Thursday, May 10, 2007

ည..

အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာချေပြီ။

ပြောမယ့်သာ ပြောရသည်၊ ဒီနိုင်ငံ၏ နွေရာသီက နေ့တာ အလွန်ရှည်လွန်းလှသည်။ မနက်မိုးလင်း နေထွက်ချိန်က ငါးနာရီခွဲ၊ နေ၀င်ချိန်က ည ရှစ်နာရီကျော် ဆိုတော့ ရှည်လှပါဘိတောင်း..။

မိုးကောင်းကင်ကို မော့ကြည့်တော့ ကြယ်စုံမဲ့ လမသာကောင်းကင်က ကျနော့်ကို ရှုတည်တည်နှင့် ငုံ့ကြည့်နေသည်။ ဘာရယ်ကြောင့်မှန်းမသိ ဒီနိုင်ငံညချမ်းတွေမှာ လသာခြင်း ဆိုသည်က ရှားပါးကုန် တခုနှယ် ဖြစ်နေ၏။ နှစ်နှစ်အတွင်း မှတ်မှတ်ရရ ရာသီဥတု ကြည်ကြည်လင်လင်နှင့် လသာတာ နှစ်ကြိမ်ခန့်သာ မြင်ဖူးသေးသည်။

`ညအခါ
လသာသာ
ကစားမလား
နားမလား´

ကလေးဘ၀တုန်းက လသာချိန်တိုင်း ကွင်းပြောင်ပြောင်မှာ ဂုပ်ပိုးစီးတမ်း၊ ၀ိုင်းကြီးပတ်ပတ်တမ်း၊ ထုပ်ဆီးထိုးတမ်း ကစားရင်း ဒီကဗျာလေးကို အော်ဟစ်ရွတ်ဆိုခဲ့ဖူးသည်။ စာသင်အရွယ်၏ ပထမဦးဆုံး သင်ခဲ့ရသည့် ဒီကဗျာလေးက လွယ်ကလဲ လွယ်ပေသမို့ ကလေးတိုင်းလိုလို မရသူမရှိ။

ကျနော့်ဘ၀ငယ်ငယ် အရွယ် ညတွေသည် ကြည်နူးဖွယ်၊ ပျော်ရွှင်ဖွယ် ညများရှိခဲ့သလို ချောင်ကွယ်မှာ တိတ်ဆိတ်စွာ ငိုခဲ့ရသော ညများလည်း ရှိခဲ့၏။ `သားတို့ရေ၊ အပြင်သွားလည်ကြမယ်ဟေ့´ ဟု ဖေဖေ့ခေါ်သံနောက်တွင် မေမေကလည်း အလှပြင်လို့ ညီအကိုနှစ်ယောက် ခုန်ပေါက်မြူးတူးစွာဖြင့် ပျော်ခဲ့ရသော ညချမ်းတွေ ရှိခဲ့ဖူးသလို အက်ကွဲလာသော မိဘများ၏ အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခ ညများစွာကိုလည်း မျက်ရည်တို့နှင့် အတူ ဖြတ်သန်းခဲ့ရဖူးသည်။

ကျနော့်ကို ညကိုးနာရီ ၀န်းကျင်တွင် မွေးဖွားခဲ့သည်ဟု မေမေက ပြောပြခဲ့ဖူးသည်။ ဆယ့်နှစ်နာရီ ကျော်သွားလျှင် စနေကို ကူးပြောင်းသွားမှာကို စိုးရိမ်နေခဲ့ရပေမယ့် သောကြာညချမ်းမှာပင် သားဆိုးကျနော့်ကို မေမေက ညည်းညူခြင်းမဲ့စွာနှင့် မွေးထုတ်ပေးခဲ့သည်။ အယူသည်းသည်ပဲ ဆိုဆို `သားဦးစနေ´ မဖြစ်ခဲ့သည့်အတွက် ထိုသောကြာညတွင် ကျနော့်မိဘတွေ ကြည်နူးပျော်ရွှင်ခဲ့ရသည်တော့ အမှန်..။
ကျနော် ဆယ်တန်းကျောင်းသား ဘ၀..။ တန်ဆောင်တိုင်ည တညတွင် မေမေကျနော့်ကို အကြီးအကျယ် စိတ်ဆိုးခဲ့ဖူးသည်။ ပညာရေး တပိုင်းတစနှင့် စိတ်လေမှာကို စိုးရိမ်စိတ်ဖြင့် မေမေတားမြစ်ခဲ့တာကို နားမလည်ခဲ့သည့် ကျနော်က ထိုညတွင် စတေ့ခ်ျစင်ပေါ်မှာ သီချင်းတက်ဆိုသည်။ အိမ်ကိုပြန်ရောက်တော့ မေမေက စကားမပြော..။ ယင်းနောက်တွင်တော့ ကျနော့်ကို လေးလကျော်ကြာသည် အထိ လစ်လျူရှုခြင်းဖြင့် ဒဏ်ပေးခဲ့၏။

ဆယ်တန်းအောင်ပြီးတော့ ကျနော့်ညတွေက မိဘအုပ်ထိန်းမှုအောက်မှ အတန်ငယ် လွတ်ကင်းသွားသည်။ အုတ်ခုံ အဆိုတော်လုပ်လား လုပ်ရဲ့..။ မူးနော်လေးတွေ အိမ်ကို သွားလည်လား လည်ရဲ့..။ လရောင်အောက်မှာ ဆေးလိပ်မီးခိုးငွေ့တွေနဲ့လည်း မွေ့လျော်ခဲ့ဖူးသည်။ တော်ပေသေးသည်၊ ညအမှောင်မှာ မူးယစ်ဆေးနဲ့တော့ မပျော်ပါးမိခဲ့.။

အလယ်တန်းကျောင်းအုပ် ရာထူးဖြင့် မေမေ တခြားမြို့ကို ပြောင်းရွှေ့တာဝန် ထမ်းရတော့ ကျနော့် အုပ်ထိန်းသူမဲ့ ညတွေကို မူးယစ်ရီဝေမှုက ကြီးစိုးလာသည်။ အရက်မဟုတ်သော ဘီယာ သောက်ရင်း၊ ဘီယာမဟုတ်သော အရက်သောက်ရင်း ဖြတ်ကျော်ခဲ့သော လမသိ ကြယ်မသိ ညတွေကလည်း မနည်းလှ။

ညပေါင်းများစွာတွင် တချို့ ရီဝေကြသည်၊ တချို့ ပြုံးပျော်ကြသည်၊ တချို့ ယစ်မူးကြသည်၊ တချို့ အောင်ပွဲခံကြသည်။ မတရားသူတွေ ပြုံးပျော်နိုင်ဖို့အရေး အမေ့ရင်ခွင်မှ သားများစွာ ညအချိန်မတော် ဆွဲထုတ်ခံကြရသည်။ ညများစွာတွင် အမေများစွာက သားများစွာကို ပြန်လာနိုး မျှော်ကြသည်။ ညများစွာတွင် အေးချမ်းဆိတ်ငြိမ်သော ရွာငယ်ကလေးများ မီးလောင်တိုက် သွင်းခံကြရသည်။ ဘ၀များစွာ နယ်မြေမဲ့ကြရသည်။ အသက်များစွာ ၀ိညာဉ်မဲ့ကြရသည်။

ညကို `ပန်းချစ်သူ´ သီချင်းဖြင့် ကိုခင်မောင်တိုးက တင်စားသီဆိုသလို ကိုမွန်းအောင်က `ဧည့်ဆိုး´ သီချင်းဖြင့် ကြေကွဲဖွယ်ရာ ပုံဖော်သည်။ ကမ္ဘာအနှံ့က ညများစွာသည်လည်း ထိုနည်းနှင်နှင် ဖြစ်နေလေမလား မသိနိုင်။

သီချင်းနားထောင်မိတော့ Michel Learn to Rock အဖွဲ့က Blue Night သီချင်းဖြင့် ညအလှကို ပုံဖော်နေကြသည်။ ယင်းသီချင်းကို ကိုမျိုးကြီးက အပြာရောင် အချစ်ည ဟု ထပ်ဆင့် ပုံဖော်ခံစား၏။ မည်သို့ဆိုစေ ညများစွာသည်ကား ဘာသာမတူ၊ ယဉ်ကျေးမှု ကွဲကြလင့်ကစား လှနေကြသည်တော့ အမှန်.။

ညအမှောင်က အတော်လင့်လာချေပြီ။ ကောင်းကင်ကို မော့ကြည့်တော့ ကြယ်တွေ ပျောက်လို့ကောင်းနေတုန်း..။ လမင်းကလည်း ဘယ်ဆီရောက်နေတယ် မသိ..။ အမှောင်ကို မကြိုက်သော လူသားတွေကတော့ အလင်းတုတွေ ဖန်တီးပြီး အန်တုကြသည်။ အမှောင်ကို ခုံမင်သော လူသားတွေမှာတော့ အလင်းကို ဖွေရှာသည့်သူက သူတို့ရန်သူ.။ အမှောင်သည်သာလျှင် သူတို့အတွက် မွေ့လျော်ရာ.။ ယင်းသို့ဖြင့်ပင် ကမ္ဘာကြီး၏ နေရာအတော်များများမှာ မှောင်သောညများက ကြီးစိုးလို့ ကောင်းနေဆဲ..။

အမိမြန်မာပြည် ရှိမည်ထင်ရသည့် အရပ်ကို မှန်းဆတမ်းတ ငေးမျှော်ကြည့်ပြန်တော့ အမှောင်ကြိုက်လူသားတွေက ကြီးစိုးနေပေလို့လား၊ အမှောင်ကို အံတုနိုင်သော အလင်းဓာတ် မလုံလောက်သေးလို့လား မသိနိုင်။ အမှောင်ထုကတော့ အားကောင်းစွာပင် ပိန်းပိတ်နေဆဲ.။


ကလိုစေးထူး



3 comments:

မေဓာဝီ said...

ညနေ … မနက် .. ပြီးတော့ ည .. တဲ့။
စိတ်ကူးကောင်းပါပေ့ ကိုသံလွင်။
ညရဲ့ သရုပ်ကို ပုံဖော်ထားတာလည်း ဖတ်ရတာ အရသာရှိလှပါတယ်။
ကျမတို့ဟာ ကြယ်တွေပျောက်တဲ့ လမိုက်ညတွေမှာ ခရီးသွားနေကြတဲ့ ခရီးသွားတွေလိုပါပဲ။
ဘာပဲဖြစ်ဖြစ် ကြယ်တွေဝန်းရံခ တဲ့ လမင်းသာတဲ့ညတွေကိုလည်း ကြုံရဦးမယ်လို့ မျှော်လင့်ပါတယ်။

ဂျစ်တူး - gyit_tu said...

ကိုကလိုစေထူးရေးထားလည်းဖတ်ပြီး ရင်ထဲ ၀မ်းနည်းသလိုလို...အရမ်းကောင်းတဲ့ ပို့စ်လေးပါ ။

မမေရေ.. တကယ်ပါပဲ.. ညီမတို့ဟာ လမိုက်ညတွေမှာ ခရီးသွားနေရသလို ၊ လမင်းသာတဲ့ ညတွေမှာလည်း ကြုံကြဦးမှာပါ ။ ဘ၀ရဲ့ အလှည့်အပြောင်းပေါ့..

loimwethu said...

wish you will see a beautiful night with a clear sky, shining stars and and a bright cresset moon in one day. And hope you will post about this wonderful night too like Vincent Van Gogh's The Starry night :D