Tuesday, May 08, 2007

ညနေ..

ဒီနေ့ ညနေ အလုပ်က ပြန်ရောက်တော့ ကွန်ပြူတာမှာ ရာသီဥတု အပူချိန်ကို ကြည့်လိုက်တော့ ၇၈ ဒီဂရီ ဖာရင်ဟိုက်တဲ့..။

ဒီပြည်နယ်အတွက် အခု အပူချိန်ဟာ အကောင်းဆုံး ရာသီဥတုပါပဲ။ ဒါကြောင့် မရောက်တာ ကြာပြီဖြစ်တဲ့ ကျနော်တို့ မြို့ကလေးရဲ့ ပန်းခြံရှိရာကို သွားဖြစ်သွားတယ်။ ကျနော့်ရဲ့လမ်းကလေးနဲ့ မြစ်က အဲဒီကိုလည်း ရောက်တယ်လေ..။






ပန်းခြံကို ရောက်တော့ အရင်ဆုံး တွေ့ဖြစ်တာက ဟောဒီကလေး ကစားကွင်းပါ။ အရောင်အသွေးစုံလင်တဲ့ ကလေးငယ်လေးတွေ အပူအပင်ကင်းစွာနဲ့ ဆော့ကစားနေကြလိုက်ကြတာ..။ သူတို့ မိဘတွေက အောက်ကို ပြုတ်ကျမှာစိုးလို့ သတိပေး အော်ဟစ်နေတဲ့လူနဲ့..။ ကလေးတွေ ကစားတာကို ပီတိအဖုံနဲ့ ကြည့်နေကြတဲ့လူနဲ့။ ကျနော်ဓာတ်ပုံရိုက်တော့ လျှောစီးနေတဲ့ ကလေးက လှည့်ကြည့်ပြီး ပြုံးပြလေရဲ့။




မြစ်ပြင်ရဲ့ ဒီနေရာမှာတော့ ကျနော်အလုပ်သွားတဲ့ နေရာက မြင်ရတဲ့ မြင်ကွင်းလို မဟုတ်တော့ဘူး။ အပြောကျယ်တဲ့ သဏ္ဍာန်ဆောင်ထားတဲ့ မြစ်ငယ်ငယ်က လူသားတို့ရဲ့ ပြုပြင်ဖန်တီးမှုကြောင့် မိတ်ကပ်လိမ်းထားတဲ့ တောသူမတယောက်လို အလှမျိုးနဲ့ တမျိုးတော့ လှနေတာပါပဲ။





မြစ်ငယ်ရဲ့ အလှကို ခံစားပြီး အချစ်သွယ်နေကြတဲ့ ချစ်သူနှစ်ဦးရဲ့ ညနေခင်းက ကြည်နူးစရာ၊ ချမ်းမြေ့စရာ။





လမ်းကလေးက ဒီနေရာမှာတော့ ဘေးက အဖော် လူသွားလမ်းကလေးနဲ့ အတူ မာနကြီးတခွဲသားနဲ့ အလှမာန်ဝင့်နေလေရဲ့။ ပွင့်သစ်ဝေစ အပင်တွေရဲ့ အရွက်စိမ်းစိမ်းတွေနဲ့ အမည်မသိ အပင်တွေရဲ့ အလှပန်းတွေက လမ်းကလေးကို အလှပေါ် အယဉ်ဆင့်နေစေသေးတယ်။




မြစ်ထဲက တ၀ူးဝူး တဝေါဝေါနဲ့ အသံတခုကြားလို့ ကြည့်လိုက်တော့ စနေနေ့မှာလုပ်မယ့် Ski Show ပွဲအတွက် လေ့ကျင့်လျှောစီးနေတဲ့ ရေလွှာလျှောစီးသမားတယောက်။ တည့်တည့်တမျိုး၊ ပုံမှာမြင်ရတဲ့ အတိုင်း နောက်ပြန်တသွယ်၊ ကျွမ်းတောင်ပစ်လိုက်သေးတယ်။ တခါတလေတော့လည်း ပုံပျက်ပန်းပျက်နဲ့ ကားကနဲ ပြုတ်ကျတဲ့ အခါလည်း ရှိရဲ့။ ပွဲမ၀င်ခင် အပြင်က ကျင်းပရလေတော့ များများကျင့်ပါမှ တကယ့်ပြပွဲမှာ လှလှပပ ပြနိုင်တော့မှာကိုး..။





တဗျောဗျော တသောသောနဲ့ ရေလွှာစီးနေတဲ့ နေရာရဲ့ ဒီမှာဘက် မြစ်ငယ်ကမ်းစပ် တနေရာမှာတော့ အပူအပင်ကင်းမဲ့စွာနဲ့ နားခိုနေတဲ့ ဘဲငယ်တကောင်နဲ့ ငှက်ကလေးတကောင်။ ဒီနိုင်ငံမှာက သူတို့လေးတွေကို ဥပဒေနဲ့ တားဆီးပြီး ဘေးမဲ့ပေးထားတာကြောင့် သူတို့မှာလည်း စိတ်အေးသက်သာစွာ လူသားတွေနည်းတူ အပန်းဖြေနိုင်ကြပါတယ်။ သူတို့ကို ဖမ်းဆီးရင်တော့ အနည်းဆုံး ဒေါ်လာငါးရာ ဒဏ်ငွေ ဆောင်ရါလိမ့်မယ်။





မြစ်ငယ်ရဲ့ ဒီနေရာလေးမှာတော့ ကိုတံငါတစုက ငါးမျှားတံကိုယ်စီနဲ့ သူတို့ရဲ့ စိတ်ကျေနပ်မှုကို ငါးငယ်တွေရဲ့ အသက်ဇီဝိန်ကို လဲလှယ်နေကြလေရဲ့။ သုတ်ကနဲ ဆွဲတင်လိုက်တဲ့ ငါးမျှားတံတွေရဲ့ ချိတ်အဖျားမှာ ဖျတ်ဖျတ်လူးပြီး ပါသွားတဲ့ ငါးငယ်လေးတွေက မြစ်အလှနဲ့တော့ မတော်တရော် နိုင်လွန်းလှပါတယ်။ ဒီမြင်ကွင်းကို ကြည့်နေဆဲမှာပဲ လိုင်စင်မပါဘဲ ငါးမျှားသူ ကိုတံငါတယောက်ကို ရဲက ဒဏ်ရိုက်တာကို တွေ့လိုက်ရတယ်။


မြစ်ရဲ့ တဖက်ကမ်းက ခုံတန်းမှာ ဂီတာတလက်နဲ့ ခံစားချက်ကို ဖော်ကျူးနေတဲ့ လူတယောက်ကို တွေ့လိုက်ရတယ်။ ဒီဘက်ကမ်းကနေ ဓာတ်ပုံခပ်မြန်မြန်လှမ်းရိုက်ပြီး သူဘာသီချင်းတွေ တီးနေလဲ သိရအောင် ဟိုဘက်ကမ်းကို အမြန်ကူးတော့ ကျနော်လဲ အရောက် ကိုယ်တော်ချောက ဂီတာကို အိတ်ထဲတောင် ထည့်သိမ်းနေပါပြီ။ ကင်မရာလေး တကိုင်ကိုင်နဲ့ သူ့အနားကို ယောင်ပေပေရောက်လာတဲ့ ကျနော့်ကို သူက စောင်းငန်းစောင်းငန်း တချက်လှည့်ကြည့်ပြီး ထွက်သွားတယ်။ သူထွက်သွားတော့ သူထိုင်တဲ့ ခုံတန်းလေးမှာ ထိုင်ရင်း ဂီတာမပါဘဲ သီချင်းတစ ညည်းလိုက်တယ်။ `~~~ ဟိုတုန်းက ညနေခင်းများ~~~ ကြည်ပြာကန် နံဘေးမှာ ~~~ သံစဉ်လှိုင်းခတ်~~~ တေးဖွဲ့ လွင့်ပျံ့နေတတ်စဉ်~~~။




နေ၀င်တော့မယ့် ညနေခင်းမှာ နေ၀င်ချိန်သစ်ပင်အိုက မြစ်ငယ်ကို ဦးညွှတ်လို့ ညနေခင်းရဲ့ အလှကို ဖော်ကျူးနေတယ်။ နေ၀င်ချိန်အရွယ် အဘိုးအိုနဲ့ အဘွားအိုရဲ့ တွဲလက်ခိုင်ခိုင်မြဲတဲ့ ချစ်သစ္စာနဲ့ အတူလှမ်းနေတဲ့ ခြေလှမ်းတွေကတော့ သွက်လက်နေကြဆဲပါပဲ။



မှောင်ရီဖြိုးဖြ ညနေခင်းနဲ့ အတူ လမ်းကလေးရဲ့ အလှတရားလည်း မှိန်ပြပြ ဖြစ်လာပါပြီ။ ကိုင်းတံခြောက်ကြီးတွေ ရှိနေဆဲ အပင်ကြီးတွေကလည်း သူရဲ့ လက်တံညိုညိုတွေနဲ့ လမ်းကလေးကို အတင်းကာရော အိပ်စက်ခိုင်းနေသလိုပဲ။ လမ်းကလေးကတော့ မိုးချုပ်သည်ဖြစ်စေ၊ မချုပ်သည်ဖြစ်စေ သူ့ကျောပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ သွားလာနေကြတဲ့ လူတွေရဲ့ ၀န်ကို ထမ်းပိုးနေဆဲပါပဲ။




ဒါလည်း လမ်းတော့လမ်းပါပဲ။ ဒါပေမယ့် လမ်းကလေးနဲ့ မတူတဲ့လမ်း။ အလျင်လိုမှုတွေ၊ အမှားမခံမှုတွေ၊ အပြစ်တင်မှုတွေ ပြည့်လျှမ်းနေတဲ့လမ်း။ သတိထားနိုင်ပါမှ တန်ကာကျတဲ့လမ်း။ ကိုယ့်လမ်းကိုယ်သွားနေတာတောင် ခေါင်းချင်းဆိုင် တိုက်ချင်သူတွေ ရှိတတ်တဲ့လမ်း။

ဒါပေမယ့် လူတွေကိုယ်တိုင်ကိုက ဒီလမ်းကို မရှိမဖြစ် လိုအပ်နေတော့လည်း ….။


ကလိုစေးထူး

(အခုတလောမှာ ကျနော် ဒီလိုပို့စ်တွေပဲ တင်ဖြစ်နေတယ်..။ အကြောင်းအရာတွေ ထပ်နေမလား တွေးမိပေမယ့် ဒါတွေကိုပဲ ရေးဖြစ်နေပြန်တယ်)


1 comment:

Anonymous said...

ကိုသံလွင်သို့ ဆုတောင်း
***
ပုံ (၁)
ကလေးငယ်များပမာ
အပူအပင်ကင်းမဲ့စွာ နေခွင့်ရပါစေ .. ။
ပုံ (၂)
မြစ်ပြင်ကျယ်လို
တည်ငြိမ်တဲ့ရေညိုညိုနဲ့
လူတွေကို အကျိုးပြုနိုင်ပါစေ … ။
ပုံ (၃)
နားလည်မှုရှိတဲ့
ချစ်သူရဲ့ ပခုံးထက်မှာ ထာဝစဉ် မှေးစက်နိုင်ပါစေ .. ။
ပုံ (၄)
ဖြောင့်တန်းနေတဲ့ လမ်းငယ်လို
ဘ၀ခရီးလမ်းတလျှောက်
ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ပါစေ … ။
ပုံ (၅)
ရေလွှာလျှောစီးသူပမာ
အရာရာမှာ
မယိုင်မလဲ ဇွဲနဲ့ ကျင့်ကြံ အားထုတ်နိုင်ပါစေ … ။
ပုံ (၆)
ငြိမ်းချမ်းစွာ ခိုနားနေတဲ့ ငှက်ငယ်ပမာ
စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ပါစေ … ။
ပုံ (၇)
ကိုယ့်စိတ်ကျေနပ်ဖို့အတွက်
သူတပါးအသက်ကို စတေးပစ်တဲ့အဖြစ်မျိုး
ရှောင်ရှားနိုင်ပါစေ … ။
ပုံ (၈)
ပန်းခရမ်းပြာ ဗေဒါကမ်းသို့
အမြန်ပြန်လှမ်း နိုင်ပါစေ … ။
ပုံ (၉)
ကိုယ်ချစ်တဲ့သူ ကိုယ့်အိမ်သူနဲ့ …
ရာသက်ပန် လက်တွဲမဖြုတ်စတမ်း
လျှောက်လှမ်းနိုင်ပါစေ … ။
ပုံ (၁၀)
တာဝန်ကျေတဲ့ လမ်းကလေးပမာ
မိမိတာဝန် ကျေပွန်စွာ
ထမ်းရွက်နိုင်ပါစေ … ။
ပုံ (၁၁)
အလွန်ရှုပ်ထွေးတဲ့ ဘ၀ခရီးလမ်းမှာ
အရာရာကို သတိထား
အပ္ပမာဒတရားကို
လက်ကိုင်ထားနိုင်ပါစေ … ။

မေဓာဝီ
10th May, 2007
2:15 am