Friday, May 04, 2007

ကျနော်နှင့် သီချင်းများ..

ကျနော်တို့ မိသားစုက သီချင်းနားထောင်ရတာ အတော်ဝါသနာပါပါတယ်။

ကျနော်ငယ်စဉ်က မေမေမကြာခဏ ညည်းတတ်တဲ့ သီချင်း တပိုင်းတစတွေကို မှတ်မိနေပါသေးတယ်။ မေမေတို့ ခေတ်တုန်းကတော့ ရေဒီယို သီချင်းတွေပေါ့။

~~~ အကိုတွေ အမတွေရဲ့အလယ် ~~~ အမေက ကျမကိုဆိုတာ ~~~ အထွေးဆုံးမို့ ချစ်တယ် ~~~ ချစ်တယ်~~

~~~ ပျင်းတယ်ကွာ မောင်ကြီးရာ (အေးလေ.) ~~~ မုန့်စကားထာ ဖွက်တမ်းသာ ~~~ ကစားတဲ့အခါ~~~ ဖော်နိုင်ရင် မုန့်ကျွေးမှာပေါ့ကွာ ~~~

ရေဒီယို အစီအစဉ်ကနေ မကြာခဏလာတတ်ပြီး ကျနော်တို့ ကလေးဘ၀နဲ့လည်း နီးစပ်လို့လားတော့ မသိ၊ သိပ်ကြိုက်ခဲ့ရတဲ့ သီချင်းကတော့ ကိုကိုင်ဇာရဲ့ `မိုး´ သီချင်းပါ။ ~~~ မိုးရွာရင် မိုးရေချိုးမယ် ~~~ မေမေလာရင် နို့စို့မယ် ~~~ ဖေဖေလာရင် အုန်းသီးခွဲစားမယ်~~~ ဆိုတဲ့ စာသားလေးနဲ့ အဲဒီသီချင်းက မိုးတွင်းမဟုတ်လဲ ထုတ်လွှင့်လေ့ ရှိပေမယ့် ဘယ်အချိန်ကြားကြား ကြိုက်ခဲ့ရပါတယ်။

ကျနော်တို့ အိမ်မှာ နေရှင်နယ် တံဆိပ် ကက်ဆက်တလုံး ရှိပါတယ်။ ဖေဖေ အလုပ်က ပြန်ရောက်ပြီလားဆိုရင် ဖွင့်လေ့ ရှိတာကတော့ ဟင်္သာတအောင်တင်ဝင်းရဲ့ `ချစ်ဦးမောင့်ထံ ပြန်လာပါ´ အခွေပါ။ နားထောင်ပါများတော့ အဲဒီခွေထဲက သီချင်း တော်တော်များများကိုလည်း အလွတ်ရလာပါတယ်။ အခုအချိန်ထိ တိုင်အောင် အလွတ်ရနေတဲ့ သီချင်းကတော့ `ပိုးကိုက်တဲ့ ပန်း´ သီချင်းပါ။

ကျနော်တို့ အိမ်ကို ပထမဆုံး ရောက်လာတဲ့ စတီရီယို သီချင်းခွေကတော့ ကိုမွန်းအောင်ရဲ့ `လွမ်းရတဲ့ ညတွေ လွန်ပါစေ´ အခွေပါ။ ဖေဖေက လက်ဆောင်ရခဲ့လို့သာ ယူခဲ့ပေမယ့် အဲဒီအခွေကို သူမကြိုက်ပါဘူး။ ကျနော်ကတော့ ဗီဇကိုက ပါလာလို့လားမသိ၊ အတော်ကြိုက်ပါတယ်။ ~~~ နှလုံးသားက ပြုံးလိုက်တယ် ~~~ ဘ၀က ပြုံးခွင့် မပြုပါ~~~ ဆိုတဲ့ စာသားလေးကိုဆိုရင် အခုထိ မမေ့နိုင်ပါဘူး။ ကြွေးဟောင်း ဆပ်ခွင့်ပြုပါအမေ၊ ယု၊ သီချင်းတွေကိုလည်း နှစ်သက်ခဲ့ပါတယ်။

ကျနော်တို့ အိမ်ရှေ့ မျက်နှာချင်းဆိုင်က အကိုကြီးတွေက တခါတလေညတွေမှာ ဂစ်တာတီး၊ သီချင်းဆိုတတ်ပါတယ်။ `သဘာဝရဲ့ ရင်သွေးငယ်´ သီချင်းကို အဲဒီတုန်းက စတင်ကြားဖူးခဲ့ပါတယ်။ ကိုစိုင်းထီးဆိုင် ထောင်က လွတ်လာလာချင်း `ရတနာ´ အခွေထွက်ခဲ့တော့လည်း နာမည်ကြီးခဲ့သလို ကျနော်တို့လည်း နှစ်သက်ခဲ့ရပါတယ်။

ကျနော် အထက်တန်းကျောင်းသား ဘ၀မှာ လူငယ်တွေအကြားကို နာမည်ကြီး ရေပန်းစားစေခဲ့တာကတော့ ကိုစိုးလွင်လွင်ရဲ့ သီချင်းတွေပါ။ ကိုယ်ချစ်၊ ငယ်သူမို့၊ ခိုးစိတ် စိုးထိတ်လွမ်းချိန် သီချင်းတွေဟာ အဲဒီအချိန်က လူငယ်တွေ သိပ်ကြိုက်ကြတဲ့ သီချင်းတွေပါပဲ။ ကျနော် ဂစ်တာတီး စသင်တော့ ပထမဆုံး အတီးသင်ခဲ့တဲ့ သီချင်းကလည်း ကိုစိုးလွင်လွင်ရဲ့ သီချင်းတပုဒ်ပါ။

ကျနော် ဆယ်တန်းအောင်တော့ ဖေဖေက ဂစ်တာ တလုံး ဆုချပါတယ်။ အဲဒီအချိန်မှာတော့ ကိုဇော်ဝင်းထွဋ်က မြန်မာပြည်မှာ အအောင်မြင်ဆုံး အချိန် ဖြစ်နေပါပြီ။ ဆေးဆိုးပန်းရိုက် မျက်နှာ အခွေထဲက သီချင်းတွေနဲ့ လမ်းဘေးအုတ်ခုံမှာ အဆိုကျော် လုပ်ခဲ့ဖူးပါတယ်။

ကိုလေးဖြူ အခွေထွက်လာတော့လည်း ကြိုက်ခဲ့တာပါပဲ။ `အလင်းရောင်´ သီချင်းဟာ ကိုလေးဖြူရဲ့ သီချင်းတွေထဲက ပထမဦးဆုံး ကြိုက်နှစ်သက်မိတဲ့ သီချင်းပါ။ အခုအချိန်မှာတော့ ရော့ခ်ကာတွေထဲမှာ ကိုလေးဖြူက (လက်ရှိ အနေအထားအရ) လူကြိုက်အများဆုံး ဖြစ်နေပါပြီ။ လတ်တလော ထွက်ထားတဲ့ အထဲက ကျနော် အကြိုက်ဆုံးကတော့ `ခရီးများ အဆုံးထိလျှောက်´ သီချင်းပါ။ ပုံမှန်အားဖြင့် နားထောင်ရင် အချစ်သီချင်း တပုဒ်လို့ ထင်ရပေမယ့် ဖြန့်ကျက်တွေးရင် တွေးသလို ခံစားလို့ရတဲ့ သီချင်းလေးပါ။

၁၉၉၈ ခုနှစ်လောက်မှာ ထင်ပါတယ်။ အက်ဆစ်အဖွဲ့ရဲ့ `စတင်ခြင်း´ အခွေထွက်လာပါတယ်။ လူကြီးပိုင်းနဲ့ လူလတ်ပိုင်း တော်တော်များများက လက်ခံလိုဟန် မရှိပေမယ့် လူငယ်တွေ အကြားမှာတော့ အဲဒီ ဟစ်ဟော့ပ်ခွေက အတော် ရေပန်းစားသွားခဲ့ပါတယ်။ ဟစ်ဟော့ပ်ဆိုပေမယ့် ပေါ့ပ်သီချင်းစာသားတချို့နဲ့ ရောနှောသီဆိုထားတော့ နားဆင်ရတာ အဆန်းတကျယ်ဖြစ်လို့နဲ့ တူပါရဲ့။ တော်တော်ကြိုက်ကြပါတယ်။ `ငါတို့ထဲက တယောက်ကို လာထိရင်~~~ အက်ဆစ်နဲ့ လောင်မြိုက်ခံရမယ်ဆိုတာ မင်းတို့ သိစေချင်´ ဆိုတဲ့ စာသားကို မဂ္ဂဇင်းတချို့မှာ တော်တော်ဝေဖန်ကြပါတယ်။ ဒါပေမယ့် အက်ဆစ်အဖွဲ့ကတော့ အောင်မြင်သွားခဲ့ပါတယ်။ အဲဒီအခွေကို သိပ်လက်မခံချင်သေးပေမယ့် ကျနော်သဘောကျမိခဲ့တဲ့ စာသား တခု ရှိပါတယ်။

~~~ ပိုက်ဆံမက်တဲ့ မိန်းမကို ချစ်မိနေတော့ ~~~ င့ါမှာ မိန်းမမက်တဲ့ ပိုက်ဆံကို မုန်းလို့မရ~~~

ဟစ်ဟော့ပ်သီချင်းတွေကို ကျနော် စတင်နှစ်သက်ခဲ့ဖြစ်တဲ့ အခွေကတော့ သီအိုရီအဖွဲ့ရဲ့ `သီအိုရီရဲ့ သီအိုရီ´ အခွေပါ။

~~~ ရည်းစားထားရင် လက်စွပ်ဝယ်ဖို့ ပိုက်ဆံ မရှိဘူး ~~~ အပြင်သွားဖို့ ငါ့မှာ ပိုက်ဆံ မရှိဘူး~~~ ပိုက်ဆံရှာဖို့ ထွက်လဲ ပိုက်ဆံ မရှိဘူး~~~

အခုနောက်ပိုင်းမှာတော့ ဟစ်ဟော့ပ်တွေက မှိုပေါက်တဲ့ အလား ပြောရမလား နေရာတကာ ဟစ်ဟော့ပ်နဲ့ သူမပါရင် မပြီးလို့တောင် ပြောရမလိုလို..။ တချို့သီချင်းတွေကို နှစ်သက်ပေမယ့် တချို့သီချင်းတွေကတော့ ဘယ်လိုမှ ခံစားလို့ မရပါဘူး။

တကယ်တော့ ကျနော့်တဦးတည်း အယူအဆအရ ပြောရရင် သီချင်းကို နှစ်သက်တယ်ဆိုတာ အဆိုတော်နဲ့ မဆိုင်လှပါဘူး။ နာမည်ကြီး အဆိုတော်ဆိုမှ သီချင်းကောင်း မဟုတ်သလို ရော့ခ်မှ၊ ဟစ်ဟော့ပ်မှ၊ ပေါ့ပ်မှ သီချင်းကောင်း မဟုတ်ပါဘူး။ သီချင်းကောင်းရင် ကောင်းသလို မနေ့တနေ့ကမှ သီချင်းစဆိုတဲ့ လူရဲ့ သီချင်းကိုလည်း ကြိုက်ချင် ကြိုက်မိတာပါပဲ။ အဓိကကတော့ သူတို့ ဖန်တီးတဲ့သီချင်းနဲ့ ခံစားတဲ့လူရဲ့ ခံစားချက် ထပ်တူကျဖို့ပါပဲ။

တခါတလေကျတော့ လူက လွမ်းသလိုလို ဆွေးသလိုလို ဖြစ်လာရင် အလွမ်းအဆွေး သီချင်းလေးတွေက ပိုခံစားလို့ ကောင်းနေသလို စိတ်ထဲ ခပ်ပေါက်ပေါက်ရှိလာရင်တော့ `အကုန်လုံး ထကြ၊ အကုန်လုံးကကြ´ လို့ ခပ်ညစ်ညစ်နဲ့ အော်ဟစ်ပစ်ချင်စိတ် ပေါက်တတ်တာမို့ သီချင်းရဲ့ လွှမ်းမိုးမှုက လူတယောက်ရဲ့ စိတ်ကို အတော်ကြီးကို တာသွားစေပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သီချင်းတွေကတော့ အသစ်အသစ်တွေ ထွက်နေကြအုံးမှာပါ။ ကျနော်တို့ကလည်း ခံစားချက်နဲ့ ကိုက်ညီတဲ့ သီချင်းမှန်သမျှ နားထောင်ဖြစ်နေအုံးမှာပါပဲ။

ကလိုစေးထူး

5 comments:

ဂျစ်တူး - gyit_tu said...

ကျွန်မလည်း သီချင်းအကြောင်းရေးဖို့ စဉ်းစားနေတာ ကိုကလိုစေထူး ဦးသွားပြီ ။ နောက်မှ ရေးတော့မယ်း)

ဒါနဲ့ ခုခေတ်မှာ ကော်ပီတွေ ပြန်ဆိုတေးတွေများလွန်းလို့ ရှားပါးပစ္စည်းဖြစ်နေတဲ့ ကိုယ်ပိုင်မူရင်းသံစဉ်တွေကို ရှာဖွေရင်းနဲ့ပဲ ... ။

စိုးလွင်လွင်ဆိုရင် ဘာကြိုက်သလဲမမေးနဲ့ ။ သူ့ အခွေတွေအားလုံးရဲ့ နာမည်တွေသိလား ။

Thet said...

ကိုစေးထူးရေ
မမေဒါဝီရဲ့ အွန်လိုင်း အဘိဓမ္မာသင်တန်းမှာ လူသစ်တွေ လက်ခံနေပြီ

မေဓာဝီ said...

သီချင်းအကြောင်းပြောလို့ သတိရသွားပြီ။
တိုက်တွန်းသလိုလိုနဲ့ မြှောက်ပေးလိုက်အုံးမှပဲ။
ကိုသံလွင်ရဲ့ သီချင်းတွေ နားမထောင်ရတာ ကြာပြီနော်။
အသစ်တွေ မရေးဖြစ်တော့ဘူးလား။
ဂစ်တာကြီးရော ဖုန်တက်နေပြီလား။
ကိုယ်ပိုင် သီချင်းအသစ်လေးများ ရှိရင် တင်ပါအုံး။
အားပေးနားဆင်ဖို့ စောင့်နေပါတယ် ရှင်။

puhtuzin said...
This comment has been removed by the author.
ပုထုဇဉ် said...

"အဓိကကတော့ သူတို့ ဖန်တီးတဲ့သီချင်းနဲ့ ခံစားတဲ့လူရဲ့ ခံစားချက် ထပ်တူကျဖို့ပါပဲ။"

အမှန်ပဲဗျာ၊ စိတ်အခြေအနေ၊ တေးသွားနဲ့ စာသားများ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ကျွန်တော့်အတွက်ကတော့ တခါတလေ သီချင်းတွေကို ကောင်းတိုင်း၊ အဆင့်အတန်းရှိတိုင်းလည်း နားမထောင်နိုင်ဘူးဗျ။ ခပ်စုတ်စုတ် ကလေးတွေကိုမှ ဓာတ်ကျတဲ့အခါကလည်း ရှိတတ်တယ်။ မပြည့်စုံခြင်း၏ အနုပညာ Art of imperfection ပေါ့ဗျာ… ဟီး… :D

(အပေါ်က မှတ်ချက်အတွက် တောင်းပန်ပါတယ်၊ blog မှားပြီး မှတ်ချက်ပေးမိတယ် ထင်လို့ ပြန်ဖျက်လိုက်တာပါ။)