Wednesday, May 30, 2007

ကျနော့် အကြိုက် (၆) ...

တကယ်တော့ ကျနော့်အကြိုက် အမှတ်စဉ် (၅)ကို တင်ဖြစ်ခဲ့တဲ့ ရက်က မကြာလှသေးပါဘူး။ ဒါပေမယ့် ဒီနေ့တော့ စာတွေ လိုက်ဖတ်ရင်းနဲ့ Weekly Eleven ဂျာနယ်၊ N0.32 Volume.2 မှာ ဖော်ပြထားတဲ့ ဆရာမ ဂျူးရဲ့ `လမ်းပေါ်မှ အသံများ´ ဆိုတဲ့ ဆောင်းပါးကို ဖတ်အပြီးမှာတော့ စိတ်ထဲမှာ တစုံတရာကို နင့်သည်းစွာ ခံစားလိုက်ရပါတယ်။ မမေဓာဝီ ရေးခဲ့ဖူးတဲ့ `ဘယ်သူ့ လက်ထဲမှာလဲ´ ဆိုတဲ့ ပို့စ်ကိုလည်း ချက်ချင်း သတိရလိုက်မိပါတယ်။ အဲဒါနဲ့ပဲ ကျနော့်အကြိုက် အမှတ်စဉ်(၆)ကို စောစီးစွာ တင်ဖြစ်ပါတယ်။

ရှင်းလင်းပြေပြစ်လှတဲ့ အရေးအသားနဲ့ အတူ ရသပေါင်းစုံကို ခံစားစေတဲ့ ဆောင်းပါးလေးကို ကျနော့်မိတ်ဆွေများထံ ဝေမျှချင်တဲ့ ဆန္ဒနဲ့ ဖတ်ပြီးပြီးချင်းမှာပဲ ချက်ချင်း စာရိုက်ပြီး တင်လိုက်ပါတယ်။ ဖတ်ရှု ခံစားကြည့်ကြပါဦး။

လမ်းမပေါ်မှ အသံများ

တနင်္ဂနွေလည်းဖြစ်၊ မိုးလည်း သဲသဲမဲမဲ ရွာတာတောင် လမ်းမှာ ကားတွေက များလိုက်တာ။ ညနေ ၅ နာရီ ကျော်နေပြီလား။ အမြဲလိုလို နာရီမပါသူမို့ အချိန်ကို ခန့်မှန်းနှင့်သာ ခန့်မှန်းကြည့်ရသည်။ ဓာတ်ဆီထုတ်ရဦးမည်။ ဆီစာအုပ်က ထုံးစံအတိုင်း မပါလာ။ အိမ်ရောက်မှ တစ်ခေါက် ပြန်ထွက်ရမည့် ပုံပဲ။ အို၊ မိုးသိပ်ရွာနေရင်တော့ ပြန်မထွက်ချင်ပါဘူး။ တစ်ရက်တလေ မထုတ်ဘဲ ထားလိုက်မယ်။ ဆီလည်း မကုန်လောက်သေးပါဘူး။ အရင်လကဆို (၁၀)ဂါလန်တောင် မထုတ်လဲ နေခဲ့သေးတာပဲ။ ကိုယ့်ကိုယ်ကိုယ် အားပေးသည်။

ရေတွေကြောင့် ကတ္တရာလမ်းကို မမြင်ရတော့ဘဲ ရေပြင်မှာ မောင်းနေရသလိုရှိသည့် လမ်းဘေးသို့ ကျွန်မ မကပ်ပါ။ လမ်းအလယ်လောက်မှာ တတ်နိုင်သမျှ နေသည်။ အင်း၊ အတွင်းယာဉ်ကြောက မောင်းတာလည်း ရေကို မကြောက်ရပေမဲ့ နောက်ထပ် အန္တရာယ် တစ်ခု ရှိသေးသည်။ ဟိုဘက် မျက်နှာချင်းဆိုင် ယာဉ်ကြောကနေ စည်းကမ်းဖောက်ပြီး ကိုယ့်ယာဉ်ကြောဘက် အရှိန်ပြင်းပြင်း ရောက်လာမဲ့ ကားကြီးတွေကို ကြောက်ရသည်။ အေးလေ၊ လူ့လောကကြီးမှာတော့ လူသားတွေဟာ အန္တရာယ်တွေ ကြားထဲမှာပဲ အသက်ရှင်နေကြရတာပဲ။

ဓမ္မစေတီနှင့် ဦးဝိစာရထောင့် မီးပွိုင့်မှာ မီးနီက အကြာကြီး။ မီးစိမ်းကို စောင့်ရင်း ကျွန်မ စိတ်ပူပန်လာသည်။ မှောင်တော့မည်။ မိုးကလည်းရွာ၊ မှောင်လည်းမှောင် ဆိုရင်တော့ ကျွန်မ အိမ်ပြန်မရောက်မချင်း ဘုရားတနေရတော့မည်။ ကျွန်မ၏ ကားမီးက အားသိပ်မကောင်းဘဲ မှိန်နေသောကြောင့် ဖြစ်သည်။

ကျွန်မဘေးက ကားပြတင်းမှန်မှာ တစ်ခုခု လာထိသည်။ ကျွန်မဘေးသို့ ကြည့်လိုက်တော့ စကောတစ်ချပ်နှင့် စပါးနှံစည်းတွေ အပုံလိုက်။ ဟင်၊ အဲဒါ ဘာလဲ။ မိုးရွာနေသဖြင့် ကျွန်မမှန်က ရေငွေ့ရိုက်ကာ မှုန်ဝါးနေသည်။ ကျွန်မ မှန်ကို ချလိုက်သည်။

ကလေးမလေး တစ်ယောက်။ စပါးတွဲလေးတွေကို စကောထဲထည့်ပုံကာ လိုက်ရောင်းနေပုံ ရသည်။ ဒီကလေးမနှယ်၊ မိုးသဲသဲမဲမဲမှာကွယ်။ သူ့အသက်က ကျွန်မတူမလေး အငယ်ဆုံးလောက်ပဲ ရှိမည်။

ကျွန်မက စပါးတွဲကို ဘာအတွက်နဲ့ ၀ယ်ရမှာလဲ။ ကျွန်မက တိုက်ခန်းမှာနေရသူ၊ ကျွန်မမှာ စာကလေးတွေ ခိုကလေးတွေ မရှိ။ ကျွန်မ ခေါင်းယမ်းလိုက်ပြီး ကားမှန်ကို ပြန်တင်ဖို့ လုပ်သည်။ ထိုအချိန်တွင် ကလေးမလေးက ကျွန်မထံမှ တစ်ခုခုတောင်းခံသလိုလို ပုံစံနှင့် သူ့လက်ကလေးကို ဖြန့်လေသည်။

ဘုရားရေ၊ အဲဒါမှ ဒုက္ခပါလား။

ဒီကလေးမလေးမှာ မိဘ မရှိဘူးလား။ မိဘတွေက သူဒီမှာ ရောက်နေတာကို မသိကြဘူးလား။ အင်းလေ၊ သိမှာပါ။ ကိုယ့်ကလေး အိမ်မှာ ရှိ၊မရှိ မသိတဲ့ မိဘ ဘယ်နှယောက် ရှိမှာလဲ။ နေဦး။ သူ့ကို ကျွန်မ ဘာလုပ်ပေးရမှာလဲ။ ဟင့်အင်း၊ ကျွန်မ ဘာမှ မလုပ်ပေးနိုင်။ မိဘမဲ့ဂေဟာကို ခေါ်သွားပေးနိုင်မည့် အဖြစ်လည်း မဟုတ်။ သူ့မှာ မိဘရှိလိမ့်မည်။ မိဘက တစ်နေရာရာမှာ တခြားအလုပ်တွေ လုပ်နေရသလား။ ဒါမှမဟုတ် သမီးက ငွေရှာပြီး အပြန်ကို ထိုင်စောင့်နေရမဲ့ မိဘမျိုးလား။

ကျွန်မ၏ ဒက်ရှ်ဘုတ်ပေါ်မှာ ကားရပ်နားခ ပေးဖို့ထားသည့် ငါးဆယ်တန်၊ တစ်ရာတန်တွေ ရှိနေသည်။ ကျွန်မ ကလေးမကို ငါးဆယ်၊ တစ်ရာ ပေးလိုက်ဖို့ ချီတုံချတုံ ဖြစ်နေ၏။

ကလေးမ၊ ညည်းက စပါးတွဲရောင်းတဲ့ ဈေးသည်လေးလေ။ သူတောင်းစား မဟုတ်ဘူး။ ကျွန်မ ဘာပြောရမှာလဲ။ ဘာစကားပြောလို့ရော သူက နားလည်မှာလဲ။ သူလိုချင်တာ စကားမဟုတ်။ ငွေပဲ။

ဘုရား ဘုရား။ မိုးတွေကလည်း ရွာ။ စပါးတွဲလေးတွေကလည်း ရေတွေကစိုရွှဲ။ ကလေးမလေး၏ မျက်နှာမှာလည်း မိုးရေစီးကြောင်းလား၊ မျက်ရည်စီးကြောင်းလား။

ကျွန်မဆီက သူမျှော်လင့်သည့် ငါးဆယ်တန် တစ်ရာတန်တွေက သူ့ဘ၀ကို ဘာမှပြောင်းလဲပေးနိုင်မှာ မဟုတ်။

ကျွန်မသည် ပြစ်မှု တစ်ခုခု ကျူးလွန်လိုက်ရသည့် ခံစားချက်မျိုးဖြင့် ငါးဆယ်တန် တစ်ရွက်ကို ထုတ်ကာ သူ့လက်ထဲ ထည့်ပေးလိုက်၏။ ကလေးမက လှစ်ကနဲ ပြန်ထွက်သွားသည်။

ဘာဖြစ်လို့ ပိုက်ဆံပေးပြီးတော့ ကျွန်မ စပါးတွဲ မယူလိုက်ရတာလဲ။ ကျွန်မအိမ်မှာ စာကလေးမရှိရှိ ခိုမရှိရှိ။ သူ့ဆီက စပါးတွဲတစ်တွဲလောက် ယူလိုက်ဖို့ မကောင်းဘူးလား။ ဒါမှ သူကရောင်းသူ ကျွန်မက ၀ယ်သူဖြစ်မည်။

ကိုယ့်ကိုယ်ကိုယ် ကျွန်မ မကျေနပ်ပါ။

ကလေးမလေးက လတ်တလောတော့ သူငါးဆယ်ရလိုက်လို့ စိတ်သက်သာလိမ့်မည်။ ဒါပေမဲ့ အဲဒီလို ရမှန်းသိလျှင် သူသည် စပါးတွဲရောင်းရင်းနှင့် ပိုက်ဆံတောင်းရသည်ကို ကျေနပ်လာလိမ့်မည်။ ကျွန်မတို့လို လူတွေက ပိုက်ဆံအလကားပေးနေတာဟာ သူ့ကို ဖျက်ဆီးနေတာနှင့် မတူဘူးလား။

အို၊ မတတ်နိုင်ပါဘူးဟယ်။ အိမ်မြန်မြန် ပြန်ရောက်ချင်လှပါပြီ။ မီးနီကလည်း မစိမ်းနိုင်တော့ဘူး။ ကျွန်မရှေ့မှာ ဘေးမှာ နောက်မှာ ကားတွေက တသီတတန်းကြီး။

ဒေါက်ဒေါက်အသံဖြင့် ကားမှန်ကို တစ်ခုခုက လာထိသည်။ ကျွန်မ လှည့်ကြည့်လိုက်သည်။

ဟောတော်။ နောက်ထပ် စကောခပ်သေးသေးနှင့် စပါးတွဲအပုံလေးကို ရွက်လာသော ကလေးမလေးတစ်ယောက်။ ဒါက နောက်တစ်ယောက် ဖြစ်သည်။ အရင်တစ်ယောက်က သူ့ကို သတင်းပေးလိုက်ပုံရသည်။

တွေ့လား၊ လတ်တလော ဖြေရှင်းနည်းဆိုတာ ရေရှည်ဖြေရှင်းဖို့အတွက် ဘယ်လောက်ပိုခက်ခဲအောင် လုပ်ပစ်နိုင်တယ်ဆိုတာ။ ဒါလက်တွေ့ပါပဲ။ ဒီကိစ္စကို ကျွန်မ ဘယ်လိုရှင်းမလဲ။

ကျွန်မ ခါးသက်သက် ပြုံးလိုက်မိပြီး ကလေးမလေး လက်ထဲသို့ ငွေစက္ကူတစ်ရွက် ထည့်ပေးလိုက်သည်။ ဘာတန်လည်းတော့ ကျွန်မ မကြည့်မိတော့ပေ။ ဒီနေရာက မြန်မြန်ခွာချင်လောက်အောင် ကျွန်မ မျက်နှာပူနေမိတာ အမှန်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသဖြစ်နေသည်။

အဲဒီလိုလူတွေရှိလို့ အဲဒီလို ကလေးလေးတွေ ရှိနေတာ။ ဒီကလေးမလေးတွေကို တခြားနည်းနဲ့ အလုပ်ကို မြတ်နိုးတတ်အောင် ကျင့်ပေးရမှာ မဟုတ်ဘူးလား။ ကျွန်မဘေးမှာ ရှိနေသည့် ဆွေမျိုးလူငယ်လေးတွေတောင် အလုပ်တန်ဖိုးကို တကယ်မမြတ်နိုးတတ်သေးဘဲ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေကြသေးတာ။ ဒီကလေးမလေးတွေအတွက် အလုပ်ကို မြတ်နိုးခြင်းဟာ ကူညီပေးခြင်း ဖြစ်နိုင်ပါ့မလား။ ဒါဖြင့် သူတို့ကို ကူညီနိုင်တာ ဘာလဲ။

ဘုရားရေ။ မိဘမဲ့ ကလေးဂေဟာအတွက် အခုပင် အလှူငွေကိစ္စတွေ ပြောလာခဲ့သည့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်၊ ဆက်လုပ်ရမည့် လမ်းစတွေ ပျောက်ကာ သံသယတွေက စိုးမိုးလာခဲ့သည်။

ကံကောင်းထောက်မစွာပင် မီးပွိုင့်က မီးစိမ်းသွားလေသည်။ ကျွန်မ အသက်အောင့်ထားရာမှ လွှတ်ကာ ခပ်ပြင်းပြင်းရှူရှိုက်လျက် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

အိမ်ရောက်တော့ ဘယ်သူ့ကိုမှ ဘာမှ စကားမပြောနိုင်။ ရေချိုးပြီးနောက် စာအုပ်တစ်အုပ် ဆွဲယူကာ အိပ်ရာပေါ်လှဲချ အနားယူမိသည်။ စာဖတ်မည်။ ဖတ်မည်ဟု ဆွဲယူလိုက်သည့် စာအုပ်က ဂျရတ်ဒိုင်ယာမွန်း၏ `ပြိုလဲခြင်း´ Collapse ဖြစ်နေသည်။ စာအုပ်ကို ကျွန်မ ပြန်ချပစ်လိုက်၏။

ဟာ၊ ဒီစာအုပ်က အသာနေစမ်းပါဦး။ အခုနေမှာ ဒါတွေကို မဖတ်ချင်ပါဘူး။ ရသစာအုပ်လေး တစ်အုပ်လောက် ဖတ်မယ်။

ကျွန်မ ထိုင်ရာမထ ခေါင်းရင်းစာအုပ်စင်ကနေ စာအုပ်တစ်အုပ် လှမ်းဆွဲလိုက်မိသည်။ အင်္ဂါဒဿန စကားဝိုင်းများ..တဲ့။ ကောင်းတယ်။ ဖတ်လက်စ လုံးချင်း ၀တ္ထုဖြစ်သည်။

ဒီကနေ့ ကျွန်မ အမှန်တွေ ဘာလုပ်ဖြစ်ခဲ့လဲ။ အမှားတွေ ဘာလုပ်ဖြစ်ခဲ့လဲဟု ပြီးခဲ့သည့် ကိစ္စတွေဆီ အာရုံမရောက်အေင် စာအုပ်ကို ဖွင့်ဖတ်လိုက်၏။ ပြဇာတ်စင် ပွဲကြည့်ပရိသတ် စင်မြင့်ဝရံတာမှ ပြုတ်ကျလာသော လူငယ်လေး တစ်ယောက်၏ သေဆုံးမှုကို စုံစမ်းစစ်ဆေးနေသော ဇာတ်လမ်းမို့ ဇာတ်ကြောင်းထဲ မျောပါကာ ထမင်းစားဖို့ မေ့သွားသည်။

`အစ်မ ထမင်းစားရအောင်´

ညီမစိုးစိုးက လာခေါ်သည့် အချိန်မှာ ညရောက်နေပြီး ပြတင်းမှ လွန်လျက် မှောင်ပိန်းနေသော ညကို မြင်ရသည်။

`မစားချင်တော့ပါဘူးဟယ်၊ ငါအိပ်တော့မယ်´
`ဟဲ့ ထမင်းမစားချင်လည်း ကော်ဖီလေးဖြစ်ဖြစ် သောက်လိုက်မလား၊ ညကျမှ ထဆာနေဦးမယ်´

စိုးက လူကြီးလိုပင် ကျွန်မကို မြည်တွန်တောက်တီးကာ ကော်ဖီတစ်ခွက် ဖျော်လာပေးသည်။

`အေးပါဟယ်၊ နင်ထမင်းစားတာကို မပျင်းအောင် ငါဘေးကနေ စောင့်ပြီး ကော်ဖီသောက်ပေးပါ့မယ်´

ကျွန်မ ၀တ္ထုစာအုပ်နှင့် ကော်ဖီပန်းကန်ကို ကိုင်လျက် ဧည့်ခန်းသို့ ထွက်ခဲ့သည်။ ကျွန်မတို့မှာ ထမင်းစားခန်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိ။ ဧည့်ခန်း တီဗွီရှေ့မှာပင် ထမင်းစားပွဲ အသေးကို ထုတ်ခင်းလျက် ထမင်းစားကြသည့် ထုံးစံရှိလေသည်။

အို၊ ညရှစ်နာရီတောင် ခွဲတော့မှာပါလား။

`အစ်မ၊ နေ့လယ်က စာအုပ်အမှာ ဖုန်းလာသေးတယ်။ မနက်ဖြန်မှ လာပို့မယ်လို့ ပြောထားတယ်´
`အေး အေး´
`သိပ်တော့ မများဘူး၊ ဆယ့်ရှစ်အုပ်ပဲ´
`ရတယ်၊ မနက်ဖြန်မှ စာရင်းကူးမယ်´

ကျွန်မ စာဖတ်တာ အာရုံ မပျက်ချင်။ ညီမစိုးက စကားတိတ်သွားသည်။

အပြင်မှာ မိုးက မသဲမဲတော့သော်လည်း တစိမ့်စိမ့်တော့ ရွာနေဆဲ။ မိုးအေးအေးနှင့် စောင်ခြုံထဲကွေးကာ သည်းထိတ်ရင်ဖို ၀တ္ထုတွေဖတ်ရသည့် ငယ်ဘ၀ကို ပြန်သတိရမိသည်။ ဘယ်လောက်များ လွမ်းစရာ ကောင်းလိုက်ပါသလဲ။ ကိုယ့်လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု မဖြစ်စေသေးသည့် လွတ်လပ်ပြီး တာဝန်ကင်းသော ဘ၀။ ကျွန်မ ပြန်လိုချင်မိသည်။

အတွေးထဲ နစ်နေသော ကျွန်မကို အတွေးစပျက်သွားအောင် လှုပ်နှိုးလိုက်သည်က ဟိုးအောက်ဘက် လမ်းပေါ်မှ အသံတစ်ခု ဖြစ်၏။

`စံပယ်ပန်းတွေ´

စံပယ်ပန်းရောင်းသော အဘွားကြီး၏ အောင်မြင်လှသော အသံ။

အဲဒါ ညီမစိုး၏ ဖောက်သည်။ ညကိုးနာရီလောက်မှာ သူများတွေက အနားယူနေချိန် သူက လမ်းတကာလှည့်ပြီး စံပယ်ပန်းကုံးတွေ ရောင်းနေဆဲ။

`စံပယ်ပန်းတွေ´

ခပ်မာမာအော်လိုက်သော အသံက ကျွန်မတို့ တိုက်ခန်းအနားတွင် ရစ်ဝဲနေသည်။

`စိုး၊ အဲဒါ နင့်ကို အော်ပြောနေတာ´

စိုးက ထိုအဘွားကြီးထံမှ စံပယ်ပန်းတွေ ခဏခဏ ၀ယ်နေကျ။ တစ်ခါတစ်ခါ အဘွားကြီးကို ရေသောက်မလား၊ မုန့်စားမလားဟု ငါးထပ်တိုက်ခန်းကို ပြန်တက်ကာ မုန့်တွေရေတွေ သယ်ပေးပြီး ကျွေးမွေးသူ ဖြစ်သည်။

`အဘွားမှာ သားသမီး မရှိဘူးလား´
`အို၊ ရှိပါ့တော်၊ အဲဒီသားအကြောင်းတော့ မပြောချင်ပါဘူး။ ရင်နာလွန်းလို့ပါ´
`အခု အဘွား ဘယ်မှာနေလဲ´
`လှိုင်သာယာမှာ´

လှိုင်သာယာအထိ ပြန်ရမည့် သက်ကြီးရွယ်အို အဘွားကြီးက ညကိုးနာရီအထိ စံပယ်ပန်းတွေ ရောင်းနေဆဲ။ ကျွန်မ ရင်ထဲမှာ စစ်ကနဲ နာကျင်သွားသည်။

`အဘွား အသက်ဘယ်နှနှစ်လဲ´
`ကိုးဆယ်´

ဘုရား ဘုရား။

ကျွန်မ အဖေအသက်က ကိုးဆယ့်သုံးနှစ်ရှိပြီ။ ဖေဖေ့ကို ရေချိုးခန်းအ၀င် အိမ်သာအဆင်းမှာ ချော်ပြုလဲမှာ စိုးလို့ ညီမစိုးက စောင့်ကြည့်နေသည်မို့ အိမ်မှ တစ်ဖ၀ါးမှ မခွာဖြစ်တာ ကြာလှပြီ။

`အစ်မ အမေကြီး ပန်းမကုန်သေးဘူးနဲ့ တူတယ်။ ငါသွားဝယ်လိုက်ရမလား´
`အေး´

စိုးက စားလက်စ ဇွန်းနှင့် ထမင်းပန်းကန်ကို ပစ်ချကာ ပိုက်ဆံအိတ်လေး ချိုင်းကြားညှပ်လျက် အောက်ထပ် ဆင်းသွားလေသည်။

ကျွန်မသိသည်။ သူ အဘွားကြီးထံမှ ပန်းတွေ အကုန်ဝယ်လာလိမ့်မည်။

ဒီနေ့ည ဘုရားစင်မှာ စံပယ်တွေ ဖွေးနေအောင် သူ ပန်းကပ်လိမ့်မည်။

ဂျူး


7 comments:

May Nyane said...

ကိုစေးထူး…
ကိုယ့်နိုင်ငံရဲ့ အခြေအနေမှန်နဲ့ ပတ်သက်ပြီး တွေးစရာတွေ
အများကြီးပါတဲ့ ဒီဆောင်းပါးလေးကို တင်ပေးတာ ကျေးဇူးပါ…
ကျမကတော့ Collapse ဆိုတဲ့ စကားလုံးမျိုးကိုတောင် မဂျူးက အသားလွတ်ထည့်တာမဟုတ်ဘူးလို့ မြင်မိပါတယ်..
မေငြိမ်း

s0wha1 said...

မနက်စောစော ဖတ်ပြီးချိန်မှာ ရင်မောကျန်ခဲ့တယ်...

ငယ် said...

ဂျူးကိုအရမ်းသဘောကျမိပါတယ်။ ပြောချင်တာတွေကို မငြိအောင်၊လွတ်အောင် ပြောနိုင်ရေးနိုင်တဲ့အတွက်ပါ။ ဆရာမမေငြိမ်းပြောသလိုပါပဲ သူသုံးသွားတာလေးတွေက အကုန်အဓိပ္ပါယ်ရှိနေသလိုပါပဲ။ ဒါလေးကို ဖတ်လို့ရအောင်လုပ်ပေးတဲ့ ကိုကလိုစေးထူးကိုလည်း ကျေးဇူးတင်ပါတယ်။

Thet Oo said...

အေးဗျာ။ ကျနော်လည်း စာဖတ်ပြီး ငိုင်သွားမိတယ်။ တိုင်းပြည်ကတော့ သွားပါပြီ။ ဘယ်လိုလုပ်ကြမလဲ။

Maydarwii said...

စာသင်ခန်းထဲမှာ ရှိရမယ့် ကလေးငယ်တွေ …
အိမ်ဦးခန်းမှာ ဘုရားခန်းမှာ ရှိရမယ့် သက်ကြီးရွယ်အို အဘိုးအဘွားတွေ …ဒီလိုအဖြစ်မျိုး ရောက်နေတာဟာ …တော်တော်ဆိုးပါတယ်။
အထူးသဖြင့် ကျမတို့ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုမျိုး မဖြစ်စေချင်ဘူး။ မကြုံစေချင်ဘူး။ ဒါပေမဲ့ …. ဘယ်လိုလုပ်ရမလဲ … ။
သူတို့တွေ အားလုံး လမ်းပေါ်ရောက်နေကြတယ်။ သူတို့နှုတ်ဖျားက အသံတွေကို အားလုံးကြားကြတယ်။
သူတို့ ရင်ထဲက အသံတွေကိုရော … ဘယ်လိုနားနဲ့ ကြားနိုင်ကြမလဲ … ။
***
ဒီစာအတွက် ဆရာမ ဂျူးကို ကျေးဇူးတင်မိတယ်။
ပြန်လည်ဝေမျှပေးတဲ့ ကိုသံလွင်ကိုလည်း ကျေးဇူး … ။

ဂျစ်တူး - gyit_tu said...

ကိုစေးထူးရေ.. ဒါလေး ဖတ်ပြီး စိတ်ထဲ နင့်သွားတယ် ။ အဲလိုကလေးတွေကို ကျမဗမာပြည်ပြန်တုန်းက အတုံးအရုံးတွေ့ ခဲ့ဖူးတယ် ။

ko htet said...

hello it give me lots of knowledge..thz for sharing.
i had seen this kind of saturation so many time...it is not only in the book but also in the real life....moreover this sturation shouldn't be for us. we are buddhism..we are kindful people...
i really feel sad after reading this...anyway thank u.