ဘလော့ဂ်မှာဆိုရင် ပြန် edit လုပ်လို့ရတာပေါ့ဗျာ။ ကျွန်တော့်အကျင့်က ဘယ်သူကြိုက်မှန်းမသိ မကြိုက်မှန်းမသိ သီချင်းကို အကျယ်ကြီး အော်ဆိုရတာကိုမှ ဖီးလ် ..

အဲဒါကြီးကျ ကိုယ့်အသံကိုလည်း ကိုယ်မသိလိုက်.. သိသွားရင်လည်း ဆိုထားတာကို ပြန်ပြင်လို့မရ..

အခုအဲဒီအကျင့် ဘလော့ဂ်ပေါ်ထိ ဆွဲတင်မလို့ စဉ်းစားနေတာ.ဟဲ ဟဲ ဒါပေမယ့် တင်ဖြစ်ရင်တောင် Auto Play ကိုတော့ ပိတ်ထားပါ့မယ်နော်။

Anonymous said...

အင်း .. ဘုန်းကြီးထိပ်ခေါက်ပြီးမှ .. အဲ .. ဟုတ်ဘူး .. မယ်သီလရှင် ထိပ်ခေါက်ပြီးမှ .. ပြန်တောင်းပန်လို့ ရရိုးလား။
ကျမထမင်းအိုး တုတ်နဲ့ မထိုးပေမယ့် အမြင်မတော်တာဆို ကြည့်မနေတတ်လို့ … ပြီးတော့ လျှာရှည်ရတာ .. ဆရာလုပ်ရတာ အကျင့်ပါနေလို့ပါရှင်။
နောက်ကို စာဖတ်တဲ့အခါ မျက်မှန်ချွတ်ပြီးပဲ ဖတ်တော့မယ်။ မျက်စိက ခပ်မှုန်မှုန်မို့ သိပ်မမြင်ရရင် ပြောလည်းပြောမိမှာ မဟုတ်တော့ဘူး။ :P

Chit Lay Pyay said...

ဟုတ်တယ်နော်လူတွေကအကောင်းဘက်ကမကြည့်ပဲ၊ ဘာလို့အဆိုးဘက်ကကြည့်ကြပြီး ပွဲဆူအောင်လုပ်ချင်ကြလဲမသိဘူး၊ သူတို့အစားပူလောင်လိုက်တာ၊ ကိုကလိုစေးထူးပေးထားတဲ့ဥပမာလေးကအရမ်းကိုထိတယ်၊ လူအချင်းချင်းအကောင်းမြင်ပေးနိုင်ကြပါစေ၊ကြီးသူကိုရိုသေငယ်သူကိုလေးစား၊(ဟဲဟဲနောက်ဘာလဲမသိတော့ဘူး)......နိုင်ကြပါစေ၊

ကလိုစေးထူး said...

မောင်ရန် ရေးသော ကွန်မန့်ကိုစိတ်ဝင်စားပါသည်။ သို့သော်.. :D
ကိုမျက်လုံး.. သီချင်းတင်မှာကို မိတ္တူလာပေးနေတာလား.. ဟဲဟဲ။ တင်ဖြစ်ရင် လက်တို့လိုက်ပါ။ နားထောင်မှာပေါ့ဗျာ။
မမေ..၊ မျက်လုံးကို အ၀တ်စည်းထားလိုက်ရင် ပိုမကောင်းဘူးလား။ :P
ချစ်လေပြေ ပြောတာ ဟုတ်ပါသည်. သို့သော်..။ :D

Anonymous said...

KoKo..
Good!!!
Great!!!
go on...

hana

MELODYMAUNG said...

တကယ်လေးစားတယ်ဗျာ ပေးသူ ယူသူ နဲ့ ပေးပုံ ယူပုံ(အားပေးတာပဲ ဖြစ်ဖြစ် ထောက်ပြတာပဲ ဖြစ်ဖြစ်) ရှင်းသွားတယ် ဒါပေမဲ့ ပြန်မပြောတတ်ဘူး ကိုယ်ဘယ်လို ဘယ်လောက်ထိ နားလည်မိလဲဆိုတာကိုပေါ့
ခုလို အတွေးအခေါ် ပါတဲ့ စာကောင်းကောင်းလေးတွေကိုအားပေးနေပါတယ်