Sunday, May 13, 2007

အလုပ်ပိတ်သော တနေ့မှာ…

ဒီတပတ်ပိတ်ရက်မှာ..



ကျနော်တို့ ပြည်နယ်ရဲ့ နွေရာသီမှာမှ ဖွင့်လှစ်နိုင်တဲ့ လေဟာပြင် ဈေးတခုကို ရောက်သွားခဲ့ပါတယ်။ ကွင်းပြင်မှာလည်း ဈေးသည်တွေက အစီအရီနဲ့ ချရောင်းတာကို လိုက်ဝယ်ရတာဟာ ကျဉ်းကျပ်နေတဲ့ စိတ်တွေကို ပေါ့ပါးစေတဲ့အပြင် လူမျိုးစုံကိုလဲ မြင်ရပါတယ်။


ငှက်ပျောသီး လေးဖီး တဒေါ်လာ၊ ဖရဲသီး တလုံးတဒေါ်လာ၊ သရက်သီးတခြင်း တဒေါ်လာနဲ့ အော်ဟစ်ရောင်းချနေတဲ့ ဒီဈေးသည်ကြီးအနားမှာ လူအတော်အုံပါတယ်။ အများဆုံး ၀ယ်ယူကြတဲ့လူမျိုးတွေက မက္ကဆီကန်နဲ့ အာရှသားတွေပါ။

ဈေးက ကွင်းပြင်မှာ ရောင်းချကြတာအပြင် ဈေးရုံနှစ်ခုနဲ့လည်း ရောင်းချကြပါတယ်။ ဈေးရုံထဲမှာ ရောင်းနေကြတဲ့ မြင်ကွင်းကတော့ ခါတိုင်း သွားနေကြ Food Center တို့ Mall တို့လို မာတခွဲသားဟန် မပေါက်ပါဘူး။ ဈေးခေါ်၊ ဈေးဆစ်၊ ဈေးမေး ပညာသုံးခုကို အလျဉ်းသင့်သလို အသုံးချရတဲ့ မြန်မာပြည်ဈေးနဲ့ အတော်ကြီးကို နီးစပ်ပါတယ်။ ကျနော်ကတော့ ဈေးဝယ်တာထက် ထူးခြားတလေးတွေကို လိုက်ကြည့်၊ ဓာတ်ပုံရိုက်တာကိုပဲ ပိုလုပ်ဖြစ်ခဲ့ပါတယ်။




ဈေးရုံထဲရောက်တော့ ပထမဆုံး သတိထားဖြစ်တာက ဒီပန်းအိုးလေးတွေပါ။ မြန်မာပြည်မှာက ဈေးလဲချိုလှပြီး ဘုရားတင်လေ့ရှိတဲ့ ဇော်စိမ်းလို့ခေါ်ကြတဲ့ ဒီပန်းလေးတွေက ဒီမှာတော့ အလှစိုက်တဲ့ ပန်းတွေဖြစ်နေပါတယ်။ ခပ်ငယ်ငယ်အရွယ် ပန်းအိုးလေးက ဈေးကို ကြည့်မိတော့ ၁၃ဒေါ်လာတဲ့။





ဒီနေရာကို ရောက်တော့ ခြေလှမ်းတွေက တန့်ကနဲဖြစ်သွားပါတယ်။ ဆိုင်းပုဒ်အောက်မှာတော့ စကားရပ်ပြောနေတဲ့ လူနှစ်ယောက် အနားက ငှက်လှောင်အိမ်တခု။ လှောင်အိမ်ထဲက တကစ်ကစ်နဲ့ အော်နေတဲ့ ငှက်ကလေးတွေ အသံကြောင့် ဆိုင်ထဲကို စိတ်ဝင်စားခြင်းကြီးစွာနဲ့ လှမ်းဝင်လိုက်ပါတယ်။







ဒီဆိုင်လေးမှာ တိရိစ္ဆာန် အကောင်ငယ်လေးတွေကို ရောင်းပါတယ်။ နားရွက်ထောင်တဲ့ ပညာရှိယုံကလေးတွေက တကောင်ကို ၁၅ဒေါ်လာ၊ ဖိုးရွှေလိပ်က ၁၂ဒေါ်လာ၊ ခေါင်းညိတ်တတ်တဲ့ ပုတ်သင်ညိုကတော့ ဈေးအမြင့်ဆုံး အကောင်က ဒေါ်လာ ၂၅၀ပါ။ ကြွက်ဖြူ၊ မြွေ၊ ဖား၊ တောက်တဲ့ စတဲ့ အကောင်ငယ်လေးတွေကိုလည်း တွေ့ခဲ့ပါတယ်။ ဘယ်လိုလူမျိုးတွေကတွက်ဝယ်တယ်တော့ မသိပါ။ ရောင်းရတာ အများဆုံးကတော့ ယုန်ငယ်လေးတွေပါ။











ကျိကျိကျာကျာ မြည်သံလေးတွေက နားထဲမှာ ချိုနေပေမယ့် မြင်ကွင်းကတော့ ကြည့်ရတာ အဆင်မပြေလှပါ။ စကားပြောတတ်တဲ့ ကြက်တူရွေး အနီအကောင်ကြီးက တကောင်ကို ၁၃၀၀ ဒေါ်လာပါတဲ့။ တောပျော်ငှက်ကလေးတွေရဲ့ အလှနဲ့ အသံက ဆိုင်ရှင်မိန်းမကြီးရဲ့ အပြုံးနဲ့ ဘယ်လိုမှ မအပ်စပ်လှပါဘူး။ ဒီငှက်ကလေးတွေက သူတို့ နေထိုင်ရမယ့် တောထဲကနေ ဒီလိုနေရာကို ဘာကြောင့်ရောက်လာတာပါလိမ့်လို့ တွေးမိတော့ ငှက်ဈေးသည်ကိုရော ငှက်ဈေးဝယ်တွေကိုပါ အစွယ်တငေါငေါနဲ့ အတ္တဘီလူးတွေလို မြင်ယောင်မိလာပါတယ်။




ခွေးမျိုးစုံ ရောင်းချတဲ့ ဆိုင်လေးပါ။ ခွေးတွေကို လိုက်ကြည့်ရတာ ခွေးဆိုတာဟာ အကောင်သေးလေလေ ဈေးကြီးလေလေပါလားလို့ အတွေးပေါက်မိပါတယ်။ ဈေးကြီးပေးပြီး ၀ယ်သွားရမယ့် ခွေးတွေကို ဂရုစိုက်ရမယ့် တာဝန်ကလည်း မသေးပါဘူး။ ဒါပေမယ့် ခွေးချစ်သူတွေကတော့ ဒီဆိုင်နားမှာ ကြိတ်ကြိတ်တိုးပါပဲ။




အ၀တ်ဆိုင်တန်းတွေဘက်ရောက်တော့ နွေရာသီအတွက် ၀တ်စရာ ဘောင်းဘီအတို မရှိတာနဲ့ ဟိုဟိုဒီဒီလိုက်ကြည့်မိပါတယ်။ Mall တွေမှာထက်စာရင် ဈေးတော်တယ်လို့ ဆိုရပေမယ့် အ၀တ်တထည် တထည်ရဲ့ ဈေးကတော့ (အာရှနိုင်ငံတွေထက် စာရင်) တော်တော်ဈေးကြီးတယ်လို့ ဆိုရမှာပါ။ ဂျင်းရှော့ပင်တထည် ၀ယ်ဖြစ်သွားတော့ သဘောကောင်းချင်ယောင် ဆောင်ထားတဲ့ ဆိုင်ရှင်တရုတ်မကြီးက ၂၀ဒေါ်လာတန်ကို ၁၇ ဒေါ်လာနဲ့ ဈေးလျှော့ပေးပါတယ်။ ကျနော့်ကို ဘယ်နိုင်ငံကလဲ မေးလို့ မြန်မာနိုင်ငံက လို့ ဖြေတာ မြန်မာနိုင်ငံကို သူမသိပါဘူး။ ကျနော်လည်း ၀ယ်မိတဲ့ ဘောင်းဘီကိုတောင် ခပ်ညစ်ညစ်နဲ့ `မ၀ယ်တော့ဘူးကွာ´ လို့ ပြောချင်စိတ်ပေါက်သွားတယ်။




ဘောလုံးအသင်း အင်္ကျီတွေ ရောင်းတဲ့ ဒီဆိုင်ကိုရောက်တော့ ကျနော်အားပေးတဲ့ ချဲလ်ဆီးအသင်း ၀တ်စုံကို လိုက်ရှာမိပါသေးတယ်။ ဒါပေမယ့် လက်တင်အမေရိကနိုင်ငံက ကလပ်အသင်းတွေရဲ့ ၀တ်စုံတွေကိုသာ တွေ့ခဲ့ရပါတယ်။ ပရီးမီးယားအသင်း ၀တ်စုံ တထည်မှ မတွေ့ပါဘူး။ ရေးဗားပလိတ်အသင်းရဲ့ ၀တ်စုံကိုတွေ့လို့ ဈေးကို ကြည့်လိုက်တော့ အင်္ကျီတထည်က ၅၆ ဒေါ်လာတဲ့..။ ဒီလိုနဲ့ပဲ မြင်သာမြင်ရ မကြင်ရ ဖြစ်ခဲ့ရပါတယ်။





ဈေးရုံအပြင်ကို ထွက်လိုက်တော့ လွမ်းဆွေးဖွယ် တေးသွားသံ တခုကြောင့် လှည့်ကြည့်မိတော့ လက်တင်တေးသွားနဲ့ အတူ ပုလွေသံသာသာကို လိုက်ဖက်စွာ တီးမှုတ်နေတဲ့ လူငယ်တချို့ကို တွေ့လိုက်ရပါတယ်။ ဘေးနားက ဆိုင်လေးမှာကတော့ လက်တင်တေးသွား စီဒီတွေနဲ့ အတူ ဖန်စီလေးတွေကို ရောင်းပါတယ်။ သူတို့ရဲ့ တေးသွားကို သဘောကျမိလို့ စီဒီတချပ်ဝယ်မိတော့ သဘောကောင်းတဲ့ သူတို့က ကျနော့်အတွက် တေးသွားတပုဒ် ထပ်မံတီးမှုတ်ပြပါတယ်။ ကျနော့်မိတ်ဆွေများကို နမူနာသဘော နားဆင်စေချင်လို့ Memory Stick ဆန့်သလောက်လေးနဲ့ ဗီဒီယိုရိုက်လာခဲ့ပါသေးတယ်။ ဒီနေရာ မှာ နားထောင်ပါ ခင်ဗျာ။


ဈေးတန်းကလေး ရှိရာက ပြန်ထွက်လာတော့ ညနေစောင်းပါပြီ။ အင်း..။ ပြီးဆုံးပြန်ပေါ့ ပိတ်ရက် နှစ်ရက်တာ..။

ကလိုစေးထူး

3 comments:

မေဓာဝီ said...

စနေ၊ တနင်္ဂနွေ ဆို စာလည်းပျောက် .. လူလည်းပျောက်နဲ့ ပရိသတ်တွေက မျှော်နေကြတာ … လက်စသတ်တော့ ကိုသံလွင်က လေဟာပြင်ဈေးမှာ ဈေးဝယ်ထွက်နေတာကိုး။
ကျမကတော့ ဈေးသိပ်မဆစ်တတ်လို့ အဲဒီလို ဈေးဆစ်ရတဲ့ ဈေးမျိုးဆို မ၀ယ်ချင်ဘူး။ ၀ယ်ခဲ့ပြီးမှ ဈေးကြီးနေရင် နောင်တ ရနေတတ်မှာစိုးလို့။ တခါတည်း ဈေးနှုန်းသတ်မှတ် ကပ်ထားတဲ့ ဆိုင်မျိုးပဲကြိုက်တယ်။
ဒါနဲ့ … သရက်သီးတခြင်း ၁-ဒေါ်လာဆိုတာ ဘယ်နှစ်လုံးပါလဲ။ ပြီးတော့ ဘာသရက်သီးမျိုးလဲ။
ဒီမှာလည်း သရက်သီး လှိုင်လှိုင်ပေါနေပြီ။

“အိမ်မွေးတိရစ္ဆာန်လေးတွေ၊ ဖန်အိုးထဲငါးလေးတွေ၊ အခန်းတွင်းမှာစိုက်ထားတဲ့ ပန်းပင်လေးတွေဟာ အလုပ် လုပ်ရလို့ပင်ပန်းတဲ့ဒါဏ်ကို ပြေလျော့စေပါတယ်” လို့ http://o-way.blogspot.com/2007/04/blog-post_6539.html ဒီဘလော့မှာ ရေးထားတာ ဖတ်လိုက်ရပါတယ်။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဒါပေမဲ့
ကိုယ် ပင်ပန်းတဲ့ဒဏ်ကို ပြေလျော့စေဖို့ သူတို့ရဲ့ သဘာဝနဲ့ ဆန့်ကျင်ပြီး လှောင်ပိတ် ထားရတာကတော့ မကောင်းဘူးလို့ ထင်မိတယ်။
အဲဒီ အကောင်လေးတွေကို မွေးတဲ့သူရှိလို့ ရောင်းတဲ့သူ ရှိတာလား။ ရောင်းတဲ့သူရှိလို့ မွေးတဲ့သူရှိတာလား … ကျမ စဉ်းစားနေမိပါတယ်။

Min Min said...

မလေးရှားမှာလဲ အဲဒီလို လေဟာပြင်ဈေးရှိပါတယ်။ ဒါပေမဲ့ မလေးရှားက ရာသီဥတု ပူလို့လားမသိ ညဘက်လေဟာပြင်ဈေးပဲရှိပါတယ်။ ခုတော့ လွမ်းနေပြီဗျာ။..

အမ မေဒါဝီ မွေးတဲ့သူရှိလို့ ရောင်းတဲ့သူ ရှိတယ် လို့ ထင်ပါတယ်။ ကျွန်တော်တို့ မ၀ယ်ရင် ရောင်းသူလဲ ရောင်းလို့ ရမှာ မဟုတ်ဘူး ထင်တာပဲ။

loimwethu said...

It is a lovely post. here, we have same kind of open market on every first sunday of the month. BTW, latin music is really good. it is one of my favourite.